မောင်ကျည်ပွေ့နေထိုင်ရာ မဟာချိုင်မည်သော ဘန်ကောက်အနီးရှိမြို့ကလေးတွင် မြန်မာ နိုင်ငံသား တောင်ကျော်အလုပ်သမားများ ၂-၃သိန်းခန့်ရှိသည်။ မြို့ကလေးကသေးငယ် သော်လည်း စက်ရုံအလုပ်ရုံပေါင်း ကြီးကြီးငယ်ငယ် ရှစ်ထောင်ခန့်ရှိ၍ အများအားဖြင့် ပင်လယ်အစားအစာစက်ရုံများဖြစ်ပြီး အခြားသော သံထည်စက်ရုံ၊ ပရိဘောဂစက်ရုံ၊ ဖိနပ်၊ အထည်ချုပ် စသောစက်မှုလက်မှုလုပ်ငန်းများလည်းရှိပေသည်။
မြေပုံပေါ်တွင် စမွတ်စာခွန် ခရိုင် ဟုခေါ်သောထိုမဟာချိုင်မြို့လေးမှ တစ်နှစ်လျှင်နိုင်ငံခြားထွက်ကုန်တန်ဖိုးဘတ်သန်း ပေါင်း သိန်းနှင့်ချီ၍ထုတ်လုပ်နေသည်။ ထိုထုတ်ကုန်အများစုမှာ ကျွန်ုပ်တို့ မြန်မာနိုင်ငံသား တောင်ကျော်အလုပ်သမားတို့၏ သွေးချွေးမှထွက်ပေါ်လာသည်ဟုဆိုလျှင်ရ၏။
ထိုင်းနိုင်ငံအနှံ့ မြန်မာအလုပ်သမားသန်းဂဏန်းခန့်ရှိရာတွင် မောင်ကျည်ပွေ့နေထိုင်ရာ မဟာချိုင်မြို့ကလေးသည် မြန်မာအလုပ်သမားအများဆုံးနေရာကို ဘန်ကောက်မြို့တော် နောက်မှကပ်၍ ဒုတိယနေရာ၌ရှိနေသည်။ သို့သော် ဘန်ကောက်မြို့သည် ကြီးများကျယ် ပြန့်ပြီး ဒေသခံထိုင်းလူမျိုးကလည်းများသည့်အတွက် မြန်မာအလုပ်သမားတို့သည် မထင် မရှားဖြစ်လျက်ရှိသည်။
မဟာချိုင်မြို့ကလေးတွင်မူ ဒေသခံထိုင်းလူမျိုးက သိန်းဂဏန်း အရေအတွက်မျှသာရှိသည့်အပြင် မြို့အကျယ်အ၀န်းကလည်း သေးငယ် သည့်အတွက် မြန်မာနိုင်ငံသားအလုပ်သမားများမှာ အစုလိုက်အပြုံလိုက်ဖြစ်နေသည်။ ချိုင်းနားတောင်းများရှိနေသကဲ့သို့ ဘားမားတောင်းဟုဆိုရလောက်အောင် မြန်မာလူမျိုးအ များစုနေထိုင်သော ရပ်ကွက်ကြီးများကို အပိုင်းလိုက်မြင်တွေ့နိုင်သည်။
နာမည်ကြီးသည့် ရပ်ကွက်ကြီးတခုမှာ တလတ်ကုန့်(ပုစွန်ဈေး) ဖြစ်ပြီး ထိုဈေးဝင်းကြီးတွင် လူဦးရေ ခြောက် ထောင်မှရှစ်ထောင်ခန့်ရှိ၍ ၉၉.၅%မှာ ကျွန်ုပ်တို့ ရွှေများဖြစ်ကြသည်။ ထိုကဲ့သို့သော ရပ်ကွက်ကြီးမျိုး မဟာချိုင်မြို့ကလေးတွင် ဆယ်ရပ်ကွက်ထက်မနည်းရှိနေပေသည်။ ကမ္ဘာအနှံ့ရှိ တရုတ်လူမျိုးများ၏ ချိုင်းနားတောင်းများတွင် လွတ်လပ်စွာလုပ်ကိုင်စား သောက်ခွင့်ရကြသော်လည်း ကျွန်ုပ်တို့ဘားမားတောင်းများတွင်ကား ဘာမှလုပ်ပိုင်ခွင့်မရ ရှိပေ။
ထိုင်းအစိုးရက မြန်မာအလုပ်သမားများကို အလုပ်ကြမ်းနှင့်အိမ်ဖေါ်သာလုပ်ခွင့်ပေး ထားသည့်အတွက် မြန်မာအလုပ်သမားများအနေဖြင့် ကိုယ်ပိုင်ဆိုင်ဖွင့်ခြင်း၊ အရောင်းအ ၀ယ်ပြုခြင်းတို့လုပ်ခွင့်မရှိဖြစ်နေသည်။ ယုတ်အဆွဆုံး ကွမ်းယာဆိုင်ဖွင့်လျှင်ပင် ရဲဖမ်း၍ ထောင်ချပြီးနယ်စပ်ပြန်ပို့ခံရနိုင်သည်။ သို့ဆိုလျှင် မြန်မာဈေးဆိုင်များမရှိဘူးလားဟု မေး သော် ရှိပေသည်ဟုဖြေရမည်။
နေရာတိုင်းတွင်ထွက်ပေါက်ရှိသည်ဆိုသကဲ့သို့ ဆက်ကြေး ပေးလျှင် ဈေးဆိုင်ဖွင့်၍ရပေသည်။ ထိုင်းရဲများသည် ၎င်းတို့ဘုရင်ကိုလွန်စွာချစ်မြတ်နိုး သဖြင့် ကျွန်ုပ်တို့သည် ဘုရင်ပုံပါသောဘတ်ငွေစက္ကူအရွက်ကြီးများကို ထိုင်းရဲများအားပေး ဆောင်ပြီး ဥပဒေအထက်ကနေနိုင်ပေသည်။ သူ့အရပ်နှင့်သူ့ဇာတ် လိုက်ဖက်စွာရပ်တည် နေသည်။
ကျွန်ုပ်တို့ မြန်မာလူမျိုးများကား လာဘ်ထိုးခြင်းအတတ်ကို ကျွမ်းကျင်အောင် လေ့ကျင့်ခဲ့ရသဖြင့် ဤမှာဘက်တွင် မပူရေးချမပူဟုဆိုနိုင်ရလောက်အောင် ဆို့တတ်ဖို့ တတ်နေသည်။ကျွန်ုပ်တို့အလုပ်သမားများသည် ထိုင်းဥပဒေအရ အလုပ်သမားအခွင့်အရေးကို တန်းတူရ ပိုင်ခွင့်ရှိသည်ဟု မည်သို့ပင်ပြဌာန်းထားသော်လည်း အလုပ်သမားအခွင့်အရေး လူ့အခွင့် အရေးတို့တွင် များစွာချိုးဖေါက်ခံနေကြရသည်။ နေရာတိုင်းတွင် အနှိမ်ခံဘ၀ဖြင့် နေနေကြ ရသည်။
သမိုင်းကြောင်းအရ ထိုင်းလူမျိုးများက မြန်မာကို မုန်းတီးနေသည့်အခံကရှိပြီးသား ဖြစ်သည့်အပြင် ယခုအခါသူတို့လက်အောက်ခံအလုပ်သမားဖြစ်နေကြရသဖြင့် မြေနိမ့်ရာ လှံစိုက်ခြင်းမှာ အထူးအဆန်းမဟုတ်သကဲ့သို့ဖြစ်နေသည်။ လက်ရှိအနေအထားအရလည်း ထိုင်းတို့၏ အခွင့်အရေးချိုးဖေါက်ခံရခြင်းမှာ ကျွန်ုပ်တို့အဖို့ ငရဲကလာသူပြာပူမကြောက် ဆိုသလိုလည်းဖြစ်နေ၍ မြန်မာအလုပ်သမားတို့အဖို့ ၀င်လာမစဲတသဲသဲဖြစ်နေသည်။
ဤမြို့တွင် ဆယ်စုနှစ်တခုအကြာနေထိုင်ခဲ့သည့်အတွေ့အကြုံအရ ကျွန်ုပ်တို့ မြန်မာပြည် သားများ အနှိမ်ခံဘ၀ဖြင့် တကူးတကလာရောက်လုပ်ကိုင်ရခြင်းအကြောင်းအရင်းမှာ မြန်မာပြည်တွင် အလုပ်အကိုင်ရှားပါးခြင်းဆိုသည်ထက် လုပ်စားကိုင်စားမဖြစ်ခြင်းကြောင့် ဟု ရဲရဲကြီးပြောနိုင်ပေသည်။ မဟာချိုင်တွင်လာရောက်အလုပ်လုပ်သူအများစုသည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းမှ အများစုဖြစ်ပြီး ၎င်းတို့သည်အများအားဖြင့် ကိုယ်ပိုင်လယ်၊ ယာ၊ ခြံ စသော အလုပ်များကိုလုပ်ကိုင်ခဲ့သူချည်းဖြစ်သည်။
ထို့သို့ကိုယ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း စသည်တို့ကိုလုပ်ကိုင်ခဲ့သော်လည်း ရရှိသောဝင်ငွေမှာ ရရစားစားဖြစ်နေသည့် အတွက် ပိုပိုလျှံလျှံရှိရန် ဤထိုင်းနိုင်ငံအတွင်းသို့ လာရောက်လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ၌ ရရှိရန်မလွယ်ကူသော လူနေမှုအဆင့်အတန်း၊ ကျန်းမာရေးခံစား ပိုင်ခွင့် အစရှိသော လူလူသူသူနေနိုင်ရခြင်းကလည်း အကြောင်းတချက်ဖြစ်သည်။
ဥပမာ- အလုပ်လုပ်ခွင့်လက်မှတ်(ဘတ်) ရှိသောအလုပ်သမားတစ်ဦးသည် ကျန်းမာရေးမကောင်း ပါက ဆေးကုသခွင့်ကို တစ်ကြိမ်လျှင် ၃၀ဘတ်(ကျပ်ငွေ၁၀၀၀) သာပေး၍ကုသမှုခံယူနိုင် သည်။ ဆေးကုသခွင့်ကို ထိုင်းနိုင်ငံသားနည်းတူ ခံစားနိုင်သည်။ အပေါက်စောင့်မှစ၍ ဆရာဝန်အဆုံး မည်သည့်ငွေကြေးမှပေးဆောင်ရန်မလိုပေ။ ထို့ကြောင့် မြန်မာအလုပ်သ မားများသည် ကလေးမွေးခြင်းမှအစ ငှက်ဖျား၊တီဘီ အစရှိသောရောဂါများကို ငွေကြေး ကုန်ကျမှုမများပဲ အာနိသင်ပြည့်ဝသော ဆေးဝါးများဖြင့် ကောင်းမွန်စွာကုသခံယူခဲ့ကြရ သည်။
မွန်၊ကရင်၊တနင်္သာရီဒေသများမှ မြန်မာနိုင်ငံသားများ တဖွဲဖွဲဝင်ရောက်လာရခြင်း၏ နောက် ထပ်အကြောင်းတစ်ခုမှာ အဆိုပါဒေသများရှိကျေးရွာများတွင် သက်ကြီးရွယ်အိုနှင့် အရွယ် မရောက်သေးသောကလေးငယ်များသာ အများစုကျန်ရှိနေပြီး ဆယ်ကျော်သက်မှစ၍ လူငယ်လူလတ်ပိုင်းအများစုသည် ထိုင်းနိုင်ငံထဲတွင် အလုပ်လုပ်လာလုပ်နေကြသည်။
ထို့ကြောင့် အချို့လူငယ်များသည် မိဘကအဆင်ပြေငွေကြေးမရှားသော်လည်း အပေါင်း အဖေါ်များရှိရာ စုဝေးရာ ဤထိုင်းနိုင်သို့ စီးပွါးရေးထက် အပျော်သဘောမျိုး လာရောက် နေကြခြင်းဖြစ်သည်။ အရွယ်ရောက်လျှင်ရှမ်းပြည်(ထိုင်း)သွား ဆိုသည်မှာ ယဉ်ကျေးမှုသ ဖွယ်၊ ခေတ်ရေစီးကြောင်းသဖွယ်ဖြစ်နေပြီး ထိုင်းကိုမှမရောက်ဖူးလျှင် ခေတ်မမီသကဲ့သို့ လည်းဖြစ်နေပေတော့သည်။
ဖေါ်ပြပါအကြောင်းအရာတို့သည်အမှန်တကယ်ဖြစ်ပျက်နေပေသည်။ ကျွန်ုပ်ဤအကြောင်း ကိုရေးနေခြင်းမှာ အစပျိုးနေခြင်းသာဖြစ်သည်။ ယခုအခါ ဒေါ်စုဦးဆောင်သော အတိုက်အ ခံများက စီးပွါးရေးပိတ်ဆို့သဖြင့် တိုင်းပြည်နိမ့်ကျနေရကြောင်း တွင်တွင်ဝါဒဖြန့်နေမှုကို တွေ့မြင်နေရသဖြင့် ကျွန်ုပ်၏ အမြင်ရှုထောင့် ဘလော့တကာမှဖတ်မှတ်ခဲ့သော အမြင်များ ကိုပေါင်းစပ်ရေးရန် စဉ်းစားမိသဖြင့် အစပျိုးနေခြင်းမျှသာဖြစ်ပါသည်။
နောက်အပိုင်းများ တွင် ထိုအကြောင်းအရာများနှင့်တကွ မြန်မာ့နိုင်ငံရေးကို ကျွန်ုပ်မြင်သလို ထပ်မံရေးသွား ပါမည်။ ကျွန်ုပ်၏မိတ်ဆွေများ အတွေးတစ်စရလျှင်ပင် ကျေနပ်ပါကြောင်းပါခင်ဗျားးးးး
နိဒါန်း
Posts Relacionados:
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment