အပူရှောင်ကြသူများ

မောင်ကျည်ပွေ့တယောက် ရေမြေခြားမှာကျင်လည်နေတာ ဆယ်စုနှစ်ကျော်ခဲ့ပါပြီ။ မကြာ ခဏ တခြားသူတွေက လာလာမေးတတ်ကြတဲ့မေးခွန်းတခုက “ဘယ်တော့မြန်မာပြည် ပြန်မလဲ”ဆိုတာပါပဲ။

ဒီအမေး မေးခံရတဲ့အခါတိုင်း ပြန်ဖြေဖြစ်တာ က “အဆင်ပြေတဲ့တနေ့နေ့ပေါ့” ။ “ဘယ်တော့အဆင်ပြေမှာလဲ”လို့ ဆက်မမေးကြတာကို ကျေးဇူးတင်မိပါရဲ့ဗျာ။ နို့မို့ဆို ဆက်ဖြေဖို့ရာ အဖြေမရှိတော့ပါဘူး။ ဘယ်တော့လောက်မှ မွေးရပ်မြေမှာ မိဘဆွေမျိုးတွေနဲ့ ငြိမ်းချမ်းလုံခြုံတဲ့ဘ၀ကို ရရှိမလဲဆိုတာေ၀၀ါးနေဆဲပါပဲ။

မိဘတွေကလည်း အသက်ကြီးလွန်းလှပါပြီ။ ကျွန်တော့်အနေနဲ့ မွေးရပ်မြေမှာ ပြန်ပြီးအခြေ ချဖို့ ကြိုးစားခဲ့ပါတယ်။ လုပ်ကိုင်စားသောက်လို့မရဘူးရယ်လို့တော့ မဟုတ်ပါဘူး။ တ၀မ်း တခါးအတွက်ကတော့ ရှာရလွယ်ပါရဲ့၊ သို့သော် မိသားစုတခုလုံးအတွက်ဆိုတာကတော့ ဘယ်လိုမှကို မဖြစ်နိုင်ဘူးဖြစ်နေပါတယ်။

ကိုယ့်အိမ်ထောင်ကို လောက်ငှအောင်စီမံရမှာ ဖြစ်သလို သူ့ဘက်ကိုယ့်ဘက်မိဘတွေကိုထောက်ပံ့နိုင်ဖို့ဆိုရင်တော့ အင်းးးးးး ဒါတောင် မိဘတွေကို လုံးဝတာဝန်ယူဖို့အဆင့် မတွေးရသေးဘူးနော်။ ကျွန်တော့်ဘလော့မှာ ကိုယ်ရေးကိုယ်တာတွေကို သိပ်ရေးလေ့ရေးထ မရှိပါဘူး။

အခုရေး နေတာက ထိုင်းနိုင်ငံရောက်အလုပ်သမားတွေထဲက တယောက်ရဲ့ဘ၀ကိုရေးပြတဲ့ သဘောလောက်ပါပဲ။ ကျွန်တော့်လိုမျိုးမဟုတ်တာတောင် ဆင်တူရိုးမှားလေးတွေ အများ ကြီးဖြစ်နေပါတယ်။ အထူးသဖြင့် အခြေခံလူတန်းစားဖြစ်တဲ့ ကျွန်တော်တို့အလုပ်သမား တွေရဲ့ဘ၀တွေဟာ ထိုနည်းနှင်နှင်လို့ပြောလို့ရသလို ဒီ့ထက်တောင်ပိုဆိုးသူတွေလည်း ဒုနဲ့ဒေးပါပဲ။

ကျွန်တော်တို့ရဲ့သားသမီးအနာဂတ်ကို ထပ်မထည့်တော့ပါဘူး။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ဟာ မွေးရပ်မြေမှာ လုပ်စားကိုင်စား လို့ အဆင်မပြေတာကြောင့် ထွက်ပေါက်ရှာတဲ့အနေနဲ့ ထိုင်းနိုင်ငံကို ရောက်လာပြီး တ၀ဲလည်လည်နဲ့ လုပ်ကိုင်စားသောက်နေရတုန်းပါပဲ။ ကိုယ့်ဘ၀ရဲ့အပူမီးတွေကို ငြိမ်းနိုင် ဖို့ရည်ရွယ်ချက်နဲ့ သူများနိုင်ငံမှာ အောက်တန်းကျ၊အနှိမ်ခံပြီး အလုပ်လာလုပ်နေရကြရပါ တယ်။

အဲဒီလိုလာလုပ်လို့ အပူမီးတွေငြိမ်းမသွားပေမဲ့ ထိန်းတော့ထိန်းနိုင်ပါတယ်။ဒါကြောင့်လည်း မောင်ကြီးမပြန်နိုင် ဆိုသလို ကြိတ်မှိတ်ပြီး နေနေကြတာ ဆယ်စုနှစ်ကျော်လို့ တချို့ဆို ဒုတိယမျိုးဆက်တွေကိုပါခေါ်လာပြီး အလုပ်လုပ်နေကြပါတယ်။ ဘယ်လိုပဲဖြစ်ပါစေသေချာ တာကတော့ ကျွန်တော်တို့အားလုံးဟာ ကိုယ့်နိုင်ငံကို ပြန်ကြမယ်ဆိုတဲ့ ဆန္ဒကတော့ အားလုံးရဲ့ရင်ထဲမှာ ကိုယ်စီကိုယ်စီရှိနေကြပါတယ်။

သူများနိုင်ငံထဲမှာ ခိုးဝင်သူဘ၀နဲ့ အလုပ်လာလုပ်နေကြရတဲ့ အဓိကအကြောင်းအရင်းဟာ ကိုယ့်နိုင်ငံက ငတ်မွတ်ခေါင်းပါး လို့၊ သယံဇာတချို့တဲ့လို့၊ ရာသီဥတုမမျှတလို့၊ လူဦးရေများလို့၊ အလုပ်အကိုင်ရှားပါးလို့..... အစရှိတဲ့ အခြားနိုင်ငံတွေမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကြောင့် မဟုတ်ပါဘူး။ဒီလို နိုင်ငံခြားကို တဖွဲဖွဲနဲ့ ထွက်လာနေကြတဲ့ အကြောင်းအရာတွေ အများကြီးထဲက အား လုံး ၀ိဝါဒမကွဲပဲ လက်ခံနိုင်ကြမယ့်ဟာကတော့ ဘ၀တိုးတက်မှုကိုလိုချင်လို့ ဆိုတာပါပဲ။

အရင်တုန်းကဆိုရင် နိုင်ငံခြားကို အစုလိုက်အပြုံလိုက်ထွက်ပြီးအလုပ်လုပ်ကြတာဟာ အခြေခံလူတန်းစားတွေ အထူးသဖြင့် တိုင်းရင်းသားတွေအများစုဖြစ်ပါတယ်။ အခုနောက် ပိုင်းမှာတော့ တောရောမြို့ပါ လူတန်းစားပေါင်းစုံဖြစ်နေပါပြီ။ အထူးသဖြင့် လူငယ်တွေဟာ တိုင်းပြည်ထဲမှာ မနေနိုင် မနေချင်ကြတော့ပါဘူး။

အတန်းပညာမမြင့်တဲ့လူတွေက အလုပ် လုပ်ဖို့ အတန်းပညာမြင့်တဲ့လူတွေက အဆင့်မြင့်ပညာသင်ဖို့ စသည်ဖြင့် ဖြစ်လာပါပြီ။ အခုလက်ရှိမှာ ဘယ်လိုအကြောင်းကြောင့်ပဲ နိုင်ငံခြားကိုထွက်ထွက် သေချာတာကတော့ ကိုယ့်နိုင်ငံကို တော်ရုံနဲ့ပြန်ဖြစ်ဖို့မလွယ်ကြတာ ကိုယ့်တွေ့အရ၊ မြင်နေကြားနေချက်အရ ဖြစ်နေကြပါပြီ။ ကျွန်တော်တို့လို အလုပ်လာလုပ်နေတဲ့သူတွေကလည်း ပြည်တွင်းမှာ အလုပ်ပြန်လုပ်ဖို့ တော်ရုံနဲ့မဆုံးဖြတ်ရဲပါဘူး။

ဝင်ငွေချင်းက တော်တော်လေးကွာပါတယ်။ နေရထိုင်လုပ်ကိုင်ရတဲ့ အဆင့်အတန်းချင်းကလည်းကွာနေပါတယ်။ ထို့အတူပဲ နိုင်ငံခြားမှာပညာသင်နေတဲ့လူတွေကလည်း ပညာသင်ပြီးရင် ကိုယ့်တိုင်းပြည် ပြန်ဖို့ဆိုတာမလွယ်ပါဘူး။ သင်ထားတဲ့ပညာနဲ့ကိုက်ညီမယ့်အလုပ်၊ ၀င်ငွေအဆင့်အတန်း စတာတွေက ဘယ်လိုမှမယှဉ်သာတဲ့အတွက် နိုင်ငံခြားမှာပဲ ရပ်တည်နေကြပါတယ်။

အခု ဆိုရင် ပိုက်ဆံရှိတဲ့အသိုင်းအ၀ိုင်းကလည်း သားသမီးတွေကို နိုင်ငံခြားလွှတ်ကျောင်းတက် ဆိုတာတွေက ထုံးစံလိုဖြစ်နေပါပြီ။ ကျွန်တော်မြင်နေတာကတော့ အဲဒီလူတွေဟာလည်း တော်ရုံနဲ့ မြန်မာပြည်ပြန်ဖို့ မလွယ်တော့ပါဘူး။ အထက်မှာ ကျွန်တော်ပြောခဲ့သလို ဖြစ်နေ ကြဦးမှာပါ။ ဒါတောင် ပြည်တွင်းက ထွက်လာချင်လျက်နဲ့ အဆင်မပြေလို့ မလာနိုင်တဲ့သူ တွေကို ထည့်မတွက်ထားသေးပါဘူး။

အကျဉ်းချုပ်အနေနဲ့ဆိုရင်တော့ ကျွန်တော်တို့ဟာ ရင်ဆိုင်နေရတဲ့ အပူအမျိုးမျိုးကြောင့် နိုင်ငံခြားကို ထွက်လာနေကြပါတယ်။ အဲဒီအတွက် ကြောင့်လည်း အပူတွေကနေသက်သာခွင့်တွေ ရနေကြပါတယ်။ ဒါပေမဲ့ သေချာတာက တော့ ကျွန်တော်တို့ရဲ့အပူတွေ မငြိမ်းသွားပါဘူး။ ဒါဆိုရင် ကျွန်တော်တို့အပူတွေကို ငြိမ်းသွားအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ မေးစရာ ဖြစ်လာပါပြီ။

ကျွန်တော်တို့ အခုလိုပဲ နိုင်ငံခြားကို နည်းမျိုးစုံနဲ့ ထွက်နေကြတာဟာ အမှန်ဆုံးနည်းလမ်းပဲလား...၊ တခြားဘာနည်းလမ်းတွေရှိသေးသလဲ... နောက်လာမယ့် မျိုးဆက်တွေအတွက် ကျွန်တော်တို့ ခင်းထားတဲ့လမ်းက အဆင်ပြေနိုင်မလား.... ကျွန်တော်ကတော့ အဲဒီ လား..ပေါင်းများစွာနဲ့ ပတ်လည်ရိုက်နေပါတယ်။ မိတ်ဆွေများ လည်း ကျွန်တော်နဲ့ အတွေးတိုက်ဆိုင်ခဲ့ရင် ၀ိုင်းစဉ်းစားကြပါဦးခင်ဗျာ။ အဖြေတခုခုတော့ ရနိုင်ကောင်းမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျားးးးးးးးးးးး။

2 comments:

MieMie said...

အဖြေကတော့ ဝေးနေဦမှာပါ....

mie nge

ကလူသစ် said...

ကလူသစ်ကတော့ မြန်မာပြည်မှာပဲ နေချင်တာပါဗျာ။ သူများယောင်လို့ လိုက်ယောင်ပြီးထွက်လာတာ။ ခုပဲ ပြန်တော့ရင် ကောင်းမလား စဉ်းစားနေတာ ခွိခွိ (ကျမ်းမာရေးသိတ်မကောင်းတာနဲ့ မြို့မေတ္တာခံရအောင် ရေးလိုက်တာ :) )

 

©2009 မောင်ကျည်ပွေ့ | Template Blue by TNB