မြန်မာနိုင်ငံနှင့်မြန်မာလူမျိုးဟူ၍ ဖြစ်ပေါ်လာခဲ့သည်မှာ နှစ်ပေါင်းရာထောင်ချီနေပြီဖြစ်သည်။ ထို့အတူ အာဏာရှင်စနစ်သည်လည်း နိုင်ငံစပေါ်စဉ်ကပင် ယနေ့ထိတိုင်အောင် ဒွန်တွဲပါလာ ခဲ့ပေသည်။ ကမ္ဘာပေါ်ရှိနိုင်ငံများသည်လည်း အာဏာရှင်စနစ်နှင့်ပင် စတင်ဖြစ်ထွန်းလာခဲ့ သော်လည်း ယနေ့အချိန်တွင် အများစုမှာ ထိုအာဏာရှင်စနစ်ကိုစွန့်၍ အများသဘောတူ အုပ်ချုပ်သော၊ လူအများ၏ဆန္ဒကိုအလေးထားသော စနစ်သစ်ကို မိမိတို့နိုင်ငံအလိုက် လျော်ညီစွာကျင့်သုံးနေကြပြီဖြစ်သည်။ ထို့အတွက်ကြောင့်လည်း အများသဘောတူအုပ်ချုပ် သောနိုင်ငံများသည် အာဏာရှင်စနစ်ဖြင့်အုပ်ချုပ်သောနိုင်ငံများထက် လူမှုရေး၊စီးပွါးရေး စသည်တို့၌ အဖက်ဖက်က သာလွန်တိုးတက်နေကြသည်ကို တွေ့မြင်နိုင်ကြပေသည်။
မြန်မာတို့၏ယဉ်ကျေးမှုတွင် အာဏာရှင်စနစ်ကို အခြေခံသော အတွေးအခေါ်အယူအဆများ တို့သည် အတော်ပင်အခြေခိုင်နေကြပြီး ကျွန်ုပ်တို့သည်လည်း ထိုယဉ်ကျေးမှုနှင့်ပင် ကြီးပြင်း လာခဲ့ရပေသည်။ ဥပမာအားဖြင့် မိဘစကားကိုနားထောင်ရမည်၊ သားသမီးသည် မိဘကို ပြန်လှန်ဆွေးနွေးခွင့်မရှိ၊ ငါကမွေးထားတာ ငါခိုင်းသလိုလုပ် စသည်ဖြင့် အိမ်တွင်းအာဏာရှင် စနစ်ကို ငယ်စဉ်ကပင်ရိုက်သွင်းခံရသည်။ အကျိုးအကြောင်းပြဆုံးမခြင်းမျိုး နည်းပါးသည်ကို အများအားဖြင့်တွေ့မြင်နိုင်သည်။ ထိုမှတဆင့် ကျောင်းနေစဉ်အရွယ်တွင်လည်း ဆရာများ၏ သင်ကြားမှုကို ၏သည်မလွဲ ပြန်ဖြေနိုင်မှ အမှတ်ပြည့်ရသည်။ မိမိ၏တီထွင် ထိုးထွင်းဥာဏ်ဖြင့် ဘာမှမလုပ်နိုင်အောင် ကန့်သတ်ထားပေတော့သည်။
ထိတ်လန့်ဖွယ်အကောင်းဆုံးမှာ ဗုဒ္ဓဘာသာကိုခုတုံးလုပ်၍ အာဏာရှင်ယဉ်ကျေးမှုကို ဘုရားဟောသယောင်ယောင် လုပ်ထားခြင်းပင်ဖြစ်သည်။ မိဘ၊ဆရာကို ဘုရားနှင့် တဂိုဏ်းတည်းထားခြင်းမှာ ဘုရားဟောမဟုတ်ပေ။ ဘုရားရှင်ကိုယ်တော်တိုင် မိဘစကားနား ထောင်ခဲ့လျှင် ဘုရားပင်ဖြစ်ဦးမည်မဟုတ်။ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဟောကြားခဲ့သော “ကာလာမသုတ်”ကို ဗုဒ္ဓဘာသာခံယူသူတို့မကျင့်သုံးကြပဲ “ပထမအရွယ်ပညာရှာ၊ ဒုတိယအရွယ်စီးပွါးရှာ၊ တတိယအရွယ် ဘာဝနာရှာ” စသည့် ဘယ်ကလာမှန်းလည်းမသိသည့် အဆိုအမိန့်ကို အဟုတ်ကြီးထင်၍ တနိုင်ငံလုံးအတိုင်းအတာဖြင့် ယုံကြည်ကျင့်သုံးနေသည်။
အထက်ပါအဆိုအမိန့်သည် နက်နဲစွာမတွေးလျှင် သင့်တော်ကောင်းမွန်သည်ဟု ထင်နိုင်ဖွယ် ရှိပေသည်။ သို့သော်တကယ်တမ်းတွင် မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သော မမြဲခြင်း၊ သင်္ခါရတရားကို မျက်ကွယ်ပြု၍ ကောင်းမွန်မြင့်မြတ်သည့်လုပ်ဆောင်ချက်တို့ကို နောက်ဆုံး အိုမင်းမစွမ်းသည့်အချိန်မှ လုပ်ခိုင်းထားခြင်းဖြစ်နေတော့သည်။ ထို့အတွက်ကြောင့် လူငယ်များစွာတို့သည် သီလစောင့်ထိန်းခြင်း၊ တရားနာခြင်း၊ ကောင်းမှုပြုခြင်း စသည်တို့မှာ အသက်ကြီးမှလုပ်ရသည့်အလုပ်၊ လူကြီးမှလုပ်ရသည့်အလုပ်ဟု လွဲမှားစွာယုံကြည်သွားခြင်း ဖြစ်စေတော့သည်။ ဘုရားရှင်လက်ထက်တော်က ခုနှစ်နှစ်အရွယ် ကလေးများပင် သီလ၊ ဘာဝနာများလုပ်ခဲ့ကြသည့် အစဉ်အလာကောင်းများကို ရိုက်ချိုးပြစ်လိုက်ခြင်းဟုပင် ခေါ်ဆိုထိုက်ပေတော့သည်။
အလှူဒါနပြုလုပ်ရာတွင်လည်း ပစ္စည်းဥစ္စာတို့ကို တွယ်တာတပ်မက်မှုနည်းရန်၊ မိမိစွန့်လွှတ်မှု ကြောင့် လောကလူများချမ်းသာရန် စသည့် ကောင်းမြတ်သော၊ ဘုရားရှင်နှစ်သက်သော လှူဒါန်းခြင်းမျိုးထက်၊ တလှည်းစာလောက်ဝင်ရန် တဆုပ်လောက်တော့ကျဲလိုက်မည်၊ နောင်အနာဂတ်တွင် ချမ်းသာရန်အတွက်စွန့်ထားမည် စသည့်လောဘနှင့်ယှဉ်သော မိမိအတ္တ အကျိုးစီးပွါးကို ဦးတည်သော ရင်းနှီးမြှပ်နှံခြင်းမျိုးပုံစံသာဖြစ်နေတော့သည်။ ထို့ကြောင့် မိဘမဲ့ကလေးအတွက်၊ ဘိုးဘွားရိပ်သာအတွက်၊ ပညာရေးအတွက်၊ နောက်ဆုံးအများပြည်သူ အကျိုးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံသူများထောက်ပံ့ရန်အတွက် စသည်တို့ထက်စာလျှင် ဘုရားတည်၊ရဟန်းခံ၊ကျောင်းဆောက် အလုပ်မျိုးတွင် ကိုယ်ကျိုးကြည့်ပြီး ပကာသနအတွက် လှူဒါန်းမှုများပြုနေကြပေတော့သည်။
ထိုသို့သောအတွေးအခေါ်၊ ယဉ်ကျေးမှုကို ဘုရားဟောသယောင်ပြုလုပ်ထားသည်မှာ ရာစုနှစ် ပေါင်းများစွာ ကြာမြင့်လာပြီဖြစ်သည်။ ထိုအာဏာရှင်စနစ်ကို တွန်းလှန်မှုပြုနေသည်ကတော့ နှစ်ပေါင်းငါးဆယ်ပင်မပြည့်သေးပေ။ ထို့ကြောင့် အောင်မြင်မှုမရသေးသည်မှာ စိတ်ဓါတ်ကျ ဖွယ်၊ စိတ်ပျက်ဖွယ် ဟုမထင်သင့်ပေ။ ကျွန်ုပ်တို့ယခင်ကထက်ပို၍ ကြိုးစားအားထုတ်မှုပြုသင့် ကြောင်းသာဖြစ်သင့်ပေသည်။ အလျှင်းသင့်၍ ဆရာတော်ကြီးတစ်ပါးက ဤသို့မိန့်ကြားခဲ့သည် မှာ ကနောင်မင်းသားကြီးက အင်္ဂလိပ်စသောဥရောပသားတို့ တိုးတက်ကြီးပွါးခြင်းမှာ
၁။ သတ္တိရှိခြင်း
၂။ ပညာရှိခြင်း
၃။ စည်းကမ်းရှိခြင်း
၎။ ဇွဲရှိခြင်း စသည့်အချက် (၄) ချက်နှင့်ပြည့်စုံခြင်းကြောင့်ဟုယုံကြည်ယူဆခဲ့သည်။
မြန်မာတို့သည် အချက်(၄)ချက်အနက် ၁၊၂ တို့သာပြည့်စုံပြီး ၃၊၄ တို့တွင် အားနည်းသော ကြောင့် တိုးတက်ကြီးပွါးခြင်း၌ နောက်ကျနေရခြင်းဖြစ်ကြောင်း မိန့်ခဲ့ပေသည်ဟု မှတ်သားခဲ့ရ ဖူးသည်။
ထို့အပြင်လည်း မိဘကဖြစ်စေ၊ အထက်လူကြီးဆိုသူများကဖြစ်စေ ပြောဆိုပြုမူချက်များ မှားယွင်းနေသည်ကိုသိသော်လည်း၊ ပြန်လှန်ဆွေးနွေးခွင့်မရှိခြင်း၊ မရဲခြင်း၊ အများမိုးခါးရေ သောက် ဆိုသောစကားကို ရင်ဝယ်ပိုက်ထားခြင်း စသည်တို့ကြောင့်လည်း အာဏာရှင်စနစ် တည်မြဲနေသေးခြင်းဖြစ်ပေသည်။ ထို့အတူ ဤသည်တို့ကား ငါတို့အလုပ်မဟုတ် ငါတို့အရွယ် သည် ဤသည်တို့ကိုဆောင်ရွက်ရမည့်အရွယ်မဟုတ် စသည်ဖြင့် ရှောင်လွှဲနေကြခြင်းသည် လည်း အကြောင်းတခုဖြစ်ပေတော့သည်။ အရာရာကို ကိုယ်ကျိုးရှေ့တန်းတင်၍ ဒါလုပ်လိုက်ရင် ငါ့အတွက် ဘာပြန်ရမလဲဟု တွက်နေခြင်းသည်လည်း အကြောင်းတခုဖြစ် နေတော့သည်။
အထက်ပါတို့သည် ကျွန်ုပ်၏ထင်မြင်ယူဆချက်များသာဖြစ်သည်။ မိတ်ဆွေများအနေဖြင့် လွတ်လပ်စွာ ကွဲလွဲနိုင်ပါကြောင်း………….
အာဏာ..ရှင်
Posts Relacionados:
Subscribe to:
Post Comments (Atom)
3 comments:
အားပေးနေပါတယ်ဗျာ။ ကိုကျည်ပွေ့ တင်ပြသွားတာလေးတွေ ကောင်းပါတယ်။ မြန်မာတွေရဲ့ အားနည်းချက်ကလေးတွေကို ခုလိုပွင့်ပွင့်လင်းလင်း ဝေဖန်မှပဲ သိကြမှာပါ။ အစဉ်အဆက်က ပညာရှင်များကလည်း မြန်မာတွေရဲ့ ဇွဲ နဲ့ စည်းကမ်း လျော့နည်းပုံကို ထောက်ပြခဲ့ကြပါပြီ။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြောရရင် တစ်ချို့အချက်ကလေးတွေတော့ ကျွန်တော် သဘောမတူပါဘူး။ အနန္တောအနန္ထငါးပါးဆိုတာ လက်လွတ်စပယ် မထိခိုက်သင့်ပါဘူး။ မိဘဆရာကို ဘုရားနဲ့တစ်ဂိုဏ်းထည်းထားခြင်းဟာ အာဏာရှင်စနစ်နဲ့ ဘာမှမဆိုင်ပါဘူး။ မြတ်စွာဘုရားက မိဘနှစ်ပါးရဲ့ ကြီးမားတဲ့ မွေးကျေးဇူး၊ ကျွေးကျေးဇူးတွေကို ရည်ညွန်းခဲ့တာပါ။ မြတ်စွာဘုရား ဟောကြားထားခဲ့တဲ့ ကျွန်တော်တို့ ငယ်ငယ်ကတည်းက သင်ခဲ့ရတဲ့ မိဘ၀တ်၊ ဆရာ့ဝတ်၊ တပည့်ဝတ်၊ သားသမီးဝတ် တွေထဲမှာလည်း တစ်သွေးတစ်သံတစ်မိန့် ဆိုတဲ့ အာဏာရှင်ဝါဒသံ နည်းနည်းလေးမှ မပါပါဘူး။ ရိုသေလေးစားမှု ဂါရ၀တရား တာဝန်သိတက်မှု တာဝန်ယူတက်မှု တာဝန်ကျေပွန်မှု သနားသည်းခံတက်မှု စတာတွေကိုပဲ ဖေါ်ညွန်းထားတာတွေ့ရမှာပါ။ ကိုကျည်ပွေ့ ထောက်ပြထားတဲ့ မိဘပြောတာမှန်သမျှ လိုက်နာရမယ် ပြန်မပြောရဘူးဆိုတာတွေက ရိုသေလေးစားမှု အပေါ်မှာ အခြေခံပြီး နည်းနည်း တစ်ဖက်စွန်းရောက်သွားတဲ့ အချက်တွေပါ။ မိဘက လုံးလုံးကြီးမှားနေတာကို မျက်စိမှိတ် နားထောင်ရမယ်လို့လည်း မဆိုလိုပါဘူး။ အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှု ရှိရပါမယ်။ နောက် ကျွန်တော်တို့ ပညာရေးစနစ်ရဲ့ အားနည်းချက်တွေ ဆရာသင်တာဖြေမှ စသည်ဖြင့်ပေါ့။ ကျွန်တော်လည်း ဒါတွေကို သဘောမတွေ့ပါဘူး။ အဲဒါတွေက မိဘဆရာနဲ့ သားသမီးတပည့်ကြားမှာ အပြန်အလှန် ညှိနှိုင်းတက်တဲ့ အလေ့အထ ကျွန်တော်တို့မှာ မရှိလို့ပါ။ အာဏာရှင်စနစ်မဟုတ်ပါဘူး။ မြတ်စွာဘုရားကလည်း ကိုကျည်ပွေ့ညွန်းခဲ့သလို ကမ္ဘာကျော် ကာလာမသုတ် မှာ ဟောခဲ့ပြီးသားပါ။ အဲဒီတော့ ဒါဟာ ကျွန်တော့်အမြင်အရတော့ ခုနကပြောတဲ့ ပွင့်ပွင့်လင်းလင်း ညှိနှိုင်းတက်မှုလေး အားနည်းတာပါ။ မြန်မာလူမျိုးတွေရဲ့ အားနည်းချက်လို့ပဲ ဆွေးနွေးချင်ပါတယ် ခင်ဗျာ။
ကိုအောင်ဆန်းခင်ဗျား... ခုလိုအမြင်ခြင်းဖလှယ် ဆွေးနွေးပေးတာ အထူးကျေးဇူးတင်ပါတယ်။ အကျိုးနဲ့ အကြောင်းနဲ့ဆွေးနွေးပေးတဲ့အတွက်လည်း ပိုပြီးလေးစားမိပါတယ်ခင်ဗျာ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ ဆိုဆုံးမထားတဲ့၊ လိုက်လည်းလိုက်နာသင့် တဲ့ အဆုံးအမတွေ အများကြီးပါပဲ။ သို့သော် မလိုက်နာကြတာကိုက ခက်နေတာပါ။ မြတ်စွာဘုရားရှင်က မိဘဆရာကို ရိုသေလေးစားသင့်ကြောင်း၊ ကျေးဇူးကြီးကြောင်းဆုံးမညွှန်ပြထားပါတယ်၊ သို့သော် အနန္တောအနန္တငါးပါး၊ ဘုရားနဲ့တဂိုဏ်းတည်းထား စသည်ဖြင့်တော့ မဟောခဲ့ဘူးလို့ထင်ပါတယ်။ မြတ်စွာဘုရားရှင်ဟာ ၀ိနည်းတော်တွေကို သူ့သဘောနဲ့သူ မပညတ်ခဲ့ပါဘူး။ ရဟန်းတော်တွေက သဘောမတူရင် မပညတ်ခဲ့ပါဘူးခင်ဗျာ။ အနှိုင်းမဲ့ဘုရားရှင်ရဲ့ အတုယူဖွယ်အပြန်အလှန်ညှိုနှိုင်းမှု ပါပဲခင်ဗျာ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ ဘုရားမဟောတာကို ဘုရားဟောသယောင်လုပ်ပြီး ခုတုံးလုပ်နေတာတွေ အများကြီးပါပဲ။ ဥပမာ မြတ်စွာဘုရားရှင်ဟာ မိဘကျေးဇူးဆပ်တာ နို့တလုံးဖိုးပဲကြေတယ် စသည်ဖြင့်ရေးသားပြောဆိုနေတာတွေ တွေ့မြင်ဖူးမှာပါ။ အဲဒီလို မဟုတ်တာကို ဟုတ်အောင်လုပ်ပြီး ကြီးသူနဲ့ငယ်သူ၊ မိဘနဲ့သားသမီး၊ ဆရာနဲ့တပည့် ဆွေးနွေးညှိုနှိုင်းမှုမရှိပဲ ကြီးသူတွေက ငါတကောကောနေတာကို မကောင်းဘူးမသင့်ဘူးလို့ တင်ပြလိုခြင်းသာဖြစ်ပါတယ်။ မိဘဆရာတွေကို မရိုသေ၊ မလေးစားရဘူးလို့ ပြောခြင်းမဟုတ်ပါခင်ဗျား။ အထူးသဖြင့် မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် စံပြနေထိုင်၊ ဆုံးမခဲ့မဲ့ မိဘတွေအများစုက အာဏာရှင်သဖွယ်ပြုကျင့်နေတာလေးကို ထောက်ပြခြင်းပါပဲခင်ဗျား...
Post a Comment