ဗမာများနဲ့ တိုင်းရင်းသား လူမျိုးစုတို့ရဲ့အကြောင်းကို ဆက်ပြီးရေးချင်ပါသေးတယ်။ သို့သော် “ပေါ့စေလို၍ ကြောင်ဆေးထိုးမှ ဆေးအတွက်လေးရတယ်” ဆိုရိုးစကားလိုလည်း ဖြစ်သွားမှာကို စိုးရိမ်မိပါတယ်။ တချို့ကိစ္စတွေမှာ ကိုယ်ကမှန်တယ်လို့ထင်နေပေမယ့် သူ့ဖက်ကကြည့်ရင်မှားတယ်လို့ ယူဆလာနိုင်စရာ တွေဖြစ်တတ်လို့ပါ။ နောက်ပြီး ကျွန်တော်အနေနဲ့ လက်တွေ့ဘ၀မှာလည်း တိုင်းရင်းသားလူမျိုးစု တစ်မျိုးနှစ် မျိုးနဲ့သာ ရင်းနှီးမှု၊ လေ့လာထားမှု တွေရှိတဲ့အတွက် ခြုံငုံပြီးရေးရမှာကို ၀န်လေးပါတယ်။ ဒါကြောင့် စာဖတ်သူတွေထဲမှာ တိုင်းရင်းသားတွေပါခဲ့ရင်၊ အမြင်တွေကိုဖလှယ်ဆွေးနွေးချင်ရင် စီဘောက်/ကွန်မန့်ထဲ မှာရေးခဲ့ပေးပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။
အခုလက်ရှိ ထိုင်းလို တန်ဒေါင့် အင်္ဂလိပ်လို မိုင်ဂရန့်လို့ခေါ်နေကြတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားတွေအကြောင်းနဲ့ အဲဒီအလုပ်သမားတွေရဲ့အပေါ် ထိုင်းတွေထားရှိတဲ့ သဘောထားတွေကို လက်လှမ်းမီသလောက် တင်ပြသွားပါမယ်။ ကျွန်တော်လေ့လာမိသလောက်ကတော့ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့လာခဲ့တာ နှစ်ပေါင်းလေးဆယ်ကျော်လောက် ရှိခဲ့ပါပြီ။ အစောပိုင်းကာလတွေမှာ ထိုင်း-ကမ်ပူးချားနယ်စပ်တွေမှာရှိတဲ့ ပတ္တမြားတွင်းတွေမှာ၊ အထူးသဖြင့် ခမာနီ နယ်မြေထဲမှာ တွင်းတူးသမားအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့ကြပါတယ်။
ကန်ချနဘူရီလို့ခေါ်တဲ့ ခရိုင်ထဲမှာလည်း ခဲမိုင်းလုပ်သားအဖြစ်နဲ့ လုပ်ခဲ့ကြပါတယ်။ အလုပ်သမားအများစု ဟာ နိုင်ငံရေး၊ တော်လှန်ရေးနဲ့ ပတ်သက်မှုရှိသူတွေဖြစ်ကြပါတယ်။ ပြည်ချစ်တပ်၊ ကွန်မြူနစ်တပ်၊ မွန်၊ ကရင်တိုင်းရင်းသားတပ်၊ နေ၀င်းတပ် အစရှိတဲ့ တပ်တွေထဲက အကြောင်းအမျိုးမျိုးကြောင့် ထွက်လာသူ တွေဖြစ်ကြပါတယ်။ သာမန်အရပ်သားကတော့ အလွန်နည်းပါတယ်။ ဒုစရိုက်မှုတွေကြောင့် ရှောင်တိမ်းလာ သူတွေလည်းရှိခဲ့ကြပါတယ်။ အဲဒီအချိန်က ထိုင်းနဲ့မြန်မာစီးပွါးရေးအခြေချင်း ကွာဟမှုသိပ်မရှိသေးပါ။ ငွေလဲလှယ်နှုန်းမှာ မြန်မာငွေကပိုမြင့်နေပါသေးတယ်။ ဒါကြောင့် သာမန်အရပ်သားတွေ သိပ်မလာတာလို့ ကျွန်တော်ယူဆပါတယ်။
အဲဒီအချိန်က မြန်မာနိုင်ငံသားတွေဟာ ခမာနီစစ်ပွဲကြား မိုင်း၊ဗုံး၊အမြှောက်၊ ထောင်ချောက်၊အဆိပ်တွေကြား မှာ သက်စွန့်ဆံဖျား ရုန်းကန်ခဲ့ရပြီး အသက်ဆုံးရှုံးခဲ့ရသူတွေ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသူတွေ အများကြီးပါ။ အဲဒီကြားမှာမှ ကံကောင်းလို့ကျောက်အောင်ခဲ့ရင် ဈေးကောင်းကောင်းနဲ့ အန္တရာယ်မရှိပဲ ရောင်းနိုင်ဖို့လိုပါ သေးတယ်။ ငွေရလာရင်လည်း ထိန်းသိမ်းနိုင်ဖို့၊ အိမ်ပြန်ပို့မယ်ဆိုရင်လည်း လို့ပေးတဲ့လူကြုံစိတ်ချရဖို့ အဆင့်တွေအများကြီး ကျော်ဖြတ်ရပါသေးတယ်။ သူတို့တွေ ဘယ်လိုစိတ်ဓါတ်အင်အားတွေနဲ့ ရုန်းကန်လှုပ် ရှားခဲ့ပါသလဲဆိုတာ အင်မတန်မှစိတ်ဝင်စားစရာကောင်းလှပါတယ်။
အဲဒီနောက် ဆယ်စုနှစ်ကျော်လာတဲ့အခါ သာမန်အရပ်သားတွေဝင်ရောက်လာမှု တဖြေးဖြေးတိုးလာခဲ့ပါ တယ်။ ထိုင်းကလဲ စီးပွါးရေးဖွံ့ဖြိုးစပြုလာပြီး ဆောက်လုပ်ရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ အလုပ်သမားလိုအပ် ချက်တွေ မြင့်တက်လာပါတယ်။ 8888 အရေးအခင်းပြီးတဲ့နောက် 90 ခုနှစ်ကနေစလို့ မြန်မာနိုင်ငံသားတွေ ရဲ့ဝင်ရောက်လာမှုတွေဟာ တဟုန်းထိုးမြင့်တက်လာခဲ့ပြီး 95-96 ဗစ်စစ်မြန်မာရီးယားလို့ န.၀.တ တို့ကြွေး ကြော်နေချိန်မှာ ထိုင်းမှာအလုပ်လုပ်ဖို့အတွက် မြန်မာနိုင်ငံသားတွေက လူပွဲစားကို နှစ်ကျပ်ခွဲနှုန်းနဲ့ပေးပါ့မယ် လို့ တောင်းပန်နေရတဲ့ခေတ်ပါ။ နှစ်ကျပ်ခွဲဆိုတာ ရွှေကိုပြောတာနော်၊ တစ်ချို့ဆို သုံးကျပ်အထိပေးရတယ်။ ပွဲစားတွေကခေါ်လာ ဒီမှာရရာအလုပ်သွင်း၊ လုပ်အားခကို ရွှေဈေးနဲ့ချိန်ပြီး ဆပ်ပေးရတယ်။
အကယ်၍ အလုပ်ကလည်းအဆင်ပြေတယ်၊ ရဲပုလိပ်၊ ဓါးပြရန်ကလည်း ကင်းဝေးတယ်ဆိုရင် ရွှေတွဲလွဲ ငွေတွဲလဲဖြစ်ပါတယ်။ လူပွဲစားတွေအတွက်လည်း ပြယုဂ်ကောင်းရပြီး လုပ်စားဖို့လမ်းပွင့်သွားပါတယ်။ အဲဒီအချိန်ကစလို့ ပွဲစားတွေ ခေတ်ထလာတာ အခုအချိန်ထိတိုင်အောင်ပါပဲ။ ကောင်းတဲ့ပွဲစား၊ ယုတ်တဲ့ပွဲစား ပွဲစားစုံလင်၊ လောကတခွင်လို့ စာချိုးရမတတ်ပါ။ ယုံမှတ်လို့ ပုံအပ်ခဲ့သူတွေ၊ ယောက်ျားလေးကိုလှေမှာ ရောင်း မိန်းကလေးတွေဆို ဖါရုံမှာရောင်း ဘ၀ပေါင်းများစွာလည်းဆုံးရှုံခဲ့ရပါတယ်။ အိမ်ကစထွက်လာ ကတည်းက ဒုက္ခတွေနဲ့ရင်းနှီးခဲ့ရပြီး ဘ၀ကိုအလောင်းအစားလုပ်ခဲ့ရသူတွေပါ၊ အရင်းစစ်တော့ အမြစ်မြေ ပေါ့လေ။
ဆက်ရန်……
မုန်းတီးခြင်း၏သားကောင် ၂
Posts Relacionados:
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment