ရင်းလိုက်ကြစို့ သူငယ်ချင်း

မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေကြောင်း စာဖတ်သူမိတ်ဆွေများနှင့် ဘလော်ဂါမိတ်ဆွေများ ကို နှုတ်ခွန်းဆက်လိုက်ပါတယ်ခင်ဗျာ။ တကူးတက လာရောက်နှုတ်ဆက်ဆုတောင်းပေး ကြသောမိတ်ဆွေများနဲ့ မှတ်ချက်လေးများချန်ပေးခဲ့သော မိတ်ဆွေများကိုလည်း ၀မ်းသာ စွာနဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ။

အခုဆိုရင် ၂၀၀၈ခုနှစ်ဟာ ကျွန်တော်တို့ကိုချန်ခဲ့ပြီး ၂၀၀၀၉ ခုနှစ်ကိုရောက်ပါတော့မယ်။ ပြန်ပြောင်းတွေးကြည့်ရင် ၂၀၀၈ခုနှစ်ထဲမှာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေဟာ နိုင်ငံ့အရေးနဲ့ပတ်သက်ပြီး ခံစားမှုပေါင်းစုံ ရရှိခံစား ခဲ့ကြရပါတယ်။ နှစ်အစပိုင်းမှာဆိုရင် ၂၀၀၈မှာ စစ်အာဏာရှင်တွေ ပြိုကွဲပျက်စီးတော့မယ် လို့ ကျွန်တော်နဲ့တကွ လူတော်တော်များများ မျှော်လင့်ယုံကြည်ခဲ့ကြပါတယ်။

အဲဒီနောက် ဗုတ်နိုး၊ နိုးဗုတ်တွေနဲ့ ငြင်းခုန်သံတွေ ဆူညံနေခဲ့ကြပါတယ်။သမိုင်းနဲ့ချီပြီးအကြီးအကျယ်ဆုံးသော မြန်မာနိုင်ငံရဲ့ထိခိုက်နစ်နာမှုဖြစ်တဲ့ နာဂစ်မုန်တိုင်း ကြီးရဲ့ဒဏ်ကိုလည်း ခံခဲ့ရပါတယ်။ သိန်းနဲ့ချီပြီးသေဆုံးခဲ့ရာသလို သန်းနဲ့ချီပြီး ဒုက္ခဆင်းရဲ မျိုးစုံခံစားခဲ့ရပြီး နောက်ဆက်တွဲစိတ်ဓါတ်ပိုင်းမှာလည်း အနာတရဖြစ်ခဲ့ရပါတယ်။ အဲဒီ နောက်မှာတော့ ကယ်ဆယ်လှူဒါန်းရေးလုပ်ငန်းတွေကို ပြည်တွင်းပြည်ပ လက်တွဲပြီး ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။

အဲဒီနောက်တော့ သွေးအေးသွားကြပြီး လှုပ်ရှားမှုတွေလည်း အချိန်တိုအတွင်းမှာပဲ ငြိမ်သက်သွားပါတယ်။ နောက်ထပ်ဖြစ်လာခဲ့တာကတော့ အဖမ်းဆီး ခံနေရတဲ့ ရဟန်းသံဃာတော်များ၊ ကျောင်းသားခေါင်းဆောင်များ အစရှိတဲ့အာဇာနည်များ ကို နှစ်ရှည်ထောင်ဒဏ်များချလို့ ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာကို ထိုးနှက်လာပါတော့တယ်။

နောက်ထပ်လှုပ်ရှားမယ့်၊ လှုပ်ရှားချင်တဲ့သူများကိုပါ တခါတည်း ခြောက်ပြီးသားဖြစ်သွား တာပေါ့လေ။၂၀၀၈ခုနှစ်ထဲမှာ အင်မတန်မှနစ်နာရတဲ့ဆုံးရှုံးမှုတခုကတော့ ခေါင်းဆောင်ကြီးဖဒိုမန်းရှာ လုပ်ကြံခံခဲ့ရခြင်းပါပဲ။ တိုင်းရင်းသားများနဲ့ဗမာလူမျိုးများအကြားက လူမျိုးရေးမုန်းတီးမှုတွေ ကို ရင်ကြားစေ့ပေးနိုင်မယ့် ထိန်းတန်းခေါင်းဆောင်ကြီးကို ဆုံးရှုံးခဲ့ရခြင်းဖြစ်ပါတယ်။အဲဒီ ဖြစ်ရပ်က ပြည်ပရောက်အတိုက်အခံတွေ၊ တော်လှန်ရေးသမားတွေဟာ ပျော့ကွက်ဟာ ကွက်တွေ များစွာရှိနေတယ်လို့ ပြလိုက်တာပဲဖြစ်ပါတယ်။

ပေးဆပ်လိုက်ရတဲ့တန်ဖိုးက အလွန်လည်းကြီးမားလှပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းက နယ်စပ်မှာရှိတဲ့ အတိုက်အခံ တော်လှန်ရေးလုပ်ငန်းတွေကို ဖျက်ဆီးဖို့ စစ်တပ်ကလူအယောက် ၂၀ စေလွှတ်ခဲ့ကြောင်း သတင်းပျံ့လွင့်လာခဲ့ပါတယ်။ တကယ်က ခုမှမဟုတ်ပါဘူး ကာလများစွာကတည်းက စစ်တပ်ကလူတွေဟာ နယ်ပယ်နေရာမျိုးစုံမှာ ၀င်ရောက်ပူးသတ်နေရာယူခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း ခေါင်းဆောင်ကြီးဖဒိုမန်းရှာကို လွယ်လွယ်နဲ့ လုပ်ကြံလို့ရသွားခဲ့တာပါ။ ခေါင်းဆောင်တဦးကို လုပ်ကြံဖို့ဆိုတာ ရက်ပိုင်းနဲ့စီစဉ်လို့မရပါဘူး။

အနည်းဆုံး လပိုင်းနဲ့ အထပ်ထပ်အခါခါ စီစဉ်ပြီးမှ အောင်မြင်အောင်လုပ်နိုင်မှာပါ။အဲဒီလိုခက်ခဲတဲ့အလုပ်ကိုအသာထားလို့ ဘလော့လောကမှာပဲကြည့်ဦးမယ်ဆိုရင် ရွှေဝါ ရောင်နောက်ပိုင်း ဘလော့တွေအပြိုင်းအရိုင်းပေါ်လာတဲ့အချိန်မှာ စစ်တပ်ဖက်က လူလွှတ် ဘလော့တွေထောင်လို့ အမျိုးမျိုးပူးသတ်ခဲ့ပါတယ်။

အမျိုးသမီးငယ်တွေလွှတ်ပြီး သူ့လူ ကိုယ့်ဘက်သားလုပ်ခိုင်းလို့ ခြေရှုပ်ခဲ့ပါတယ်။ ဘလော်ဂါတချို့လည်း အဲဒီဒဏ်ကို ခံခဲ့ရပါ တယ်။ ထိုင်းထဲမှာကို အဲဒီခြေရှုပ်အမျိုးသမီးတွေရှိနေပြီး အုပ်စုဖွဲ့လို့ သတင်းယူသတင်းပို့ နှောင့်ယှက်နေတုန်းပါပဲ။ အခုနောက်ပိုင်းမှာ ဖွတာတွေ၊ ပွတာတွေဟာ ဘလော့လောက မှာ များလာပါတယ်။ အဓိက ကတော့ ဘလော်ဂါတွေ အထူးသဖြင့် နိုင်ငံရေးဖက်ကို အားသန်တဲ့ဘလော်ဂါတွေကို စုစည်းမှုတွေပြိုကွဲအောင် ဘလော့လောကမှာလည်း အကွဲ အပြဲတွေပေါ်အောင် စိတ်အနှေင့်အယှက်ဖြစ်အောင် ထိုးနှက်နေတာပါပဲ။

အထူးသတိထား နိုင်ပါမှ တော်ကာကျပါမယ်။ (တချို့ကတော့သွေးရိုးသားရိုးဖြစ်နိုင်ပါတယ်)ကဲပါလေ.. အဲဒါတွေအသာထားလို့ ကျွန်တော်တို့ရဲ့ရည်မှန်းချက်အကြောင်းကို ပြန်သွား ကြည့်ရအောင်။ ကျွန်တော်တို့တွေအားလုံး ဘယ်လိုပင်မတူကွဲပြားနေကြပါစေ တူညီနေ ကြတာကတော့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးပါပဲ။

၂၀၀၈မှာ စစ်အာဏာရှင်တွေ ပြိုကွဲ ပျက်စီးရမယ်လို့ ယုံကြည်ယူဆခဲ့ပေမဲ့ အခုထိ ပန်းပန်းလျက်ပါဆိုသလိုဖြစ်နေပါတယ်။ ဒီတော့ ကျွန်တော်တို့ရှေ့ဆက်ရမယ့်ခရီးမှာ ရည်မှန်းချက်အောင်မြင်အောင် ဘယ်လိုဆက် လုပ်ကြမလဲဆိုတာ ပြောစရာဖြစ်လာပါပြီ။ သေချာတာကတော့ ကျွန်တော်တို့ လုပ်မြဲလုပ် စဉ် လမ်းစဉ်အတိုင်း လုပ်နေလို့ကတော့ စစ်တပ်က သူချမှတ်ထားတဲ့ လမ်းကြောင်းအ တိုင်း အခက်ခဲမရှိ လျှောက်လှမ်းသွားမယ်ဆိုတာပါပဲ။

စစ်တပ်မှာတိကျတဲ့လမ်းစဉ်ရှိပါ တယ်။ ဘယ်နှစ်ဘယ်လမှာ ဘာဖြစ်အောင်လုပ်ရမယ်၊ ဘယ်လိုလုပ်ကြမယ်ဆိုတာ ရှင်းလင်းပြတ်သားပါတယ်။ လုပ်လည်းလုပ်နေကြပါတယ်။ကျွန်တော်တို့မှာ ဘာလမ်းစဉ်တွေရှိပြီး ဘယ်လိုလုပ်ကြမယ်ဆိုတာ အခုထိတော့ မှုန်ဝါးနေ တုန်းပါပဲ။ အစည်းဝေးလုပ်လိုက်၊ အခမ်းအနားလေးကျင်းပလိုက်နဲ့ လုံးလည်ချာလည်လိုက် နေတာပဲလို့ပြောရင် လူကြီးမင်းအပေါင်းတို့စိတ်ဆိုးကြမလားမသိပါဘူး။

ပြည်တွင်းကလူ တွေ အသက်အိုးအိမ်စည်းစိမ်တွေရင်း၊ တန်ဖိုးဖြတ်မရနိုင်တဲ့ မိသားစုအနာဂတ်ဘ၀တွေ ရင်းပြီး တိုင်းပြည်အတွက်လုပ်နေရချိန်မှာ ကျွန်တော်တို့တွေ ဘာများရင်းပြီးပါသလဲဆိုတာ စဉ်းစားကြည့်ဖို့ကောင်းပါတယ်။ ဘေးကနေချီးကျူး၊ဂုဏ်ပြု လေးစားပါတယ် ရွှီးဖြောင်းဖြောင်း လုပ်နေရုံလောက်နဲ့ကတော့ ဘာမှမအောင်မြင်နိုင်ပါဘူးဆိုတာ ပြောဖို့တောင် မလိုဘူးလို့ ထင်ပါတယ်။ ကျွန်တော်နဲ့ရင်းနှီးတဲ့ အကိုတယောက်ကတော့ သူတို့မသိတာမဟုတ်ဘူး မသိချင်ယောင်ဆောင်နေတာကွလို့ ပြောဖူးပါတယ်။

ဝန်းသိုစော်ဘွားဦးအောင်မြတ်က စလို့ ဗိုလ်ချုပ်အောင်ဆန်းအလယ် ယနေ့အကျဉ်းစံခေါင်း ဆောင်တွေအဆုံး အားလုံးဟာ တိုင်ပြည်နဲ့လူမျိုးအတွက် ယုံကြည်ချက်အတွက် ရင်းပြီးခဲ့ ရင်းနေကြဆဲပါပဲ၊ ကျွန်တော်တို့ပဲကျန်ပါတော့တယ်။ အခုလက်ရှိခေတ် နိုင်ငံခြားရောက်နေ တဲ့ လူတွေဟာ အရင်အစဉ်အဆက်လူတွေထက် အားသာတာကတော့ နည်းပညာပိုင်း နိုင် ငံတကာအတွေ့အကြုံတွေရှိကြတာပါ။

အားနည်းချက်ကတော့ မရင်းရဲတာလို့ မြင်ပါတယ်။ အဲဒီလိုပြောရင် တချို့ကလည်း ငါတို့တော့ ဘယ်တုန်းက ဘယ်လိုရင်းခဲ့တာလို့ ပြောနိုင်ပါ တယ်။ ဟုတ်ကဲ့ ရင်းတယ်ဆိုတာက ခေတ္တခဏ မဟုတ်ပါဘူး၊ ပြီးဆုံးအောင်မြင်တဲ့အထိ ရင်းမှ ရမှာပါလို့ ပြန်ဖြေရပါမယ်။ အဲဒီလိုမှာမဟုတ်ရင် ကိုယ်ရင်းခဲ့တာဟာ တန်ဖိုးရှိသင့် သလောက်မရှိပဲ တခါတရံဆို သူက ဒါတွေမြင်လို့ရင်းခဲ့တာလို့ အများပြောစရာဖြစ်လာနိုင် ပါသေးတယ်။ဒါကြောင့် ကျွန်တော်တို့ရှေ့က နောင်တော်ကြီးများရဲ့ အတွေ့အကြုံတွေကို အခြေခံလို့ အတုယူစရာ၊ သင်ခန်းစာယူစရာတွေကိုကြည့်ရင်းနဲ့ တိကျခိုင်မာတဲ့လမ်းစဉ်၊ လုပ်ဆောင် ရမယ့်နည်းလမ်း၊ လုပ်ဆောင်ရမယ့်အချိန်ကာလ အစရှိသဖြင့် ချမှတ်ပြီး တတပ်တအား ပါဝင်လုပ်ဆောင်ရင်း ၂၀၀၉ခုနှစ်ကို ဖြတ်သန်းကြပါစို့လို့ ဆန္ဒပြုပါကြောင်း………

ဆက်ဖတ်ရန်ကျန်သေးသည်...

တဂ်စာ

ကျွန်ုပ်သည် ဘလော့လောကထဲသို့ ဆော်စာ ကလော်စာများရေးရင်း ၀င်ရောက်လာခဲ့ သည်။ အမြင်မတော်ဟုထင်လျှင် မည်သူမှမရွေး အားလုံးကိုဆော်ခဲ့ ကလော်ခဲ့သည်။

ယခု လည်း ဆော်ရ၊ ကလော်ရဦးပေမည်၊ အခြားသူမဟုတ် ကိုယ့်ကိုယ်ကို ပင်ဖြစ်သည်။ စာရေး သားခြင်းနှင့် အခြားအနုပညာအတတ်များတွင် ပညာရှင်အဆင့်ကျွမ်းကျင်နေသော ကျွန်ုပ် ကလေးစား အားကျရသော ဆရာ သစ်နက်ဆူး က ချစ်ခင်သောအားဖြင့် တဂ် လာသည့် မိမိကိုယ်မိမိ မုန်းနေသာ ၁၀ ချက်ကို ရေးရပေတော့မည်။

အခြားသူများကိုသာ အားမနာ လျှာကျိုးဝေဖန်ခဲ့သော ကျွန်ုပ် ယခုကိုယ့်ကိုယ်ကို ဝေဖန်သုံးသပ်လိုက်ပါသည်။ ၁။ အလုပ်ကို နေ့ရွှေ့ညရွှေ့လုပ်တတ်သောအကျင့်
၂။ လူမှုရေးဆက်ဆံမှုညံ့ခြင်း
၃။ မိမိ၏ရည်မှန်းချက်ကို မရမနေလုပ်မည့် ဇွဲမရှိခြင်း
၎။ အဆိုးမြင်တတ်မှုများနေခြင်း
၅။ သည်းခံနိုင်မှုနည်းခြင်း
၆။ အငြင်းသန်ခြင်း
၇။ ဖတ်ခဲ့သောစာများကို မေ့လွယ်ခြင်း
၈။ ယခုအသက်အရွယ်ထိ ဘာအတတ်ပညာတခုမှ မတတ်မြောက်သေးခြင်း
၉။ ဘာသာရေးနှင့်ပတ်သက်၍ ဆရာကောင်းများနှင့်ကြုံခဲ့သော်လည်း တိုးတက်မှုမရှိခြင်း
၁၀။ စာရေးရန်ပျင်းခြင်းထပ်ရေးရလျှင် နောက်ထပ်အချက်များစွာ ကျန်နေပါသေးသည်။ အခြားဘလော်ဂါများလို ဖတ်ချင်စဖွယ်ဖြစ်အောင် မရေးနိုင်သောကြောင့် ဤမျှသာ ရေးလိုက်ပါသည်။ ကျေနပ်ပါ ဆရာဆူးခင်ဗျား………

ဆက်ဖတ်ရန်ကျန်သေးသည်...

မိတ်အင်မြန်မာ

မောင်ကျည်ပွေ့၏ညီတယောက် ပုလိပ်ဖမ်းခံရသည်။ အလုပ်လုပ်ခွင့်လက်မှတ်(work permit) မပါသွား၍ ပုလိပ်ကစစ်သောအခါ မပြနိုင်သဖြင့် အချုပ်ထဲရောက်သွားခြင်းဖြစ် သည်။

သို့နှင့် သူ၏(work permit) ကိုယူ၍ ရဲစခန်းသို့လိုက်သွားပြီး ယူလာသော(work permit) ကို အချုပ်ခန်းအ၀တွင်တွေ့သော ပုလိပ်ကိုပြ၍ အကျိုး အကြောင်းမေးကြည့်ရာ ထိုပုလိပ်က တာဝန်ခံအရာရှိမလာသေး စောင့်ပါဟုပြောသည်။

ထိုင်စောင့်နေစဉ်တွင် ဘေးဘီငဲ့စောင်းကြည့်မိရာ ဤမြင်ကွင်းကိုတွေ့ခဲ့ရခြင်းဖြစ်သည်။ ယောက်ျား၊မိန်းမ အယောက်၄၀ခန့် အခန်းလွတ်တခုထဲတွင်ထိုင်နေကြသည်။ ကြည့်ရသည်မှာ လောလောလတ်လတ်ဖမ်းခံထိလာသည့် ပုံစံပင်။ သို့နှင့် တတ်သည့်ပညာ မနေသာ ဆိုသ လို စပ်စုမေးမြန်းမိရာ…“သမီးတို့အုပ်စုတစုလုံး မြန်မာပြည်ကရောက်လာတာ မကြာသေးဘူး။ တလလောက်ပဲရှိ သေးတယ်။ ပဲခူး၊သထုံ၊အပေါင် နယ်စုံကပါပဲ။

အားလုံးက ကိုယ့်အဆက်အသွယ်နဲ့ကိုယ် လာရင်း မဲဆောက်မှာ ကယ်ရီတယောက်ကစုပြီး အပေါ်တင်ပေးလိုက်တာ။“လမ်းစားရိတ်ဘာလောက်ပေးရလဲ”“တယောက်ကို ဘတ်ရှစ်ထောင်ပါ။ တချို့လည်း အိမ်ကမိဘက ပွဲစားကိုရှင်းပေးလိုက်တယ်၊ တချို့ကတော့ ဒီမှာရှိနေတဲ့ဆွေမျိုးတွေက စိုက်ထားပေးတာလေ”“အခုလမ်းစားရိတ်တွေကျေသွားပြီလား”“အမလေး..ဦးရယ် သမီးတို့တက်လာတာ လမ်းခရီးမှာကို တလနီးပါးလောက်ကြာတယ်။

တောတွေတောင်တွေထဲမှာ လမ်းလျှောက် ပြီး ဂိတ်တွေကို ကွေ့ပတ်ရှောင်လာရတာ၊ ဒီရောက်တော့လည်း အလုပ်မခေါ်သေးလို့ စောင့်နေရသေးတယ်။ အခုအလုပ်လုပ်ရတာလည်း ရက်နှစ်ဆယ်လောက်ပဲရှိသေးတာ။ ဘယ်လိုလုပ် လမ်းစားရိတ်ကျေဦးမှာလဲ.. အခု သမီးတို့အုပ်စုထဲမှာ တချို့လူတွေ လုပ်အား ခပိုက်ဆံတောင် မထုတ်ရသေးတာရှိတယ်။ အလုပ်ပိတ်ရက်ခံသွားလို့လေ၊ နယ်စပ်ပြန်ပို့ခံ ရပြီးရင် ဘယ်လိုဆက်စခန်းသွားရမှန်းကို မသိတော့ပါဘူးဦးရယ်” ဟုပြောရင်း သက်ပြင်းချ လိုက်သည်။

သူ့လိုပဲ မောင်ကျည်ပွေ့လည်း သက်ပြင်းချမိသည်။ ထိုင်နေကြသော သူတို့အုပ်စုကို အကဲ ခတ်ကြည့်ရာ အားလုံး ငူငူငိုင်ငိုင်ဖြစ်နေကြသည်၊ နံရံကိုအဓိပ္ပါယ်မဲ့ကြည့်သူကြည့် မိန်းက လေးအချို့လည်း မျက်ရည်ဝေ့နေသည်ကို တွေ့ခဲ့ရသည်။ မောင်ကျည်ပွေ့နှင့် စကားပြော သောမိန်းကလေးသည်လည်း မျက်ရည်ဝဲနေသည်။ သူ့မျက်ဝန်း၏အကြည့်က အကူညီ တောင်းခံနေသလို ခံစားရသည်။

မောင်ကျည်ပွေ့လည်း ဘာမှမတတ်နိုင်၊ ဆတ်ဆော့ပြီး သွားမေးမိသည်ကို နောင်တရသလိုဖြစ်နေရသည်။ ထိုစဉ်တွင်ပင် စောင့်နေသောပုလိပ်က တာဝန်ခံအရာရှိရောက်လာပြီဖြစ်ကြောင်း လာပြောသဖြင့် သွားတွေ့ရန် ထိုအခန်းရှေ့မှ လေးတွဲ့တွဲ့ခြေလှမ်းဖြင့် ထွက်လာခဲ့ရပေသည်။မောင်ကျည်ပွေ့၏ညီကိစ္စအတွက် ပုလိပ်ကအလုပ်ရှင်ကိုပါခေါ်လာရန် ရစ်နေသဖြင့် ဒဏ်ငွေမျှဖြင့်ပြီးပါရန် တောင်းပန်ရပြန်သည်။

မောင်မင်းကြီးသား၏ အဆူအငေါက်ကို မျက်နှာငယ်ဖြင့် ဆယ်မိနစ်ခန့်ခံပြီးနောက် ၎င်း၏အလွန်ကြီးမားသော ကရုဏာကိုခံယူကာ ဒဏ်ငွေဆောင်ပြီး ညီကိုအချုပ်ခန်းမှ ဆွဲထုတ်လာခဲ့သည်။ အပြန်လမ်းတွင် ထိုအုပ်စု၏ မျက်နှာများကို မျက်လုံးထဲမြင်ယောင်မိသောအခါ သက်ပြင်းအခါခါချရုံမှလွဲ၍ ဘာမှမတတ် နိုင်။ သူတို့သည် နိုင်ငံထဲခိုးဝင်မှုဖြင့် အဖမ်းခံရပြီးနောက် ချုပ်ရက်စေ့လျှင် နယ်စပ်ပြန်ပို့ခံရ မည်ဖြစ်သည်။

စိတ်လေးလံစွာဖြင့် ပြန်လာပြီးနောက် အလုပ်မရှိအလုပ်ရှာပြီး ကိုယ့်အခန်းကိုယ်ရှင်းနေမိ သည်။ ယခင်က ပျောက်သွားသည်ဟုထင်ထားသော မှတ်စုစာအုပ်လေးကို ပြန်တွေ့ရာ ထိုစာအုပ်ထဲတွင် ရေးမှတ်ထားသည်များကို ပြန်သတိရလာသည်။ ၁၂.၄.၀၈ ရက်စွဲထုတ် ဒေးလီးနယူးအမည်ရ ထိုင်းသတင်းစာမှ နှစ်စဉ် ထိုင်းနိုင်ငံတွင်းရှိဖမ်းဆီးအရေးယူခံရသော တောင်ကျော်အလုပ်သမား အရေအတွက်စာရင်းဖြစ်သည်။ ထိုစာရင်းထဲမှ ၉၀ရာခိုင်နှုန်း သည် မြန်မာပြည်သားများဖြစ်သည်။

မောင်ကျည်ပွေ့ရေးခဲ့သော “အနင်းခံမြေဇာမြက်များ” ပို့စ်တွင် ထိုဇယားကို ဖေါ်ပြရန်ဖြစ်သော်လည်း စာအုပ်ပျောက်သွား၍ မဖေါ်ပြနိုင်ဖြစ်ခဲ့ရာ ယခု ဖေါ်ပြလိုက်ပါပြီ။၂၀၀၃ ခုနှစ်တွင်ဖမ်းမိသောသူများ၁၆၇ ၄၅၅ ယောက်၁၂၂ ၂၃၀၉၉ ၄၀၃၉၉ ၈၈၃၁၇၇ ၈၃၅၂၀၀၈ ဇန်န၀ါရီလအတွင်းဤကဲ့သို့အဖြစ်များသည် ဘယ်ထိတိုင်အောင်ဆက်ဖြစ်ဦးမည်မသိပေ။ ………………ဘာကြောင့်ဖြစ်၍ ဘာတွေလုပ်ကြမလဲဟု မောင်ကျည်ပွေ့မပြောလိုတော့ပါ။ စာဖတ်သူတို့ လွတ်လပ်စွာတွေး၍ ကြိုက်သလိုဆုံးဖြတ်ပါဟုသာ……

ဆက်ဖတ်ရန်ကျန်သေးသည်...

ထွက်ပေါက်

ကမ္ဘာ့နှင့်အ၀ှမ်းတွင် စီးပွါးရေးကျဆင်းနေသောကြောင့် စက်ရုံအလုပ်ရုံများစွာတို့ ဆက် လက်မလည်ပတ်နိုင်ပဲ ပိတ်နေကြရသည်။ ပြည်ပတွင်ရောက်ရှိအလုပ်လုပ်နေကြသော မြန်မာနိုင်ငံသားများစွာတို့လည်း စီးပွါးရေးဂယက်ရိုက်ခြင်းကို အနည်းနှင့်အများ ခံကြရမည် ဖြစ်သည်။

ပြည်ပတွင်ရောက်ရှိနေကြသော မြန်မာပြည်သားအရည်အတွက် မည်မျှရှိသည် ဟုအတိအကျမသိနိုင်သော်လည်း ထိုင်းနိုင်ငံတွင် အလုပ်လာလုပ်နေသောမြန်မာပြည်သား များမှာ တစ်သန်းနှင့်အထက်ခန့်ရှိနိုင်သည်ဟု ကျွန်ုပ်ထင်သည်။

ထိုအလုပ်သမားတို့၏ ၀င်ငွေသည် ဘတ်လေးထောင်ဟု ပျှမ်းမျှခြင်းချပြီး ထိုအထဲမှ ဘတ်နှစ်ထောင်ကို မြန်မာနိုင်ငံတွင်းရှိ မိသားစုကို ပြန်လည်ထောက်ပံ့သည်ဟု တွက်ကြည့်လျှင် တစ်လတွင် ဘတ်သန်းပေါင်းနှစ်ထောင်(ဒေါ်လာသန်း၆၀ ၀န်းကျင်) မြန်မာပြည်ထဲကို စီးဆင်းနေသည်။

ထိုငွေများကြောင့် ရှမ်း၊မွန်၊ကရင်၊တနင်္သာရီတိုင်းနှင့်ပြည်နယ်တို့ရှိ ပြည်သူများ အသက်ရှူ ပေါက်ချောင်ကြရသည်။ ထိုဝင်ငွေများမရှိပါက ထိုဒေသရှိပြည်သူများ အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ရဖွယ်ရှိသည်။ ထို့အပြင် ထိုငွေများကြောင့် ထိုင်းမြန်မာနယ်စပ်ကုန်သွယ် ရေးကို ပြုလုပ်နေနိုင်ကြခြင်းဖြစ်သည်။

မြန်မာကုန်သည်များလက်ထဲတွင်ရှိသော ကျပ်ငွေ များသည် ထိုင်းတွင်ကုန်ဝယ်၍မရပါ။ ကျပ်ငွေကို ထိုင်းကလက်မခံ၊ ကုန်ဝယ်ရန်ဘတ်ငွေ ကို အလုပ်သမားများ ပြန်ပို့သောဘတ်ငွေမှ လဲလှယ်ရပေသည်။ အလုပ်သမားများပြန်ပို့ လိုသော ကျပ်ငွေကို ထိုကုန်သည်များမှရရှိနေသဖြင့် ကိုင်းကျွန်းမှီ၊ကျွန်းကိုင်းမှီ ဖြစ်နေပေ သည်။ထိုအချက်သည် ရှမ်း၊မွန်၊ကရင်၊တနင်္သာရီတိုင်းနှင့်ပြည်နယ်တို့ရှိ ပြည်သူများ၏ စားဝတ် နေရေးကို များစွာအထောက်ကူဖြစ်သောကြောင့် ထိုဒေသတွင် ဆူပူမှုမဖြစ်အောင် ထောက်ပံ့ပေးနေသည်။

ယခုစီးပွါးပျက်ကပ်ဖြစ်လာသောအခါတွင် အခြားနိုင်ငံရှိ မြန်မာနိုင် ငံသားများထက် ထိုင်းနိုင်ငံရောက် မြန်မာများက ပို၍အထိနာဖွယ်ရှိပေမည်။ မူလအခြေနေ အရ အခြားနိုင်ငံရှိမြန်မာအလုပ်သမားများသည် ထိုင်းရောက်မြန်မာများထက် လစာဝင်ငွေ ချင်း မယှဉ်သာအောင်ကွာခြားနေပြီးဖြစ်၍ ခုသာခံသာဖြစ်နိုင်နေသေးသည်။ ထိုင်းရှိမြန်မာ အလုပ်သမားများနှင့် မိသားစုများမှာမူ တလနှင့်တလ အလျင်မီအောင်ရုန်းကန်နေရသော ကြောင့်ဖြစ်သည်။

လာမည့်နှစ်တွင်ထိုင်းနိုင်ငံရှိစက်ရုံများစွာတို့ ပိတ်ရဖွယ်ရှိနေသည်။ ထိုအထဲတွင် မြန်မာ အလုပ်သမားများစွာအလုပ်လုပ်နေသော ချည်မျှင်နှင့်အထည်စက်ရုံများ၊ လူသုံးကုန်ပစ္စည်း စက်ရုံများ သေချာပေါက်ပိတ်ရဖွယ်ရှိသဖြင့် မည်သို့ထွက်ပေါက်ရှာကြဦးမည်မသိပေ။ စားသောက်ကုန်ထုတ်လုပ်ငန်းများတွင်လည်း မပိတ်ရသည့်တိုင် မူလအခြေအနေအောက် လျော့နည်းရဖွယ်ရှိသည်။ ထိုင်းနိုင်ငံ၏ခန့်မှန်းချက်အရ ထိုင်းအလုပ်သမား ၈-၉သိန်းခန့် အလုပ်ပြုတ်ဖွယ်ရှိနေ၍ ထိုသူတို့အလုပ်ရစေရန် မြန်မာအလုပ်သမားများ စတေးခံရ နိုင်သဖြင့် ရှေ့ရေးတို့ကား မကောင်းနိုင်။ လာမည့်နှစ်သည် မြန်မာနိုင်ငံတွင် အကျပ်အတည်းပေါင်းများစွာကျရောက်နိုင်သည်။

ထိုအကျပ်အတည်းကိုဖြေရှင်းရန် ဥာဏ်ကြီးရှင် နအဖ တို့ဘာလုပ်ဆောင်မှုမှရှိမည်မဟုတ်။ အမှန်စင်စစ် ကျွန်ုပ်တို့သည် မိမိတို့ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲကိုဖြေရှင်းနိုင်ရန် နည်းလမ်းများကိုရှာကြသည်။ ထိုသို့ရှာရာတွင် ပြဿနာကို တည့်တည့်ရင်ဆိုင်ဖြေရှင်း သည့်နည်းလမ်းထက် ပြဿနာကို ရင်မဆိုင်ပဲ အဝေးရှောင်ခြင်းနည်းလမ်းကိုသာ လုပ် ဆောင်၍ ပြည်ပသို့ နည်းလမ်းမျိုးစုံထွက်ပြီး နေနေကြသဖြင့် ပြဿနာကားပြေလည်ခြင်း မရှိပဲ တိုးတိုး၍သာများလာခြင်းဖြစ်သည်။

အထူးသဖြင့် မိမိ၏ပြဿနာကို သူတပါးကလာ ၍ဖြေရှင်းပေးရန် မျှော်လင့်တောင့်တနေမှု များနေသည်ဟုထင်မိပါသည်။ ကျွန်ုပ်တို့ကြုံတွေ့နေရသော အထွေထွေပြဿနာများ၏ အရင်းခံသည် နိုင်ငံရေးကြောင့် သာဖြစ်သည်။ လူတိုင်းလည်း ၎င်းအချက်ကို လက်ခံကြသည်၊ သို့သော်ရင်ဆိုင်ဖြေရှင်းဖို့ ရန်ကား ဟိုလူနိုးနိုး၊ ဒီလူနိုးနိုး၊ ယူအန်လိုလို၊ ယူအက်စ်လိုလိုနှင့် ရှောင်လွှဲနေမှု များနေ သည်။

ထို့ကြောင့် ဘာပြဿနာမှ မပြေလည်သည့်အပြင် အဆိုးဝါးဆုံးအနေအထားကိုပင် ရောက်နေကြရပြီဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ပြဿနာများကို ဖြေရှင်းနိုင်ရန် အခြားသူများကိုအားကိုးခြင်း၊ ရှောင်ထွက်နေခြင်းတို့မပြုလုပ်ပဲ မိမိတို့ကိုယ်တိုင် တိကျခိုင် မာသော လမ်းစဉ်ချမှတ်ပြီး ထိုလမ်းစဉ်ကိုဖေါ်ဆောင်ရာတွင်လည်း ကောက်ရိုးမီးလိုမလုပ် ပဲ စွဲစွဲမြဲမြဲဆောင်ရွက်သင့်ကြောင်း တင်ပြအပ်ပါသည်။ မှတ်ချက်။။

ဆရာကြီးလေသံပေါက်နေရင်တော့ ခွင့်လွှတ်ပါ။ မိမိ၏ယုံကြည်ယူဆ ထားသည့်အကြောင်းကို ရေးတတ်သလိုရေးလိုက်ခြင်းသာဖြစ်ပါကြောင်း

ဆက်ဖတ်ရန်ကျန်သေးသည်...

ဆက်မတွေးချင်တဲ့ အတွေး

ကျွန်ုပ်ဘလော့လောကနှင့် ရက်အတန်ကြာ အဆက်ပြတ်သွားခဲ့သည်။ ဤတွင် သူခိုးကိစ္စ ပေါ်လာခဲ့ပေရာ ဘလော့လောကတွင် ပွဲဆူစရာကိစ္စဖြစ်လာပေသည်။ ဘလော့ပေါ်တွင် ပွဲဆူစရာကိစ္စများမကြာခဏပေါ်တတ်သည်။

ကျွန်ုပ်သည်လည်း တခါက သေချာမသိ သောကိစ္စတခုတွင် ၀င်၍ကွန်မန့်ပေးဖူးသည်။ နောက်တော့မှသာ ထိုသူ၏ အပြုမူလုပ် ဆောင်ပုံကို မနှစ်သက်သလိုဖြစ်လာသောအခါ ပေးခဲ့ဖူးသော ကွန်မန့်အတွက် နောင်တ ဖြစ်မိပေတော့သည်။ ထိုအကြောင်းကို သင်ခန်းစာထားပြီး နောက်နောင်တွင် ကိုယ်မသိ သည့် သူတပါးကိစ္စတွင် ၀င်မပြောမိရန် သတိထားနေခဲ့သည်။ှ

ယခင်တခါကလည်း ထိုသို့သော ကော်ပီကူးမှုဖြင့်ပွဲဆူခဲ့ဖူးသည်။ မနေ့က ဘလော့လည်ဖတ်နေရင်း အမှတ်မထင် ထိုစဉ်ကအကြောင်းတွေပါ ဖတ်ဖြစ်သွား သည်။ ဘလော်ဂါတော်တော်များများ ထိုပွဲဆူသူဖက်မှရပ်တည်၍ ကွန်မန့်အတိုရှည်ပေါင်း များစွာပေးထားသည်ကို တွေ့ခဲ့ရပါသည်(၁၀၀၁ က အသုံးနှုန်းရိုင်းနေ၍လည်းဖြစ်နိုင်)။

ပွဲဆူသူသည်ထိုအခါကလည်း ကော်ပီကူးကြောင်းဝန်မခံခဲ့ပဲလှည့်ပတ်လိမ်ညာခဲ့သည်။ ယခုအခါ  ယခင်ကထက်တိုး၍ငါ့ဖါသာငါ လုပ်ချင်တာလုပ်မယ်၊ ငါကအကောင်ကြီးမျိုး ဘယ်ကောင်မှဂရုမစိုက်ဘူး၊ ထိရဲရင်ထိကြည့် စသည့်သဘောမျိုးဖြင့် စိန်ခေါ်နေတော့ သည်။ ဘလော့လောကတွင် ထိုပွဲဆူစေသူ၏လုပ်ရပ်ကို ရှုံ့ချရဲသူဟူ၍ များများစားစားမရှိ၊ လက်ချိုးရေလို့ပင်ရသည်။ အခြားအကြောင်းအရာများကိုအသာထားခိုးခြင်း၊လိမ်ခြင်း၊ စော်ကားခြင်း သုံးမျိုးကိုပင် ဘလော်ဂါများအနေဖြင့် လက်မခံသင့်ပဲ ပြောရဲရမည်ဖြစ်ပေ သည်။

အထူးသဖြင့် ယခင်အခါက ပွဲဆူသူ၏ဖက်မှ ရပ်တည်အားပေးခဲ့ကြသော ဘလော်ဂါ ကိုကိုမမတို့၏ အသံများတိတ်နေခြင်းသည် ဘာကြောင့်နည်းဟု ဆက်တွေးချင်စရာ ဖြစ်လာပေတော့သည်။ ကျွန်ုပ်ယခုကိစ္စကို ရေးနေရခြင်းသည် ပုဂ္ဂိုလ်ရေးကြောင့်မဟုတ်၊ အမှန်တရားကို ကျွန်ုပ်တို့ မည်သို့သဘောထားသည်ကိုသာ ဆန်းစစ်လိုရင်းဖြစ်သည်။ အမှန်တရားနှင့် ခင်မင်မှု၊ အမှန်တရားနှင့်ကြီးကြီးမာစတာ၊ အမှန်တရားနှင့် အကျိုးစီးပွါး၊ အမှန်တရားနှင့်စသဖြင့် အကြောင်းအရာများတွင် ကျွန်ုပ်တို့မည်သည့်အရာကို ရွေးချယ်ရပ်တည်ကြမည်ကို ကျွန်ုပ်အထူးစိတ်ဝင်စားပါသည်။

အထူးသဖြင့် ဘလော်ဂါများ ဆိုသည်မှာ သာမန်လူများထက် ခေတ်မီသော အတွေးအခေါ်ရှိသောသူများဟု ယေဘူယျ အားဖြင့်မှတ်ယူထားသည့် ကျွန်ုပ်မှာ ဤကိစ္စအပေါ် ဘလော်ဂါများ မည်သို့တုံ့ပြန်ကြမည် နည်းဟု စောင့်မျှော်ကြည့်မိပါသည်။ အမှားကို ၀န်ခံရဲသော၊ စကားကိုတာဝန်ယူရဲသော၊ အမှန်တရားကိုချစ်မြတ်နိုးသော စိတ်များ ရှိကြမည်ဟုလည်း ကျွန်ုပ်ယုံကြည်မိပါသည်။

အကယ်၍များ ကျွန်ုပ်ယုံကြည်သလိုမဟုတ်ပဲ ဆန့်ကျင်ဖက်ဖြစ်လာခဲ့သော်……………………………………………… ခေတ်မီဖွံ့ ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ရောက်လုနီးပါပြီဟု တွေးရင်း မချိပြုံးကိုကျေနပ်စွာ ဆက်ပြုံးနေမည်ဖြစ်ကြောင်း…………….

ဆက်ဖတ်ရန်ကျန်သေးသည်...

ပြန်စာအတွက် ပြန်စာ (၂)

အပိုင်း(၁)ထဲတွင် ကျွန်ုပ်က “နိုင်ငံရေးကို ဘာသာရေးနှင့် ထိစပ် ၍ ” ဟု ရေးသားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်နယ်ပယ်မဆို တခုနှင့်တခု ထိစပ်နေကြသည်။ ထိုထိစပ်နေမှုကို သတိပြုမိစေရန် ထည့်သွင်းရေးသားခဲ့ခြင်းဖြစ်သည်။

သို့သော် တခုနှင့်တခု ရှုပ်ထွေးနေခြင်းမရှိပေ၊ ဆက်စပ်၍မရနိုင်အောင် သီးခြားဝေးကွာနေမှုများ လည်းမရှိပေ။ ထိုအချက်ကို ထင်ရှားစေရန် ရေးခဲ့ပါသည်။ ထို့အတူ ရဟန်းသံဃာတော် များသည် ကိုးကွယ်မှုဆိုင်ရာအရ၊ ယဉ်ကျေးမှုဆိုင်ရာအရ လူ့ဘောင်လောကကို ဆုံးမပဲ့ပြင် ပေးခဲ့၊ပေးကြသော နေရာတွင်ရှိပါသည်။

ထိုကဲ့သို့ အထွဋ်အမြတ်ထားရသော ပုဂ္ဂိုလ်မြတ် များကို ဒုစရိုက်သမားများသဖွယ် အကြမ်းဖက်နှိမ်နင်းခြင်းသည် ရင်နာစရာမဟုတ်လျှင် ၀မ်းသာစရာဟု မောင်ကောင်းထင်မြင်ထားပါသလား….
(၃)ဆဌမ သံဃာယနာတင်ဖို့အတွက် တိပိဋကဓရဘွဲရ ဆရာတော်ပေါ်ထွန်းလာရေးကို ၀န်ကြီးချုပ်ဦးနု လက်ထက်က စတင်ကျင်းပပေးခဲ့ပါတယ် ။ သူဌေးကြီး ဆာဦးသွင် တို့ကဦးဆောင်ပြီး ကြိုးစားခဲ့ကြပါတယ် ။ တိပိဋကဓရ စာပြန်ပွဲအတွက် ပြည်သူနဲ့ရော ရဟန်းတော်တွေကြားထဲပါ အတော်ကြိုးစားခဲ့ရတာတွေကို တိပိဋကဓရ စာပြန်ပွဲ စတင်ဖြစ်ပေါ်လာပုံတွေမှာ ဖတ်ကြည့်ပါ ကိုKyaw ရေ ။ ကျွန်တော်ပြောချင်တာက မောင်ကျည်ပွေ့ပြောသလို တိပိဋကဓရဆိုတာ အတော်လေးမြင့်မြတ်ပါတယ် ။ ခက်ခဲပါတယ် ။ ၀န်ကြီးချုပ်ဦးနုလက်ထက် စတင်ကျင်းပရာကနေ ၁၉၈၈ ခုနှစ်အတွင်းမှာ ပေါ်ပေါက်ခဲ့တဲ့ တိပိဋကဓရ ဆရာတော်တွေ နဲ့ အခုလက်ရှိအစိုးရတာဝန်ယူပြီးနောက် ၁၉၈၈ နောက်ပိုင်း ပေါ်ထွန်းလာခဲ့တဲ့ ဆရာတော်တွေကို အချိုးချကြည့်ရင် လက်ရှိအစိုးရက သာသနာရေးကို အလေးထားမထား သိနိုင်ပါတယ် ။ အခုလက်ရှိ မြန်မာနိုင်ငံမှာ တိပိဋကဓရ ဆရာတော်တွေ ၊ ဒွိပိဋက ဆရာတော်တွေ ၊ ဧကပိဋကဆရာတော်တွေ ကအရပ်သားစကားနဲ့ပြောရရင် လွှတ်ပေါ လို့ပြောရမလောက်အောင် သာသနာတော်တိုးတက်နေတာ ကိုKyaw လည်းအသိပါ ။

အထက်ပါစာပိုဒ်တွင် ထုံးစံအတိုင်း မောင်ကောင်းက ၎င်းတို့အဆိုးရလက်ထက်တွင် သာသနာတော်တိုးတက်နေသည်ဟု ရမ်းသန်းရေးထားပြန်သည်။ ကျွန်ုပ်အနေနှင့် ပြန်ရေး ဖို့ရန်လည်း အနည်းငယ် လက်တွန့်မိသည်။ လက်ရှိသံဃာတော်များနှင့် အတို့အထောင် လုပ်ပေးထား၍ဖြစ်သည်။ မင်းကွန်းဆရာတော်ကြီးသည် တိပိဋကဖြေဆိုရာတွင် ရမှတ်များ ၉၀ကျော်ဖြင့်ချည်း အောင်မြင်ခဲ့သည်။ အာဂုံဖြေရာတွင် အထောက်လွတ် အာဂုံဆောင်တော်မူခဲ့သည်။ မင်းကွန်းဆရာတော်မှစတင်၍ တိပိဋကဓရဘွဲ့အောင်မြင် တော်မူကြသော ဆရာတော်ကြီးများသည် မိမိတို့ကဲ့သို့ တိပိဋကဓရ ရဟန်းတော်များပေါ် ထွန်းလာရန် အစဉ်အဆက် ဖြန့်ဝေသင်ကြားတော်မူခဲ့ကြသည်။ ထို့အတွက် မျက်မှောက် ခေတ်တွင် အသီးအပွင့်အဖြစ် ဖြစ်ထွန်းလာရသည်။ ထို့အတူ မင်းကွန်းဆရာတော်တို့ခေတ် တွင် စာသင်သားရဟန်းတော်များအတွက် သင်ထောက်ကူ ပိဋကတ်ဆိုင်ရာ စာအုပ်စာပေရှားပါးပါသည်။ ထို့အတွက် ထိုခေတ်ဆရာတော်ကြီးများက နောင်စာသင်သား ရဟန်းတော်များ သက်သာလွယ်ကူစေရန် နည်းလမ်းကြံဆ၊ သင်ထောက်ကူစာပေများ ရေးသားချန်ရစ်ထားတော်မူခဲ့ကြသည်။

ကျေးဇူးတော်ရှင်အရှင်ဇနကာဘိဝံသ ဆရာတော်ကြီးရေးသားခဲ့သော ကျမ်းစာများက သက်သေခံပင်ဖြစ်တော့သည်။ နောက်တနည်း ထိုစဉ်က ရဟန်းတော်အရေအတွက်နှင့် ယခုခေတ်ရဟန်းတော်အရေအတွက် ချိန်ထိုးကြည့်ရန်လည်းလိုပေမည်။ ယနေ့ခေတ်တွင် သာသနာတော်ထွန်းကားတိုးတက်လာသည်ဟုဆိုလျှင် ရှေးဆရာတော်ကြီးများ၏ ကြိုးစား အားထုတ်မှုကြောင့်သာဖြစ်ရသည်။ မောင်ကောင်းညွှန်းသလို ၎င်းတို့အဆိုးရကြောင့် ဆိုလျှင်ကား အလွန်ရယ်ဖွယ်ပင်။ ဓမ္မစေတီဆရာတော်ဟောသော တရားတပုဒ်တွက် စာမေးပွဲ(ဓမ္မာစရိယတန်းဟုထင်ပါသည်) ဖြေမည့်သံဃာတော်တပါးအတွက် ရရှိသော အဆိုးရထောက်ပံ့ငွေမှာ မုန့်ဟင်းခါးနှစ်ပွဲဖိုးစာသာရှိကြောင်း ပါရှိပါသည်။ သို့ဆိုလျှင် သာသနာတော်အတွက် အဆိုးရ၏ လုပ်ဆောင်ချက်ကို သိနိုင်ပါပေမည်။ ထိုငွေသည်ပင် လျှင် ၎င်းတို့၏ငွေမဟုတ်သေး၊ ပြည်သူတို့၏ အခွန်ငွေဖြစ်သည်။

အကြောင်းသင့်၍ မင်းကွန်းဆရာတော်အကြောင်း အနည်းငယ်ရေးပါမည်။ ၉၀ကံဆောင် သပိတ်မှောက်စဉ်က အုံးအုံးကြွက်ကြွက်နှင့် ဆရာတော်သံဃာတော်ကြီးများအပါအ၀င် ရဟန်းသံဃာတော်များ အဖမ်းခံရပါသည်။ ထိုသို့ဖြစ်လာသည်နှင့် မင်းကွန်းဆရာတော်ကြီး စသော ဆရာတော်ကြီးများထံ အ၀င်အထွက်ကို ထောက်လှမ်းရေးများက ပိတ်ဆို့ခြင်း ဖိအားပေးထားခြင်းဖြင့် ဆရာတော်ကြီးများ ပြင်ပအခြေအနေကို မသိအောင်လုပ်ထားခဲ့ သည်။ ထို့နောက် စစ်ဗိုလ်ရှုပ်များက မင်းကွန်းဆရာတော်ကြီထံ မျက်နှာငယ်လေးများဖြင့် ၀င်၍ ယခုအခါ တောတွင်းလက်နက်ကိုင်များက ဘုန်းကြီးကျောင်းများတွင် အယောင်ဆောင်ဝင်ရောက်နေပါပြီ၊ လက်နက်နှင့်တကွသောင်းကျန်းပါတော့မည်။ ထို့ကြောင့် ထိုသူများကို အရေးယူနိုင်ရန် ဆရာတော်ကြီးက ရဟန်းတော်များကို စုဝေးခြင်း မပြုနိုင်ရန်အမိန့်ထုတ်ပေးပါ။ ညမထွက်ရန်အမိန့်ထုတ်ပေးပါ စသဖြင့် အမျိုးမျိုး ကလိမ်စေ့ငြမ်းဆင် လုပ်ကြံပြောဆိုကြသောအခါ ဆရာတော်ကြီးက လက်မှတ်ထိုးအမိန့် စာထုတ်ပေးခဲ့ပါသည်။ ပြီးခဲ့သောရွှေဝါရောင်တော်လှန်ရေးတွင်လည်း ထိုအမိန့်စာကိုပင် စစ်ခွေးတို့ ထပ်မံအသုံးချခဲ့ပါသေးသည်။

ဆိုခဲ့သလိုပင် ပြင်ပတွင်ဖြစ်နေသော အခြေနေမှန်ကို ဆရာတော်ကြီးမှာဘာမှမသိပဲ အသုံးချခံဖြစ်ခဲ့ရသည်။ မကြာမီ ဆရာတော်ကြီး မန္တလေးသို့ကိစ္စတခုဖြင့်ကြွပါသည်။ ဆရာတော်ကြီးကြွချီလာတိုင်းတွင် မန္တလေးမှသံဃာတော်များက လာရောက်ကြိုဆိုဖူးမျှော် ကန်တော့ခဲ့ကြသည်။ ယခုတခေါက်တွင်မူ သံဃာတော်များက ယခင်ကလိုလာရောက်ကြို ဆိုခဲ့သော်လည်း ဆရာတော်ကြီးကြွရောက်လာသည်နှင့် “အတွင်းရေးမှူး ၃ ဦးဝိစိတ္တကို အလေးပြု” ဟုအော်ကာ လက်အုပ်မချီပဲ အလေးပြုခဲ့ကြသည်။ ဤတွင်မှ ဆရာတော်ကြီး သည် မေးမြန်းစုံစမ်းရင်း အဖြစ်မှန်ကိုသိရကာ များစွာစိတ်မကောင်းခြင်းဖြစ်၍ ပျံလွန်တော် မူသည်အထိ မည်သူနှင့်မှအတွေ့မခံပဲ ထိခိုက်ခံစားနေတော်မူခဲ့ရသည်။ ကျွန်ုပ်၏ရေးသား ချက် ဟုတ်မဟုတ်၊ မှန်မမှန်ကို စာဖတ်သူများ လေ့လာဝေဖန် ဆန်းစစ်နိုင်ပါသည်။

(၄) မောင်ကျည်ပွေ့ စာရင်းပါ ဆရာတော်ကြီးတွေလိုရော ၊ အဲဒီဆရာတော်ကြီးတွေထက်ပါ သိက္ခာ ၊သမာဓိ အရာမှာ နာမည်ကြီးပြီး ရိုသေရတဲ့ ဆရာတော်ကြီးတွေ ကျွန်တော်တို့မြန်မာပြည်မှာ အများကြီးပါ ။ နောက်တစ်ချက်က မောင်ကျည်ပွေ့ပြောတဲ့ ဆရာတော်ကြီးတွေထဲမှာ ကမ္မဌာနာစရိယ ဆရာတော် တွေလည်းမပါပါဘူး ။ နိုင်ငံတကာကိုလှည့်လည်သာသနာ ပြုနေတဲ့ ဆရာတော်ကြီး တွေလည်းအများကြီးပါ ။ ကိုKyaw လည်းသိမှာပါ ။ အဲဒီတော့ကျွန်တော်ဆိုလိုချင်တာက မီးသတ်သမားက လူဆိုးမဖမ်းပါဘူး ။ လယ်သမားကလည်း တိုက်မဆောက်ပါဘူး ။ ရဲကလည်း သူနာပြုမလုပ်သလို ၊ အစိုးရအနေနဲ့ အကြောင်းမဲ့သက်သက် ဆရာတော်ကြီးများကို (မောင်ကျည်ပွေ့အလိုအရ သာသနာထွန်းကားအောင်လုပ်လို့) မဖမ်းပါဘူးဗျာ ။ အဲလိုဖမ်းရင်လည်း ဘယ်သူမှလက်မခံပါဘူး ။ ဖမ်းလောက်စရာ အကြောင်းကိစ္စရှိလို့ ဖမ်းတာပါဗျာ ။(၅) ကိုKyaw ရေ အခုထောင်ထဲရောက်နေတဲ့ သံဃာတွေထဲမှာ နယ်တွေ ၊ ရွာတွေမှာ ပုံမှန်ဆွမ်းခံ ၊ တရားကျင့်ကြံနေတဲ့ ဆရာတော်တွေ တစ်ပါးမှမပါပါဘူးဗျာ ။ ခပ်ရှင်းရှင်းပြောရရင် ကိုKyawရေ ပရိတ်ကြီး ၁၁ သုတ်ကိုလမ်းပေါ်တက်မရွတ်ပဲ ကျောင်းမှာတင် အော်ကျက်နေတဲ့ ကိုရင်လေးတွေ တစ်ပါးမှထောင်ထဲ မထည့်ပါဘူးဗျာ ။ နိုင်ငံတကာ နဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံတွေမှာ ဥက္ကဌ ၊ အတွင်းရေးမှုး ၊ နာယက ၊ အဖွဲ့ဝင် ဆိုတဲ့နေရာတွေ မှာထိုင်တော်မူခဲ့ကြတဲ့ မြန်မာပြည်က ဆရာတော်ကြီးများ ကိုလည်း ထောင်ထဲဆွဲမထည့်ပါဘူးဗျာ ။ အထည့်လည်းမခံရပါဘူး။

မောင်ကောင်းသည် ရဟန်းတော်များကို တရားကျင့်မှ ရဟန်းဟုသတ်မှတ်ပုံရသည်။ စကားကို လက်လွတ်စပယ်ပြောတတ်ပုံလည်းရသည်။ စာသင်စာချသံဃာတော်များကို ဂရုစိုက်စရာမလို၊ ကမ္မဌာနာစရိယသာ ရဟန်းစစ်ဟု ပြောလိုပုံရသည်။ ရဟန်းဟူသည် သင်္ကန်းရုံသည်မှစ၍ ပြုဖွယ်ကိစ္စတို့ကို သတိဖြင့်ပြုလုပ်ရသည်။ ၀ိနည်းကိုစောင့်ရှောက်နိုင် ရန် သတိကိုလက်ကိုင်ထားရသည်။ တရားထိုင်မှ သတိထားရသည်မဟုတ်ပေ။ ထို့ပြင်တ၀ စာသင်တိုက်တွင် ရဟန်းသံဃာများပြီး ရိပ်သာတွင် ရဟန်းသံဃာနည်းပါသည်။ စာသင်တိုက်တွင် စုစည်းနိုင်မှုအားကောင်းပြီး ရိပ်သာဆိုသည်မှာ လူသူဝေးရာတွင် တိတ်ဆိတ်စွာ တည်ရှိတတ်ပါသည်။ ကမ္မဌာနာစရိယများ၏သဘောထားကို သိချင်လျှင် ပွင့်လင်းစွာ လျှောက်ထားမေးမြန်းနိုင်ပါမှ သိရှိရနိုင်ပေမည်။ အကြောင်းမဲ့သက်သက်မဖမ်း ဟုဆိုလျှင် အကြောင်းရှိပါက ဖမ်းမည်ဟု သဘောသက်ရောက်ပေသည်။ ဖမ်းသည်ဟုလည်းရေးထားပေရာ ရဟန်းတော်များ အထူးသဖြင့်ထေရ်ကြီးဝါကြီးရဟန်း တော်များကို ထောင်သွင်းအကျဉ်းချရဲလောက်အောင်၊ အကျဉ်းချနိုင်ရဲလောက်အောင် သင်းတို့ယုတ်မာကောက်ကျစ်နိုင်လှပေသည်။

ထိုသို့ သာသနာဖျက်လုပ်ရပ်များနှင့် စော်ကားပြီးနောက် ဘုရားတရားကြည်ညိုလေဟန်၊ သာသနာကိုစောင့်ရှောက်လေဟန်ရေးကြ၊ ပြောကြရဲသည်မှာ မြန်မာ့သမိုင်းတွင် အရှက် ကင်းမဲ့ဆုံးမျိုးဆက်ဖြစ်ခဲ့လေပြီ။ သမိုင်းအစဉ်အဆက် ဤယနေ့ခေတ် စစ်ခွေးတသိုက် လောက် အရှက်မရှိသူများ မပေါ်ထွန်းဖူးခဲ့ပါ။ ရန်ကုန်မြို့ပေါ်တွင်ပင် အဖမ်းခံရသည့် သံဃာတော်များ မည်မျှရှိကြောင်း စာရင်းသတ်မရလျှင် နယ်တွင်ရှိသည့် သံဃာများအတွက်ကား ဆိုဖွယ်မရှိပေ။ ရဟန်းတော်များ လမ်းပေါ်တက်ပရိတ်ရွတ်ခြင်း သည် မည်သည့်အပြစ်ဖြစ်သနည်း။ ဘုရားရှင်ပင်လျှင် ဝေသာလီမြို့တွင် လှည့်လည်ပရိတ် ရွတ်ပေသည်။

နောက်ကြောင်းပြန်ရေးရလျှင် စက်တင်ဘာသံဃာတော်တို့သည် လမ်းမများပေါ်လှည့်၍ မေတ္တာပို့ကြသည်ဆိုရာဝယ် တိုင်းပြည်ငြိမ်းချမ်းရေးကို ဦးတည်သည်။ ပြည်သူများ ငြိမ်းချမ်းရေးကိုဦးတည်သည်။ ရဟန်းသံဃာတော်တို့ တောင်းဆိုသောအချက်တွင် စစ်တပ် ပြုတ်ကျရေး၊ စစ်တပ်ကိုအမျိုးဖြုတ်ရေးများမပါ၊ တွေ့ဆုံဆွေးနွေးရန်သာပါသည်။ ဤသည်ကို ညသန်းခေါင်တွင် ဘုန်းတော်ကြီးကျောင်းများကို စစ်မြေပြင်သဖွယ်သဘော ထားနှိမ်နင်းခြင်းသည် သာသနာဘာသာကို မိုက်ကန်းစော်ကားခြင်းဖြစ်သည်။ ငွေကြာယံ ကျောင်းဆရာတော်သည် မဟန ခေါ် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၏ ဒုတိယဥက္ကဌ ဖြစ်တော်မူသည်။ ဆရာတော်ကြီးကိုလည်း ကမ္ဘာအေးတွင် အကျယ်ချုပ်သဖွယ်ထိန်းထား ခဲ့သည်။ ယခုလည်း ငွေကြာယံကျောင်းတွင် အကျယ်ချုပ်သဖွယ်ထိန်းထားဆဲဖြစ်သည်။

နအဖနှင့် နောက်လိုက်အရိုးကိုက်သူများသည် အဖြစ်မှန်ကိုဖုံးကွယ်ချင်ကြသည်။ ပလီစိချောက်ချက် လိမ်ချင်ကြသည်။ ရင်ဆိုင်ဖြေရှင်းရန်ကား သတ္တိမရှိကြ၊ ထို့ကြောင့် ယခုအခါ ရဟန်းသံဃာတော်များကို တရားဟောရန်ပိတ်ပင်ခြင်း၊ တရားဟောခွင့်ရရန် ခံဝန်ချက်တောင်းခြင်း၊ စသည်တို့လုပ်ဆောင်နေခြင်းဖြစ်သည်။ ပြည်သူတို့၏ နားမျက်စိကို ပိတ်ပင်၍ ငါပြောတာပဲယုံဟု နှစ်၂၀လုံးလုံး လုပ်လာခဲ့သည်။ စာအုပ်အဖုံးမှစ၍ ဗွီစီဒီပါ မကျန် ၀ါဒဖြန့်သည်။ ရလာဒ်ကား အနှုတ်ချည်းပင်၊ ပြည်သူများသည် ၎င်းတို့ကဲ့သို့ ဦးနှောက်စဉ်းစားဥာဏ် ချို့တဲ့နေသူများမဟုတ်ပေ။ အမှားအမှန်ကို ကွဲပြားစွာ ကိုယ်တွေ့သိ ကြသည်။ ထို့ကြောင့် ဘယ်ဆရာတော်တွေက ဘာမှမပြောပါဘူး ဘာညာငြင်းနေသည် ထက် ဆရာတော်များ ရဟန်းသံဃာတော်များ လွတ်လပ်စွာဟောပြောခွင့်ရလျှင် အဖြစ်မှန် ကို ပိုမိုကျယ်ပြန့်စွာသိရမည်သာဖြစ်သည်။

မောင်ကောင်းက ဗိုလ်ချုပ်အောင်ဆန်းစကားဟုဆိုကာ မတန်မရာကိုးကားပြန်သည်။ ၎င်း၏သဘောထားနှင့်ရောထွေးပြီး ကောက်နှုတ်ပြပြန်သည်။ ပထမဦးစွာ၎င်းပြောသော ဗိုလ်ချုပ်အကို ဦးအောင်သန်းက ဘုန်းကြီးများ နိုင်ငံရေးမလုပ်ရဟု အဆိုတင်သည်ကို ဗိုလ်ချုပ်ကထောက်ခံသည်ဟုပြောရာတွင် ဘယ်စာအုပ်ကကိုးကားပါသလဲဟု ပြန်မေးချင် ပါသည်။ ၈၈ခုနောက်ပိုင်းထုတ်စာအုပ်မှ ကိုးကားသည်ဟုဆိုလျှင်တော့ မောင်ကောင်း သဘောရှိကိုးကားပါဟုဆိုရဖွယ်။ ကျွန်ုပ်ကြားဖူးသည်ကား ဗိုလ်ချုပ်က ထိုခေတ်က အထင်ကရဆရာတော်ကြီးတပါးထံချဉ်းကပ်၍ နိုင်ငံရေးတွင် လူများရဲရဲရင့်ရင့် ပါဝင်ဆောင် ရွက်လာနိုင်ရန် ဘာသာရေးအဆုံးအမများဖြင့် ဆုံးမသောတရားဟောပေးပါဟူ၍ဖြစ်သည်။ နောက်တပိုဒ်တွင် မောင်ကောင်းက ဘာသာရေးနှင့်နိုင်ငံရေးရောစပ်လျှင် ဘာသာရေးကို ဆန့်ကျင်ရာရောက်သည်ဟုရေးသည်။ မှန်သည် သို့သော် မည်သည့်ဆရာတော်မှ နိုင်ငံရေး နှင့် ဘာသာရေးကို မရောစပ်မရှုပ်ထွေးစေပါ။ ဘာသာရေး၏အခြေခံဖြစ်သော ကောင်းမှုကု သိုလ်တိုးပွါးရန်၊ မကောင်းမှုအကုသိုလ်နည်းပါးရန် နိုင်ငံတော်အတွက် ဘာသာရေးနှင့် ထိစပ်ပြီး ဆောင်ရွက်တော်မူခဲ့ခြင်းသာဖြစ်သည်။

ဗိုလ်ချုပ်စကားကို လက်တလုံးခြားလုပ်ရန်ကြိုးစားသော်လည်း၊ ဗိုလ်ချုပ်ကိုယ်တိုင်က ထိုသို့ ဘာသာရေးကိုအခြေခံ၍ ဆောင်ရွက်ခြင်းပင်လျှင် အကောင်းဆုံးနိုင်ငံအရေးဆောင် ရွက်ခြင်းဖြစ်ကြောင်းပြောခဲ့သည်ဆိုရာ၌ ဤယနေ့ခေတ်၏အဖြေပင်ဖြစ်သည်။ မည်သို့ပင် လှည့်ပတ်ရေးသော်လည်း အမှန်တရားကို ဖုံးကွယ်ရန်မစွမ်းသာပါ။

"မီးသတ်သမားက လူဆိုးမဖမ်းပါဘူး ။ လယ်သမားကလည်း တိုက်မဆောက်ပါဘူး ။ ရဲကလည်း သူနာပြုမလုပ်သလို ၊ အစိုးရအနေနဲ့ အကြောင်းမဲ့သက်သက် ဆရာတော်ကြီးများကို (မောင်ကျည်ပွေ့အလိုအရ သာသနာထွန်းကားအောင်လုပ်လို့) မဖမ်းပါဘူးဗျာ ။ အဲလိုဖမ်းရင်လည်း ဘယ်သူမှလက်မခံပါဘူး ။ ဖမ်းလောက်စရာ အကြောင်းကိစ္စရှိလို့ဖမ်းတာပါဗျာ ။"

မီးသတ်သမားလူဆိုးမဖမ်း၊ လယ်သမားတိုက်မဆောက်၊ ရဲသူနာပြုမလုပ်ဆိုလျှင် စစ်တပ်က အဘယ်ကြောင့် အုပ်ချုပ်သူနေရာကို နှစ်ပေါင်းများစွာဝင်ယူနေပါသနည်း။ စစ်တပ်ဆိုသည်မှာ ခြံစောင့်ဒရ၀မ်အဆင့်သာဖြစ်သည်။ ထိုခြံစောင့်က မတန်ရာ တိုင်းပြည် စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်အရာများကို မည်သည့်အတတ်ပညာဖြင့် စီမံခန့်ခွဲနေပါသနည်း။ တိုင်းပြည်တွင်ဝန်ထမ်းများသည် တိုင်းပြည်၏အစေခံသာဖြစ်ရမည်။ ထို့အတူ စစ်သားများသာ အသက်ရင်းရသည်မဟုတ်၊ သစ်တောဘက်ဆိုင်ရာဝန်ထမ်းများ၊ သတ္တုတွင်းဆိုင်ရာ ၀န်ထမ်းများလည်း တောတောင်ထဲတွင် အသက်နှင့်ရင်းရသည်။ အခြားသော ၀န်ထမ်းများသည်လည်း အနည်းနှင့်အများ တိုင်းပြည်အတွက် အသက်နှင့် ရင်းနေရသည်။ စစ်တပ်ကမှ သူများထက်ခေါင်းတလုံးမြင့်လိုလျှင် လူပါးဝခြင်းပင်။

စစ်တပ်သည် ပြည်သူများ၏သားကောင်းဆိုလျှင် ပြည်သူများ၏လိုအင်ဆန္ဒကိုသာ ဦးထိပ် ထားရမည်ဖြစ်သည်။ ယခုတော့ ထိုသို့မဟုတ် စည်းကမ်းဥပဒေနှင့်မညီညွတ်သော သက်ကြားအိုရွတ်တွကြီးနှင့် စစ်ဝတ်စုံကိုမချွတ်ရဲသော လူ့အန္ဓတို့၏အမိန့်ကို ဘုရားဟော သဖွယ်ကြည်ညို၍ ပြည်သူတို့ကိုဆန့်ကျင်နေသည်။ ကျွန်ုပ်သည် မိမိ၏နိုင်ငံရေးစိတ်ဓါတ် ကိုသွေးနိုင်ရန်၊ နိုင်ငံရေးနှင့်ပတ်သက်၍အမြင်ဖလှယ်နိုင်ရန်၊ မြန်မာနိုင်ငံတော်အကြောင်း ပြု ကိုယ်ကျိုးရှာသူများကို ကလော်တုတ်နိုင်ရန် စသည့်အကြောင်းကိုအခြေခံ၍ ဤဘလော့ကိုရေးသည်။ မမှန်ကန်သူဆိုလျှင် စစ်တပ်သောဒီမိုသောနားမလည် ကလော်၏။ ထို့အတွက် အချိန်ကုန်သည်၊ ငွေကုန်သည်၊ လူမုန်းသည်၊ အခန့်မသင့်လျှင် ထောင်ချခံရနိုင်သည်။ မောင်းကောင်းညွှန်းချင်သလို အတိုက်အခံဘလော်ဂါများ ဟိုဒါဒီဒါ ရသည်ဆိုလျှင်ကား အံ့ဖွယ်သုတဟုဆိုရမလိုပင်။ ကျွန်ုပ်ကဲ့သို့ နိုင်ငံရေးအကြောင်းရေး သော ဘလော်ဂါများသည်လည်း မိမိအနာဂတ်ကို အလောင်းအစားပြုရေးနေသူများသာ ဖြစ်သည်။ တော်ရုံစိတ်နှင့် ရက်စက်ကောက်ကျစ်သူများကို ဆန့်ကျင်ရန်ကြိုးစားရဲမည်မ ဟုတ်ချေ။

အဆုံးသတ်ဆိုရလျှင် မောင်ကောင်းကို ကျေးဇူးတင်မိသည်။ သူသာမရေးလျှင် ကျွန်ုပ်က လည်း ဤစာကိုရေးဖြစ်မည်မဟုတ်။ သူရေးသဖြင့် ကျွန်ုပ်စိတ်ကို သွေးပေးသလိုဖြစ်ရ၏။ သူ့စာကို (၁)ဟု နံပါတ်ထိုးထားသဖြင့် ထပ်ရေးဦးမည်ဟုယူဆရသည်။ ထပ်ရေးရန်လည်း တိုက်တွန်းအပ်ပေသည်။ စစ်ဗိုလ်ပေါက်စတစ်ဦးနှင့် တောင်ကျော်အလုပ်သမားတစ်ဦးတို့ မတူညီသော အမြင်များဖလှယ်ရင်း အကျိုးတခုဖြစ်ထွန်းနိုင်မည်ဟု ယုံကြည်ယူဆကြောင်း ပါ………………….

ဆက်ဖတ်ရန်ကျန်သေးသည်...

ပြန်စာ အတွက် ပြန်စာ (၁)

လွန်ခဲ့သောရက်ပိုင်းတွင် ၈၈ကျောင်းသားများကို ထောင်နှစ်ရှည်ချခဲ့သည်။ ထိုသတင်းကို ဖတ်ပြီးနောက် ရင်ထဲတွင်တနုံ့နုံ့ဖြစ်နေပြီး စာရေးချင်စိတ်ပေါ်လာတော့သည်။ သို့သော် ဘလော့တကာလည်ရင်း ရုရှားရောက် မောင်ကောင်းအောင် က သူ့ဘလော့တွင် ကျွန်ုပ်၏ပို့စ်ကို သူမြင်သလိုရေးသားထားသည်ကိုမြင်မိသဖြင့် သူ့ကိုပြန်ရေးရတော့မည် ဖြစ်သည်။ ထိုသို့ပြန်ရေးရာတွင်လည်း ဘာသာရေးကိုနှိမ့်ချထားသော၊ အမှားနှင့်အမှန် ပြောင်းပြန်လှန်ထားသော အချက်များစွာကို ဖတ်မိသောကြာင့် ပြန်ရေးရခြင်းသည်သာ အဓိကအကြောင်းအရာဖြစ်သည်။ မောင်ကျည်ပွေ့သည် သူတံဆိပ်ကပ်သလို ၀ါဒဖြန့် သမားဟုတ်၊ မဟုတ်ဆိုသည်ကို စာဖတ်သူများပိုသိကြပေမည်။

မောင်ကောင်းအောင်သည် ကျွန်ုပ်၏စာကို လာဖတ်သွားသည်ဟုရေးထားသည်။ သို့သော် သူသည် စစ်ခွေး ဟူသော စကားလုံးသာ ခေါင်းထဲထည့်သွားပုံရသည်။ သူ့စကားကိုပင် ပြန်ကိုးကားရလျှင် ရင်ဘတ်ထဲ အနှုတ်ထည့်ထားပြီး တဖက်ပိတ်မျက်လုံးနှင့် စာလာဖတ် ၍သာ မောင်ကျည်ပွေ့ရေးသော အချက်များကို မပြည့်မစုံရသွားသည်။ မောင်ကျည်ပွေ့အပါ အ၀င် မြန်မာပြည်သားများစွာတို့သည် ရင်ဘတ်ထဲ အနှုတ်ထည့်ထားသူများမဟုတ်၊ ရင်ဘတ်ထဲအနှုတ်ထည့်ထားခြင်းကိုခံနေရလွန်းအားကြီး၍ တကိုယ်လုံး အနှုတ်တွေပြည့် သလိုဖြစ်နေပါပြီ။

မောင်ကောင်းအောင်က အနုပညာ၊နည်းပညာ၊ဘာသာရေး စသည်တို့ကိုခုတုံးလုပ်၍ နိုင်ငံရေးစည်းရုံးနေသည်ဟုမြင်နေသည်။ သို့ဆိုလျှင် နိုင်ငံရေးဆိုသည်ကို မောင်ကောင်း ဘယ်လိုနားလည်ထားသနည်း..ဟုပြန်မေးလိုပါသည်။ ၎င်းတို့ အဆိုးရ ကို အတိုက်အခံမပြု သမျှ ဘာလုပ်လုပ် နိုင်ငံရေးမဟုတ်ဟုယူဆထားမည်လား မသိပေ။ မောင်ကောင်းရေး သောစာ၏ ထက်ဝက်လောက်သည် မသဒ္ဓါကို ဆဲထားကြောင်းတွေ့ခဲ့ရသည်။ ဆဲပုံကလည်း သူကသူတော်ကောင်းဖြစ်၍ မသဒ္ဓါက မသူတော်(သူယုတ်မာ)ဖြစ်သည်။ သူကလူကောင်းဖြစ်၍ မသဒ္ဓါက အရူး(အရှက်မရှိသူဖြစ်သည်) ဟု ရွှေကျင်ဆရာတော်ကြီး ကိုတုံးခု ဆဲခြင်းဖြစ်သည်။ ထို့အပြင်သူက ပါမောက္ခအဆင့်လောက်ဖြစ်ပြီး မသဒ္ဓါကတော့ သူငယ်တန်းအဆင့်ဟု နှိမ်ထားသေးသည်။ ဆဲချင်တာကို မပွင့်မလင်း ဟန်ဆောင်ပန် ဆောင်လုပ်နေသေးသည်။ ကျွန်ုပ်ကတော့ ပွင့်ပွင့်လင်းလင်း စစ်ခွေးဟုဆဲသည်။ ဆရာတော်ကြီးများကို ခုတုံးမလုပ်၊ ကိုယ့်ကိုယ်ကိုလည်း သူတော်ကောင်းယောင်မဆောင်၊ ကိုယ်လုပ်သည့်ကိစ္စ ကိုယ့်တာဝန်သာဟု ခံယူထားသည်။ တကယ်က ကျွန်ုပ်သည် မသဒ္ဓါ ကိုမသိကျွမ်းပါ။ ကြုံ၍ထောက်ပြခြင်းသာဖြစ်သည်(အချို့က မောင်ကောင်း၏ ဆဲနည်းကို ကောင်းချီးပေးကြသည်လည်းတွေ့ရသည်။)

>>> မဂ္ဂင်ဆရာတော်ကြီးဟာ နိုင်ငံတကာဗုဒ္ဓစာပေတွေကို ရေးသားပြုစုခဲ့ပြီး၊ ပညာဒါနတွေပေးဝေခဲ့ပါတယ် ၊ သာသနာ တော်အတွက် ဘုရားရှင်ရဲ့ မျက်နှာကိုသာကြည့်ပြီး မှန်မှန်ကန်ကန် ရပ်တည်ပြခဲ့လို့ စစ်ခွေးတွေက ထောင်သွင်းအကျဉ်းချတာခံခဲ့ရပါတယ်။
>>> မေဒိနီဆရာတော်ကြီးနဲ့ဗောဓိဆရာတော်ကြီး အများအကျိုး၊ သာသနာ့အကျိုးအတွက် ရဲရဲရင့်ရင့် ရပ်တည်ပေး ခဲ့လို့ ထောင်ချခံခဲ့ရပါတယ်။
>>> အင်းစိန်ရွာမဆရာတော်ကြီးဟာ သာသနာတော်အတွက်ဝိနည်းနဲ့အတိအကျရွက်ဆောင်ပြခဲ့လို့ ထောင်သွင်း အကျည်း ချခြင်းကို ၂နှစ်ခွဲအကြာ အင်းစိန်ထောင်ထဲမှာ ခံစားခဲ့ရပါတယ်။စစ်ခွေးတွေရဲ့ ယုတ်မာရိုင်းစိုင်းပုံတွေကတော့ မြန်မာ့သမိုင်း၊ သာသနာ့သမိုင်းမှာ အင်မတန် အောက်တန်းကျလွန်းလို့ မြန်မာနိုင်ငံ၊မြန်မာလူမျိုးတွေအတွက် ပယ်ဖျက်မရတဲ့ အမည်းကွက်ဖြစ်ခဲ့ပါပြီ။

(၁)ကျွန်တော် အခုလိုဘာလို့ ပြန်ရွေးပြရလဲဆိုတော့ ကိုKyawယူပြတဲ့ မောင်ကျည်ပွေ့ရဲ့ ပို့စ်ကို ကျွန်တော် သူစတင်ကတည်းက ဖတ်ဖူးပါတယ် ။ ကျွန်တော့် အမြင်မှာ ဘာသာရေးနဲ့ မဆိုင်ပဲ ၀ါဒဖြန့်တာသက်သက်လို့ ထင်လို့ ၀င်မပြောတာပါ ။ မောင်ကျည်ပွေ့ ရေးထားတဲ့ (ကျွန်တော်ထုတ်ပြတဲ့) စာသားတွေကိုကြည့်ရင် သိသာပါတယ် ။ အကြမ်းဖျင်းကောက်ချက်ချရရင် ဆရာတော်ကြီးတွေ ဘာသာရေးလုပ်လို့ ထောင်ချခံရတယ် လို့သဘောထွက်ပါတယ် ။ သာသနာအတွက် တကယ်စိုးရိမ်တာထက် နိုင်ငံရေး ပယောဂ မကင်းတဲ့အသံတွေ စာထဲမှာအများကြီးပါနေတာကို ကိုKyaw တွေ့မှာပါ

အထက်ပါစာပိုဒ်များသည် မောင်ကောင်း၏အာဘော်များဖြစ်သည်။ မောင်ကောင်းက ရမ်းသမ်းကောက်ချက်ချသွားသည်မှာ လွယ်ကူသော်လည်း ကျွန်ုပ်က အရှည်ပြန်ရေးရပါ မည်။ ကျွန်ုပ်တို့ကိုးကွယ်နေသော မြတ်စွာဘုရားရှင်နှင့်တကွ ခေတ်အဆက်ဆက် ရဟန်းသံဃာတော်များသည် နိုင်ငံ၏အရေး အများပြည်သူအရေးကို ဘာသာရေးနှင့်ထိစပ်၍ ဆောင်ရွက်တော်မူခဲ့ကြသည်။ မြတ်စွာဘုရားရှင်သည် ရာဇောဝါဒ သုတ္တန်ကို ဟောကြားကာ တိုင်းနိုင်ငံအ၀ှမ်းချမ်းသာတိုးတက်ရန် အုပ်ချုပ်သူများက မည်သို့ ပြုမူဆောင်ရွက်သင့်ကြောင်း ဆုံးမပဲ့ပြင်ပေးတော်မူခဲ့သည်။ ထို့အတူ ပုဂံ၊ပင်းယ၊အင်းဝ၊ ကုန်းဘောင်ခေတ်အဆက်ဆက်တွင် ဆရာတော်ကြီးများကလည်းနိုင်ငံရေးကို ဘာသာရေး နှင့် ထိစပ်၍ ဆုံးမပဲ့ပြင်ပေးတော်မူခဲ့ကြသည်။ ကိုလိုနီခေတ်တွင် ဆရာတော်ဦးဥတ္တမ၊ ဦးဝိစာရတို့သည် ဘာသာရေးကိုအခြေခံ၍ နိုင်ငံ့အရေးကို ထိစပ်ဆောင်ရွက်တော်မူခဲ့ကြ ပါသည်။ လွတ်လပ်ရေးရပြီးနောက်တွင်လည်း ဆရာတော်ကြီးများသည် နိုင်ငံ့အရေးအတွက် ဘာသာရေးကိုအခြေခံ၍ အများအကျိုးကို ဆောင်ရွက်တော်မူခဲ့ကြပါ သည်။ ထင်ရှားသော ဥပမာကိုပေးရလျှင် အမရပူရမဟာဂန္ဓာရုံဆရာတော်ကြီးသည်
ဘာသာရေးကိုအခြေခံ၍ အနာဂတ်သာသနာ၊ ဘာသာသွေး၊ အစရှိသောကျမ်းစာများ အပြင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ပညာရေးဆိုင်ရာသင်ရိုးညွှန်းတန်းများကို ပြုစုရေးသားဖြန့်ဝေပြီး နိုင်ငံတော်နှင့် သာသနာတော်အကျိုးကို အားထုတ်လုပ်ဆောင်ခဲ့ပါ သည်။

ထို့အတူ မြတ်စွာဘုရားရှင်က မင်းဆုံးမင်းညစ်များကို ဆုံးမပဲ့ပြင်နိုင်ရန်အတွက် ပတ္တနိကုဇ္ဇန ခေါ် ကံဆောင်သပိတ်ပြုနိုင်ကြောင်း သတ်မှတ်လမ်းညွှန်ပေးခဲ့ပါသည်။ အများသိကြသည့်အတိုင်း ရဟန်းတော်များက ထိုမင်းဆိုးမင်းညစ်များကို အဆက်အဆံ မပြုပဲ နေကြခြင်းဖြင့် နိုင်ငံရေးကို ဘာသာရေးနှင့် ထိစပ်ဆောင်ရွက်ရန်ဖြစ်သည်။ (အသေးစိတ်မရေးတော့ပါ)။ စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ နိုင်ငံရေး စသည့် မည်သည့်နယ်ပယ်မဆို တခုနှင့်တခု ပတ်သက်ဆက်နွယ်နေသည်။ သို့သော် တခုနှင့်တခု မရှုပ်ထွေးပါ။ မျက်မှောက်ခေတ်တွင် နအဖကသာ နိုင်ငံရေးနှင့် ဘာသာရေးကို ရှုပ်ထွေးအောင် မကွဲမပြားဖြစ်အောင် ၀ါဒဖြန့်လုပ်ဆောင်နေခြင်းဖြစ်သည်။

န၀တခေတ် ၁၉၉၀ ပြည့်နှစ်က ကျွန်ုပ်ညွှန်းခဲ့သော ဆရာတော်ကြီးများကို ထောင်ချခဲ့ခြင်း သည် ပတ္တနိကုဇ္ဇန ကံဆောင်သပိတ်မှောက်ခြင်းကြောင့်ဖြစ်သည်။ ဘာသာရေးနှင့် နိုင်ငံရေး၏ အဓိပ္ပါယ်ကို ကောင်းစွာမသိသော မောင်ကောင်းက ဆရာတော်ကြီးများကို ထောင်ချခဲ့ရခြင်းသည် ဘာသာရေးကြောင့်မဟုတ်ဟု ဆိုလာသည်။ ဤသို့ဆိုလျှင် ဆရာတော်ကြီးများကို ဘာအတွက်ကြောင့် ထောင်ချခဲ့ပါသနည်း… အမှန်တရားကို ဖုံးကွယ်ချင်သော စိတ်အားကြီးနေသဖြင့် ဘယ်ဆရာတော်တွေ ဘာကြောင့် ထောင်ကျခဲ့ မှန်း သူသည်လည်းသေချာမသိပေ။ အောက်တွင် ဆက်ဖတ်ကြည့်ပါဦး….

(၂)နောက်တစ်ခုက အချက်အလက်တွေဟာ မစုံပါဘူး ။ ဆရာတော်ကြီးတွေ (မောင်ကျည်ပွေ့စာရင်းပါ) ထောင်ကျခဲ့တယ် မကျခဲ့ဘူး ဆိုတာကတော့ ကျွန်တော်လည်း မသိပါဘူး ။ အကယ်၍ ကျခဲ့တာမှန်ရင်တောင်မှ ဘာသာရေးကြောင့်ဆိုတာတော့ မဟုတ်တာ အသေအချာပါပဲလို့ ကျွန်တော် အာမခံရဲပါတယ် ။ မောင်ကျည်ပွေ့ပြောတဲ့ တိပိဋကဓရဂန္ဓာရုံ ဆရာတော်ကြီးဆိုတာ ကျွန်တော်မကြားဖူးပါဘူး ။ ကျေးဇူးရှင် အရှင်ဇနကာဘိဝံသ ဆရာတော်ကြီးဆိုရင်တော့ ဒါဟာ ၀ါဒဖြန့်မှု့တစ်ခုဆိုတာ ကိုKyawလည်း ဆရာတော်ကြီးရဲ့ ထေရုပ္ပတ္တိကို ဖတ်ဖူးရင်သိမှာပါ ။ စာကိုဆုံးအောင် မနည်းတင်းပြီးရေးနေရတယ် ဆိုတဲ့ မောင်ကျည်ပွေ့က သာသနာတော်အတွက် ရင်ထုမနာဖြစ်ပြီး စစ်ခွေး ၊ ခွေးနောက်လိုက် ဆိုတဲ့ စကားလုံးတွေနဲ့ ပို့စ်တစ်ခုလုံး ၈ ခါရေးပြသွားပါတယ် ။ ကိုKyawပဲ စဉ်းစားကြည့်ပါ သာသနာအတွက်တကယ် သက်ဝင်ပြီးစိုးရိမ်နေတာလား ။ တမင် ဆရာတော်ကြီးတွေ နာမည်အောက်ဝင်ပြီး သူအလိုမကျတဲ့ အစိုးရကို ဆဲနေတာလား ဆိုတာပေါ့ ။

ဤငနဲကား အတော်လာသည့် ငနဲဟု ဆိုရဖွယ်ရှိသည်။ သူသည် မောင်ကျည်ပွေ့ညွှန်း သည့် ဆရာတော်ကြီးများကို သေချာမသိ၊ သို့သော်အာမခံရဲသည်ဟု မျက်စိမှိတ်ဇွတ်အော် နေသည်(သူကိုယ်တိုင်ကား မျက်စိဖွင့်၍ လမ်းလျှောက်ပါလို့ခေါင်းစဉ်တပ် စာရေးဖူးသည်)။
အထူးသဖြင့် တိပိဋကဓရဂန္ဓာရုံဆရာတော်ကို သူမသိပေ။ မောင်ကျည်ပွေ့မှားသည်ဟု ပြောလိုဇောအားကြီးနေသဖြင့် ဘာမသိညာမသိ အာမခံနေပေပြီ။ ဆရာတော်ကြီးများကို ထောင်ချခဲ့ခြင်းသည် ကံဆောင်သပိတ်မှောက်၍ဖြစ်သည်။ ပြည်သူများကို တရားဥပဒေမဲ့ သတ်ဖြတ်နှိပ်စက်နေ၍ သွေးစွန်းလက်များနှင့်လှူဒါန်းမှုများကိုမခံယူ၊ ထိုသူ တို့နှင့်မဆက်ဆံဟု ဆုံးဖြတ်တော်မူခြင်းကြောင့်ဖြစ်သည်။ ဘာမှမသိသေးသည့် မောင်ကောင်း ဗဟုသုတရရန် အနည်းငယ်ဖြည့်ပေးပါဦးမည်။ ဘဒ္ဒန္တသုမင်္ဂလာလင်္ကာရ ဘွဲ့အမည်ရသော တိပိဋကဓရဂန္ဓာရုံဆရာတော်ကြီး (တိပိဂန္ဓာဆရာတော်ဟု အလွယ်ခေါ် ကြသည်) သည် အမရပူရမဟာဂန္ဓာရုံဆရာတော်၏ တပည့်ဖြစ်သည်။ သက်တော် ၂၇ နှစ်တွင် ပိဋကတ်သုံးပုံအာဂုံရေးဖြေအောင်၍ မျက်မှောက်ခေတ် သာသနာ့သမိုင်းတွင် သက်တော်အငယ်ဆုံး တိပိဋကဓရဆရာတော်အဖြစ် စံချိန်ထူထားသည်။ ရန်ကုန်ကမ္ဘာအေးတွင် တိပိဋကမဟာဂန္ဓာရုံကျောင်းကို တည်ထောင်၍ ပရိယတ္တိစာပေပို့ချခဲ့သည်။ ထိုအကြောင်းကို မောင်ကောင်း ညွှန်းသည့် ကျေးဇူးတော်ရှင် အရှင်ဇနကာဘိဝံသ၏ ထေရုပ္ပတ္တိဖြစ်သော နာမည်ကျော် `တစ်ဘ၀သာသနာ´ ကျမ်းစာအုပ်တွင်လည်းပါပါသည်။ ဆရာတော်ကြီး ကိုယ်တော်တိုင်ရေးသော `တစ်ဘ၀သံသရာ´ တွင်လည်း ပါသည်ဟုထင်ပါသည်။

အစပြန်ကောက်ရလျှင် သာသနာအတွက်ကျေးဇူးများသော တိပိဋကဓရဆရာတော်ကြီးကို မချမ်းဘောထောင်တွင် နှစ်နှစ်ခွဲ ထောင်ချခဲ့သည်ဟု ကျွန်ုပ်ကရေးခဲ့သည်။ လွန်ခဲ့သော ၁၈နှစ်ခန့်က ဖြစ်ပျက်ခဲ့သောအဖြစ်၊ လူသိနည်းသေးသော အမှန်တရားကို တိတိကျကျ ထုတ်ရေးခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်ကိုယ်တိုင်လည်း ထိုအကြောင်းများကို သိခဲ့ရသည်မှာ မကြာသေးပါ။ ဗုဒ္ဓဘာသာထွန်းကားလှပါသည်ဆိုသော မြန်မာနိုင်ငံတွင် အမှန်တကယ်ဖြစ် ပျက်ခဲ့ပြီး ထိုအဖြစ်များကို ဖုံးကွယ်ထားကြသည်။ စေ့စေ့တွေးလေ ရင်နာလေဖြစ်ရသည်။

စာအတော်ရှည်သွားသော်လည်း ရေးစရာများကား ကျန်နေသေးသဖြင့် အပိုင်းခွဲရပါတော့မည်။ ပြန်လည်ခြုံငုံပြောရလျှင် ဘာသာရေးကိုနှိမ်ချ၊ အမှန်တရားကို ၀ါဒဖြန့်သည်ဟု သေးသိမ်အောင်ရေးလာသဖြင့် ပြန်ရေးရခြင်းဖြစ်သည်။ ကျွန်ုပ်ရေးသော အကြောင်းအရာများသည် မကြာသေးသော နှစ်ကာလအတွင်းတွင် ဖြစ်ပျက်ခဲ့သော အဖြစ် များသာ ဖြစ်သည်။ ဟုတ်မဟုတ်၊ မှန်မမှန်ကို ဗုဒ္ဓဘာသာဝင်များပီပီ ခွဲခြားဝေဖန်သုံးသပ် စုံစမ်းပြီးမှ ဆုံးဖြတ်ရန် တိုက်တွန်းအပ်ပါသည်။ နောက် ၂ရက်၊ ၃ရက်တွင် ကျန်သည်များကို ဆက်လက်တင်သွားပါမည်။

ဆက်ဖတ်ရန်ကျန်သေးသည်...

ရေပိုက်ထဲ အမှိုက်ပိတ်နေသည်

လူ့အဖွဲ့အစည်းတွင် ခေတ်အစဉ်အဆက် အမြဲဖြစ်လေ့ရှိသောပြဿနာမှာ လူကြီး၊လူငယ် ပြဿနာပင်ဖြစ်သည်။ ယနေ့ခေတ်တွင်လည်း နယ်ပယ်စုံတွင် ဤ လူကြီး၊ လူငယ် ပဋိပက္ခဖြစ်နေကြမှုကို တွေ့မြင်နိုင်ပေသည်။ အထူးသဖြင့် ယခုတလော မြန်မာနိုင်ငံရေး လောကတွင် လူကြီးလူငယ် အမြင်မတူကွဲပြားနေမှုသည် များစွာထင်ရှားလာပေသည်။

NLD မှ လူငယ်များနှုတ်ထွက်သွားမှုသည် လူကြီးလူငယ်အတွေးအမြင်ပြဿနာများ၏ ပြယုဂ်တခုပင်ဖြစ်တော့သည်။ ကျွန်ုပ်အနေဖြင့် မည်သူမှားသည်၊ မှန်သည်ကို မပြောလိုပါ၊ ပြောနိုင်စွမ်းလည်းမရှိပါ။ သို့သော် ကျွန်ုပ်ယုံကြည်သည်မှာ သဘောထားကြီးသည့် စိတ်ဓါတ်များကို လူတန်းစားမရွေး ထားသင့်သည်ဟု ထင်မြင်မိပါသည်။ ထင်ရှားသော ဥပမာတရပ်မှာ သခင်အောင်ဆန်းဦးဆောင်သော လူငယ်တစုကို နေရာပေးခဲ့ခြင်းဖြစ် သည်။ ခေတ်မီသော ထက်မြက်သော လူငယ်များ၏ဦးဆောင်လှုပ်ရှားမှုကို ခံယူ၍ ထိုခေတ်က လူကြီးများက ထောက်ပံ့လှုပ်ရှားခဲ့ကြသဖြင့် မြန်မာ့တော်လှန်ရေး အောင်မြင် ခဲ့ရပေသည်။

ဤကား သဘောထားကြီးမြင့်ခြင်း၏ ရလာဒ်ဖြစ်သည့်အပြင် နိုင်ငံနှင့်လူမျိုးအတွက် ဂုဏ် မြင့်ခဲ့ရပေသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကျဆုံးခဲ့ရသော ဦးဘ၀င်းသည် ဗိုလ်ချုပ်၏ အကိုအကြီးဆုံးဖြစ်သည်။ ဒီးဒုတ်ဦးဘချို၊ မန်းဘခိုင်၊ ဦးရာဇတ် အစရှိသော ခေါင်းဆောင် ကြီးများသည်လည်း အသက်၊ ၀ါအရ ဗိုလ်ချုပ်ထက်များစွာကြီးပေသည်။ ထို့ထက်ပို၍ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဆိုလျှင်ကား အထူးပြောဖွယ်ရာမရှိတော့။ နိုင်ငံနှင့်လူမျိုး အရေးအတွက် မိမိတို့ထက် အသက်၊ ၀ါ များစွာငယ်သော ဗိုလ်ချုပ်ကို ခေါင်းဆောင်အဖြစ် သဘောထားကြီးစွာ နေရာပေးခဲ့ပေသည်။


ယေဘူယျအားဖြင့် အဖွဲ့အစည်းတခုတွင် လုပ်ဆောင်ချက်များတိုးတက်မှုမရှိလျှင် ခေါင်းဆောင်ပိုင်းအနေဖြင့် မိမိတို့၏ဦးဆောင်မှုကို ဆန်းစစ်မှုများပြုလုပ်သင့်သည်သာ။ အထူးသဖြင့် အခြားခေါင်းဆောင်များနှင့်တကွ လက်တွေ့လှုပ်ရှားနေရသည့် လူငယ်ပိုင်း ၏ သဘောထားများကို လေးစားစွာ ခံယူသင့်သည်။ လိုအပ်လာပါက နေရာပေးသင့် သည်။ ခေတ်နှင့်လိုက်လျောညီထွေမှုရှိရန် ပြုပြင်အားထုတ်သင့်ပေသည်။ ငါတကော ကောမှုများမရှိသင့်။


ယနေ့ခေတ်တွင်ကား နိုင်ငံရေးအဖွဲ့အစည်းများစွာတို့တွင် သဘောထားကြီးမှုများ အားနည်းနေသဖြင့် တဖွဲ့တည်းဖြစ်နေရာက နှစ်ဖွဲ့၊ သုံးဖွဲ့ကွဲပြီးနောက် အချင်းချင်း ရန်သူကြီးသဖွယ်ဖြစ်နေကြပေရာ များစွာစိတ်ပျက်ဖွယ်ကောင်းနေတော့သည်။ နိုင်ငံ့အရေး ထက် မိမိ၏ အတ္တကိုရှေ့တန်းတင်နေကြသဖြင့် စစ်အာဏာရှင်တိုက်ဖျက်ရေးဟု မည်သို့ ပင်ကြွေးကြော်နေကြစေကာမူ မိမိတို့ကိုယ်တိုင် အာဏာရှင်ဖြစ်မှန်းမသိ ဖြစ်နေကြတော့ သည်။ မစိုးရိမ်ဆရာတော်ကြီး ကိုယ်တော်တိုင်ပင် “နိုင်ငံရေးသမားတွေ ဟန်ဆောင်လေးဖြစ်ဖြစ် ညီညွတ်ကြစမ်းပါ” ဟု မိန့်ကြားသွားခဲ့ရသည်မှာ ထိုသူတို့ အလွန် ရှက်ဖွယ်ကောင်းနေသည်။


ယခုအချိန်ကား အချိန်ကောင်းပင်ဖြစ်တော့သည်။ လူငယ်ပေါင်းများစွာ၊ အထူးသဖြင့် နိုင်ငံ တကာအတွေ့အကြုံရှိသော ပညာတတ်လူငယ်ပေါင်းများစွာတို့သည် နိုင်ငံရေးကို အထူးတလည်စိတ်ဝင်စားလာကြပြီဖြစ်သောကြောင့် မိမိတို့၏ နိုင်ငံရေးသိက္ခာမြှင့်တင် သောအနေဖြင့် ထိုလူငယ်များကို နေရာပေးဦးဆောင်စေခြင်းဖြင့် ၀န်းရံရပ်တည်သင့်သည်။ သို့မှသာ နိုင်ငံရေးတွင် သမိုင်းကြောင်းလှ၍ အများပြည်သူအတွက်လည်း များစွာအကျိုး ရှိစေတော့မည်ဖြစ်သည်။


ပုံမှန်အားဖြင့် လှုပ်ရှားဆောင်ရွက်မှုများသည် လေးငါးနှစ်ကြာမြင့်ပြီးနောက် တိုးတက် အောင်မြင်မှုမရှိလျှင်ပင် ခေါင်းဆောင်ပိုင်းကို ပြောင်းလဲပေးရမည်ဖြစ်သည်။ ယခုအခါ၌ ထိုသို့မဟုတ် နှစ်ပေါင်း နှစ်ဆယ် ကြာမြင့်ခဲ့သည်တိုင် ရာသက်ပန်ဥက္ကဌ၊ အတွင်းရေးမှူး စသည်ဖြင့် နေရာမှမဆင်းလုပ်နေကြပေရာ ပိုက်ထဲတွင် အမှိုက်ပိတ်နေသကဲ့သို့ပင်။ တဆက်တည်း နိုင်ငံ့အရေးကို လုပ်ဆောင်လိုသော မျိုးဆက်များကိုလည်း စိတ်ပျက်အား နည်းအောင်လုပ်နေသလိုဖြစ်နေသည်။


အချုပ်အားဖြင့်ဆိုရလျှင် ခေတ်မီတက်ကြွပြီး နည်းပညာများတတ်ကျွမ်းသော လူငယ်ပိုင်း ၏အားမာန်ကိုအခြေခံ၍ လူကြီးများ၏အတွေ့အကြုံကြွယ်ဝမှုများဖြင့်ဝန်းရံပြီး အာဏာရှင် တိုက်ဖျက်ရေးလှုပ်ရှားမှုကို ထိန်းကျောင်းမောင်းနှင်သွားပါလျှင် ကျွန်ုပ်တို့လိုချင်သော အောင်မြင်မှုပန်းတိုင်သို့ မြန်စွာမသွေရောက်ရမည်ဖြစ်ပါကြောင်း……………။

ဆက်ဖတ်ရန်ကျန်သေးသည်...

ဇာတ်သိမ်းမရှိတဲ့ ဇာတ်လမ်း

လွယ်အိတ်တလုံးနှင့် ကျွန်ုပ်လမ်းသလားနေသည်။ ခင်ရာမင်ရာ မိတ်ဆွေများထံ အလည်ပတ်လျှောက်သွားနေသော်ငြား မိတ်ဆွေများမှာ ကျွန်ုပ်ကဲ့သို့ ယောင်ခြောက် ဆယ်သမားများမဟုတ်ပဲ အလုပ်ကိုယ်စီရှိကြသဖြင့် ကျွန်ုပ်ကို ကြာရှည်စကားမပြောနိုင်၊ ၎င်းတို့၏လုပ်ငန်းခွင်သို့ အသီးသီးထွက်ခွါသွားရာ ကျွန်ုပ်မှာ ယောင်လည်လည်နှင့် တယောက်တည်း မြစ်ကမ်းနဘေးလမ်းလျှောက်နေမိတော့သည်။ ကျွန်ုပ်၏ရှေ့တွင် လူငယ်နှစ်ဦးလည်း လွယ်အိတ်ကိုယ်စီလွယ်လျက် သွားနေပေရာ ဘေးအမြင်တွင် ကျွန်ုပ် တို့သုံးဦးသား တဖွဲ့တည်းဟုထင်စရာပင်ဖြစ်နေသည်။

ထိုခဏ၌ မျက်နှာချင်းဆိုင်မှလူတဦးက `ဆရာတို့ ဘယ်သွားမလို့လဲ´ ဟု နှုတ်ဆက်ရာ ကျွန်ုပ်အရှေ့မှလူတဦးက `လူနာသွားကြည့်မလို့´ ဟုပြန်ုဖြေသည်။ ကျွန်ုပ်လည်း မရည် ရွယ်ပဲ ထိုသူနှစ်ဦးနောက်သို့ လိုက်ပါသွားတော့သည်။ မြစ်ကမ်းနဘေး တန်းလျားတခု ရှေ့အသက်သုံးဆယ်ဝန်းကျင်ခန့် လူတစ်ဦးထိုင်လျက်ရှိသည်။ ထိုသူကိုကြည့်ရသည်မှာ ကောင်းစွာသန်စွမ်းဟန်မတူပေ။ ခြေ၊လက်များသည် ကြုံလှီနေပြီး ပိုလီယိုရောဂါသည်လို ဖြစ်နေသည်။ ကျွန်ုပ်ရှေ့မှ လူတစ်ဦးက `ကဲဖြစ်ပုံလေးပြောပြပါဦး´ ဟုမေးမြန်းရာ

`ဒီလိုပါဆရာ.. ကျွန်တော်စူဖန်ဘူရီမှာနေပါတယ်.. တနေ့မှာ ကျွန်တော် အလုပ် လိုက်ရှာနေတုန်း လူတယောက်က ငါးရွေးတဲ့အလုပ်ထည့်ပေးမယ်ပြောလို့ သူ့နောက် လိုက်လာတာ အင်ဒိုလှေမှာ ကျွန်တော့်ကို ရောင်းသွားတယ်။ ပင်လယ်ထဲရောက်မှ ကျွန်တော့်ကို ရောင်းသွားမှန်းသိလိုက်ရတယ်။ လှေဆက်လိုက်ရင်းနဲ့ တနေ့ စက်ခန်းအ၀မှာ အိပ်ပျော်နေတုန်း စက်ခန်းထဲပြုတ်ကျသွားပြီး ခေါင်းမှာ ဒဏ်ရာရ၊ ခြေလက်တွေလည်း အခုလို မသန်ဖြစ်သွားတော့တာပါပဲ။ အဲဒီနောက်တော့ ငါးလာယူတဲ့ ကဲ့လှေတစီးနဲ့ ကျွန်တော့်ကို ဒီဆိပ်ကမ်းမှာ လာပို့သွားတယ်။ ဒီအခန်းမှာနေတဲ့ လင်မယားနှစ်ယောက်က ကျွန်တော့်ကို သနားလို့ကြည့်ရှုထားပေးတာ နှစ်လလောက်ရှိပြီ၊ အခုတော့ သူတို့အလုပ်ရှင်ကလည်း ကျွန်တော့်ကို ဒီအခန်းမှာ လက်မခံဖို့ပြောလာတော့ ဆရာတို့ဆီဆက်သွယ်ရတာပါပဲခင်ဗျာ´

`ဇာတိကဘယ်ကလဲ´ `ကျွန်တော်မြိတ်ကပါ၊ ဘယ်ရွာလဲဆိုတာတော့ မမှတ်မိတော့ဘူး။ ကျွန်တော်က အဖေမရှိဘူး၊ အသက်ရှစ်နှစ်သားလောက်မှာ ဘယ်ကမှန်း မမှတ်မိတော့တဲ့လူတွေနဲ့ ဒီထိုင်းထဲကိုလိုက်လာတာ။ ဘန်ကောက်နားက စူဖန်ဘူရီလို့ခေါ်တဲ့ မြို့ကိုရောက်တော့ ထိုင်းတယောက်က ကျွန်တော့်ကို မွေးစားတယ်၊ အဲဒီမှာပဲ ကျွန်တော်ကြီးပြင်းလာခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် မကောင်းတဲ့လူတွေနဲ့ ပေါင်းမိပြီး လေလွင့်ခဲ့ပါတယ်။ မွေးစားအမေနဲ့လည်းမနေတော့တာကြာပါပြီ၊ ဒီလိုနဲ့လေလွင့်နေရင်းနဲ့ အခုလိုဒုက္ခတွေ့တာပါပဲခင်ဗျာ။´

ထိုလူနှစ်ဦးမှာ စိတ်ရှုပ်သွားဟန်ရှိသည်။ တယောက်က `ပြဿနာပဲကွာ… သူ့ဟာ ကဘာမှ အစရှာမရဘူး။ လျော်ကြေးတောင်းရအောင် အလုပ်ရှင်ကိုမသိ၊ အိမ်ပြန်ပို့ရ အောင်ကလည်း လိပ်စာကမရှိ ၊ ဒီမှာလည်းနေလို့မရတော့ဘူးဆိုတော့ ဘယ်လိုလုပ်ရမှန်း မသိတော့ဘူး´ ဟု အချင်းချင်း တိုင်ပင်သလို ညည်းနေသည်။ ထိုသူနှစ်ဦးကဲ့သို့ပင် ကျွန်ုပ် လည်း စိတ်ထဲလေးလံမိသည်။ ထိုသူနှစ်ဦးမှာ အန်ဂျီအို တခုခုမှ ဖြစ်ပုံရသည်။ ၎င်းတို့၏ အရာရှိထံ ထိုင်းဘာသာဖြင့် အကြောင်းကြားနေသည်။ ကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိဟန်မတူ၊ ၎င်းတို့၏ အထက်အရာရှိက မည်သို့ပြန်ပြောသည်မသိ မျက်နှာရှုံ့မဲ့လျက်ဖြစ်နေသည်။ ထို့နောက် `အလကားဟာတွေ.. လစာ ညာစားဖို့ပဲသိတယ်၊ ပြောလိုက်ရင် ကူညီမယ်.. ကူညီမယ်ဆိုပြီးတော့ ဘာမှစောက်ဖြစ်မရှိဘူး´ ဟု မြန်မာလို ရေရွတ်လျက်ရှိသည်။

ထို့နောက် လူနာဖြစ်သူကို `အကိုရေ..ကျွန်တော်တို့ တခြားနေရာတွေနဲ့ဆက်သွယ် ပြီး အကို့အတွက်ကြိုးစားပေးမယ်ဗျာ။ တရက်နှစ်ရက်တော့ ဒီမှာ ခဏနေလိုက်ဦးနော်၊ အခု အကို့ကိုခေါ်သွားဖို့ အဆင်မပြေဖြစ်နေသေးတယ်။ အဆင်ပြေတာနဲ့ ကျွန်တော်တို့ လာခေါ်မယ်နော်´ ဟု ပြောနေသံကို ကျွန်ုပ်ကြားနေရသည်။

ထိုသူနှစ်ဦးကဲ့သို့ပင် ကျွန်ုပ်သည်လည်း ရင်ထဲ၌စိတ်မကောင်းဖြစ်မိသည်။ ထိုလူနာကိုလည်း လွန်စွာသနားခြင်းဖြစ်မိသည်(ထုံးစံအတိုင်း)။ ရှေးကံကြမ္မာကြောင့် ဤသို့ဖြစ်ရခြင်းပေလောဟုထင်မိသည်(ထုံးစံအတိုင်း) ထို့အတူ သွေးမတော် သားမစပ် နှစ်လတိုင် အပေါ့အလေးကစ ပြုစုကျွေးမွေးခဲ့သော လင်မယားနှစ်ယောက်ကိုလည်း လေးစားခြင်းဖြစ်မိသည်(ထုံးစံအတိုင်း)။ ထိုနေ့က သူတို့ဇာတ်လမ်း မည်ကဲ့သို့ဆက် ဖြစ်သွားသည်ကို ကျွန်ုပ်မသိတော့…။ (ထုံးစံအတိုင်း) နောက်တရက်နှစ်ရက်ဆိုလျှင် ကျွန်ုပ်လည်း မိမိဘ၀အရေးကိစ္စများဖြင့် လုံးပန်းပြီး ထိုရင်နင့်ဖွယ်ရာအဖြစ်ကို (ထုံးစံအတိုင်း) မေ့ပျောက်သွားမည်ဖြစ်ပါသည်။

တောင်ကျော်တို့၏ ခက်ဆစ်အဓိပ္ပါယ်များ။ ။ အင်ဒိုလှေ= အင်ဒိုနီးရှားပင်လယ်ပြင်တွင် လိုင်စင်လုပ်ပြီး တနှစ်မှ သုံးနှစ်အထိ ငါးဖမ်းသော ထိုင်းပိုင်လှေ၊ ထိုလှေများသည် လိုင်စင် သက်တမ်းကုန်မှသာ ထိုင်းသို့ပြန်ဝင်လာသည်။ ကဲ့လှေ = ထိုငါးဖမ်းလှေမှ ငါးများကို ထိုင်းသို့ပြန်သယ်ပြီး ငါးဖမ်းလှေအတွက် ရိက္ခာပို့ပေးသောလှေ (ရိက္ခာပို့ပေးသောလှေနှင့် မဆုံစည်း၍ လပေါင်းများစွာ ထမင်း၊အသီးအရွက် မစားရပဲ ငါးတစ်မျိုးတည်းသာ စားရ သဖြင့် ဗီတာမင်ဓါတ်ချို့တဲ့ပြီး မြန်မာအလုပ်သမား သုံးဆယ်ကျော်ခန့်သေဆုံးခြင်း ဖြစ်ခဲ့ဖူး သည်။(ဤကား စကားချပ်)

ဆက်ဖတ်ရန်ကျန်သေးသည်...

အရင်းခံ

မင်္ဂလာပါခင်ဗျာ.. မောင်ကျည်ပွေ့စာမရေးဖြစ်တာတော်တော်ကြာသွားပါတယ်။ လာလည် အားပေးကြတဲ့မိတ်ဆွေများကိုလည်း နှုတ်မဆက်ဖြစ်တာ တောင်းပန်ပါတယ်။ နဂိုရ်က တည်းက မောင်ကျည်ပွေ့ဟာ လူမှုဆက်ဆံရေးဘက်မှာ အားနည်းချက်ရှိတာကလည်း တကြောင်းပေါ့ခင်ဗျာ။ တွေးချင်ရာတွေး ငေးချင်ရာငေးပြီး ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်တတ်တဲ့ လူကြောင်ဆိုတော့လည်း မိတ်ဆွေများက ခွင့်လွှတ်ပေးပါ။


ခုတလော ရန်ကုန်မှာ ဗုံးတွေ ခဏခဏကွဲနေပါတယ်။ စွမ်းအားမြှင့်အဖွဲ့က လှုပ်ရှားနေ တယ်လို့ ဘလော့တွေမှာ တွေ့ရပါတယ်။ ဒီပေါက်ကွဲမှုတွေထဲမှာ စစ်တပ်က ကိုယ့်ဟာ ကိုယ်ဖေါက်တာလည်း ပါကောင်းပါနိုင်ပါတယ်။ သူတို့ရဲ့လမ်းစဉ်မှာကိုက ရောင်တော်ပြန်နဲ့ ရောလွှတ်တတ်တာ ခေတ်အဆက်ဆက်မှာ တွေ့နိုင်ပါတယ်။ တခြားသူတွေက ဒီလို ဖေါက်ခွဲရေးတွေလုပ်နေတဲ့ လှုပ်ရှားမှုတွေကို ဘယ်လိုထင်မြင်ကြတယ်ဆိုတာ မသိပေမဲ့ မောင်ကျည်ပွေ့အမြင်မှာတော့ အနုနည်းနဲ့လုပ်ဆောင်နေတာ၊ တွေ့ဆုံဆွေးနွေးရေးကို ကြိုးစားနေတာတွေနဲ့တင် မလုံလောက်လို့ ဒီလိုဖေါက်ခွဲမှုတွေ ပေါ်ပေါက်လာတာလို့ မြင်ပါတယ်။


ဘာကြောင့်လဲဆိုတော့ စစ်တပ်ဟာ လူလိုသူလိုစကားပြောလို့ ဆွေးနွေးလို့မရနိုင်တဲ့ ၊ လူစိတ်မရှိတဲ့သတ္တ၀ါတွေဖြစ်ကြောင်း တနေ့တခြားထင်ရှားလာလို့ပါပဲ။ စစ်တပ်ဟာ ပြည်သူတွေကို တကယ့်ရန်သူကြီးတွေလို သဘောထားပြီး ဖြတ်လေးဖြတ်စစ်ဆင်သလို လုပ်ဆောင်နေပါတယ်။ တမြို့ထဲမှာတောင် သွားလာမလွယ်ကူအောင်လုပ်ထားတယ်၊ အချိန်မတော်ဧည့်စာရင်းတွေနဲ့ ခြိမ်းခြောက်တယ်။ ပြောဆိုဆွေးနွေးခွင့်တွေမရှိအောင် လုပ်ထားတယ်၊ …….. ပြောမကုန်နိုင်အောင် လူတွေရဲ့ ရွေ့လျားသွားလာနိုင်စွမ်းကို စစ်ဆင်ရေးပုံစံသဘောထားပြီး ထိန်းချုပ်ထားပါတယ်။


ဝါဒဖြန့်တဲ့နေရာမှာလည်း ဗွီစီဒီ၊စာအုပ်တွေကအစ သတင်းစာဂျာနယ်အဆုံး မထည့်မနေ ရ ၀ါဒဖြန့်စာတွေထည့်သွင်းတဲ့အပြင် ပြင်ပက ရေဒီယိုနားထောင်ရင်တောင် ထောင်ချတဲ့ အထိတင်းကျပ်ထားပါတယ်။ ပြည်သူတွေကို ခြင်းထဲကကြက်တွေလို သဘောထားစော် ကားနေတဲ့နိုင်ငံမှာ ဒီလိုအကြမ်းဖက်မှုတွေဖြစ်လာတာဟာ မဆန်းပါဘူး။ ဖြစ်သင့်နေတာ ကြာပြီလို့တောင် ပြောရမလိုပါပဲခင်ဗျ။ အခုဆိုရင် စစ်ခွေးနောက်လိုက်တွေလည်း ပြည်သူတွေလိုပဲ ကျီးလန့်စာစားနေရတဲ့ဘ၀ တဖြေးဖြေးနဲ့ရောက်လာတော့မှာပါ။ တကယ်လို့သာ ဒီ့ထက်မက စစ်ခွေးတွေကို သုတ်သင်ပြနိုင်ရင် သူတို့ပြောတဲ့စကားလို ဖြစ်နေမှာပါ၊ ဘာတဲ့ တပ်နဲ့ပြည်သူတသားတည်း ဆိုလားဘာဆိုလားပဲ ကြောက်ရတဲ့နေ ရာမှာလေ။ အခုတော့ လန့်ရုံလောက်ပဲရှိသေးတယ်။ ခုထက်မက ရည်ရွယ်ရာပစ်မှတ်တွေ ကို ထိထိရောက်ရောက် ဖေါက်ခွဲနိုင်ပါစေပေါ့ဗျာ။


ဖေါက်ခွဲရေးလုပ်တဲ့သူတွေက သူတို့ရည်ရွယ်သလိုဖေါက်ခွဲကြကုန်ပြီ။ တခြားဆရာသမား အပေါင်းတို့ကရော မိမိတို့ကြွေးကြော်ထားသလိုဖြစ်ရဲ့လား..လို့ ကိုယ့်ဟာကိုယ်မေးကြည့် ကြပါဦးနော်။ မောင်ကျည်ပွေ့ကတော့ မမေးတော့ဘူး။ တိုင်းပြည်နဲ့လူမျိုးအတွက် ဘ၀အနာဂတ်များပေးဆပ်နေသော သူရဲကောင်း တိုက်ပွဲဝင်ရဲဘော်များကို လေးစားဦး ညွတ်လိုက်ပါတယ်။………………………. မင်္ဂလာပါခင်ဗျာ…………………………….

ဆက်ဖတ်ရန်ကျန်သေးသည်...

စွဲမြဲခိုင်မာ ပြည်သာယာ

နောက် ၃ ရက်ဆိုလျှင် မြန်မာနိုင်ငံကို နာဂစ်မုန်တိုင်းတိုက်ခတ်ခံရခြင်း ၅ လ ပြည့်မည်ဖြစ် သည်။ စဖြစ်ကာစက သတင်းတွေပလူပျံ၊ နှိုးဆော်ချက်တွေ၊ အလှူခံတွေ၊ ၀မ်းနည်းခြင်းတွေ ထောင်းလမောင်းထခဲ့ကြသည်။ ဘာမှမကြာသေးသည့် ယနေ့အချိန်တွင်မတော့ ထိုကိစ္စတွေ ကို အရေးတယူပြောဆိုသူ၊ လှူဒါန်းသူအရေအတွက်၊ လှူဒါန်းမှုပမာဏ စသည်တို့သည် လွန်စွာ ကျဆင်းသွားပေတော့သည်။ သို့သော် မုန်တိုင်းဒဏ်ခံ လူထုတွေ၏အငတ်ဘေးကတော့ ကျဆင်းသွားခြင်းမရှိပေ။ ယခင်ကကဲ့သို့ ငတ်မြဲတိုင်းငတ်နေကြဆဲပင်။


ဤသည်မှာ သိသာထင်ရှားသော ဥပမာပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ရာတွင် စဉ်ဆက်မပြတ် စွဲမြဲစွာ ထိရောက်အောင်လုပ်နိုင်မှု၌ လွန်စွာအားနည်းနေကြသည်ဟု ထင်မိ သည်။ စိတ်ဓါတ်ရေချိန်ကို ကြာရှည်တည်တံ့အောင် မထိန်းထားနိုင်ကြပေ။ မည်သည့်အရေး ကိစ္စမဆို ထိုသို့ပင်ကောက်ရိုးမီးပမာ ခေတ္တအရှိန်နှင့်သာ ဆောင်ရွက်သည်ကများနေပေသည်။ ကျွန်ုပ်၏မိတ်ဆွေတစ်ဦးက“ကိုယ့်နဲ့တန်တဲ့အစိုးရကိုသာရလိမ့်မယ်” လို့စာအုပ်တအုပ်ထဲတွင် ဖတ်ဖူးကြောင်းပြောလာသည့်အခါ ကျွန်ုပ်က လက်မခံချင်ဖြစ်ခဲ့သည်။ ကျွန်ုပ်တို့သည် ယခု အနေအထားထက်ပိုကောင်းမွန်သော အခြေအနေနှင့်ထိုက်တန်ကြောင်း ရိုးရိုးသားသား ယုံကြည်မိခဲ့သည်။ ယခုတော့ ကိုယ့်ကိုယ်ကိုပင် သံသယ၀င်တွေဝေမိနေတော့သည်။


ပြန်စဉ်းစားကြည့်ပါလျှင် ယနေ့လူထုသည် စစ်အာဏာရှင်စနစ်ကို မနှစ်သက်မကြိုက်သည့် အပြင် မုန်းတီးနေသည့်ဘက်သို့ပင် ရောက်နေပေသည်။ သို့သော် ထိုစနစ်ပြုတ်ကျသွားအောင် ဘာတွေလုပ်ခဲ့လဲ၊ ဘာတွေလုပ်နေလဲ၊ ဘာဆက်လုပ်ဦးမလဲ ဟူ၍တွက်စစ်ကြည့်လျှင် အဖြေ မှာ ကျေနပ်ဖွယ်နည်းနေပေလိမ့်မည်။ လက်ရှိ အသက် ၃၅ နှစ် အောက်လူငယ်များသည် အများအားဖြင့် ပြောပလောက်အောင်လုပ်ဆောင်ခဲ့ခြင်းမျိုးမရှိခဲ့ကြပေ။ လုပ်ဆောင်ခဲ့လျှင် လည်း ခေတ္တခဏ အသွင်ဆောင်နေပေလိမ့်မည်။ ထိုအထဲတွင် အခွင့်အရေးတချို့အတွက် ဓါတ်ပုံပါချင်ရုံသက်သက် လုပ်ဆောင်ခဲ့သူများလည်း ရှိခဲ့ပေမည်။


ထို့အတူပင် လက်ရှိ အသက်၄၀ ကျော်ပုဂ္ဂိုလ်များ အများစုသည်လည်း ဟိုယခင်က ကာလအနည်းငယ် လုပ်ဆောင်ခဲ့ပြီးနောက် ယခုအခါ ဘေးထိုင်နေသူများ၊ စီးပွါးရေးဖက် ဦးလှည့်သွားသူများ၊ တနှစ်တခါလောက် အထိမ်းအမှတ်သဖွယ်သာပြုလုပ်နေသူများ အများစု ဖြစ်နေတော့သည်။ ထို့ထက်ဆိုးသည်မှာ ဒီမိုကရေစီအကြောင်းပြ ရိုက်စားလုပ်နေသည့် လူတန်းစားများ ရှိနေပြီး၊ ငွေရဖို့အတွက်ဆို ရဲဘော်အချင်းချင်းကိုပင် ရောင်းစားသည်အထိ အောက်တန်းကျသူများ ဖေါင်းပွလာနေခြင်းဖြစ်သည်။


ထိုသို့သောအနေအထားတွေကြောင့်လည်း ယခုကဲ့သို့ အခြေအနေများဖြစ်ပေါ်နေရခြင်းဖြစ်ပေ သည်။ ကျွန်ုပ်တို့၏အဓိကအားနည်းချက်ဖြစ်သော စဉ်ဆက်မပြတ်စွဲမြဲမလုပ်နိုင်ခြင်းကိုသာ ပြင်ဆင်လိုက်လျှင် ရည်မှန်းချက်ပန်းတိုင်သို့ လျှင်မြန်စွာရောက်ရပေမည်။ ဤနေရာတွင် အလျဉ်းသင့်၍ ကျွန်ုပ်၏စိတ်ထဲတွင် ယားကျိကျိဖြစ်နေသောအကြောင်းအရာကို အနည်းငယ် ရေးသားလိုသည်။ အင်တာနက်သတင်းများထဲတွင် မြန်မာများဦးစီး၍လုပ်ကိုင်နေသော အတိုက်အခံ သတင်းဌါနများရှိနေပေရာ စနေ၊တနင်္ဂနွေနေ့များတွင် ထိုဌါနများမှ သတင်း မတင်ပဲနားနေကြသည်ကို မြင်တွေ့နေရသည်။ ကမ္ဘာပေါ်တွင် အလွန်ရှားသော သတင်းဌါနဟု သတ်မှတ်ရပေတော့မည်။ ကျွန်ုပ်နားလည်ထားသည်မှာ သတင်းဌါန၊ဆေးရုံ၊ရဲစခန်း၊ စသည်တို့ သည်ပိတ်ရက်မရှိ၊ ယခုတော့…အထူးသဖြင့် မြန်မာနိုင်ငံတော်အတွက် ရည်ရွယ်လုပ်ဆောင် နေပြီးမှ…။ အပြစ်တင်ခြင်းမဟုတ်ပါ၊ ထိုသတင်းဌါနတို့၏လုပ်ဆောင်ချက်များ ထိရောက်မှု များစွာရှိခဲ့သည်မှာ ကျွန်ုပ်ကိုယ်တွေ့ပင်၊ သို့သော်ဤတချက်မှာတော့ ပြင်ဆင်သင့်သည်ဟု ခံစားမိခြင်းသာဖြစ်သည်။


ကျွန်ုပ်တို့သည် ရှုထောင့်အမြင်မျိုးစုံ၊ အတွေးမျိုးစုံဖြင့် သန်ရာသန်ရာလုပ်ဆောင်နေကြပေ သည်။ အချို့သောလုပ်ဆောင်မှုများသည် အလွန်ပင်အကျိုးသက်ရောက်မှုရှိခဲ့ပေသည်။ ဥပမာ- စိန်စီသောည ဗွီစီဒီဖြန့်ချိခဲ့နိုင်ခြင်းသည် ပြည်သူထဲတွင်သာမက စစ်တပ်ထဲထိပါ ထိုးဖေါက်ဝင်ရောက်နိုင်ခဲ့ပါသည်။ ထိုသို့သော လှုပ်ရှားမှုမျိုး စဉ်ဆက်မပြတ်လုပ်နိုင်ဖို့လည်း အထူးလိုအပ်နေသည်ဟုထင်မိသည်။ အဘယ်ကြောင့်ဆိုသော် စစ်တပ်ထဲတွင်သာမက ပြည်သူထဲတွင်လည်း စစ်အာဏာရှင်များ၏ မျက်စိနားပိတ်ထားခြင်းကို များစွာခံနေရရာ နောက်ထပ်လှုပ်ရှားမှုအနေဖြင့် နှိုင်းယှဉ်ပြသည့် ဗွီစီဒီမျိုးထပ်မံ၍ ဖြန့်ချိသင့်ပေသည်။ အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံနှင့်မြန်မာနိုင်ငံ၏ စစ်တပ် စစ်တပ်ချင်း၊ ပြည်သူ ပြည်သူချင်း စားဝတ်နေရေး လူနေမှုအဆင့်အတန်း ရပိုင်ခွင့်စသည်တို့ နှိုင်းယှဉ်ပြထားချက်များကို ရိုက်ကူးဖြန့်ချိသင့်ပေသည်။


ပြည်တွင်းမှ ဆရာတော်ကြီးတပါးနှင့်ဖူးတွေ့ခဲ့ရရာတွင် မိန့်ကြားသွားသည်မှာ “ငါက ငါ့ကျောင်းနဲ့ င့ါစာသင်တိုက်ကို ကြီးကျယ်လှပြီ၊ ဟုတ်လှပြီလို့ထင်ထားတာ၊ ချူလာလောင်ကွန် ထဲရောက်သွားတော့မှ ကိုယ့်ကျောင်းဟာ သူ့အိမ်သာလောက်အဆင့်ပဲရှိတာပါလား”လို့ မိန့်ကြားသွားခဲ့ပါတော့သည်။ အချုပ်အားဖြင့် ပြောလိုသည်မှာ မိမိတို့နိုင်ငံ၏အခြေအနေကို ပြုပြင်ပြောင်းလဲစေလိုလျှင် မိမိတို့ကိုယ်တိုင်က မိမိတို့ယုံကြည်သလို စွဲကိုင်ထားသည့် လမ်းကြောင်းအတိုင်း အပျော်တမ်းသဘောမျိုးမဟုတ်ပဲ စဉ်ဆက်မပြတ်လုပ်ကိုင်သွားသင့်ပါ ကြောင်း ရေးသားတင်ပြလိုက်ပါသည်။


အထူးမှတ်ချက်။ ။ အထက်ပါအကြောင်းအရာများကို ပြည်ပရောက်မြန်မာများအတွက် ရည်စူးရေးသားပါသည်။ တိုက်ဆိုင်မှုရှိလျှင် ကြိုက်သလိုထင်မြင်နိုင်ပါသည်။ စိတ်ဆိုးမှာကို မကြောက်ပါ၊ ဇာတ်မျောဖြစ်နေခြင်းကိုသာ စိတ်ပျက်ပါသည်။ ထို့ကြောင့် လူမုန်းခံရလျှင် လည်း နည်းတဲ့ကုသိုလ်မဟုတ်ဟု ယူဆ၍ ရေးသားလိုက်ပါကြောင်း”

ဆက်ဖတ်ရန်ကျန်သေးသည်...

အာဏာ..ရှင်

မြန်မာနိုင်ငံနှင့်မြန်မာလူမျိုးဟူ၍ ဖြစ်ပေါ်လာခဲ့သည်မှာ နှစ်ပေါင်းရာထောင်ချီနေပြီဖြစ်သည်။ ထို့အတူ အာဏာရှင်စနစ်သည်လည်း နိုင်ငံစပေါ်စဉ်ကပင် ယနေ့ထိတိုင်အောင် ဒွန်တွဲပါလာ ခဲ့ပေသည်။ ကမ္ဘာပေါ်ရှိနိုင်ငံများသည်လည်း အာဏာရှင်စနစ်နှင့်ပင် စတင်ဖြစ်ထွန်းလာခဲ့ သော်လည်း ယနေ့အချိန်တွင် အများစုမှာ ထိုအာဏာရှင်စနစ်ကိုစွန့်၍ အများသဘောတူ အုပ်ချုပ်သော၊ လူအများ၏ဆန္ဒကိုအလေးထားသော စနစ်သစ်ကို မိမိတို့နိုင်ငံအလိုက် လျော်ညီစွာကျင့်သုံးနေကြပြီဖြစ်သည်။ ထို့အတွက်ကြောင့်လည်း အများသဘောတူအုပ်ချုပ် သောနိုင်ငံများသည် အာဏာရှင်စနစ်ဖြင့်အုပ်ချုပ်သောနိုင်ငံများထက် လူမှုရေး၊စီးပွါးရေး စသည်တို့၌ အဖက်ဖက်က သာလွန်တိုးတက်နေကြသည်ကို တွေ့မြင်နိုင်ကြပေသည်။


မြန်မာတို့၏ယဉ်ကျေးမှုတွင် အာဏာရှင်စနစ်ကို အခြေခံသော အတွေးအခေါ်အယူအဆများ တို့သည် အတော်ပင်အခြေခိုင်နေကြပြီး ကျွန်ုပ်တို့သည်လည်း ထိုယဉ်ကျေးမှုနှင့်ပင် ကြီးပြင်း လာခဲ့ရပေသည်။ ဥပမာအားဖြင့် မိဘစကားကိုနားထောင်ရမည်၊ သားသမီးသည် မိဘကို ပြန်လှန်ဆွေးနွေးခွင့်မရှိ၊ ငါကမွေးထားတာ ငါခိုင်းသလိုလုပ် စသည်ဖြင့် အိမ်တွင်းအာဏာရှင် စနစ်ကို ငယ်စဉ်ကပင်ရိုက်သွင်းခံရသည်။ အကျိုးအကြောင်းပြဆုံးမခြင်းမျိုး နည်းပါးသည်ကို အများအားဖြင့်တွေ့မြင်နိုင်သည်။ ထိုမှတဆင့် ကျောင်းနေစဉ်အရွယ်တွင်လည်း ဆရာများ၏ သင်ကြားမှုကို ၏သည်မလွဲ ပြန်ဖြေနိုင်မှ အမှတ်ပြည့်ရသည်။ မိမိ၏တီထွင် ထိုးထွင်းဥာဏ်ဖြင့် ဘာမှမလုပ်နိုင်အောင် ကန့်သတ်ထားပေတော့သည်။


ထိတ်လန့်ဖွယ်အကောင်းဆုံးမှာ ဗုဒ္ဓဘာသာကိုခုတုံးလုပ်၍ အာဏာရှင်ယဉ်ကျေးမှုကို ဘုရားဟောသယောင်ယောင် လုပ်ထားခြင်းပင်ဖြစ်သည်။ မိဘ၊ဆရာကို ဘုရားနှင့် တဂိုဏ်းတည်းထားခြင်းမှာ ဘုရားဟောမဟုတ်ပေ။ ဘုရားရှင်ကိုယ်တော်တိုင် မိဘစကားနား ထောင်ခဲ့လျှင် ဘုရားပင်ဖြစ်ဦးမည်မဟုတ်။ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဟောကြားခဲ့သော “ကာလာမသုတ်”ကို ဗုဒ္ဓဘာသာခံယူသူတို့မကျင့်သုံးကြပဲ “ပထမအရွယ်ပညာရှာ၊ ဒုတိယအရွယ်စီးပွါးရှာ၊ တတိယအရွယ် ဘာဝနာရှာ” စသည့် ဘယ်ကလာမှန်းလည်းမသိသည့် အဆိုအမိန့်ကို အဟုတ်ကြီးထင်၍ တနိုင်ငံလုံးအတိုင်းအတာဖြင့် ယုံကြည်ကျင့်သုံးနေသည်။


အထက်ပါအဆိုအမိန့်သည် နက်နဲစွာမတွေးလျှင် သင့်တော်ကောင်းမွန်သည်ဟု ထင်နိုင်ဖွယ် ရှိပေသည်။ သို့သော်တကယ်တမ်းတွင် မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သော မမြဲခြင်း၊ သင်္ခါရတရားကို မျက်ကွယ်ပြု၍ ကောင်းမွန်မြင့်မြတ်သည့်လုပ်ဆောင်ချက်တို့ကို နောက်ဆုံး အိုမင်းမစွမ်းသည့်အချိန်မှ လုပ်ခိုင်းထားခြင်းဖြစ်နေတော့သည်။ ထို့အတွက်ကြောင့် လူငယ်များစွာတို့သည် သီလစောင့်ထိန်းခြင်း၊ တရားနာခြင်း၊ ကောင်းမှုပြုခြင်း စသည်တို့မှာ အသက်ကြီးမှလုပ်ရသည့်အလုပ်၊ လူကြီးမှလုပ်ရသည့်အလုပ်ဟု လွဲမှားစွာယုံကြည်သွားခြင်း ဖြစ်စေတော့သည်။ ဘုရားရှင်လက်ထက်တော်က ခုနှစ်နှစ်အရွယ် ကလေးများပင် သီလ၊ ဘာဝနာများလုပ်ခဲ့ကြသည့် အစဉ်အလာကောင်းများကို ရိုက်ချိုးပြစ်လိုက်ခြင်းဟုပင် ခေါ်ဆိုထိုက်ပေတော့သည်။


အလှူဒါနပြုလုပ်ရာတွင်လည်း ပစ္စည်းဥစ္စာတို့ကို တွယ်တာတပ်မက်မှုနည်းရန်၊ မိမိစွန့်လွှတ်မှု ကြောင့် လောကလူများချမ်းသာရန် စသည့် ကောင်းမြတ်သော၊ ဘုရားရှင်နှစ်သက်သော လှူဒါန်းခြင်းမျိုးထက်၊ တလှည်းစာလောက်ဝင်ရန် တဆုပ်လောက်တော့ကျဲလိုက်မည်၊ နောင်အနာဂတ်တွင် ချမ်းသာရန်အတွက်စွန့်ထားမည် စသည့်လောဘနှင့်ယှဉ်သော မိမိအတ္တ အကျိုးစီးပွါးကို ဦးတည်သော ရင်းနှီးမြှပ်နှံခြင်းမျိုးပုံစံသာဖြစ်နေတော့သည်။ ထို့ကြောင့် မိဘမဲ့ကလေးအတွက်၊ ဘိုးဘွားရိပ်သာအတွက်၊ ပညာရေးအတွက်၊ နောက်ဆုံးအများပြည်သူ အကျိုးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံသူများထောက်ပံ့ရန်အတွက် စသည်တို့ထက်စာလျှင် ဘုရားတည်၊ရဟန်းခံ၊ကျောင်းဆောက် အလုပ်မျိုးတွင် ကိုယ်ကျိုးကြည့်ပြီး ပကာသနအတွက် လှူဒါန်းမှုများပြုနေကြပေတော့သည်။


ထိုသို့သောအတွေးအခေါ်၊ ယဉ်ကျေးမှုကို ဘုရားဟောသယောင်ပြုလုပ်ထားသည်မှာ ရာစုနှစ် ပေါင်းများစွာ ကြာမြင့်လာပြီဖြစ်သည်။ ထိုအာဏာရှင်စနစ်ကို တွန်းလှန်မှုပြုနေသည်ကတော့ နှစ်ပေါင်းငါးဆယ်ပင်မပြည့်သေးပေ။ ထို့ကြောင့် အောင်မြင်မှုမရသေးသည်မှာ စိတ်ဓါတ်ကျ ဖွယ်၊ စိတ်ပျက်ဖွယ် ဟုမထင်သင့်ပေ။ ကျွန်ုပ်တို့ယခင်ကထက်ပို၍ ကြိုးစားအားထုတ်မှုပြုသင့် ကြောင်းသာဖြစ်သင့်ပေသည်။ အလျှင်းသင့်၍ ဆရာတော်ကြီးတစ်ပါးက ဤသို့မိန့်ကြားခဲ့သည် မှာ ကနောင်မင်းသားကြီးက အင်္ဂလိပ်စသောဥရောပသားတို့ တိုးတက်ကြီးပွါးခြင်းမှာ
၁။ သတ္တိရှိခြင်း
၂။ ပညာရှိခြင်း
၃။ စည်းကမ်းရှိခြင်း

၎။ ဇွဲရှိခြင်း စသည့်အချက် (၄) ချက်နှင့်ပြည့်စုံခြင်းကြောင့်ဟုယုံကြည်ယူဆခဲ့သည်။
မြန်မာတို့သည် အချက်(၄)ချက်အနက် ၁၊၂ တို့သာပြည့်စုံပြီး ၃၊၄ တို့တွင် အားနည်းသော ကြောင့် တိုးတက်ကြီးပွါးခြင်း၌ နောက်ကျနေရခြင်းဖြစ်ကြောင်း မိန့်ခဲ့ပေသည်ဟု မှတ်သားခဲ့ရ ဖူးသည်။


ထို့အပြင်လည်း မိဘကဖြစ်စေ၊ အထက်လူကြီးဆိုသူများကဖြစ်စေ ပြောဆိုပြုမူချက်များ မှားယွင်းနေသည်ကိုသိသော်လည်း၊ ပြန်လှန်ဆွေးနွေးခွင့်မရှိခြင်း၊ မရဲခြင်း၊ အများမိုးခါးရေ သောက် ဆိုသောစကားကို ရင်ဝယ်ပိုက်ထားခြင်း စသည်တို့ကြောင့်လည်း အာဏာရှင်စနစ် တည်မြဲနေသေးခြင်းဖြစ်ပေသည်။ ထို့အတူ ဤသည်တို့ကား ငါတို့အလုပ်မဟုတ် ငါတို့အရွယ် သည် ဤသည်တို့ကိုဆောင်ရွက်ရမည့်အရွယ်မဟုတ် စသည်ဖြင့် ရှောင်လွှဲနေကြခြင်းသည် လည်း အကြောင်းတခုဖြစ်ပေတော့သည်။ အရာရာကို ကိုယ်ကျိုးရှေ့တန်းတင်၍ ဒါလုပ်လိုက်ရင် ငါ့အတွက် ဘာပြန်ရမလဲဟု တွက်နေခြင်းသည်လည်း အကြောင်းတခုဖြစ် နေတော့သည်။


အထက်ပါတို့သည် ကျွန်ုပ်၏ထင်မြင်ယူဆချက်များသာဖြစ်သည်။ မိတ်ဆွေများအနေဖြင့် လွတ်လပ်စွာ ကွဲလွဲနိုင်ပါကြောင်း………….

ဆက်ဖတ်ရန်ကျန်သေးသည်...

....ကြောက်....

ထိုင်းလူမျိုးများအကြောင်းကို တစေ့တစောင်းလေ့လာကြည့်သည့်အခါ ထိုင်းလူမျိုးများသည် သရဲတစ္ဆေ အလွန်ကြောက်တတ်သည့်အပြင် သုမင်္ဂလ ဒုမင်္ဂလ အယူအဆများကို လွန်စွာ ယုံကြည်စွဲလမ်းကြသည်ကို တွေ့မြင်ရသည်။ တခါတရံတွင် ယုံကြည်မှုများသည် အစွန်း ရောက်ဖြစ်နေသည်။ ဥပမာ ရဟန်းသံဃာတော်များ လေးပါး၊ ရှစ်ပါး အစရှိသဖြင့် စုံဂဏန်းဖြစ် နေပါက အိမ်ထဲသို့ မပေးဝင်ပဲ မောင်းထုတ်တတ်သည်။ ထို့အပြင် တက္ကစီမောင်းသူမျာက လည်း ဘုန်းကြီးလေးပါးဖြစ်နေပါက အငှါးမလိုက်ပေ။ အဘယ်ကြောင့်ဆိုသော် အသုဘ အခမ်းအနားများတွင် သပိတ်သွတ်၊ ပရိတ်ရွတ်ခြင်းကို ရဟန်းသံဃာ စုံဂဏန်းဖြင့်သာ ပြုလုပ် ရသောကြောင့် ရဟန်းသံဃာ စုံဂဏန်းသည် နမိတ်မကောင်းဟု စွဲမြဲစွာ ယုံကြည်နေခြင်း ဖြစ်သည်။ သရဲတစ္ဆေ စသည်တို့နှင့်ပတ်သက်သော ပုံပြင်ဇာတ်လမ်း ရုပ်ရှင် စသည်တို့သည်လည်း ပေါများစွာရှိနေခြင်း၊ ခွင့်ပြုထားခြင်းကြောင့် မူရင်းဗုဒ္ဓဘာသာ ဆုံးမသွန် သင်မှုများပျောက်ကွယ်ပြီး ၀ိညာဉ်၊ လိပ်ပြာ စသည့် ဗုဒ္ဓဘာသာမဟုတ်သော အယူအဆများ သည် တကယ့်အမှန်တရားကဲ့သို့ တိုးတက်များပြား နေပေသည်။


ကျွန်ုပ်တို့ မြန်မာပြည်သားများမှာမူ ဤသရဲတစ္ဆေဖက်တွင် ထိုင်းလူမျိုးများလောက် အယူမသည်းကြပေ။ သို့သော် နိုင်ငံရေးဟူသည်ကို တစ္ဆေသရဲထက်ပင် ကြောက်စရာကောင်း သည်ဟု အများစုက ယုံကြည်နေကြတော့သည်။ နိုင်ငံရေးနှင့် ပတ်သက်ဆက်စပ်ရမည်ကို လွန်စွာကြောက်ရွံ့နေတတ်ကြသည်။ အဘယ်ကြောင့်နည်း.. ကျွန်ုပ်တို့ ငယ်စဉ်အခါကပင် နိုင်ငံရေးဆိုသည်မှာ ရာဇ၀တ်မှုဖြစ်၍ လုပ်မိလျှင် ဆွေစဉ်မျိုးဆက် အပြစ်ခံရသည်၊ နိုင်ငံရေးသမားဆိုသည်မှာ နယ်ချဲ့လက်ဝေခံသမားများဖြစ်၍ ကိုယ်ကျိုးအတွက် လုပ်စားနေ ကြသည်၊ နိုင်ငံရေးသမားတို့မည်သည် တဦးနှင့်တဦး စားမာန်ခုတ်၍ စည်းလုံးမှုလည်း မရှိကြ ထို့အပြင် ပြည်သူတို့ကို လက်ညှိုးထိုး ရောင်းစားနေကြသည် စသည်ဖြင့် ၀ါဒမှိုင်းတိုက် ရိုက်သွင်းခြင်းကို ခံခဲ့ရသောကြောင့်ဖြစ်ပေသည်။ ထိုသို့ အကြောက်တရားများကြီးထွားနေကြ သောကြောင့် အမှန်တရားကိုလည်း မျက်ကွယ်ပြုရဲလာသည်၊ ဘာသာတရားကိုလည်း ပြစ်ပယ်ရဲလာသည်၊ အနာခံရတာကငါတို့ ကောင်းစားမှာကသူတို့ ငါတို့ကငတုံးတွေမဟုတ်ဟု တွေးလာကြသည်၊ ကိုယ်လုပ်မှကိုယ်စားရတာ ဒါတွေလုပ်နေလို့ဘယ်သူမှထမင်းလာမကျွေး ဟူသော တိရိစ္ဆာန်ကဲ့သို့စဉ်းစားခြင်းများ ပေါ်ထွန်းလာကြပေတော့သည်။


ထိုသို့ကောင်းမြတ်ခြင်းများကို ပြုလုပ်ရန်ကြောက်ရွံ့နေကြသော်လည်း ခိုးခြင်း၊လိမ်ခြင်း စသည့် မကောင်းမှုများကိုပြုလုပ်ရန်ကား လုံးဝမကြောက်သည့်အပြင် ဘုရားဟောသကဲ့သို့ တနိုင်ငံလုံးကျင့်သုံးနေကြပေသည်။ တံခါးပေါက်စောင့်မှအစ ထိပ်ဆုံးအထိ လာဘ်စားနေကြသည် မှာ နိုင်ငံတော်အခြေခံဥပဒေကဲ့သို့ ဖြစ်နေပေတော့သည်။ ရုံးဌါန နေရာတိုင်းတွင် ပိုက်ဆံပေးမှ သာလျှင်ကိစ္စပြီးသည်။ ကျောင်းဆရာဖြစ်ရန်လည်း ပိုက်ဆံပေးရသည်၊ စစ်ဗိုလ်လုပ်ရန်လည်း ပိုက်ဆံပေးရသည်၊ စာရေးလုပ်ရန်လည်း ပိုက်ဆံပေးရသည်။ နောက်ဆုံး ဘုန်းကြီးဘွဲ့အတွက် လည်းပိုက်ဆံပေးရသည်။ ၀န်ထမ်းဆိုသည်မှာ ပြည်သူလူထု၏အစေခံဖြစ်သည် ဟူသော မူလအဓိပ္ပါယ်ပျောက်၍ ပြည်သူလူထုဆိုသည်မှာ ၀န်ထမ်းများ၏အစေခံဖြစ်သည် ဟု ပြောင်းပြန်လှန်ခြင်းကို ပြုလုပ်ခံနေရသည်။ အကြောက်တရားကိုဖြစ်စေရန် မျက်စိနားပိတ် ခြိမ်းခြောက်၍ အကြောက်တရားဖြင့် လူများကိုမပုန်ကန်နိုင်ရန် ဖိနှိပ်ထားခြင်းခံနေရတော့ သည်။


ကျွန်ုပ်၏ကိုယ်တွေ့အရ ထိုင်းနိုင်ငံသို့ရောက်နေသော တောင်ကျော်အလုပ်သမားများကို နိုင်ငံရေးနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးကြည့်ရာတွင် အများစုသည် နိုင်ငံရေးဆိုသည်ကို မပတ်သက်ချင်ကြပေ။ အကြောက်တရား၏ခြောက်လှန့်မှုကို နိုင်ငံခြား နေသော်လည်း ခံစားနေရဆဲဖြစ်နေတော့သည်။ အထက်ပါအကြောင်းအရာတို့သည် မှန်ကန်သည်၊ ယနေ့ဖြစ်ပျက်နေသည်ဟု သင်လည်းယုံကြည်နေသည်ဆိုပါစို့… ကျွန်ုပ်တို့ ဘာဆက်လုပ်သင့် သည်ဟု သင်ထင်မြင်ယူဆပါသနည်း။ ထိုသို့လုပ်ရန် မည်မျှပြင်ဆင်ထားပါသနည်း။ မည်မျှပြုလုပ်ပြီးပါသနည်း။ မည်သည့် အချိန်အထိ ဆက်လုပ်သွားပါမည်နည်……


ဟုတ်ကဲ့.. ဘာရယ်ညာရယ်မဟုတ်ပါဘူး စဉ်းစားမိတာလေး ချရေးကြည့်တာပါ။ ကိုယ်မေးတဲ့မေးခွန်း ကိုယ့်ဟာကိုယ်ဖြေဖို့ ခေါင်းစားနေရတုန်းပဲဗျ။ စာဖတ်သူများလည်း မောင်ကျည်ပွေ့လို အချိန်ရရင် နဲနဲလောက်ဖြစ်ဖြစ် စားးးးးး ကြည့်ပါခင်ဗျား………း-)





ဆက်ဖတ်ရန်ကျန်သေးသည်...

အရေးပေါ်အခြေအနေ (၃)

အပိုင်း(၂) နဲ့ အပိုင်း(၃) ကြားထဲမှာ အဆက်ပြတ်သွားတာ တော်တော်ကြာသွားပါတယ်။ စိတ်ထဲမှာ မကျေမလည်ဖြစ်နေတာတွေကို ချရေးလိုက်ချင်ပေမဲ့ ဘာကြောင့်မှန်းမသိ ရေးရတာ အဆင်မပြေ၊ ကိုယ့်စာကိုယ်ပြန်ဖတ်ပြီး ဘ၀င်မကျဖြစ်နေတာနဲ့ပဲ ရေးလိုက် ပြန်ဖျက်လိုက်ဖြစ်နေပါတော့တယ်။ အခုဆိုရင် ရွှေဝါရောင်တော်လှန်ရေး တစ်နှစ်ပြည့်ပါတော့ မယ်။ စ စဖြစ်ခြင်း မောင်ကျည်ပွေ့အပါအ၀င် မြန်မာပြည်သားတော်တော်များများတို့ဟာ တောက်တခေါက်ခေါက်နဲ့ မတရားမှုကို တိုက်ဖျက်ချင်တဲ့စိတ်တွေ အုံကြွလာပြီး စစ်ခွေးတွေကို ပြန်လည်တိုက်ခိုက်တွန်းလှန်လိုစိတ် တဖွါးဖွါးပေါ်ခဲ့ကြပါတယ်။


အင်တာနက်သတင်းမီဒီယာတွေ၊ ဘလော့စာမျက်နှာတွေကြောင့် မြန်မာပြည်သားတွေဟာ အရင်ခေတ်ကထက် အသိအကြားတွေပိုတိုးတက်လာပြီး ခံစားချက်တွေကိုလည်း ဖွင့်ထုတ်တာတွေ ၊ပေါက်ကွဲတာတွေ၊ အမြင်ဖလှယ်တာတွေ တိုးတက်များပြားလာပါတယ်။ အထူးသဖြင့် ဘလော်ဂါတွေ တိုးတက်များပြားလာခဲ့ပါတယ်။ အဲဒီထဲမှာ မောင်ကျည်ပွေ့လည်း အပါအ၀င်ပါပဲ။ အဲဒီအချိန်က စိတ်အားတက်ကြွဖွယ် ကြုံးဝါးသံတွေဟာ အင်တာနက်ပေါ်မှာ ထောင်းလမောင်းထနေခဲ့ပါတယ်။ အထူးသဖြင့် နိုင်ငံရေးကို စိတ်မ၀င်စားခဲ့တဲ့ ပြည်ပရောက် ပညာသင်တွေ၊ အလုပ်သမားတွေ တညီတညွတ်ထဲ စစ်တပ်ကိုမုန်းတီးဆန့်ကျင်လိုမှုတွေ များပြားလာခဲ့ပါတယ်။ အဲဒါတွေမြင်တွေ့လိုက်ရတော့ မောင်ကျည်ပွေ့လည်း တော်တော်လေး စိတ်အားတက်ကြွခဲ့ပါတယ်။


သို့သော်လည်း သို့သော်လည်းပေါ့လေ…. နောက်ပိုင်းမှာတော့ ရွှေမြန်မာတို့ထုံးစံအတိုင်း ကောက်ရိုးမီးတွေလည်းငြိမ်း၊ စုစည်းနိုင်မှုတွေလဲကွဲပြဲဖြစ်ခဲ့ရတယ်လို့ မောင်ကျည်ပွေ့ထင် ပါတယ်။ အဲဒီအပြင်ကို စစ်ခွေးတွေကလည်း တိုက်ရိုက်တမျိုး၊ သွယ်ဝိုက်တဖုံနဲ့ ၀ါဒဖြန့်လှုံ့ ဆော်လာပါတယ်။ အထူးသဖြင့် သူတို့အသိုင်းအ၀ိုင်းကလူတွေကို ဘလော်ဂါတွေကြားထဲ ၀င်ဆန့်အောင်လုပ်စေပြီးမှ နိုင်ငံရေးကို စိတ်ပျက်အောင် တွေဝေအောင် ပူးသတ်နည်းပေါင်း စုံသုံးပြီး လှုပ်ရှားစေခဲ့ပါတော့တယ်။


အခုချိန်မှာတော့ နိုင်ငံရေးကို စိတ်ဝင်စားသူတွေ တဖြေးဖြေးလျော့နည်းလာပြီလို့ မောင်ကျည်ပွေ့ထင်ပါတယ်။ ဘလော့တော်တော်များများကို အကဲခတ်ကြည့်လိုက်ရင် နိုင်ငံရေးအကြောင်းရေးတဲ့သူထက် ကဗျာလိုလို၊ စာလိုလို ဒါမှမဟုတ် မာကြောင်းသာကြောင်း နိုင်ငံခြားမှာ အနေချောင်အစားချောင်ကြောင်း အစရှိတဲ့ ဘလော့တွေသာ များနေတာကိုတွေ့ ရပါတယ်။ နိုင်ငံရေးအကြောင်းရေးသူတွေကတော့ အကြောင်းအမျိုးမျိုးကြောင့် တနေ့တခြား လျော့နည်းသွားတယ်လို့ထင်ပါတယ်။


ကဗျာတွေ၊စာတွေရေးနေကြတာကို အပြစ်တင်တဲ့သဘောမျိုးပြောနေတာတော့မဟုတ်ပါဘူး။ သို့သော်လည်း မြန်မာပြည်ကြီးဟာ သမိုင်းတလျောက်မှာ အဖက်ဖက်က အဆိုးဝါးဆုံးအချိန် ဖြစ်နေပြီဆိုတာရယ်၊ ဒီလိုဖြစ်နေတာကို ပြုပြင်ပြောင်းလဲပစ်ဖို့ အားလုံးမှာတာဝန်ရှိတယ်ဆိုတာ ကို မေ့နေကြမှာစိုးလို့ပြောရခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ ကဗျာလေးစာလေး နဲနဲပါးပါးရေးပြီး နိုင်ငံရေးဆိုတာကို မစင်လိုသဘောထားတဲ့ အရေးသားမျိုးတွေ့လာရတာကတော့ တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ်။ အခုဘလော့လောကမှာ နဲနဲဟော့နေတဲ့ MBS ဆိုတာ ကို နဲနဲပြောချင်ပါတယ်။ ကြားရသလောက်ကတော့ နိုင်ငံရေးနဲ့မပတ်သက်ရ လို့ စည်းကမ်းထုတ်ထားတယ်ကြားရပါတယ်။ တကယ်လို့ အဲဒီအချက်သာ အမှန်တကယ်ဆိုရင် တော်တော်စိတ်ဓါတ်အောက်တန်းကျသူတွေလို့ မောင်ကျည်ပွေ့ကမှတ်ယူပါမယ်။


တကယ်တော့ ဘလော်ဂါအများစုဟာ ပြည်ပမှာ အကြောင်းအမျိုးမျိုးနဲ့ရောက်နေကြတာဖြစ် ပါတယ်။ ပြည်ပမှာရှိနေချိန်၊ လွတ်လပ်မှုတွေရနေချိန်မှာတောင် နိုင်ငံအတွက် မစဉ်းစားချင်ဘူး မလုပ်ချင်ကြဘူးဆိုရင် လူမျိုးနာပါတယ်။ စကားအသုံးအနှုံးရင့်ကောင်းရင့်နေပါမယ်။ တကယ်က ဒီထက်ကိုပိုပြောချင်ပါသေးတယ်။ ဒီနေ့ခေတ်အခြေအနေမှာ ပြတ်ပြတ်သားသား စဉ်းစား၊ ပြတ်ပြတ်သားသားလုပ်ဆောင်ရမယ့် အချိန်အခါဖြစ်ပါတယ်။ ပြတ်ပြတ်သားသား မလုပ်နိုင်ရင် ပူးသတ်တာခံသွားရပြီး အင်အားတွေဖရိုဖရဲထပ်ဖြစ်ပါဦးမယ်။


နအဖစစ်ခွေးတွေဟာ တခြားနေရာတွေမှာသာ မတော်မကောင်းရင်ရှိမယ်၊ ကောက်ကျစ်တဲ့ နေရာမှာတော့ ပြိုင်စံရှားပါပဲ။ ဘလော့လောကမှာလဲ သူ့လူတွေနဲ့ပူးသတ်၊ နောက်ဆုံး မိန်းကလေးတွေမွေးပြီး သတင်းနှိုက်၊ နည်းမျိုးစုံနဲ့ ယုတ်မာခဲ့ပါတယ်။ နိုင်ငံရေးလောကမှာ လည်း သူ့လူတွေလွှတ်ပြီး နိုင်ငံရေးလုပ်နေသူတွေထဲဝင်ရောက်၊ ပြီးရင် နာမည်ပျက်အောင် လုပ်နဲ့ ခြေရှုပ်ပြီး ပြည်သူတွေအမြင်မှားအောင် လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့် သတိရှိရှိ၊ အသိရှိရှိနဲ့ ရုန်းကန်တိုက်ခိုက်ကြဖို့နှိုးဆော်လိုက်ပါတယ်။ တကယ်တော့ မောင်ကျည်ပွေ့ အများကြီးရေးချင်ပါသေးတယ်။ သို့သော်လည်း ပြောချင်တာတွေများပြီး အစီစဉ်မကျဖြစ်နေပါ တယ်။ မောင်ကျည်ပွေ့ပြောချင်တာနဲ့ ကိုက်ညီတဲ့ ၊ စာအရေးအသားလဲကောင်းတဲ့ ဘလော့တခုကို ညွှန်းလိုက်ပါမယ်။ မိတ်ဆွေများ မရောက်သေးရင် သွားဖတ်ကြည့်ပါ။ ယနေ့ခေတ်အခြေအနေနဲ့ကိုက်ညီတဲ့ အရေးအသားပါ။ လိပ်စာကတော့ http//www.sooner-is-better.blogspot.com ပဲဖြစ်ပါတယ်။ ဖတ်ဖြစ်အောင်ဖတ်ဖို့တိုက်တွန်းလိုက်ကြောင်းပါခင်ဗျား…

ဆက်ဖတ်ရန်ကျန်သေးသည်...

အရေးပေါ်အခြေအနေ (၂)

ဆက်ပါဦးမယ်.. ဒီခေတ်မှာ မြန်မာလူမျိုးတွေဟာ နိုင်ငံခြားကို ထွက်နိုင်အောင်နည်းမျိုးစုံနဲ့ ကြိုးစားနေကြပါတယ်။ အလွှာပေါင်းစုံက မြန်မာလူမျိုးတွေဟာ ဇာတိမြေမှာ မနေနိုင်လောက် အောင်ကို ဖြစ်နေကြပါပြီ။ ဒီအဖြစ်အပျက်တွေဟာ ဒီနှစ်ပေါင်း ၂၀ အတွင်းမှာ ဖြစ်ပေါ်ခဲ့ပါ တယ်။ နိုင်ငံအတွင်းမှာ မနေနိုင်ကြတော့တာ ဘာကြောင့်ပါလဲ..။ ရှင်းရှင်းလေးဖြေရရင် လူစဉ် မမီကြတော့လို့ပါ။ ပညာရေးဖက်ကကြည့်မလား၊ ကျန်းမာရေးဖက်ကကြည့်မလား၊ စိတ်ဓါတ် ရေးရာအရကြည့်မလား တိုးတက်လာတယ်ဆိုတာ ဘာမှမရှိပါဘူး။ ဆုတ်ယုတ်နိမ့်ကျခြင်းများ ပဲရှိပါတယ်။

အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လာရင် အထဲကလူတွေကတော့ စားဝတ်နေရေးက လွဲပြီး ကျန်တာတွေ ဘာမှဂရုမစိုက်နိုင်တော့ပါဘူး။ ကိုယ်ကျင့်သိက္ခာ၊ ပရဟိတ စတဲ့ မြင့်မြတ် ကောင်းမွန်တဲ့ လူတွေမှာသာ ကျင့်သုံးနိုင်တဲ့ တရားတွေဟာ တစစအားနည်း ပျောက်ကွယ် ကုန်ပါပြီ။ ၀န်ထမ်းလောကမျာဆိုရင် ရာထူးကြီးလေ များများခိုးလေဖြစ်နေတဲ့အပြင် မခိုးပဲ ရိုးရိုးလေးနေတဲ့သူဆိုရင် နွားကြီး၊ငတုံးကြီးလို့ ထင်နေကြပါတယ်။ အဲဒီတော့ တနိုင်ငံလုံးမှာ “ဗိုက်ဝဖို့အတွက် ဘာပဲလုပ်လုပ် တရားတယ်” လို့ ယုံကြည်ယူဆလာတာတွေဟာ ကင်ဆာရောဂါလို ပျံ့နှံ့နေပြီဖြစ်ပါတယ်။

အပြင်ရောက်လာတဲ့ လူတွေရော…။ မခိုးကြတာကလွဲရင် ကျန်တာတွေ သိပ်ထူးမခြားနားပါပဲ လို့ ဆိုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိခံစားနေရတဲ့ စည်းစိမ်ဥစ္စာတွေ၊ လူနေမှု အဆင့်အတန်းတွေကို သာယာနေကြပြီး နိုင်ငံအတွက်၊လူမျိုးအတွက်ဆိုတာကို မေ့နေကြလို့ ပါပဲ။ တခြားနိုင်ငံသားတစ်ယောက်အနေနဲ့ အဲဒီလိုဖြစ်နေတာ ဘာမှမထူးခြားနေပေမယ့် မြန်မာနိုင်ငံသားတွေ ဒီလိုဖြစ်နေကြတာကတော့ မသင့်လျှော်ဘူးလို့ ထင်ပါတယ်။ မြန်မာနိုင်ငံ ရဲ့အခြေအနေက သူများနိုင်ငံတွေလို တည်ငြိမ်အေးချမ်းမှုမရှိတာကြောင့်ပါပဲ။

တချို့ကလဲ တခါတလေ စိတ်ပါရင် လူမှုရေးလေး၊ ဘာသာရေးလေး ဥပမာ- နာဂစ်အလှူလိုမျိုး တွေ လုပ်ပြီး တာဝန်ကျေပြီလို့ထင်နေတတ်ပါတယ်။ တကယ်က ကျွန်တော်တို့တွေ အဲဒီထက် ပိုပြီး စဉ်ဆက်မပြတ် စည်းလုံးညီညွတ်နိုင်ပါမှ တန်ကာကျမှာပါ။ အဲဒီအပြင် ကိုယ်တိုင်အနစ်နာ မခံချင်တာကို ဟန်ဆောင်ပြီး ဟိုလူဒီလူမကောင်းလို့၊ ဟိုလူဒီလူဦးဆောင်တာတွေ အသုံးမကျ လို့ စသည်ဖြင့် အကြောင်းအမျိုးမျိုးပြ ရှောင်လွှဲပြီး နေသာသလို နေနေကြတာတွေလည်း အများကြီးပါပဲ။

အမြင်မတူမှုတွေ၊ အကြိုက်မတူတာတွေကတော့ အမြဲတမ်းရှိနေကြမှာပါ။ သို့သော်လည်း ကျွန်တော်တို့တွေ ကိုယ့်လမ်းစဉ်ကိုယ်ဆွဲပြီး စွဲစွဲမြဲမြဲ လုပ်ကိုင်သွားကြဖို့ တော်တော်လိုနေပါပြီ။ စစ်ခွေးတွေတော်လို့ ကျွန်တော်တို့ရှူံးနေတာမဟုတ်ပါဘူး၊ ကျွန်တော်တို့ကိုက ညံ့နေသေးလို့ပဲ လို့ ကျွန်တော်ထင်ပါတယ်။ မြန်မာပြည်ကြီးဟာ နွံနစ်နေတာကြာနေပါပြီ၊ ဘာမှမလုပ်ရင် ဘာမှဖြစ်မှာမဟုတ်ပါဘူး။ အထူးသဖြင့် လူလတ်တန်းစားတွေအနေနဲ့ တူရာတူရာတွေစုစည်း ပြီး လမ်းကြောင်းရွေးချယ်၊ စွဲမြဲစွာလုပ်ကိုင်သင့်ကြပါပြီ။

ကြီးကြီးမားမား မစုစည်းနိုင်ရင်လည်း ဘာမှမဖြစ်ပါဘူး။ လေးငါးဆယ်ယောက်လောက်နဲ့လည်း တကယ်တမ်း စွဲမြဲလုပ်မယ်ဆိုရင် အောင်မြင်မှာပါပဲ။ မောင်ကျည်ပွေ့ကတော့ အသေးစိတ် မရေးတော့ပါဘူး။ အထူးပြောချင်တာက ယနေ့မြန်မာပြည်ဟာ ခေတ်အဆက်ဆက်မှာ ဘယ်ခေတ်နဲ့မှ မယှဉ်သာအောင် နိမ့်ကျနေပါပြီ၊ ဒါကြောင့် တိုင်းပြည်ချစ်တဲ့လူတိုင်း တိုင်းပြည်တိုးတက်ဖို့အတွက် ဦးတည်ချက်ခိုင်ခိုင်မာမာနဲ့ စွဲစွဲမြဲမြဲ ပြတ်ပြတ်သားသားလုပ်ကြဖို့ လိုနေပါတယ်…… ဆက်ရန်

ဆက်ဖတ်ရန်ကျန်သေးသည်...

အရေးပေါ်အခြေအနေ(၁)

“၂၀၀၈ မှာ စစ်အာဏာရှင်တွေ ပြုတ်ကျရမယ်” လို့ မောင်ကျည်ပွေ့အပါအ၀င် လူပေါင်းများ စွာတို့ ကြွေးကြော်ခဲ့ကြပါတယ်။ အခုဆိုရင် ၂၀၀၈ ကုန်ဖို့ ၄လပဲကျန်ပါတော့တယ်။ စစ်အာဏာရှင်တွေကတော့ ပြုတ်ကျဖို့နေနေသာသာ နာဂစ်မှာ အချီကြီးပွကုန်ကြပါပြီ။ အင်း.. ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ မောင်ကျည်ပွေ့အမြင်ကတော့ ဒီစစ်ခွေးတွေကိုဖြုတ်ချ နိုင်ဖို့ အဓိကဦးဆောင်လှုပ်ရှားသင့်တဲ့သူတွေဟာ ပညာတတ်လူလတ်တန်းစားတွေပဲ လို့ မြင် ပါတယ်။ အခြေခံလူတန်းစားတွေဟာ အများအားဖြင့် စားဝတ်နေရေးကလွဲလို့ ဘာမှမစဉ်းစား နိုင်တော့ဘူး၊ ထို့အတူပဲ ချမ်းသာတဲ့လူတန်းစားကလဲ စည်းစိမ်ဥစ္စာတွေ ဆုံးရှူံးမှာကြောက်လို့ ဘာမှမစွန့်စားချင်ဘူး။ ဒါကတော့ ယေဘူယျအမှန်တရားပဲလို့ မောင်ကျည်ပွေ့အနေနဲ့ ယုံကြည်ပါတယ်။

ကမ္ဘာမှာထင်ရှားတဲ့လှုပ်ရှားမှုတွေ အများစုကို ပညာတတ်လူလတ်တန်းစားတွေ ဦးဆောင်ခဲ့ပါ တယ်။ မြန်မာမှာဆိုရင်လည်း ဗိုလ်ချုပ်အောင်ဆန်းကအစ အခြားထင်ရှားတဲ့ခေါင်းဆောင် အများစုတွေဟာလည်း ပညာတတ်လူလတ်တန်းစားတွေပဲဖြစ်ပါတယ်။ ဒီလိုပဲ အခြားနိုင်ငံတွေ မှာလည်း ခေါင်းဆောင်တွေနဲ့တကွ အခြားဦးဆောင်သူတွေဟာ ပညာတတ်လူလတ်တန်းစား တွေပဲလို့…. မောင်ကျည်ပွေ့ထင်ပါတယ်။ အခုလက်ရှိခေတ် ပညာတတ်လူလတ်တန်းစားတွေ ရဲ့အခြေအနေကို မောင်ကျည်ပွေ့မြင်သလို တင်ပြသွားပါမယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း ပညာတတ်လူတန်းစားတွေရဲ့အခြေအနေဟာ တိုးတက်မှုအပိုင်းမှာပဲ တည်ရှိနေခဲ့ပါတယ်။ တကယ်လို့သာ မြန်မာပြည်မှာ အာဏာသိမ်းမှု မပေါ်ပေါက်ခဲ့ရင် အနည်းဆုံး အာရှထိပ်တန်းနိုင်ငံအဖြစ် မြန်မာနိုင်ငံဟာ ရပ်တည်နိုင်မယ်လို့ ယုံကြည်ပါတယ်။ သို့သော်လည်း အာဏာသိမ်းမှုပေါ်ပေါက်ခဲ့ပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အရှိန်ကုန်သွားတဲ့ မိုးပျံပူပေါင်းလို တအိအိနဲ့ နိမ့်ဆင်းလာတာ အခုမျက်မှောက်ခေတ်မှာတော့ အဆိုးဝါးဆုံး အထွေထွေနိမ့်ကျမှုတွေနဲ့ ကြုံနေရပါပြီ။ အထူး သဖြင့် လူတွေရဲ့စိတ်ဓါတ်တွေ ဆိုးဆိုးဝါးဝါး နိမ့်ကျသွားတာ ထင်ထင်ရှားရှားဖြစ်နေပါပြီ။ အကျင့်ပျက်ခြစားမှုတွေဟာ ဘာမှမထူးဆန်းတော့သလို ယဉ်ကျေးမှုတရပ်လိုဖြစ်နေပါပြီ။

အရေးကြီးဆုံးအချက်ကတော့ အတွေးအခေါ်တွေကို ဘောင်ခတ်ခြင်းခံထားရတယ်လို့ ပြောချင်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ပတ်သက်လာရင် ဒုစရိုက်မှုလိုလို မသမာမှုလိုလို ထင်မြင်လာအောင် ရိုက်သွင်းခြင်းကိုခံနေရတဲ့အပြင် စစ်တပ်ဟာ တိုင်းပြည်ရဲ့ကျေးဇူးရှင် ကယ်တင်ရှင်အဖြစ် ပုံဖေါ်လုပ်ဆောင်ခဲ့/ဆဲ ဖြစ်ပါတယ်။ စစ်တပ်ဟာ တိုင်းပြည်ရဲ့အထူးလူ တန်းစား၊ တိုင်းပြည်ရဲ့အရှင်သခင်လို့ လူငယ်တွေစိတ်ထဲမှာ စွဲနေအောင်လည်း ရိုက်သွင်းခဲ့ပါ တယ်။

မျိုးဆက်တွေကိုပြန်ဆန်းစစ်ကြည့်လိုက်ရင် လက်ရှိအသက် ၂၅ နှစ်အောက်လူငယ်အများစု ဟာ အများအကျိုးသယ်ပိုးမယ့်စိတ်ဓါတ်တွေ တော်တော်နည်းပါးသွားပါပြီ။ ပိုပြီးထိတ်လန့်စရာ ကောင်းတာကတော့ အခွင့်အရေးရဖို့အတွက် ဘာပဲလုပ်ရလုပ်ရဆိုတဲ့စိတ်ဓါတ်တွေ ဖြစ်ပေါ်နေကြတာပါပဲ။ အခုစစ်တပ်ထဲမှာဆိုရင် ဗိုလ်မှူးအဆင့်အထက်လူတွေကတော့ တိုင်း ပြည်ချစ်စိတ်နဲ့ တပ်ထဲဝင်လာတဲ့လူအများစုလို့ ပြောနိုင်ပါသေးတယ်။ သို့သော် အသက် ၃၀ အောက် စစ်ဗိုလ်ကစပြီး ကျန်တာတွေကတော့ တိုင်းပြည်ချစ်လို့ စစ်ထဲဝင်လာတာလို့ပြောရင် အင်မတန်ရယ်စရာကောင်းတဲ့ ဟာသဖြစ်နေတော့မှာပါ။ ၈၈ နောက်ပိုင်းမှာ ပြည်သူတွေ တော်တော်များများက စစ်တပ်ကို မုန်းတီးစက်ဆုပ်ခြင်းတွေဖြစ်ပေါ်လာခဲ့တာ အခုထိတိုင် အောင်ပါပဲ။

အဲဒီကြားထဲမှာမှ စစ်တပ်ထဲဝင်လာတဲ့သူတွေဆိုတာ ရိုးရိုးတပ်သားအဆင့်တွေဆိုရင် ဒုစရိုက်မှုတွေလုပ်ပြီး ပြေးလာတဲ့သူတွေ၊ အတင်းအဓမ္မဆွဲသွင်းခံရသူတွေ၊ မိမနိုင်ဖမနိုင်အိမ် ပြေးလေးတွေအများစုဖြစ်ပါတယ်။ စစ်ဗိုလ်အဆင့်ဆိုရင်လည်း အခွင့်အရေးလိုချင်လို့ဝင်လာ တဲ့ကောင်တွေနဲ့ အလယ်အလတ်တန်း အရာရှိတွေရဲ့ဆွေမျိုးတွေပဲရှိပါတော့တယ်။ နှစ်မျိုးလုံး ဟာ အခွင့်သမားတွေချည်းပါပဲ။ ကဲနောက်ထပ် နှစ်၂၀ ဆိုရင် အဲဒီလိုအခွင့်အရေးသမား တွေရဲ့လက်ထဲမှာ တိုင်းပြည်ကြီးဟာ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ စဉ်းစားသာကြည့်ကြပါ တော့…။ ဆက်ရန်..................


ဆက်ဖတ်ရန်ကျန်သေးသည်...

၈၈၈၈ သစ္စာ

ဒီနေ့ဟာ ၈၈၈၈ နှစ်(၂၀) ပြည့်တဲ့နေ့ ၊ ကျဆုံးသွားခဲ့ရတဲ့ သူရဲကောင်းများစွာကို အလေးပြုဦးညွတ်ပါသည်။ ညှင်းပန်းနှိပ်စက်ခံနေရင်း ပေးဆပ်နေဆဲ အာဇာနည်သူရဲကောင်းများကိုလည်းဦးညွတ်ပါသည်။ ဒီနှစ်(၂၀) အတွင်းမှာ အမိနိုင်ငံတော်ကြီးကို ကောင်းမွန်တိုးတက်အောင်မလုပ်နိုင်ခဲ့တဲ့အတွက် ပေးဆပ်သွားခဲ့/ဆဲ အာဇာနည်သူရဲကောင်းများကို တောင်းပန်အပ်ပါသည်။ ထို့ထက်ပို၍ အမိမြန်မာနိုင်ငံတော်တွင်မွန်မြတ်လှသော နိုင်ငံရေးဆိုသည့်စကားလုံးကို ကြောက်မက်ဖွယ်ရာစကားလုံးအဖြစ် မှတ်ယူနေကြသော အလွှာပေါင်းစုံမှ လူတန်းစားများအတွက် အာဇာနည်သူရဲကောင်းများကို မျက်နှာပူမိပါသည်။ အနှစ်(၂၀)အတွင်း နိုင်ငံရေးကို အကြောင်းပြု၍ လုပ်စားနေကြသော မြန်မာနိုင်ငံသားများအတွက် အာဇာနည်သူရဲကောင်းများကို ရှက်ရွံ့မိပါ သည်။ ထို့ထက်ပို၍ ပြည်သူကိုကျေးဇူးသစ္စာစောင့်သိပါမည်ဟု နေ့စဉ်ပါးစပ်ကရွတ်ဆိုပြီး ပြည်သူကို သစ္စာဖေါက်၍ သေခါနီး သက်ကြားအို ပြည်ဖျက်ကိုသာ အမှုတော်ထမ်းရွက်နေသော တပ်မတော်သားအမည်ခံ ငို့ဘသမားများအတွက် အာဇာနည်သူရဲကောင်းအပေါင်းကို ရှက်ရွံ့၊အားနာ၊မျက်နှာပူ ........မိပါသည်။
စစ်ကျွန်ဘ၀သာမက ကမ္ဘာ့ကျွန်အဖြစ်သို့ကျရောက်နေသော မြန်မာနိုင်ငံတော်အတွက် ရင်နင့်အောင်ခံစားရပါ သည်။ ထို့ထက်ပို၍ ကမ္ဘာ့ကျွန်ဖြစ်နေရခြင်းမှ လွတ်မြောက်အောင်ကြိုးစားချင်စိတ်ကင်းမဲ့နေသော (အထူးသဖြင့် ပညာတတ်လူလတ်တန်းစား) ထမင်းဝရင်တော်ပါပြီဟု ခံယူနေသော မြန်မာနိုင်ငံသားများ တိုးပွါး များပြားလာခြင်းအတွက် ရင်နာမိပါသည်။ တနေ့တခြား ပျက်စီးနိမ့်ကျနေသော အမိမြန်မာနိုင်ငံတော်ကြီး၏ အဖြစ်ကို ငေးမောရင်း ရင်နင့်၊ရင်နာ၊အခဲမကျေ............ဖြစ်မိပါသည်။
အို....အာဇာနည်သူရဲကောင်းအပေါင်းတို့ ကျွန်ုပ်တို့နှင့်တကွ ကမ္ဘာသူကမ္ဘာသားအပေါင်းကပါ လေးစားရ လောက်အောင် သင်တို့သည် စွန့်လွှတ်စွန့်စားခဲ့/ဆဲ ဖြစ်ပါသည်။ သင်တို့သည် လူသားတာဝန်သာမက နိုင်ငံသားတာဝန် တို့ကိုပါကျေပွန်ခဲ့/ဆဲ ဖြစ်ပါသည်။ သင်တို့သည် ကြီးမြတ်လှ၊မြင့်မြတ်လှသော သမိုင်းမော်ကွန်းကို ရေးထိုးခဲ့/ဆဲ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည်ကား သင်တို့နှင့်ဆန့်ကျင်စွာ ထမင်းတလုတ် အတွက် နိုင်ငံတော်နှင့် ပြည်သူကို သစ္စာဖေါက်နေကြပါသည်။ ကျွန်ုပ်တို့သည်ကား သင်တို့နှင့်ဆန့်ကျင်စွာ လူမျိုးထက် ဆွေမျိုးကိုသာချစ်၍ မပြောပလောက်သောအခွင့်အရေးအတွက် သစ္စာတရားကိုမျက်ကွယ်ပြုနေကြ ပါသည်။ ကျွန်ုပ်တို့သည်ကား သင်တို့နှင့်ဆန့်ကျင်စွာ သမိုင်းကြောင်းကို ကိုယ်ကျင့်တရားကင်မဲ့လျက် အရှက်မရှိသောသူများအဖြစ်ရေးထိုးနေခဲ့/ဆဲ ဖြစ်နေကြပါသည်။ ဤအကြောင်းအရာတို့သည် အမှန်တရားများ၊ သစ္စာတရားများဖြစ်ပါသည်။ နှစ်(၂၀) အတွင်းပေါ်ပေါက်ခဲ့ပါသည်။ ဤမှန်ကန်သော သစ္စာစကားကြောင့်....... ........................................................................................................................................

ဆက်ဖတ်ရန်ကျန်သေးသည်...

ဖုံးကွယ်ထားတဲ့သံဃသမိုင်းအပိုင်းအစ

ပြီးခဲ့တဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဟာ ကမ္ဘာအနှံ့ ထင်ရှားသွားပြီး စစ်အာဏာရူးတွေကို တုန်လှုပ် ခြောက်ခြားစေခဲ့ပါတယ်။ ခေတ်သစ် သတင်းမီဒီယာရဲ့ ဖေါ်ထုတ်နိုင်မှုကြောင့် စစ်တပ်ရဲ့ အယုတ်တမာလုပ်ရပ်တွေ ဟာ ဘယ်လောက်ကမ်းကုန်နေကြောင်း မြန်မာတနိုင်ငံလုံးသာမက ကမ္ဘာကပါသိရှိခဲ့ပါတယ်။ သံဃာတော်တွေရဲ့ သပိတ်မှောက်ကံဆောင်မှုတွေ မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့တာ နှစ်ကြိမ်ရှိခဲ့ပြီးဖြစ်ပါတယ်။ ပထမတကြိမ်က ၁၉၉၀ ခုနှစ် ကဖြစ်ပြီး နောက်တကြိမ်က အများသိကြတဲ့ ၂၀၀၇ မှာဖြစ်ပါတယ်။ သို့သော် ၁၉၉၀ ကဖြစ်ပွါးခဲ့တဲ့ သပိတ် မှောက်ကံဆောင်မှုကို အများပြည်သူများအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် မသိခဲ့နိုင်ကြပါဘူး။ သတင်းအမှောင်ချမှုတွေ ၊ လိမ်ညာလှည့်ဖျားမှုတွေကြောင့်နဲ့ မတိုးတက်သေးတဲ့ သတင်းပို့ဆောင်မှုတွေကြောင့် အများပြည်သူ သိခွင့်မရလိုက် တဲ့ အကြောင်းအရာတွေကို မောင်ကျည်ပွေ့က တတ်နိုင်တဲ့ တဒေါင့်တနေရာက ၀င်ဖြည့်ပေးတဲ့အနေနဲ့ ရေးသား လိုက်ပါပြီ။ သိမှီသူများကလည်း သမိုင်းမှတ်တမ်းများကို မပျောက်ပျက်အောင် ၀ိုင်းဝန်းဖေါ်ထုတ်ပေးကြပါလို့ တိုက်တွန်းလိုပါတယ်။ မောင်ကျည်ပွေ့ကိုယ်တိုင် အခုမှပဲသိရကြားရလို့ ရေးတတ်သလို ရေးရခြင်းဖြစ်ပါတယ်။

၁၉၉၀ ခုနှစ်မှာ သံဃာတော်တွေဟာ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့ သွေးစွန်းလက်တွေနဲ့ လှူဒါန်းမှု တွေကို လက်မခံနိုင်ဘူး၊ လူသတ်သမားတွေကို သပိတ်မှောက်ကြမယ်လို့ တညီတညွတ်တည်း ဆုံးဖြတ်ပြီး ရွှေတိဂုံကုန်းတော်မှာ ကံဆောင် သပိတ်မှောက်ဖို့ချီတက်လာကြပါတယ်။ ဆရာတော်သံဃာတော်ကြီးတွေ ကိုယ်တော်တိုင်ဦးဆောင်ပြီး ကျန်းမာရေး အခြေအနေကြောင့် မလိုက်ပါနိုင်တဲ့ ဆရာတော်ကြီးတချို့ကလဲ သဘောတူထောက်ခံကြောင်း လက်မှတ်ထိုးပေး လိုက်ပါတယ်။ အဲဒီသံဃာတော်တွေချီတက်လာစဉ်မှာပဲ စစ်ခွေးတွေက ဖမ်းဆီးပြီး ထောင်ထဲသွင်းလို့ နှိပ်စက်ပါတော့တယ်။ သံဃာတော်တွေကို ဖမ်းဆီးစော်ကားပြီးတိုင်း စစ်ခွေးနဲ့ခွေးနောက်လိုက်တွေက ရဟန်းတု လို့ ပြောတတ်တော့ တုသလားစစ်သလားဆိုတာ ထင်ရှားအောင် ထောင်သွင်းအကျဉ်းချခံခဲ့ရတဲ့ ဆရာတော်ကြီးတွေ အကြောင်း အနည်းငယ်ဖေါ်ပြလိုက်ပါမယ်။ မဝေးလှသေးတဲ့သမိုင်းကြောင်းဖြစ်နေတဲ့အတွက်လဲ တတ်နိုင်သူများ ပြန်လည်စုံစမ်းပြီး သမိုင်းမှတ်တမ်းပြုစုကြဖို့ ထပ်မံ တိုက်တွန်းလိုက်ပါတယ်။

ပျံလွန်တော်မူသွားပြီဖြစ်တဲ့ မဂ္ဂင်ဆရာတော်ကြီးဟာဆိုရင် ပိဋကတ်တွေနှံ့စပ်တဲ့ဆရာတော်ပါ။ ဘာသန္တရ အမျိုးမျိုးကိုလည်းတတ်ကျွမ်းပါတယ်။ နိုင်ငံတကာဗုဒ္ဓစာပေတွေကို ရေးသားပြုစုခဲ့ပြီး၊ ပညာဒါနတွေပေးဝေခဲ့ပါတယ် ၊ သာသနာတော်အတွက် ဘုရားရှင်ရဲ့မျက်နှာကိုသာကြည့်ပြီး မှန်မှန်ကန်ကန်ရပ်တည်ပြခဲ့လို့ စစ်ခွေးတွေက ထောင်သွင်းအကျဉ်းချတာခံခဲ့ရပါတယ်။ သက်တော်ကြီးရင့်နေတဲ့ ဆရာတော်ဟာ အင်းစိန်ထောင်မှာ ၂နှစ်ခွဲကြာ ထောင်ချခံရပြီး ပြန်လွတ်လာတော့ မှတ်မှတ်ရရ စကားတခွန်းပြောခဲ့ပါတယ် “ငါ.. မ သုံးလုံးရပြီ၊ မူးတာ-မောတာ-မေ့တာ” လို့ဆိုရှာခဲ့ပါတယ်။

ပျံလွန်တော်မူသွားပြီဖြစ်တဲ့ တိပိဋကဓရဂန္ဓာရုံဆရာတော်ကြီးဟာဆိုရင် မျက်မှောက်ခေတ် သာသနာ့သမိုင်း မှာ နောက်ထပ်ပေါ်ပေါက်နိုင်ဖို့ အလွန်ခဲယဉ်းတဲ့ သံဃာရတနာတစ်ဆူဖြစ်ပါတယ်။ တိပိဋကဓရဘွဲ့ဆိုတာ ပိဋကတ် သုံးပုံကို အာဂုံဆောင် မွှေနှောက်ပြနိုင်မှ ရရှိတဲ့ဘွဲ့ဖြစ်ပါတယ်။ အဲဒီဘွဲ့တော်ကို အသက် ၂၇ နှစ်အရွယ်ကတည်းက ရရှိခဲ့တဲ့ သံဃအာဇာနည်ဖြစ်ပါတယ်။ လက်ရှိသာသနာမှာ ကြည်ညိုဖွယ်စံချိန်ပဲဖြစ်ပါတယ်။ အဲဒီအပြင် သက်တော် အငယ်ဆုံး အဂ္ဂမဟာ ဖြစ်ခဲ့ပါတယ်။ ပရိယတ်အကြောင်းနားလည်တဲ့သူဆိုရင် တိပိဋကဓရရဲ့ ဂုဏ်ကို ပိုသိမှာပါ။ အဲဒီလို သံဃရတနာကို စစ်ခွေးတွေက ရာသီဥတုခက်ထန်ကြမ်းတမ်းတဲ့ မချမ်းဘောထောင်မှာ ၂နှစ်ခွဲ ထောင်သွင်း အကျဉ်းချခြင်းကိုခံခဲ့ရပါတယ်။ ကျောင်းနဲ့ဝေး တပည့်ဒကာတွေနဲ့ဝေးရာ မြန်မာပြည်မြောက်ဖျားက ရေခဲကြားမှာ ဗုဒ္ဓဘာသာဝင်လို့ ကြွေးကြော်တဲ့ စစ်ခွေးတွေရဲ့နှိပ်စက်မှုတွေကို ဆရာတော်ကြီးခံစားခဲ့ရပါတယ်။ ပြန်လွတ်လာပြန် တော့ ရိုးသားလှတဲ့ဆရာတော်ကြီးကို ခါးပိုက်ဆောင်၊ အယောင်ပြပြီး မျက်လှည့်ပြခဲ့လို့ လောကဓံကြားမှာ ခံစားချက်ပြင်းပြင်းနဲ့ အဆုံးသတ်သွားရရှာပါတယ်။ သုတဗုဒ္ဓလို့ တင်စားတတ်တဲ့ တိပိဋကဓရဆရာတော်ကို ရဟန်း အတုလို့ ငြင်းဦးမှာလား..။ ဆရာတော်ကြီးကို စော်ကားခဲ့တဲ့ ငခင်ညွှန့်ကတော့ ဘ၀တောင်မကူးသေးဘူး အကုသိုလ်အကျိုးပေးနေပြီလေ။

မေဒိနီဆရာတော်ကြီးနဲ့ဗောဓိဆရာတော်ကြီး ဆိုတာ သံဃာရာကျော်တဲ့ကျောင်းတိုက်ကြီးတွေကို အုပ်ထိန်း ရင်းနဲ့ ပိဋကတ်စာပေတွေပို့ချပေးနေတာပါ။ အများအကျိုး၊ သာသနာ့အကျိုးအတွက် ရဲရဲရင့်ရင့်ရပ်တည်ပေးခဲ့လို့ ထောင်ချခံခဲ့ရပါတယ်။ မေဒိနီဆရာတော်ကြီးဆိုရင် ကျောင်းတိုက်ကြီးကိုပါအနုကြမ်းစီးခံရပြီး ကျောင်းမဲ့ဆရာတော် ဖြစ်ခဲ့ရပါတယ်။ အသေးစိတ်ကို ဆရာတော်ကြီးတွေ သက်တော်ထင်ရှားရှိနေစဉ်မှာ မှတ်တမ်းတင်နိုင်ရင် အလွန် ကောင်းပါမယ်။ ဖေါ်ပြပါဆရာတော်ကြီးနှစ်ပါးလုံး သက်တော်ထင်ရှားရှိနေဆဲပါ။

အခုလက်ရှိ အင်းစိန်ရွာမဆရာတော်ဆိုတာ ရန်ကုန်မြို့မှာ သံဃာတော်အများဆုံးကျောင်းတိုက်ကြီးကို ကွပ်ကဲပြီးစာပေပို့ချနေပါတယ်။ ဆရာတော်ကြီးဟာ သာသနာတော်အတွက်
ဝိနည်းနဲ့အတိအကျရွက်ဆောင်ပြခဲ့လို့ ထောင်သွင်းအကျည်းချခြင်းကို ၂နှစ်ခွဲအကြာ အင်းစိန်ထောင်ထဲမှာ ခံစားခဲ့ရပါတယ်။ ထောင်ကပြန်လွတ်တော့လဲ တောရဆောက်တည်လိုက်၊ စာချလိုက်နဲ့ ရဟန်းတာဝန်ကျေပွန်ခဲ့ပါတယ်။ အခုလက်ရှိ မဟန လို့ခေါ်တဲ့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှာ အကျိုးတော်ဆောင်(အတွင်းရေးမှူးရာထူး) အဖြစ် စစ်ခွေးတွေကတင်ထားပါသေး
တယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန် ရေးဖြစ်တော့ သွေးစွန်းလက်နဲ့ ငမြင့်မောင်က ဆရာတော်ကြီးတွေကို ရှေ့ထားပြီး “ထောင်ထွက်တွေ- သင်္ကန်းဝတ် တွေ- အယောင်ဆောင်တွေ“ လို့ စော်ကားမော်ကားလုပ်ခဲ့တာ ဘယ်လောက်သည်းခံပြီးနားထောင်နေရမလဲဆိုတာ ၀င်ခံစားကြည့်ပါ။ စစ်ခွေးတွေရဲ့ ယုတ်မာရိုင်းစိုင်းပုံတွေကတော့ မြန်မာ့သမိုင်း၊ သာသနာ့သမိုင်းမှာ အင်မတန်အောက်တန်းကျလွန်းလို့ မြန်မာနိုင်ငံ၊မြန်မာလူမျိုးတွေအတွက် ပယ်ဖျက်မရတဲ့ အမည်းကွက်ဖြစ်ခဲ့ပါပြီ။

အထက်ပါဆရာတော်ကြီးတွေအပါအ၀င် အခြားဆရာတော်တွေ၊ ရဟန်းပျိုတွေ အများကြီး ထောင်သွင်း အကျဉ်းချ နှိပ်စက်ခံထိလို့ သာသနာတော်အတွက် များစွာ ဆုံးရှုံးနစ်နာခဲ့ရပါတယ်။ ဆရာတော်ကြီးတွေကို ထောင်ဒဏ် ၁၀ နှစ်စီချခဲ့ပြီးမှ ၂နှစ်ခွဲအကြာမှာ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ တခြားရဟန်းပျိုတွေကတော့ ဘယ်လို ဘယ်ပုံဆက်ပြီး ဖြစ်သွားတယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ။ ဆရာတော်ကြီးတွေဟာ ထောင်ထဲမှာ ထောင်ဝတ်စုံ ကိုဝတ်ဆင်ပြီး ရဟန်းဝိနည်းနဲ့ညီအောင် ဘယ်လိုခက်ခဲစွာ နေထိုင်ခဲ့ရပါသလဲ။ နှလုံးသားရှိသူများ စဉ်းစားကြည့်ကြပါ။ မောင်ကျည်ပွေ့ကတော့ စာကိုဆုံးအောင်မနည်းအားတင်းထားရပါတယ်။

အခု၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့ ရဟန်းတော်တွေလည်း နောင်တော်အာဇာနည်ရဟန်း တော်များလိုပဲ ထောင်ထဲမှာ ပင်ပန်းဆင်းရဲစွာနဲ့ နှိပ်စက်မှုဒဏ်တွေကို ခံစားနေရတုန်းပါပဲ။ အခုလက်ရှိရဟန်းတော် တွေဆိုရင် ထောင်ဝင်စာတွေ့လို့မရအောင်ကို ယုတ်မာကောက်ကျစ်စွာလုပ်ထားပါတယ်။ သတ္တိရှိတဲ့လေးစားဖွယ် ရဟန်းဒကာ၊ဒကာမတွေဟာ မိမိတို့ကိုးကွယ်တဲ့ ရဟန်းတော်ဖမ်းခံထိပြီဆိုတာနဲ့ လိုက်ကြပါတယ်၊ သွားရောက်တွေ့ ဆုံကြပါတယ်။ အဒီအခါမှာ ရဟန်းဘွဲ့ကိုပြောပြီးတွေ့ခွင့်တောင်းတာနဲ့ ခွေးနောက်လိုက်တွေက အသံဆိုးကြီးနဲ့ ထောင်ဲမှာဘုန်းကြီးမရှိဘူး လူနာမည်ကိုပြော ဆိုပြီးရစ်ပါတယ်။ ရဟန်းဒကာ/မ တွေက ဘယ်လိုလုပ်ပြီး ရဟန်း တော်ရဲ့လူနာမည်ကိုသိနိုင်မှာလဲ..၊ သိတယ်ထားဦးတော့ နောက်ထပ်မေးလာတဲ့ မိဘနာမည်တွေဘာတွေညာတွေ ဘယ်လိုဆက်ဖြေမှာလဲ။ ဒါနဲ့ပဲ ရဟန်းတော်တွေဟာ ထောင်ထဲမှာ ရာဇ၀တ်မှုနဲ့ ထောင်ကျတဲ့ သူခိုးဂျပိုးတွေထက် အနှိပ်စက်ခံ၊ စိတ်ဓါတ်ရေးရာတွေ ပျက်အောင် အဖျက်စီးခံနေရပါတော့တယ်။

ဒီလိုဆိုးဝါးတဲ့ အဖြစ်အပျက်တွေဟာ ရွှေလို့ကိုယ့်ကိုယ်ကို တင်စားခေါ်နေတဲ့ မြန်မာပြည်ကြီးမှာဖြစ်နေခဲ့ ဖြစ်နေဆဲပါ။ နောက်ထပ်လဲဖြစ်လာပါဦးမယ်။ ဒီလိုဖြစ်နေရခြင်းရဲ့ သမိုင်းတရားခံဟာ စစ်အာဏာရူးနေတဲ့ စစ်ခွေး တွေနဲ့ နောက်လိုက်နောက်ပါ ဘောချွေးသုတ်တွေကြောင့်ပါပဲ။ အဲဒီအပြင် ဒီမိုကရေစီလို့ အော်ပြီးတောင်းရမ်းစား သောက်နေတဲ့ အယောင်ဆောင်တွေရဲ့ လက်ချက်တွေလဲ တစိတ်တပိုင်းပါဝင်နေပါတယ်။ ကျွန်တော်တို့တွေလဲ သာရာစား လုပ်နေကြဦးမယ်ဆိုရင် မဝေးတော့တဲ့ကာလမှာ စုတ်ပြတ်သတ်နေတဲ့ နိုင်ငံကြီးသားတွေအဖြစ်ကို ရောက်ရတော့မှာပါပဲ။ အခုတောင် အသက်၂၅ နှစ်အောက် လူငယ်တွေအများစုဟာ ရဖို့ဝဖို့ ဆိုတာကိုပဲသိတဲ့ ဘနဖူးသိုက်တူးစိတ်ဓါတ်တွေပဲရှိတဲ့ သူတွေဖြစ်ကုန်ပါပြီ။ ရုရှားရောက် ဆိတ်ဗိုလ်အုပ်စုကို ကြည့်ပေါ့။ အောင်မယ်.. သူရို့က ဘုရားတရားကြည်ညိုသလို ဘာလိုလိုလုပ်နေကြသေးတယ်။ ထွီ …. ။ နောက်ထပ် ထွီချင်သေးတဲ့ငနာ တွေရှိသေးတယ်။ သတင်းဌါနတွေမှာ ညာစားနေတဲ့ကောင်တွေပေါ့ဗျာ။ ရွှေဝါရောင်တော်လှန်ရေးကာလက ရွာမဆရာတော်ကြီးကို ဖမ်းသွားပြီ ဆိုပြီး မဟုတ်ပဲနဲ့ သတင်းလွှင့်တော့ ရွာမဆရာတော်ကြီးက သတင်းနားထောင် ပြီး မင်းတို့ဟာဟုတ်မှဟုတ်သေးရဲ့လားလို့မိန့်တော်မူသတဲ့..။ ဘာပဲဖြစ်ဖြစ် စစ်ခွေးမိစ္ဆာကောင်တွေရဲ့ လက်အောက်ကနေ လွတ်မြောက်ဖို့ အားလုံးကိုယ်စီတာဝန်သိပြီး လုပ်ဆောင်ကြမယ်ဆိုရင် ဒီစစ်ခွေးတွေကို သုတ်သင်ဖယ်ရှားပစ်နိုင်ပါမယ်။ ဖေါ်ပြပါ ၁၉၉၀ သပိတ်မှောက်ကံဆောင်သမိုင်းကြောင်းကို ဆရာတော်ကြီးတွေ သက်တော်ထင်ရှားရှိနေစဉ်မှာ ၀ိုင်းပြီးမှတ်တမ်းတင်နိုင်ဖို့ နဲ့ စစ်ခွေးတွေရဲ့ယုတ်မာမှုတွေကို ဖေါ်ထုတ်ပြီး သုတ်သင်နိုင်ဖို့အတွက် ရေးသားလိုက်ပါကြောင်း။
ဤစာကို ဆရာ ငါးထန်းရွက်၏ မှတ်စုနှင့် အကြံဥာဏ်များရယူ၍ ရေးသားတင်ပြခြင်းဖြစ်ပါသည်။

ဆက်ဖတ်ရန်ကျန်သေးသည်...

ရဟန်းဆိုတာ....

ရဟန်းတု၊ ဘုန်းကြီးအတု၊ ဘုန်းကြီးကနိုင်ငံရေးနဲ့ဘာဆိုင်လဲ၊ ဘုန်းကြီးဆိုတာ စာသင်၊တရားကျင့် ဒါတွေပဲလုပ်ရ မယ် စသည်ဖြင့် အရူးချီးပန်းပြောပြီး နအဖ အောက်ဆွဲ ဘောချွေးသုတ်တွေ ဘလော့တွေမှာ ၀င်ရှုပ်နေပါတယ်။ ဒါဟာ ဘယ်လောက်ထိ အောက်တန်းကျသလဲဆိုတာကို ပြနေတဲ့အပြင် ဗုဒ္ဓဘာသာလို့ နာမည်ခံထားပြီး ရတနာ သုံးပါးကို ပြန်စော်ကားနေတာလည်းဖြစ်ပါတယ်။ ငသန်းရွှေကို မျက်နှာလိုမျက်နှာရ ဖါးနေလိုက်ကြတာ တကယ်ကို အော့နှလုံးနာဖို့ကောင်းပါတယ်။ တကယ်တော့ ရဟန်းဆိုတာ ဘာလဲလို့ သိလဲမသိခဲ့ကြ နားလည်းမလည်ပဲနဲ့ ရဖို့နဲ့ဝဖို့ ပဲသိတဲ့ကောင်တွေက ရဟန်းတော်တွေကို စော်ကားနေကြတာ အနူလက်သီးထက်ကို ရွံရှာစက်ဆုတ်ဖွယ် လည်းဖြစ်ပါတယ်။

ဗုဒ္ဓဘာသာမှာ ရဟန်းအဖြစ်ရဖို့ဆိုတာ ခြောက်မျိုးရှိပါတယ်။
(၁) ဧဟိဘိက္ခူပ သမ္ပဒါ (ဘုရားရှင်က ချစ်သားရဟန်းလာလော့ လို့ခေါ်လိုက်တာနဲ့ရဟန်းဖြစ်သွားတာ)
(၂) သရဏဂမနူပ သမ္ပဒါ (သာသနာအစမှာ သရဏဂုံတည်ရုံနဲ့ ရဟန်းဖြစ်တာ)
(၃)သြ၀ါဒူပသမ္ပဒါ (ဘုရားရှင်ရဲ့အဆုံးအမခံယူနေရင်းနဲ့ရဟန်းဖြစ်တာ၊ သာသနာမှာတစ်ပါးတည်းသာရှိ)
(၄) ပဥှာဗျာကရဏူပ သမ္ပဒါ (ဘုရားရှင်နဲ့ ဆွေးနွေးမေးမြန်းဆဲမှာ ရဟန်းဖြစ်တာ၊ တစ်ပါးတည်းသာရှိ)
(၅) ဥတ္တိစတုတ္ထကမ္မ၀ါ သမ္ပဒါ (ဉတ် တစ်ကြိမ် ကမ္မ၀ါ သုံးကြိမ်ဖတ်ပြီးရဟန်းဖြစ်တာ)
(၆) ဂရုဓမ္မူပ သမ္ပဒါ (တရားကျင့်ကြံရင်း ရဟန်းမ ဖြစ်တာ၊ မိထွေးတော်ဂေါတမီ တစ်ပါးသာရှိ)
ဖေါ်ပြပါ ခြောက်မျိုးမှာ နံပါတ် (၅) ကလွဲရင် ကျန်တာတွေဟာ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်တုန်းက သာ ရှိခဲ့တာဖြစ်ပြီး ယနေ့မျက်မှောက်ခေတ်မှာ မရှိတော့ပါဘူး။

အမှတ်စဉ် (၅) ဖြစ်တဲ့ ဉတ်ကမ္မ၀ါ လေးကြိမ်ရွတ်ဖတ်ပြီး ရဟန်းဝတ်လို့ သာသနာတော်ကို လက်ဆင့်ကမ်းသယ်ဆောင် လာခဲ့တာတော့ ယနေ့ခေတ်တိုင်အောင်ပါပဲ။ မြတ်စွာဘုရားရဲ့ ရွှေရင်တော်နှစ် သားတော်အစစ်ဖြစ်တဲ့ ရဟန်းတော် များဟာ အဖဘုရားရှင်ကို စံနမူနာယူပြီး ခေတ်အဆက်ဆက်မှာ ရဟန်းတရားတွေကို ကျင့်ကြံခဲ့ကြပါတယ်။ ရဟန်းတော်တွေ စံနမူနာယူရတဲ့ ဘုရားရှင်ကိုယ်တော်ကြီးက အများသိထားပြီးတဲ့ အတိုင်း စရိယ သုံးပါးကို ကျင့်ကြံခဲ့ပါတယ်။ ဗုဒ္ဓတ္ထစရိယက ဘုရားဖြစ်ဖို့၊ ဥာတတ္ထစရိယက ဆွေမျိုးတွေကောင်းစားဖို့၊ လောကတ္ထစရိယက အများကောင်းစားဖို့ ကျင့်ခဲ့ပါတယ်။

သာသနာ့ဝန်ထမ်းရဟန်းတော်တွေအနေနဲ့ ဂန္ဓဓူရ စာပေပိဋကတ် ပရိယတ်တာဝန်နဲ့ ၀ိပဿနာဓူရ သီလ၊သမာဓိ၊ပညာ သိက္ခာသုံးရပ် ပဋိပတ်တာဝန် ကျေပွန်အောင်ထမ်းဆောင်ရပါမယ်။ ဒါတွေဟာ ရဟန်းကျင့်စဉ် တစ်ခုပါပဲ။ အဒီအပြင်ကို အဖေတူသားဖြစ်ဖို့အတွက်ဆိုရင် နောက်ထပ်ကျင့်စဉ်နှစ်ခုဖြစ်တဲ့ ဆွေမျိုးတွေကောင်းစား ဖို့နဲ့ အများကောင်းစားဖို့ ကျင့်ရပါမယ်။ ရဟန်းတွေရဲ့ဆွေမျိုးဆိုတာ ရဟန်းဒကာ၊ဒကာမတွေနဲ့ ပစ္စည်းလေးပါး ထောက်ပံ့ကြသူတွေပါပဲ။ ဆွေမျိုးတွေဒုက္ခရောက်ရင်၊ ဆွေမျိုးတွေ စားဝတ်နေရေးကြပ်တည်းနေရင် စောင့်ရှောက် ပေးရမှာ ရဟန်းတွေရဲ့ မလုပ်မဖြစ် ကျင့်စဉ်တွေပါပဲ။ မေတ္တာတွေပို့ပေးရမယ်၊ အနှောင့်အယှက် အခက်အခဲ အဟန့် အတားတွေကို ရှင်းလင်းဖယ်ရှားပေးရမှာ ရဟန်းကျင့်စဉ်တစ်ပါးပါပဲ။

အများဒုက္ခရောက်နေရင်၊ မတရားဖိနှိပ်စော်ကားခံနေရရင် မားမားမတ်မတ်ရှေ့ကရပ်တည်ပေးရမယ်၊ စွန့်လွှတ်အနစ်နာခံပေးရမယ်။ ဒါဟာလည်းရဟန်းကျင့်စဉ်တစ်ပါးပါပဲ။ ဘုရားရှင်လက်ထက်က စ လို့ သာသနာ့ သမိုင်းတလျှောက်မှာ တပည့်သား သာဝကတွေဟာ ရဟန်းကိစ္စ ပြီးပြီး၊ မပြီးပြီး ဒီကျင့်စဉ် ၃ ရပ် လုံးကို ဖြတ်သန်း ကျင့်ဆောင်သွားကြတာ အထင်အရှားတွေ့မြင်နိုင်ပါတယ်။ လေ့လာလေ တွေ့ရှိလေပါပဲ။

တခုတော့ရှိတာပေါ့ဗျာ။ သာသနာဖျက်မင်းတွေရဲ့ အလိုတော်ရိရဟန်းဝတ်တချို့ပဲ မင်းအလိုလိုက် မင်းအကြိုက် ဆောင်ပြီး ဘုရားကိုမျက်နှာလွှဲထားတာတွေလဲတွေ့ရလိမ့်မယ်။ ဘုရားကို မျက်နှာပြောင်တိုက်ပြီး ကျင့်စဉ်တစ်ခုကိုပဲ ဇောင်းပေးပြီး မင်းလိုကျ သံယောင်လိုက်နေကြတာတွေ့မြင်ရပါလိမ့်မယ်။ ရဟန်းအစစ်ဆိုတာကိုသိချင်ရင် ရဟန်း အစစ်တို့ကျင့်ရမယ့် ကျင့်စဉ် ၃ရပ်ကို ပြတ်ပြတ်ထင်ထင်မြင်အောင်ကြည့်ပြီး ကျင့်ကြံနေတဲ့ ရဟန်းအစစ်တွေကို ကြည်ညိုနိုင်ကြပါမယ်။

ရဟန်း စစ် မစစ် ဆိုတာတော့ ကွဲပြားစွာသိနိုင်ကြပါပြီ။ စစ်သား စစ် မစစ် ဆိုတာကိုရော ဝေခွဲကြည့်ကြပါဦး။ ၀န်ထမ်းဆိုတာ ဘယ်လိုလူမျိုးကိုခေါ်လဲ။ ဘယ်သူတွေက လခပေးထားတာလဲ.. ဘာအတွက်လဲ..၊ ဘယ်သူ့အကျိုး ကို ဦးထိပ်ထားရမှာလဲ.. နိုင်ငံတော်ဆိုတာ ဘယ်အရာကို ကိုယ်စားပြုတာလဲ… ဆိုတာကို ခွေးနောက်လိုက်လေးတွေ ဘောချွေးသုတ်လေးတွေ က မသိတာပဲလား၊ သိလျက်နဲ့ မသိချင်ယောင်ဆောင်နေကြ လား။ ဒီသတ္တ၀ါတွေကတော့ အခုဘ၀၊ နောင်ဘ၀ ဘယ်တော့မှ ကောင်းမယ့်သူတွေမဟုတ်ပါဘူး၊ ဒီကြားထဲမှာ တချို့ကလဲ ဖြူသလိုလို၊ မည်းသလိုလိုနဲ့ ခြံစည်းရိုးခွထိုင်နေကြတာတွေရှိသေးတယ်။ ဘုရား၊တရား၊သံဃာ ရတနာသုံးပါးကို စော်ကားထားတဲ့ ငသန်းရွှေနဲ့ နောက်လိုက်တွေရဲ့ အကုသိုလ်ကို ရှယ်ယာဝင်ချင်နေသူတွေ သတိ သာထားကြပေရော့လို့ …….။
(ဆရာ ငါးထန်းရွက် ၏ မှတ်စုများမှ ရည်ညွှန်းကိုးကားပါသည်)

ဆက်ဖတ်ရန်ကျန်သေးသည်...

စိတ်ညစ်တဲ့အထဲမှာ ဒါတွေလဲပါတယ်

ခုနောက်ပိုင်း မောင်ကျည်ပွေ့စာသိပ်မရေးဖြစ်ဘူး။ အကြောင်းကတော့ မရေးတတ်တာရယ်၊ ရေးရပျင်းတာရယ်ကြောင့်ပါပဲ။ အစကတည်းက မောင်ကျည်ပွေ့ဟာ စာကောင်းကောင်းမရေးတတ်ခဲ့ ပါဘူး(ရှရှားရောက် ဆိတ်ဗိုလ်တွေထက်သာတဲ့ သတ်ပုံမှန်ရုံကလေးရေးတတ်ခဲ့ခြင်းသာ)။ စာအစုံဖတ် တဲ့ စာဖတ်သူတစ်ယောက်ပါပဲ။ စာရေးဖြစ်လာတာကလည်း တခါတလေ ပြောချင်လာတဲ့အခါ ဘယ်မှာ ပြောရမှန်းမသိလို့ ကိုယ်ပိုင်နေရာလေးတခုလောက်ရှိသင့်တယ်လို့ထင်ပြီး ဘလော့ဂ်ဖွင့် ရေးဖြစ်ခဲ့တာပါ။ အဲဒီလိုရေးဖြစ်လာတော့ အခြားခြားသော ဘလော်ဂါတွေလိုပဲ အချိန်၊ငွေ ကုန်ပါတယ်၊ မောင်ကျည်ပွေ့က သူများထက်ထူးပြီး ငွေပိုကုန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ပိုင် ကွန်ပျူတာ၊ အင်တာနက် မရှိတော့ ဆိုင်မှာသွားလုပ်ရလို့ဖြစ်ပါတယ်။

နည်းပညာတွေနဲ့ပတ်သက်ပြီး မောင်ကျည်ပွေ့က ဘာမှနားမလည်ပါဘူး၊ ကွန်ပျူတာဆိုတာကို စကိုင်ဖူးတာလဲမကြာသေးပါဘူး။ ဘိုလိုကလည်းမတတ်တော့ စမ်းတ၀ါးဝါးနဲ့ ရမ်းသန်းလုပ်နေရပါ တယ်။ သူငယ်ချင်းတွေသာ မကူညီရင် ဘလော့ရေးတာဂျိုနဲ့လားလို့ မေးရမလောက်ဖြစ်နေဦးမှာပါပဲ။ မိုင်ဂရန့်လို့ ဘိုလိုခေါ်တဲ့ တောင်ကျော်အလုပ်သမားဖြစ်တဲ့ မောင်ကျည်ပွေ့ဟာ လွန်ခဲ့တဲ့ (၁၀)နှစ် ကျော် လောက်ကတည်းက ထိုင်းကိုရောက်လာပြီး ခေတ်ပြိုင် ဂျာနယ် ရဲ့ကျေးဇူးနဲ့ တိုင်းပြည်ချောက်ထဲမကျအောင် ကယ်တင်ပေးခဲ့တဲ့ တပ်မတော်ရဲ့ကျေးဇူးတွေကို သေချာသိခဲ့ရပါ တယ်။ ကြီးလိုက်တဲ့ကျေးဇူးတွေလေ သူငယ်ချင်းတွေပြောသလို မင်းကျေးဇူးတော့-ီး တောင်မှမမေ့ဘူး ဆိုသလိုပါပဲ။ (ရိုင်းသလိုဖြစ်တာခွင့်လွှတ်ပါ)

မျက်စိပိတ်နားပိတ်ထားတာတွေလေ၊ မောင်ကျည်ပွေ့ ဘန်ကောက်ကို စ ၀င်တော့ စိတ်ထဲမှာ ဟာခနဲ ဟင်ခနဲ တောင်ဖြစ်မိပါတယ်၊ အံ့သြလွန်းလို့ပါ ။ ရွှေပြည်ကြီးမှာနေတုန်းက မဂ္ဂဇင်းတွေ စာစောင်တွေမှာဖတ်ခဲ့ရတာတွေက ထိုင်းဆိုတာ ဖါနိုင်ငံ၊ အာရှကျားလေးကောင်ဖြစ်ပြီးတဲ့နောက် မလေးရှားက ပဉ္စမမြောက်ကျားဖြစ်နေပြီ၊ မြန်မာနဲ့ထိုင်းက ဆဌမမြောက်ကျားဖြစ်ဖို့ ပြိုင်နေကြတယ် လို့ မကြာခဏဖတ်ဖူးနေတော့ ဘန်ကောက်ဆိုတာ ရန်ကုန်နဲ့ သိပ်တော့မကွာလောက်ဘူးလို့ ထင်ထားတာကိုး။ အထူးသဖြင့် သုတစွယ်စုံမဂ္ဂဇင်းက အဲဒီလိုဆောင်းပါးမျိုးတွေရေးတတ်တော့ တကယ်လို့ထင်ထားတာ၊ အင်း… စာဖတ်သူတွေလဲ ဘန်ကောက်ကို ခဏခဏ ရောက်ဖူးနေကြတာပဲ စဉ်းစားသာကြည့်ပေတော့၊ မောင်ကျည်ပွေ့ တအံ့တသြဖြစ်ခဲ့တာ မလွန်လောက်ပါဘူးနော်။

လူတွေကို နားတွေမျက်စိတွေပိတ်ပြီး ဘာမှသိခွင့်မပေးတဲ့အပြင် ခိုးစားလိမ်စားမှ ထမင်းဝတော့မယ့် လူနေမှုစနစ်ဖြစ်သွားအောင် လုပ်ပေးခဲ့တဲ့ နေ၀င်းအစ ငသန်းရွှေအထိ စစ်အာဏာ ရူးကြီးတွေရဲ့လက်ချက်ကြောင့် မြန်မာပြည်ကြီးလည်း သုံးစားမရအောင်ပျက်စီးခဲ့၊ ပျက်စီးဆဲ ဖြစ်နေ ပါပြီ။ ထပ်ပြီးတော့လဲ ပျက်စီးနိမ့်ကျဖို့ တာစူနေပါပြီ။ နိုင်ငံရေးသမားဆိုသူတွေရော၊ အတတ်ပညာရှင် အသိပညာရှင်ဆိုသူတွေပါမကျန် တိုင်းပြည်ကြီးကို ဘယ်ပုံဘယ်နည်းနဲ့ အာဏာရူးတွေလက်က လွတ် မြောက်ဖို့ လက်ရှိလှုပ်ရှားနေထိုင်ပုံတွေ ပြင်ဆင်သင့်နေပါပြီ။ ဒီပုံစံအတိုင်းဆက်သွားနေလို့ကတော့ သမိုင်းရဲ့အမည်းစက်တွေထဲမှာ စစ်အာဏာရူးတွေနဲ့အတူ နာမည်ဆိုးနဲ့စာရင်းအသွင်းခံရမှာ သေချာ နေပါတော့တယ်။ ငါတို့ကတော့ လုပ်စားကိုင်စားအဆင်ပြေနေတယ်၊ တို့နဲ့ဘာမှမဆိုင်ဘူးလို့ တွက်နေ ရင် လူယုတ်မာစာရင်းကလည်းလွတ်မှာမဟုတ်ပါဘူး။

အခုဆို စစ်တပ်က ရွေးကောက်ပွဲဝင်မယ့်ပါတီတွေမှတ်ပုံတင်ခိုင်းတော့မယ်။ စစ်တပ်ရဲ့ ကစားကွက်ကို ဒီချုပ်ကဘယ်လိုရင်ဆိုင်ကြဦးမလဲမသိဘူး။ ရွေးကောက်ပွဲဝင်ဖို့ စားရင်းသွင်းမိပြန်ရင် ၉၀ရလာဒ်ကို မိမိဖါသာပယ်ဖျက်သလိုဖြစ်နေပြီး ၊ ရွေးကောက်ပွဲမ၀င်ရင်လည်း ပါတီဖျက်ပေးရတော့ မှာဖြစ်ပါတယ်။ အတိုက်အခံဆရာကြီးတွေကသာ သူတလူငါတမင်းလုပ်နေတာ၊ စစ်တပ်ကတော့ သူတို့အာဏာတည်မြဲဖို့ တိကျတဲ့ပလန်တွေနဲ့ မရ ရအောင် လှုပ်ရှားနေပါတယ်။ ကျွန်တော်တို့တတွေ လဲ လူမှုရေးလိုလို၊ နိုင်ငံရေးလိုလို ယောင်ဝါးဝါးမလုပ်နေတော့ပဲ တိကျတဲ့လမ်းစဉ်နဲ့ တိကျတဲ့လှုပ်ရှား သူတွေ လုပ်ဆောင်ရတော့မှာဖြစ်ပါတယ်။

မီဒီယာနဲ့တိုက်မယ်ဆိုရင်လည်း ထိရောက်အောင်လုပ်၊ ချေမှုန်းဖေါက်ခွဲရေးဆိုရင်လည်း ထိထိ ရောက်ရောက်ဖြစ်အောင်လုပ်ဆောင်ရပါတော့မယ်။ မင်းကရောဘာကောင်လဲ ဘာတွေလုပ်နေလို့ ကြီးကြီးကျယ်ကျယ် အာလာချောင်နေတာလဲလို့ မေးလာရင်တော့ တိုင်းပြည်ကိုချစ်တတ်တဲ့ ရိုးရိုးပြည် သူတစ်ယောက်အနေနဲ့ ပြောခွင့်ရှိတယ်ထင်လို့ ပြောရခြင်းပါလို့ပဲ ပြန်ဖြေပါမယ်။ ဒီနေ့ဒီအချိန်ထိ တိုင်းပြည်ဆန်ကုန်မြေလေးအောင် မလုပ်ဖူးခဲ့တဲ့၊ ပြည်သူ့ဆန်စားပြီး ပြည်သူကိုမစော်ကားဖူးတဲ့ လူတစ်ယောက်ပါပဲ။ ရှေ့ရေးကိုတွေးပြီး ရင်လေးလွန်းလို့ စိတ်ခံစားချက် တပိုင်းတစကို အန်ထုတ်လိုက်ခြင်းပါပဲ။ အကျိုးယုတ်ဖို့ထက် အကျိုးရှိမယ်လို့ထင်တဲ့အတွက် ရေးသားလိုက်ရခြင်း သာဖြစ်ကြောင်းပါခင်ဗျာ..။

ဆက်ဖတ်ရန်ကျန်သေးသည်...

အတ္တကိုခွာချဖို့ မကြောက်ပါနဲ့

မောင်ကျည်ပွေ့ရဲ့ ဆရာက မောင်ကျည်ပွေ့ကို ဆုံးမစာလေးရေးပေးပါတယ်။ ဆုံးမစာလေးကို ဖတ်ပြီးတဲ့ နောက်မှာ ဘလော့ပေါ်တင်ချင်လို့ ဆရာ့ဆီခွင့်တောင်းပြီး တင်လိုက်ပါပြီ။ အကျိုးရှိမယ်လို့ ယုံကြည်ပါကြောင်း…

မင်းကိုပြောချင်သေးတယ် အတ္တအကြောင်းလေးပါ။ လူဆိုတာ မွေးဖွါးလာကတည်းက အတ္တကို ချီပိုး လာခဲ့ကြတာပါ။ လူအဖြစ်အသက်ရှင်သန်ရပ်တည်လိုမှုတွေနဲ့ ရှင်သန်ခြင်းကို ပွေ့ဖက်ထားကြတယ်၊ မျှော်လင့် ချက်တွေသွန်းလောင်းပြီး ကြီးထွားဖို့ ကြိုးစားကြတယ်။ ဖြတ်သန်းလာတာနဲ့အမျှ အတ္တကလည်း မြင့်တက်လာ တာပါပဲ။ ကိုယ့်အတ္တဟာ သူတပါးအကျိုးစီးပွါးကို မထိခိုက်ဖို့တော့ အရေးကြီးပါတယ်။

လူဆိုတာ တစ်ယောက်တည်းနေထိုင်ရှင်သန်ဖို့ မလွယ်ပါဘူး။ ကိုယ့်မိဘ၊မိသားစု၊ ဆွေမျိုးအသိုင်းအ၀ိုင်း ပတ်ဝန်းကျင်အားလုံးနဲ့ ထိတွေ့ဆက်ဆံကြရပါတယ်။ ဒါကြောင့်လည်း အတ္တနဲ့ပရ မျှတစေဖို့လိုပါတယ်။

အတ္တအစွန်းရောက်ရင်တော့ အများရဲ့မကျေနပ်မှု၊ ငြိုငြင်မှု၊ ဆန့်ကျင်မှု၊ တော်လှန်မှုတွေကို ရင်ဆိုင်ရမှာပဲ။ ကိုယ်တိုင်လည်း အတ္တကြောင့် ထောင့်ကပ်သွားတတ်တယ်။ အများကို လျစ်လျူပြုလို့မရပါဘူး။

အတ္တကိုရှေ့တန်းတင်ပြီး အရာရာတွေးခေါ် ပြောဆို ပြုမူနေရင်တော့ အမှားတွေကိုပဲ ဆင့်ကဲဆင့်ကဲ တွေ့ကြုံရလိမ့်မယ်။ အများရဲ့ မှန်ကန်တဲ့ဖိအားတွေကို အတ္တနဲ့ကာကွယ်နေလို့ကတော့ နိဂုံးမလှဖြစ်ရမှာပဲ။

ပတ်ဝန်းကျင်ကို အများကို မတရားလုပ်ရင် ကိုယ်တိုင်လည်း တရားသဖြင့်နေလို့မရနိုင်ဘူး။ ကိုယ့်ကိုယ်ကို မတရားပြန်လုပ်ရတော့မှာပါ။ ကိုယ်က မတရားလုပ်ထားတော့ အများကိုပြန်ကြောက်နေရပြီး ကိုယ့်ဘ၀လုံခြုံ အောင်လုပ်ရင်းနဲ့ ကိုယ့်လွတ်လပ်မှုကို ကိုယ်ရိုက်ချိုးဖျက်ဆီးနေရမှာပဲ။ နှစ်နှစ်ခြိုက်ခြိုက် မအိပ်နိုင်ပဲ အိပ်မက် ဆိုးတွေနဲ့ လန့်နိုးနေရမှာပဲ။ မြိန်မြိန်ယှက်ယှက် မစားသောက်နိုင်ပဲ ကျီးလန့်စာစား နေရမှာပဲ။ သွားချင်တိုင်း မသွားရ နေချင်တိုင်းမနေရပဲ ကိုယ်မတရားလုပ်ထားတဲ့အများရဲ့ ဒဏ်ခတ်မှုကို စိတ္တဇနဲ့ ဖိစီးခံစားနေရမှာပါပဲ။ မကောင်းမှုချည်းပြုလုပ်ပြီး ဂျီအီးဂျီလန့်နေ ဆိုသလို အရာရာကြောက်လန့်နေရတော့မှာပဲ။

ဒါကြောင့် ကြောက်လန့်နေရခြင်းကင်းအောင် စိုးရိမ်နေရခြင်းကင်းအောင် အတ္တကို တိုက်ချွတ်ပစ်လိုက်ပါ။ လျှော့ချပစ်လိုက်ပါ။ အတ္တကို ခွါချဖို့ မကြောက်ပါနဲ့။ အတ္တတွေ အခုလျှော့ အခုနည်း အခုပျောက်ရင် အခုပဲချက်ခြင်းချမ်းသာသွားလိမ့်မယ်။ စိတ်လည်းချမ်းသာ ကိုယ်လည်းချမ်းသာရမှာ သေချာပါပဲ။

အခုပဲ အတ္တကို ရဲရဲ တိုက်ချွတ်ခွါချလိုက်ပါ။ မကြောက်ပါနဲ့ အများက နွေးနွေးထွေးထွေး ငြိမ်းငြိမ်းချမ်းချမ်း ပွေ့ဖက်ကြဖို့ ရှေ့မှာဆီးကြိုနေကြတယ်။
ငါးထန်းရွက်

ဆက်ဖတ်ရန်ကျန်သေးသည်...

အပျင်းပြေ ပါးပါးလေး

မောင်ကျည်ပွေ့တစ်ယောက်လည်း ပျင်းတာရော၊ အလုပ်ရှုပ်တာရော ကိုယ့်ကိုယ်ကို အကြောင်းပြပြီး စာမရေး ဖြစ်တာ တော်တော်ကြာသွားပါပြီ။ စာမရေးဖြစ်ပေမယ့် ဘလော့တကာလည်ပြီး စာတွေတော့ဖတ်ဖြစ်ပါတယ်။ အဲဒီလိုစာတွေလိုက်ဖတ်တဲ့အခါ ရသမျိုးစုံတွေခံစားရပါတယ်။ အထူးသဖြင့် ကုသိုလ်ရှင်ဘလော်ဂါတွေရဲ့ ကိုယ်တိုင်ကိုယ်ကျ လုပ်အား၊ ငွေအား ဒါနတွေအမျိုးမျိုးကို တွေ့ရတဲ့အခါမှာ ကြည်နူးမှုတွေဖြစ်ပြီး သာဓု အကြိမ်ကြိမ်ခေါ်မိပါတယ်။ ထို့အတူပဲ စစ်တပ်နဲ့နောက်လိုက်တွေရဲ့ အောက်တန်းကျတဲ့လုပ်ရပ်တွေကို တွေ့ မြင်ရတော့ အကုသိုလ်များပြီး ဒေါသအခါခါဖြစ်လို့ စိတ်ဆင်းရဲမိပါတယ်။ ဒီထက်ဆိုးတာက စစ်ခေါင်းချောင်တွေရဲ့ အယုတ်တမာလုပ်ရပ်တွေကို အကြောင်းအမျိုးမျိုးပြ ဖုံးကွယ်ပြီး ဖေါ်လံဖါးနေတဲ့စာတွေ ကို အဆက်မပြတ်ရေးပြီး ငါတကော ကော နေတဲ့ ရုရှားရောက် စစ်ခွေးလေးတွေရဲ့လုပ်ရပ်တွေကို အင်မတန် အော့နှလုံးနာ စက်ဆုပ်မိပါတယ်။

အရင်တုန်းကဆို သူတို့ဘလော့တွေမှာပဲ ရေးနေရာကနေ ခုတော့ စီဘောက်တွေမှာတစ်မျိုး ကွန်မန့်တွေမှာ တစ်ဖုံ နဲ့အမျိုးမျိုးခလောက်ဆန်နေပါတော့တယ်။ ရေးလိုက်ကြတဲ့အရေးသားတွေကလဲ အနှစ်သာရတခုမှ မပါတဲ့အပြင် သတ်ပုံတွေကအစ လွဲနေပါသေးတယ်။ အရည်အချင်းတွေပြနေလိုက်ကြတာ စာသင်စားရိတ် ပေးနေရတဲ့ပြည်သူတွေကိုမှ အားမနာနိုင်ဖြစ်နေကြတယ်။ အချက်အလက်တွေကလဲ ခိုင်လုံသလားမမေးနဲ့ မြန်မာ့အတင်းနဲ့ ချီးမှုံ အတင်းစာ အိမ်သာသုံးစက္ကူကဟာတွေ လာကိုးကားပြနေသေးတယ်။ ဒီကြားထဲ ဓမ္မစေတီဆရာတော်ကိုပါ ဆွဲလာပြပါတယ်။ ဒါကိုကြည့်ကတည်းက အဲဒီဆရာတော်ရဲ့ တရားတွေမနာဖူးတာ သေချာနေပြီ (သြော် မေ့သွားတယ် မကောင်းဆိုးဝါးနဲ့တရားဓမ္မ တည့်မှမတည့်တာ ပြောမိတာမှားပါတယ်)

တချို့ဘလော်ဂါတွေလည်း ခါတိုင်းရေးနေကျစာတွေမရေးနိုင်ပဲ အလုပ်ရှုပ်ခံပြီး ခွေးရိုက်စာတွေရေးနေရတယ်။ ကလူသစ်တို့လိုပေါ့၊ သီရိလင်္ကာက ရဟန်းတပါးလဲပါသေးတယ်။ ခွေးလေးတွေကတော့ ဘာမှ ဟုတ်တိပတ်တိ ပြန်မပြောနိုင်ကြပဲ ဝေ့လည်လည်ရှောင်ပြေးသွားတော့ ဒါလားကွ ယောက်ျား၊ ဒါလားကွ စစ်သားလို့ သူတို့စကားအတိုင်းမေးလိုက်ချင်ပါတော့တယ် (စစ်ဖိနပ်နဲ့တော့ဖြတ်မကန်ပါနဲ့ အနော်ကကြောက် တတ်တယ် အဟိ) လောကကြီးမှာ လူရယ်လို့ဖြစ်လာရင် ရှိရမယ့်၊ ရ ကို ရ ရမယ့် အခွင့်အရေး အချက်ပေါင်း (၃၀) အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေငြာစာတမ်းဆိုပြီး ကုလသမဂ္ဂ က ပြဌါန်းပြီး အဖွဲ့ဝင်နိုင်ငံတိုင်း က လက်မှတ်ရေးထိုးထုတ်ပြန်ထားတာရှိပါတယ်။ အဲဒီအချက်တွေဟာလည်း မြတ်စွာဘုရားရှင် ဟောကြား တော်မူခဲ့တဲ့ မေတ္တာသုတ်ကို ဘာသာပြန်လိုက်ရင် ကွက်တိပဲလို့ ဓမ္မစေတီဆရာတော် က မန္တလေးမှာ ထေရ၀ါဒဟင်းလေးအိုးကြီးတရားဟောစဉ်အခါ ထည့်သွင်းဟောကြားခဲ့ပါတယ်။

ကဲ ရွှေမြန်မာပြည်သူများ အဲဒီအချက် (၃၀) မှာ ဘယ်နှချက်နဲ့ကိုက်ညီလဲလို့ သုံးသပ်ဝေဖန်ကြည့်ရအောင် ဖေါ်ပြပေးလိုက်ပါတယ်။ မောင်ကျည်ပွေ့ကတော့ ဖတ်ရင်းစဉ်းစားရင်းနဲ့ ဘုရားခဏခဏ တမိပါတယ်။ မောင်ကျည်ပွေ့လို ကုသိုလ်ရချင်ရင်တော့ အောက်ဖေါ်ပြပါများကိုဖတ်ကြည့်ကြပါခင်ဗျား…
၁။လူတိုင်းမွေးဖွါးလာကတည်းက တူညီသောလူ့ဂုဏ်သိက္ခာနှင့် အခွင့်အရေးရှိသည်။ (စစ်တပ်ကတစ်မျိုး၊ ကြံ့ဖွတ်ကတစ်နည်းမဟုတ်ဘူး)
၂။လူတိုင်းအသားအရောင်၊ လိင်၊ ကိုးကွယ်သည့်ဘာသာ၊ ကျား၊မ မရွေး တန်းတူညီမျှဖြစ်သည်။ (အသားအရောင်ကပြဿနာမဟုတ်ဘူး၊ အင်္ကျီအရောင်ကပြဿနာဖြစ်နေတယ်)
၃။ လူတိုင်းအသက်ရှင်ခွင့် လုံခြုံ ခွင့်ရှိသည်။(လုံခြုံသလားမမေးနဲ့၊ အင်းစိန်မှာမိသားစုဝင်ကိုတောင်မပေး တွေ့ဘူး)
၎။ မည်သူ့ကိုမှ ကျွန်အဖြစ်စေခိုင်းခြင်းမပြုရ။(ရေးထားဝယ်ရထားလမ်းက သက်သေပေါ့)
၅။ မည်သူ့ကိုမှ မတရားနှိပ်စက်ခြင်း မရှိစေရ(ခဏလိုက်ခဲ့ပါပြောပြီး အစရှာမရအောင်ပျောက်သွားတယ်)
၆။ လူတိုင်းတရားဥပဒေရှေ့တွင် လူသားကဲ့သို့ဆက်ဆံခံရမည်။(အိုး..အချစ်ရယ် နိုး..နိုး)
၇။ လူတိုင်းတရားဥပဒေ ရှေ့မှောက်တွင် တန်းတူဖြစ်သည်၊ ကျောသား ရင်သားမခွဲခြားရ (ကျောသားရင်သားမခွဲပါဘူး။ ဆွေတော်မျိုးတော်လေးပဲခွဲတာပါ)
၈။ အခွင့်အရေးချိုးဖေါက်ခံရပါက ဥပဒေအကူအညီယူခွင့်ရှိသည်။(အဲဒါ မြန်မာလို ဘယ်လိုပြောရမလဲ?)
၉။ မည်သူ့ကိုမှ ဥပဒေမဲ့ဖမ်းဆီးခြင်း၊ တိုင်းပြည်မှနှင်ထုတ်ခြင်းမပြုရ။ (ဆိုင်းဘုတ်လေးထောင်ရင်လဲ ဖမ်းတာအဒူတွေလဲအတိဝူး)
၁၀။ လူတိုင်းမျှတသော တရားစီရင်မှုခံခွင့်ရှိ သည်။ လူအများ ကြားနာနိုင်သော တရားရုံးဖြစ်ရမည်။(ကိုဇာဂနာကိုမေးကြည့်ပေါ့)
၁၁။ အပြစ်ရှိသည်ဟု ခိုင် လုံသောအထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိ။(အင်း..ဟုတ်လား)
၁၂။ မကောင်းသောရည်ရွယ် ချက်ဖြင့် အခြားသူ၏ စာများဖေါက်ခြင်း အိမ်အတွင်းဝင်ခြင်းမပြုရ။(ဧည့်စာရင်းဗျို့..)
၁၃။ လူတိုင်း မိမိတိုင်း ပြည်အတွင်း လွတ်လပ်စွာ သွားလာခွင့်ရှိသည်။(အငြိမ့်ထဲက ကင်းကောင်အော်သလို အဲဒါမြန်မာဟေ့..မြန်မာ)
၁၄။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံတွင် ခိုလှုံခွင့်တောင်းခံနိုင်သည်။(ပြေးလွတ်တယ်ဆိုရင်ပေါ့)
၁၅။လူတိုင်း နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်ရှိသည်၊ ဆန္ဒရှိပါကအခြားနိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။ (မန္တလေးက တရုတ်တွေမေးကြည့်)
၁၆။ အရွယ်ရောက်ပြီးသော ကျား၊မ တိုင်း မိမိဆန္ဒဖြင့် လက်ထပ်ခွင့်၊ အိမ်ထောင်ထူထောင်ခွင့်ရှိသည်။(စိန်စီသောဝက်မ)
၁၇။ လူတိုင်းကိုယ်ပိုင်ပစ္စည်း ပိုင်ဆိုင်ခွင့်ရှိသည်။ (ဟုတ်ပ ကိုယ်ပိုင်ပစ္စည်းများမပြောပါနဲ့တော့ နိုင်ဂံဂျားဘဏ်မှာတောင်ခိုးအပ်ရတယ်)
၁၈။ လူတိုင်းလွပ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်၊ ဆန္ဒရှိပါက အခြားဘာသာသို့ကူးပြောင်းနိုင်သည်။(ဘုန်းကြီး ၀တ်မလို့ဟာ မပေးဝတ်ပဲတားတာ အဒူများပါလိမ့်)
၁၉။ လူတိုင်း လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ရှိသည်။ (အ.ဟွင်းဟွင်း သိတယ်နော်)
၂၀။ လူတိုင်း ငြိမ်းချမ်းသောနည်းဖြင့် ဖွဲ့ထားသော အဖွဲ့များသို့ လွတ်လပ်စွာ ၀င်ခွင့်ရှိသည်။ (ဟုတ်ပ ကြံ့ဖွတ်တွေမေးကြည့် ကွက်တိ)
၂၁။ လူတိုင်း မိမိတိုင်းပြည်၏ အစိုးရကိုဆန္ဒမဲဖြင့် ရွေးချယ်ပိုင်ခွင့်ရှိသည်။ (သြော့်သြော်…ဂယ်ဘဲလား..အင်)
၂၂။ လူတိုင်း လူမှုဘ၀ဖူလုံရေး ခံစားပိုင်ခွင့်ရှိသည်။( ဘာတွေလဲ ဒီစကားလုံးကို မကြားဖူးဘူးဂျ)
၂၃။ လူတိုင်း သင့်တင့်သောလစာဖြင့် အလုပ်လုပ်ခွင့် အလုပ်သမားသမဂ္ဂများသို့ ၀င်ရောက်ခွင့်ရှိသည်။ (ကျောင်းဆရာမလစာ တစ်လ သုံးသောင်းကျပ်တိတိ ကြီးများတောင်ရတယ်။ ဘယ်မှာလဲမတိ..အဟိ)
၂၄။ လူတိုင်း အပန်းဖြေအနားယူခွင့်ရှိသည်။(အားယားယား.. အားယားယား)
၂၅။ လူတိုင်းလုံလောက်သော လူနေမှုအဆင့်အတန်းနှင့် ဆေးကုသခံခွင့်ရှိသည်။(ငွေတော့အကုန်ခံပေါ့ လို့…)
၂၆။ လူတိုင်း ပညာသင်ကြားခွင့်ရှိသည်၊ အနိမ့်ဆုံး မူလတန်းပညာကို အခမဲ့ သင်ခွင့်ရှိသည်။(ကျောင်းဝင်ကြေး၊ ပရိဘောဂဖိုး၊ ဘာဖိုး ညာဖိုး အာပလာဖိုး……)
၂၇။ လူတိုင်း မိမိပတ်ဝန်းကျင်၏ယဉ်ကျေးမှုတွင် ပါဝင်ပိုင်ခွင့်ရှိသည်။ (အလုပ်မရှိရင်စွမ်းအားရှင်ဝင်လုပ်)
၂၈။ လူတိုင်း ဤစာတမ်းပါအခွင့်အရေးများကို လေးစားရမည်။(လူတိုင်းဆိုတော့ ခွေးတွေမပါဘူးပေါ့)
၂၉။ လူတိုင်း အခြားသူများ၏ အခွင့်အရေးကို လေးစားရမည်။(လေးဆိုတာမသိ၊ စားဆိုတာသာသိ)
၃၀။ ဤစာတမ်းပါအခွင့်အရေးများကို မည်သူမှမချိုးဖေါက်ရ။ (စာရွက်စာတမ်းလောက်က သနားတယ်)
လူတိုင်းဟာ ငါတို့တော်တော်ညံ့ခဲ့ကြတယ်လို့ မတွေးချင်ကြပါဘူး။ မောင်ကျည်ပွေ့လဲ အဲဒီလိုမတွေးချင်ပါဘူး။ စစ်ခွေးပေါက်စလေးတွေကတော့ ငါတို့တော်တော်ယုတ်မာအောက်တန်းကျခဲ့ပါလားလို့ မတွေးချင်ရင် အချိန်မီပါသေးကြောင်း.....။

ဆက်ဖတ်ရန်ကျန်သေးသည်...

သတင်းမှန်

ကိုမောင်မြတို့ရပ်ကွက်ထဲမှာ အစည်းအဝေးလုပ်ပါတယ်

ရပ်ကွက်လူကြီး။ ။ အခုဆိုရင် မုန်တိုင်းဒဏ်ထိခဲ့တဲ့ ကွမ်းခြံကုန်းမြို့နယ်မှာ ရေသန့်စက်ရုံကြီး တွေဆောက်လုပ်ခဲ့ပြီး ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ အလုံအလောက်ဝေငှနေပါတယ်။ ဆေးရုံကြီးတစ်ရုံကိုလည်း အသစ်ဆောက်လုပ်ထားပြီး ကုသမှုတွေပြုလုပ်ပေးနေပါတယ်။

ကိုမောင်မြ။ ။ ဒီနေ့မနက်ပဲ ကျွန်တော်ကိုယ်တိုင် ဆန်တွေသွားလှူခဲ့ပါသေးတယ်။ လူကြီးပြောသလိုမဟုတ်ပါဘူး။ ဘာစက်ရုံ၊ ဆေးရုံမှမတွေ့ခဲ့ပါဘူး။

လူကြီးက မျက်စောင်းတချက်ထိုးပြီးဆက်ပြောသည်။

ရပ်ကွက်လူကြီး။ ။ လပွတ္တာမြို့နဲ့ဘိုကလေးမြို့တွေမှာဆိုရင်လည်း နိုင်ငံတော်က ဆေးရုံကြီးတွေ ဆောက် ကားလမ်းတွေဖေါက်ပြီး ကျေးရွာအနှံ့ စားနပ်ရိက္ခာ၊ဆေးဝါးတွေ ဖြန့်ဝေပေး၊ဆေးကုသပေးနေ ပါတယ်။ သွပ်မိုးအိမ်တွေနဲ့ အစားထိုးဆောက်လုပ်ပြီး နေရာပြန်လည်ချထားရေးကို အကောင်ထည်ဖေါ် ဆောင်ရွက်လျက်ရှိပါတယ်။

ကိုမောင်မြ။ ။ မနေ့ညနေကပဲ အဲဒီဒေသတွေကနေ ကျွန်တော်ပြန်ရောက်ခဲ့ပါတယ်။ လူကြီးပြောတဲ့ ကားလမ်းဖေါက်ဖို့အသာထား လူသေအလောင်းတွေတောင် မရှင်းလင်းရသေးပါဘူး

ရပ်ကွက်လူကြီး။ ။ ကိုမောင်မြ ခင်ဗျားအားနေရင် ခရီးတွေပဲ ခဏခဏထွက်မနေပါနဲ့ မြန်မာ့အလင်းတို့ကြေးမုံတို့ကိုလည်းဖတ်၊ မြန်မာ့ရုပ်မြင်သံကြားကိုလည်းကြည့်ပါဗျ။ သိပ်ခက်တဲ့သူတွေပဲ။

(မောင်ကောင်းထိုက်စာအုပ်မှမှီငြမ်းခြင်းပါခင်ဗျာ)

ဆက်ဖတ်ရန်ကျန်သေးသည်...

 

©2009 မောင်ကျည်ပွေ့ | Template Blue by TNB