ရင်းလိုက်ကြစို့ သူငယ်ချင်း

မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေကြောင်း စာဖတ်သူမိတ်ဆွေများနှင့် ဘလော်ဂါမိတ်ဆွေများ ကို နှုတ်ခွန်းဆက်လိုက်ပါတယ်ခင်ဗျာ။ တကူးတက လာရောက်နှုတ်ဆက်ဆုတောင်းပေး ကြသောမိတ်ဆွေများနဲ့ မှတ်ချက်လေးများချန်ပေးခဲ့သော မိတ်ဆွေများကိုလည်း ၀မ်းသာ စွာနဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ။

အခုဆိုရင် ၂၀၀၈ခုနှစ်ဟာ ကျွန်တော်တို့ကိုချန်ခဲ့ပြီး ၂၀၀၀၉ ခုနှစ်ကိုရောက်ပါတော့မယ်။ ပြန်ပြောင်းတွေးကြည့်ရင် ၂၀၀၈ခုနှစ်ထဲမှာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေဟာ နိုင်ငံ့အရေးနဲ့ပတ်သက်ပြီး ခံစားမှုပေါင်းစုံ ရရှိခံစား ခဲ့ကြရပါတယ်။ နှစ်အစပိုင်းမှာဆိုရင် ၂၀၀၈မှာ စစ်အာဏာရှင်တွေ ပြိုကွဲပျက်စီးတော့မယ် လို့ ကျွန်တော်နဲ့တကွ လူတော်တော်များများ မျှော်လင့်ယုံကြည်ခဲ့ကြပါတယ်။

အဲဒီနောက် ဗုတ်နိုး၊ နိုးဗုတ်တွေနဲ့ ငြင်းခုန်သံတွေ ဆူညံနေခဲ့ကြပါတယ်။သမိုင်းနဲ့ချီပြီးအကြီးအကျယ်ဆုံးသော မြန်မာနိုင်ငံရဲ့ထိခိုက်နစ်နာမှုဖြစ်တဲ့ နာဂစ်မုန်တိုင်း ကြီးရဲ့ဒဏ်ကိုလည်း ခံခဲ့ရပါတယ်။ သိန်းနဲ့ချီပြီးသေဆုံးခဲ့ရာသလို သန်းနဲ့ချီပြီး ဒုက္ခဆင်းရဲ မျိုးစုံခံစားခဲ့ရပြီး နောက်ဆက်တွဲစိတ်ဓါတ်ပိုင်းမှာလည်း အနာတရဖြစ်ခဲ့ရပါတယ်။ အဲဒီ နောက်မှာတော့ ကယ်ဆယ်လှူဒါန်းရေးလုပ်ငန်းတွေကို ပြည်တွင်းပြည်ပ လက်တွဲပြီး ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။

အဲဒီနောက်တော့ သွေးအေးသွားကြပြီး လှုပ်ရှားမှုတွေလည်း အချိန်တိုအတွင်းမှာပဲ ငြိမ်သက်သွားပါတယ်။ နောက်ထပ်ဖြစ်လာခဲ့တာကတော့ အဖမ်းဆီး ခံနေရတဲ့ ရဟန်းသံဃာတော်များ၊ ကျောင်းသားခေါင်းဆောင်များ အစရှိတဲ့အာဇာနည်များ ကို နှစ်ရှည်ထောင်ဒဏ်များချလို့ ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာကို ထိုးနှက်လာပါတော့တယ်။

နောက်ထပ်လှုပ်ရှားမယ့်၊ လှုပ်ရှားချင်တဲ့သူများကိုပါ တခါတည်း ခြောက်ပြီးသားဖြစ်သွား တာပေါ့လေ။၂၀၀၈ခုနှစ်ထဲမှာ အင်မတန်မှနစ်နာရတဲ့ဆုံးရှုံးမှုတခုကတော့ ခေါင်းဆောင်ကြီးဖဒိုမန်းရှာ လုပ်ကြံခံခဲ့ရခြင်းပါပဲ။ တိုင်းရင်းသားများနဲ့ဗမာလူမျိုးများအကြားက လူမျိုးရေးမုန်းတီးမှုတွေ ကို ရင်ကြားစေ့ပေးနိုင်မယ့် ထိန်းတန်းခေါင်းဆောင်ကြီးကို ဆုံးရှုံးခဲ့ရခြင်းဖြစ်ပါတယ်။အဲဒီ ဖြစ်ရပ်က ပြည်ပရောက်အတိုက်အခံတွေ၊ တော်လှန်ရေးသမားတွေဟာ ပျော့ကွက်ဟာ ကွက်တွေ များစွာရှိနေတယ်လို့ ပြလိုက်တာပဲဖြစ်ပါတယ်။

ပေးဆပ်လိုက်ရတဲ့တန်ဖိုးက အလွန်လည်းကြီးမားလှပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းက နယ်စပ်မှာရှိတဲ့ အတိုက်အခံ တော်လှန်ရေးလုပ်ငန်းတွေကို ဖျက်ဆီးဖို့ စစ်တပ်ကလူအယောက် ၂၀ စေလွှတ်ခဲ့ကြောင်း သတင်းပျံ့လွင့်လာခဲ့ပါတယ်။ တကယ်က ခုမှမဟုတ်ပါဘူး ကာလများစွာကတည်းက စစ်တပ်ကလူတွေဟာ နယ်ပယ်နေရာမျိုးစုံမှာ ၀င်ရောက်ပူးသတ်နေရာယူခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း ခေါင်းဆောင်ကြီးဖဒိုမန်းရှာကို လွယ်လွယ်နဲ့ လုပ်ကြံလို့ရသွားခဲ့တာပါ။ ခေါင်းဆောင်တဦးကို လုပ်ကြံဖို့ဆိုတာ ရက်ပိုင်းနဲ့စီစဉ်လို့မရပါဘူး။

အနည်းဆုံး လပိုင်းနဲ့ အထပ်ထပ်အခါခါ စီစဉ်ပြီးမှ အောင်မြင်အောင်လုပ်နိုင်မှာပါ။အဲဒီလိုခက်ခဲတဲ့အလုပ်ကိုအသာထားလို့ ဘလော့လောကမှာပဲကြည့်ဦးမယ်ဆိုရင် ရွှေဝါ ရောင်နောက်ပိုင်း ဘလော့တွေအပြိုင်းအရိုင်းပေါ်လာတဲ့အချိန်မှာ စစ်တပ်ဖက်က လူလွှတ် ဘလော့တွေထောင်လို့ အမျိုးမျိုးပူးသတ်ခဲ့ပါတယ်။

အမျိုးသမီးငယ်တွေလွှတ်ပြီး သူ့လူ ကိုယ့်ဘက်သားလုပ်ခိုင်းလို့ ခြေရှုပ်ခဲ့ပါတယ်။ ဘလော်ဂါတချို့လည်း အဲဒီဒဏ်ကို ခံခဲ့ရပါ တယ်။ ထိုင်းထဲမှာကို အဲဒီခြေရှုပ်အမျိုးသမီးတွေရှိနေပြီး အုပ်စုဖွဲ့လို့ သတင်းယူသတင်းပို့ နှောင့်ယှက်နေတုန်းပါပဲ။ အခုနောက်ပိုင်းမှာ ဖွတာတွေ၊ ပွတာတွေဟာ ဘလော့လောက မှာ များလာပါတယ်။ အဓိက ကတော့ ဘလော်ဂါတွေ အထူးသဖြင့် နိုင်ငံရေးဖက်ကို အားသန်တဲ့ဘလော်ဂါတွေကို စုစည်းမှုတွေပြိုကွဲအောင် ဘလော့လောကမှာလည်း အကွဲ အပြဲတွေပေါ်အောင် စိတ်အနှေင့်အယှက်ဖြစ်အောင် ထိုးနှက်နေတာပါပဲ။

အထူးသတိထား နိုင်ပါမှ တော်ကာကျပါမယ်။ (တချို့ကတော့သွေးရိုးသားရိုးဖြစ်နိုင်ပါတယ်)ကဲပါလေ.. အဲဒါတွေအသာထားလို့ ကျွန်တော်တို့ရဲ့ရည်မှန်းချက်အကြောင်းကို ပြန်သွား ကြည့်ရအောင်။ ကျွန်တော်တို့တွေအားလုံး ဘယ်လိုပင်မတူကွဲပြားနေကြပါစေ တူညီနေ ကြတာကတော့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးပါပဲ။

၂၀၀၈မှာ စစ်အာဏာရှင်တွေ ပြိုကွဲ ပျက်စီးရမယ်လို့ ယုံကြည်ယူဆခဲ့ပေမဲ့ အခုထိ ပန်းပန်းလျက်ပါဆိုသလိုဖြစ်နေပါတယ်။ ဒီတော့ ကျွန်တော်တို့ရှေ့ဆက်ရမယ့်ခရီးမှာ ရည်မှန်းချက်အောင်မြင်အောင် ဘယ်လိုဆက် လုပ်ကြမလဲဆိုတာ ပြောစရာဖြစ်လာပါပြီ။ သေချာတာကတော့ ကျွန်တော်တို့ လုပ်မြဲလုပ် စဉ် လမ်းစဉ်အတိုင်း လုပ်နေလို့ကတော့ စစ်တပ်က သူချမှတ်ထားတဲ့ လမ်းကြောင်းအ တိုင်း အခက်ခဲမရှိ လျှောက်လှမ်းသွားမယ်ဆိုတာပါပဲ။

စစ်တပ်မှာတိကျတဲ့လမ်းစဉ်ရှိပါ တယ်။ ဘယ်နှစ်ဘယ်လမှာ ဘာဖြစ်အောင်လုပ်ရမယ်၊ ဘယ်လိုလုပ်ကြမယ်ဆိုတာ ရှင်းလင်းပြတ်သားပါတယ်။ လုပ်လည်းလုပ်နေကြပါတယ်။ကျွန်တော်တို့မှာ ဘာလမ်းစဉ်တွေရှိပြီး ဘယ်လိုလုပ်ကြမယ်ဆိုတာ အခုထိတော့ မှုန်ဝါးနေ တုန်းပါပဲ။ အစည်းဝေးလုပ်လိုက်၊ အခမ်းအနားလေးကျင်းပလိုက်နဲ့ လုံးလည်ချာလည်လိုက် နေတာပဲလို့ပြောရင် လူကြီးမင်းအပေါင်းတို့စိတ်ဆိုးကြမလားမသိပါဘူး။

ပြည်တွင်းကလူ တွေ အသက်အိုးအိမ်စည်းစိမ်တွေရင်း၊ တန်ဖိုးဖြတ်မရနိုင်တဲ့ မိသားစုအနာဂတ်ဘ၀တွေ ရင်းပြီး တိုင်းပြည်အတွက်လုပ်နေရချိန်မှာ ကျွန်တော်တို့တွေ ဘာများရင်းပြီးပါသလဲဆိုတာ စဉ်းစားကြည့်ဖို့ကောင်းပါတယ်။ ဘေးကနေချီးကျူး၊ဂုဏ်ပြု လေးစားပါတယ် ရွှီးဖြောင်းဖြောင်း လုပ်နေရုံလောက်နဲ့ကတော့ ဘာမှမအောင်မြင်နိုင်ပါဘူးဆိုတာ ပြောဖို့တောင် မလိုဘူးလို့ ထင်ပါတယ်။ ကျွန်တော်နဲ့ရင်းနှီးတဲ့ အကိုတယောက်ကတော့ သူတို့မသိတာမဟုတ်ဘူး မသိချင်ယောင်ဆောင်နေတာကွလို့ ပြောဖူးပါတယ်။

ဝန်းသိုစော်ဘွားဦးအောင်မြတ်က စလို့ ဗိုလ်ချုပ်အောင်ဆန်းအလယ် ယနေ့အကျဉ်းစံခေါင်း ဆောင်တွေအဆုံး အားလုံးဟာ တိုင်ပြည်နဲ့လူမျိုးအတွက် ယုံကြည်ချက်အတွက် ရင်းပြီးခဲ့ ရင်းနေကြဆဲပါပဲ၊ ကျွန်တော်တို့ပဲကျန်ပါတော့တယ်။ အခုလက်ရှိခေတ် နိုင်ငံခြားရောက်နေ တဲ့ လူတွေဟာ အရင်အစဉ်အဆက်လူတွေထက် အားသာတာကတော့ နည်းပညာပိုင်း နိုင် ငံတကာအတွေ့အကြုံတွေရှိကြတာပါ။

အားနည်းချက်ကတော့ မရင်းရဲတာလို့ မြင်ပါတယ်။ အဲဒီလိုပြောရင် တချို့ကလည်း ငါတို့တော့ ဘယ်တုန်းက ဘယ်လိုရင်းခဲ့တာလို့ ပြောနိုင်ပါ တယ်။ ဟုတ်ကဲ့ ရင်းတယ်ဆိုတာက ခေတ္တခဏ မဟုတ်ပါဘူး၊ ပြီးဆုံးအောင်မြင်တဲ့အထိ ရင်းမှ ရမှာပါလို့ ပြန်ဖြေရပါမယ်။ အဲဒီလိုမှာမဟုတ်ရင် ကိုယ်ရင်းခဲ့တာဟာ တန်ဖိုးရှိသင့် သလောက်မရှိပဲ တခါတရံဆို သူက ဒါတွေမြင်လို့ရင်းခဲ့တာလို့ အများပြောစရာဖြစ်လာနိုင် ပါသေးတယ်။ဒါကြောင့် ကျွန်တော်တို့ရှေ့က နောင်တော်ကြီးများရဲ့ အတွေ့အကြုံတွေကို အခြေခံလို့ အတုယူစရာ၊ သင်ခန်းစာယူစရာတွေကိုကြည့်ရင်းနဲ့ တိကျခိုင်မာတဲ့လမ်းစဉ်၊ လုပ်ဆောင် ရမယ့်နည်းလမ်း၊ လုပ်ဆောင်ရမယ့်အချိန်ကာလ အစရှိသဖြင့် ချမှတ်ပြီး တတပ်တအား ပါဝင်လုပ်ဆောင်ရင်း ၂၀၀၉ခုနှစ်ကို ဖြတ်သန်းကြပါစို့လို့ ဆန္ဒပြုပါကြောင်း………

ဆက်ဖတ်ရန်ကျန်သေးသည်...

တဂ်စာ

ကျွန်ုပ်သည် ဘလော့လောကထဲသို့ ဆော်စာ ကလော်စာများရေးရင်း ၀င်ရောက်လာခဲ့ သည်။ အမြင်မတော်ဟုထင်လျှင် မည်သူမှမရွေး အားလုံးကိုဆော်ခဲ့ ကလော်ခဲ့သည်။

ယခု လည်း ဆော်ရ၊ ကလော်ရဦးပေမည်၊ အခြားသူမဟုတ် ကိုယ့်ကိုယ်ကို ပင်ဖြစ်သည်။ စာရေး သားခြင်းနှင့် အခြားအနုပညာအတတ်များတွင် ပညာရှင်အဆင့်ကျွမ်းကျင်နေသော ကျွန်ုပ် ကလေးစား အားကျရသော ဆရာ သစ်နက်ဆူး က ချစ်ခင်သောအားဖြင့် တဂ် လာသည့် မိမိကိုယ်မိမိ မုန်းနေသာ ၁၀ ချက်ကို ရေးရပေတော့မည်။

အခြားသူများကိုသာ အားမနာ လျှာကျိုးဝေဖန်ခဲ့သော ကျွန်ုပ် ယခုကိုယ့်ကိုယ်ကို ဝေဖန်သုံးသပ်လိုက်ပါသည်။ ၁။ အလုပ်ကို နေ့ရွှေ့ညရွှေ့လုပ်တတ်သောအကျင့်
၂။ လူမှုရေးဆက်ဆံမှုညံ့ခြင်း
၃။ မိမိ၏ရည်မှန်းချက်ကို မရမနေလုပ်မည့် ဇွဲမရှိခြင်း
၎။ အဆိုးမြင်တတ်မှုများနေခြင်း
၅။ သည်းခံနိုင်မှုနည်းခြင်း
၆။ အငြင်းသန်ခြင်း
၇။ ဖတ်ခဲ့သောစာများကို မေ့လွယ်ခြင်း
၈။ ယခုအသက်အရွယ်ထိ ဘာအတတ်ပညာတခုမှ မတတ်မြောက်သေးခြင်း
၉။ ဘာသာရေးနှင့်ပတ်သက်၍ ဆရာကောင်းများနှင့်ကြုံခဲ့သော်လည်း တိုးတက်မှုမရှိခြင်း
၁၀။ စာရေးရန်ပျင်းခြင်းထပ်ရေးရလျှင် နောက်ထပ်အချက်များစွာ ကျန်နေပါသေးသည်။ အခြားဘလော်ဂါများလို ဖတ်ချင်စဖွယ်ဖြစ်အောင် မရေးနိုင်သောကြောင့် ဤမျှသာ ရေးလိုက်ပါသည်။ ကျေနပ်ပါ ဆရာဆူးခင်ဗျား………

ဆက်ဖတ်ရန်ကျန်သေးသည်...

မိတ်အင်မြန်မာ

မောင်ကျည်ပွေ့၏ညီတယောက် ပုလိပ်ဖမ်းခံရသည်။ အလုပ်လုပ်ခွင့်လက်မှတ်(work permit) မပါသွား၍ ပုလိပ်ကစစ်သောအခါ မပြနိုင်သဖြင့် အချုပ်ထဲရောက်သွားခြင်းဖြစ် သည်။

သို့နှင့် သူ၏(work permit) ကိုယူ၍ ရဲစခန်းသို့လိုက်သွားပြီး ယူလာသော(work permit) ကို အချုပ်ခန်းအ၀တွင်တွေ့သော ပုလိပ်ကိုပြ၍ အကျိုး အကြောင်းမေးကြည့်ရာ ထိုပုလိပ်က တာဝန်ခံအရာရှိမလာသေး စောင့်ပါဟုပြောသည်။

ထိုင်စောင့်နေစဉ်တွင် ဘေးဘီငဲ့စောင်းကြည့်မိရာ ဤမြင်ကွင်းကိုတွေ့ခဲ့ရခြင်းဖြစ်သည်။ ယောက်ျား၊မိန်းမ အယောက်၄၀ခန့် အခန်းလွတ်တခုထဲတွင်ထိုင်နေကြသည်။ ကြည့်ရသည်မှာ လောလောလတ်လတ်ဖမ်းခံထိလာသည့် ပုံစံပင်။ သို့နှင့် တတ်သည့်ပညာ မနေသာ ဆိုသ လို စပ်စုမေးမြန်းမိရာ…“သမီးတို့အုပ်စုတစုလုံး မြန်မာပြည်ကရောက်လာတာ မကြာသေးဘူး။ တလလောက်ပဲရှိ သေးတယ်။ ပဲခူး၊သထုံ၊အပေါင် နယ်စုံကပါပဲ။

အားလုံးက ကိုယ့်အဆက်အသွယ်နဲ့ကိုယ် လာရင်း မဲဆောက်မှာ ကယ်ရီတယောက်ကစုပြီး အပေါ်တင်ပေးလိုက်တာ။“လမ်းစားရိတ်ဘာလောက်ပေးရလဲ”“တယောက်ကို ဘတ်ရှစ်ထောင်ပါ။ တချို့လည်း အိမ်ကမိဘက ပွဲစားကိုရှင်းပေးလိုက်တယ်၊ တချို့ကတော့ ဒီမှာရှိနေတဲ့ဆွေမျိုးတွေက စိုက်ထားပေးတာလေ”“အခုလမ်းစားရိတ်တွေကျေသွားပြီလား”“အမလေး..ဦးရယ် သမီးတို့တက်လာတာ လမ်းခရီးမှာကို တလနီးပါးလောက်ကြာတယ်။

တောတွေတောင်တွေထဲမှာ လမ်းလျှောက် ပြီး ဂိတ်တွေကို ကွေ့ပတ်ရှောင်လာရတာ၊ ဒီရောက်တော့လည်း အလုပ်မခေါ်သေးလို့ စောင့်နေရသေးတယ်။ အခုအလုပ်လုပ်ရတာလည်း ရက်နှစ်ဆယ်လောက်ပဲရှိသေးတာ။ ဘယ်လိုလုပ် လမ်းစားရိတ်ကျေဦးမှာလဲ.. အခု သမီးတို့အုပ်စုထဲမှာ တချို့လူတွေ လုပ်အား ခပိုက်ဆံတောင် မထုတ်ရသေးတာရှိတယ်။ အလုပ်ပိတ်ရက်ခံသွားလို့လေ၊ နယ်စပ်ပြန်ပို့ခံ ရပြီးရင် ဘယ်လိုဆက်စခန်းသွားရမှန်းကို မသိတော့ပါဘူးဦးရယ်” ဟုပြောရင်း သက်ပြင်းချ လိုက်သည်။

သူ့လိုပဲ မောင်ကျည်ပွေ့လည်း သက်ပြင်းချမိသည်။ ထိုင်နေကြသော သူတို့အုပ်စုကို အကဲ ခတ်ကြည့်ရာ အားလုံး ငူငူငိုင်ငိုင်ဖြစ်နေကြသည်၊ နံရံကိုအဓိပ္ပါယ်မဲ့ကြည့်သူကြည့် မိန်းက လေးအချို့လည်း မျက်ရည်ဝေ့နေသည်ကို တွေ့ခဲ့ရသည်။ မောင်ကျည်ပွေ့နှင့် စကားပြော သောမိန်းကလေးသည်လည်း မျက်ရည်ဝဲနေသည်။ သူ့မျက်ဝန်း၏အကြည့်က အကူညီ တောင်းခံနေသလို ခံစားရသည်။

မောင်ကျည်ပွေ့လည်း ဘာမှမတတ်နိုင်၊ ဆတ်ဆော့ပြီး သွားမေးမိသည်ကို နောင်တရသလိုဖြစ်နေရသည်။ ထိုစဉ်တွင်ပင် စောင့်နေသောပုလိပ်က တာဝန်ခံအရာရှိရောက်လာပြီဖြစ်ကြောင်း လာပြောသဖြင့် သွားတွေ့ရန် ထိုအခန်းရှေ့မှ လေးတွဲ့တွဲ့ခြေလှမ်းဖြင့် ထွက်လာခဲ့ရပေသည်။မောင်ကျည်ပွေ့၏ညီကိစ္စအတွက် ပုလိပ်ကအလုပ်ရှင်ကိုပါခေါ်လာရန် ရစ်နေသဖြင့် ဒဏ်ငွေမျှဖြင့်ပြီးပါရန် တောင်းပန်ရပြန်သည်။

မောင်မင်းကြီးသား၏ အဆူအငေါက်ကို မျက်နှာငယ်ဖြင့် ဆယ်မိနစ်ခန့်ခံပြီးနောက် ၎င်း၏အလွန်ကြီးမားသော ကရုဏာကိုခံယူကာ ဒဏ်ငွေဆောင်ပြီး ညီကိုအချုပ်ခန်းမှ ဆွဲထုတ်လာခဲ့သည်။ အပြန်လမ်းတွင် ထိုအုပ်စု၏ မျက်နှာများကို မျက်လုံးထဲမြင်ယောင်မိသောအခါ သက်ပြင်းအခါခါချရုံမှလွဲ၍ ဘာမှမတတ် နိုင်။ သူတို့သည် နိုင်ငံထဲခိုးဝင်မှုဖြင့် အဖမ်းခံရပြီးနောက် ချုပ်ရက်စေ့လျှင် နယ်စပ်ပြန်ပို့ခံရ မည်ဖြစ်သည်။

စိတ်လေးလံစွာဖြင့် ပြန်လာပြီးနောက် အလုပ်မရှိအလုပ်ရှာပြီး ကိုယ့်အခန်းကိုယ်ရှင်းနေမိ သည်။ ယခင်က ပျောက်သွားသည်ဟုထင်ထားသော မှတ်စုစာအုပ်လေးကို ပြန်တွေ့ရာ ထိုစာအုပ်ထဲတွင် ရေးမှတ်ထားသည်များကို ပြန်သတိရလာသည်။ ၁၂.၄.၀၈ ရက်စွဲထုတ် ဒေးလီးနယူးအမည်ရ ထိုင်းသတင်းစာမှ နှစ်စဉ် ထိုင်းနိုင်ငံတွင်းရှိဖမ်းဆီးအရေးယူခံရသော တောင်ကျော်အလုပ်သမား အရေအတွက်စာရင်းဖြစ်သည်။ ထိုစာရင်းထဲမှ ၉၀ရာခိုင်နှုန်း သည် မြန်မာပြည်သားများဖြစ်သည်။

မောင်ကျည်ပွေ့ရေးခဲ့သော “အနင်းခံမြေဇာမြက်များ” ပို့စ်တွင် ထိုဇယားကို ဖေါ်ပြရန်ဖြစ်သော်လည်း စာအုပ်ပျောက်သွား၍ မဖေါ်ပြနိုင်ဖြစ်ခဲ့ရာ ယခု ဖေါ်ပြလိုက်ပါပြီ။၂၀၀၃ ခုနှစ်တွင်ဖမ်းမိသောသူများ၁၆၇ ၄၅၅ ယောက်၁၂၂ ၂၃၀၉၉ ၄၀၃၉၉ ၈၈၃၁၇၇ ၈၃၅၂၀၀၈ ဇန်န၀ါရီလအတွင်းဤကဲ့သို့အဖြစ်များသည် ဘယ်ထိတိုင်အောင်ဆက်ဖြစ်ဦးမည်မသိပေ။ ………………ဘာကြောင့်ဖြစ်၍ ဘာတွေလုပ်ကြမလဲဟု မောင်ကျည်ပွေ့မပြောလိုတော့ပါ။ စာဖတ်သူတို့ လွတ်လပ်စွာတွေး၍ ကြိုက်သလိုဆုံးဖြတ်ပါဟုသာ……

ဆက်ဖတ်ရန်ကျန်သေးသည်...

ထွက်ပေါက်

ကမ္ဘာ့နှင့်အ၀ှမ်းတွင် စီးပွါးရေးကျဆင်းနေသောကြောင့် စက်ရုံအလုပ်ရုံများစွာတို့ ဆက် လက်မလည်ပတ်နိုင်ပဲ ပိတ်နေကြရသည်။ ပြည်ပတွင်ရောက်ရှိအလုပ်လုပ်နေကြသော မြန်မာနိုင်ငံသားများစွာတို့လည်း စီးပွါးရေးဂယက်ရိုက်ခြင်းကို အနည်းနှင့်အများ ခံကြရမည် ဖြစ်သည်။

ပြည်ပတွင်ရောက်ရှိနေကြသော မြန်မာပြည်သားအရည်အတွက် မည်မျှရှိသည် ဟုအတိအကျမသိနိုင်သော်လည်း ထိုင်းနိုင်ငံတွင် အလုပ်လာလုပ်နေသောမြန်မာပြည်သား များမှာ တစ်သန်းနှင့်အထက်ခန့်ရှိနိုင်သည်ဟု ကျွန်ုပ်ထင်သည်။

ထိုအလုပ်သမားတို့၏ ၀င်ငွေသည် ဘတ်လေးထောင်ဟု ပျှမ်းမျှခြင်းချပြီး ထိုအထဲမှ ဘတ်နှစ်ထောင်ကို မြန်မာနိုင်ငံတွင်းရှိ မိသားစုကို ပြန်လည်ထောက်ပံ့သည်ဟု တွက်ကြည့်လျှင် တစ်လတွင် ဘတ်သန်းပေါင်းနှစ်ထောင်(ဒေါ်လာသန်း၆၀ ၀န်းကျင်) မြန်မာပြည်ထဲကို စီးဆင်းနေသည်။

ထိုငွေများကြောင့် ရှမ်း၊မွန်၊ကရင်၊တနင်္သာရီတိုင်းနှင့်ပြည်နယ်တို့ရှိ ပြည်သူများ အသက်ရှူ ပေါက်ချောင်ကြရသည်။ ထိုဝင်ငွေများမရှိပါက ထိုဒေသရှိပြည်သူများ အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ရဖွယ်ရှိသည်။ ထို့အပြင် ထိုငွေများကြောင့် ထိုင်းမြန်မာနယ်စပ်ကုန်သွယ် ရေးကို ပြုလုပ်နေနိုင်ကြခြင်းဖြစ်သည်။

မြန်မာကုန်သည်များလက်ထဲတွင်ရှိသော ကျပ်ငွေ များသည် ထိုင်းတွင်ကုန်ဝယ်၍မရပါ။ ကျပ်ငွေကို ထိုင်းကလက်မခံ၊ ကုန်ဝယ်ရန်ဘတ်ငွေ ကို အလုပ်သမားများ ပြန်ပို့သောဘတ်ငွေမှ လဲလှယ်ရပေသည်။ အလုပ်သမားများပြန်ပို့ လိုသော ကျပ်ငွေကို ထိုကုန်သည်များမှရရှိနေသဖြင့် ကိုင်းကျွန်းမှီ၊ကျွန်းကိုင်းမှီ ဖြစ်နေပေ သည်။ထိုအချက်သည် ရှမ်း၊မွန်၊ကရင်၊တနင်္သာရီတိုင်းနှင့်ပြည်နယ်တို့ရှိ ပြည်သူများ၏ စားဝတ် နေရေးကို များစွာအထောက်ကူဖြစ်သောကြောင့် ထိုဒေသတွင် ဆူပူမှုမဖြစ်အောင် ထောက်ပံ့ပေးနေသည်။

ယခုစီးပွါးပျက်ကပ်ဖြစ်လာသောအခါတွင် အခြားနိုင်ငံရှိ မြန်မာနိုင် ငံသားများထက် ထိုင်းနိုင်ငံရောက် မြန်မာများက ပို၍အထိနာဖွယ်ရှိပေမည်။ မူလအခြေနေ အရ အခြားနိုင်ငံရှိမြန်မာအလုပ်သမားများသည် ထိုင်းရောက်မြန်မာများထက် လစာဝင်ငွေ ချင်း မယှဉ်သာအောင်ကွာခြားနေပြီးဖြစ်၍ ခုသာခံသာဖြစ်နိုင်နေသေးသည်။ ထိုင်းရှိမြန်မာ အလုပ်သမားများနှင့် မိသားစုများမှာမူ တလနှင့်တလ အလျင်မီအောင်ရုန်းကန်နေရသော ကြောင့်ဖြစ်သည်။

လာမည့်နှစ်တွင်ထိုင်းနိုင်ငံရှိစက်ရုံများစွာတို့ ပိတ်ရဖွယ်ရှိနေသည်။ ထိုအထဲတွင် မြန်မာ အလုပ်သမားများစွာအလုပ်လုပ်နေသော ချည်မျှင်နှင့်အထည်စက်ရုံများ၊ လူသုံးကုန်ပစ္စည်း စက်ရုံများ သေချာပေါက်ပိတ်ရဖွယ်ရှိသဖြင့် မည်သို့ထွက်ပေါက်ရှာကြဦးမည်မသိပေ။ စားသောက်ကုန်ထုတ်လုပ်ငန်းများတွင်လည်း မပိတ်ရသည့်တိုင် မူလအခြေအနေအောက် လျော့နည်းရဖွယ်ရှိသည်။ ထိုင်းနိုင်ငံ၏ခန့်မှန်းချက်အရ ထိုင်းအလုပ်သမား ၈-၉သိန်းခန့် အလုပ်ပြုတ်ဖွယ်ရှိနေ၍ ထိုသူတို့အလုပ်ရစေရန် မြန်မာအလုပ်သမားများ စတေးခံရ နိုင်သဖြင့် ရှေ့ရေးတို့ကား မကောင်းနိုင်။ လာမည့်နှစ်သည် မြန်မာနိုင်ငံတွင် အကျပ်အတည်းပေါင်းများစွာကျရောက်နိုင်သည်။

ထိုအကျပ်အတည်းကိုဖြေရှင်းရန် ဥာဏ်ကြီးရှင် နအဖ တို့ဘာလုပ်ဆောင်မှုမှရှိမည်မဟုတ်။ အမှန်စင်စစ် ကျွန်ုပ်တို့သည် မိမိတို့ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲကိုဖြေရှင်းနိုင်ရန် နည်းလမ်းများကိုရှာကြသည်။ ထိုသို့ရှာရာတွင် ပြဿနာကို တည့်တည့်ရင်ဆိုင်ဖြေရှင်း သည့်နည်းလမ်းထက် ပြဿနာကို ရင်မဆိုင်ပဲ အဝေးရှောင်ခြင်းနည်းလမ်းကိုသာ လုပ် ဆောင်၍ ပြည်ပသို့ နည်းလမ်းမျိုးစုံထွက်ပြီး နေနေကြသဖြင့် ပြဿနာကားပြေလည်ခြင်း မရှိပဲ တိုးတိုး၍သာများလာခြင်းဖြစ်သည်။

အထူးသဖြင့် မိမိ၏ပြဿနာကို သူတပါးကလာ ၍ဖြေရှင်းပေးရန် မျှော်လင့်တောင့်တနေမှု များနေသည်ဟုထင်မိပါသည်။ ကျွန်ုပ်တို့ကြုံတွေ့နေရသော အထွေထွေပြဿနာများ၏ အရင်းခံသည် နိုင်ငံရေးကြောင့် သာဖြစ်သည်။ လူတိုင်းလည်း ၎င်းအချက်ကို လက်ခံကြသည်၊ သို့သော်ရင်ဆိုင်ဖြေရှင်းဖို့ ရန်ကား ဟိုလူနိုးနိုး၊ ဒီလူနိုးနိုး၊ ယူအန်လိုလို၊ ယူအက်စ်လိုလိုနှင့် ရှောင်လွှဲနေမှု များနေ သည်။

ထို့ကြောင့် ဘာပြဿနာမှ မပြေလည်သည့်အပြင် အဆိုးဝါးဆုံးအနေအထားကိုပင် ရောက်နေကြရပြီဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ပြဿနာများကို ဖြေရှင်းနိုင်ရန် အခြားသူများကိုအားကိုးခြင်း၊ ရှောင်ထွက်နေခြင်းတို့မပြုလုပ်ပဲ မိမိတို့ကိုယ်တိုင် တိကျခိုင် မာသော လမ်းစဉ်ချမှတ်ပြီး ထိုလမ်းစဉ်ကိုဖေါ်ဆောင်ရာတွင်လည်း ကောက်ရိုးမီးလိုမလုပ် ပဲ စွဲစွဲမြဲမြဲဆောင်ရွက်သင့်ကြောင်း တင်ပြအပ်ပါသည်။ မှတ်ချက်။။

ဆရာကြီးလေသံပေါက်နေရင်တော့ ခွင့်လွှတ်ပါ။ မိမိ၏ယုံကြည်ယူဆ ထားသည့်အကြောင်းကို ရေးတတ်သလိုရေးလိုက်ခြင်းသာဖြစ်ပါကြောင်း

ဆက်ဖတ်ရန်ကျန်သေးသည်...

ဆက်မတွေးချင်တဲ့ အတွေး

ကျွန်ုပ်ဘလော့လောကနှင့် ရက်အတန်ကြာ အဆက်ပြတ်သွားခဲ့သည်။ ဤတွင် သူခိုးကိစ္စ ပေါ်လာခဲ့ပေရာ ဘလော့လောကတွင် ပွဲဆူစရာကိစ္စဖြစ်လာပေသည်။ ဘလော့ပေါ်တွင် ပွဲဆူစရာကိစ္စများမကြာခဏပေါ်တတ်သည်။

ကျွန်ုပ်သည်လည်း တခါက သေချာမသိ သောကိစ္စတခုတွင် ၀င်၍ကွန်မန့်ပေးဖူးသည်။ နောက်တော့မှသာ ထိုသူ၏ အပြုမူလုပ် ဆောင်ပုံကို မနှစ်သက်သလိုဖြစ်လာသောအခါ ပေးခဲ့ဖူးသော ကွန်မန့်အတွက် နောင်တ ဖြစ်မိပေတော့သည်။ ထိုအကြောင်းကို သင်ခန်းစာထားပြီး နောက်နောင်တွင် ကိုယ်မသိ သည့် သူတပါးကိစ္စတွင် ၀င်မပြောမိရန် သတိထားနေခဲ့သည်။ှ

ယခင်တခါကလည်း ထိုသို့သော ကော်ပီကူးမှုဖြင့်ပွဲဆူခဲ့ဖူးသည်။ မနေ့က ဘလော့လည်ဖတ်နေရင်း အမှတ်မထင် ထိုစဉ်ကအကြောင်းတွေပါ ဖတ်ဖြစ်သွား သည်။ ဘလော်ဂါတော်တော်များများ ထိုပွဲဆူသူဖက်မှရပ်တည်၍ ကွန်မန့်အတိုရှည်ပေါင်း များစွာပေးထားသည်ကို တွေ့ခဲ့ရပါသည်(၁၀၀၁ က အသုံးနှုန်းရိုင်းနေ၍လည်းဖြစ်နိုင်)။

ပွဲဆူသူသည်ထိုအခါကလည်း ကော်ပီကူးကြောင်းဝန်မခံခဲ့ပဲလှည့်ပတ်လိမ်ညာခဲ့သည်။ ယခုအခါ  ယခင်ကထက်တိုး၍ငါ့ဖါသာငါ လုပ်ချင်တာလုပ်မယ်၊ ငါကအကောင်ကြီးမျိုး ဘယ်ကောင်မှဂရုမစိုက်ဘူး၊ ထိရဲရင်ထိကြည့် စသည့်သဘောမျိုးဖြင့် စိန်ခေါ်နေတော့ သည်။ ဘလော့လောကတွင် ထိုပွဲဆူစေသူ၏လုပ်ရပ်ကို ရှုံ့ချရဲသူဟူ၍ များများစားစားမရှိ၊ လက်ချိုးရေလို့ပင်ရသည်။ အခြားအကြောင်းအရာများကိုအသာထားခိုးခြင်း၊လိမ်ခြင်း၊ စော်ကားခြင်း သုံးမျိုးကိုပင် ဘလော်ဂါများအနေဖြင့် လက်မခံသင့်ပဲ ပြောရဲရမည်ဖြစ်ပေ သည်။

အထူးသဖြင့် ယခင်အခါက ပွဲဆူသူ၏ဖက်မှ ရပ်တည်အားပေးခဲ့ကြသော ဘလော်ဂါ ကိုကိုမမတို့၏ အသံများတိတ်နေခြင်းသည် ဘာကြောင့်နည်းဟု ဆက်တွေးချင်စရာ ဖြစ်လာပေတော့သည်။ ကျွန်ုပ်ယခုကိစ္စကို ရေးနေရခြင်းသည် ပုဂ္ဂိုလ်ရေးကြောင့်မဟုတ်၊ အမှန်တရားကို ကျွန်ုပ်တို့ မည်သို့သဘောထားသည်ကိုသာ ဆန်းစစ်လိုရင်းဖြစ်သည်။ အမှန်တရားနှင့် ခင်မင်မှု၊ အမှန်တရားနှင့်ကြီးကြီးမာစတာ၊ အမှန်တရားနှင့် အကျိုးစီးပွါး၊ အမှန်တရားနှင့်စသဖြင့် အကြောင်းအရာများတွင် ကျွန်ုပ်တို့မည်သည့်အရာကို ရွေးချယ်ရပ်တည်ကြမည်ကို ကျွန်ုပ်အထူးစိတ်ဝင်စားပါသည်။

အထူးသဖြင့် ဘလော်ဂါများ ဆိုသည်မှာ သာမန်လူများထက် ခေတ်မီသော အတွေးအခေါ်ရှိသောသူများဟု ယေဘူယျ အားဖြင့်မှတ်ယူထားသည့် ကျွန်ုပ်မှာ ဤကိစ္စအပေါ် ဘလော်ဂါများ မည်သို့တုံ့ပြန်ကြမည် နည်းဟု စောင့်မျှော်ကြည့်မိပါသည်။ အမှားကို ၀န်ခံရဲသော၊ စကားကိုတာဝန်ယူရဲသော၊ အမှန်တရားကိုချစ်မြတ်နိုးသော စိတ်များ ရှိကြမည်ဟုလည်း ကျွန်ုပ်ယုံကြည်မိပါသည်။

အကယ်၍များ ကျွန်ုပ်ယုံကြည်သလိုမဟုတ်ပဲ ဆန့်ကျင်ဖက်ဖြစ်လာခဲ့သော်……………………………………………… ခေတ်မီဖွံ့ ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ရောက်လုနီးပါပြီဟု တွေးရင်း မချိပြုံးကိုကျေနပ်စွာ ဆက်ပြုံးနေမည်ဖြစ်ကြောင်း…………….

ဆက်ဖတ်ရန်ကျန်သေးသည်...

ပြန်စာအတွက် ပြန်စာ (၂)

အပိုင်း(၁)ထဲတွင် ကျွန်ုပ်က “နိုင်ငံရေးကို ဘာသာရေးနှင့် ထိစပ် ၍ ” ဟု ရေးသားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်နယ်ပယ်မဆို တခုနှင့်တခု ထိစပ်နေကြသည်။ ထိုထိစပ်နေမှုကို သတိပြုမိစေရန် ထည့်သွင်းရေးသားခဲ့ခြင်းဖြစ်သည်။

သို့သော် တခုနှင့်တခု ရှုပ်ထွေးနေခြင်းမရှိပေ၊ ဆက်စပ်၍မရနိုင်အောင် သီးခြားဝေးကွာနေမှုများ လည်းမရှိပေ။ ထိုအချက်ကို ထင်ရှားစေရန် ရေးခဲ့ပါသည်။ ထို့အတူ ရဟန်းသံဃာတော် များသည် ကိုးကွယ်မှုဆိုင်ရာအရ၊ ယဉ်ကျေးမှုဆိုင်ရာအရ လူ့ဘောင်လောကကို ဆုံးမပဲ့ပြင် ပေးခဲ့၊ပေးကြသော နေရာတွင်ရှိပါသည်။

ထိုကဲ့သို့ အထွဋ်အမြတ်ထားရသော ပုဂ္ဂိုလ်မြတ် များကို ဒုစရိုက်သမားများသဖွယ် အကြမ်းဖက်နှိမ်နင်းခြင်းသည် ရင်နာစရာမဟုတ်လျှင် ၀မ်းသာစရာဟု မောင်ကောင်းထင်မြင်ထားပါသလား….
(၃)ဆဌမ သံဃာယနာတင်ဖို့အတွက် တိပိဋကဓရဘွဲရ ဆရာတော်ပေါ်ထွန်းလာရေးကို ၀န်ကြီးချုပ်ဦးနု လက်ထက်က စတင်ကျင်းပပေးခဲ့ပါတယ် ။ သူဌေးကြီး ဆာဦးသွင် တို့ကဦးဆောင်ပြီး ကြိုးစားခဲ့ကြပါတယ် ။ တိပိဋကဓရ စာပြန်ပွဲအတွက် ပြည်သူနဲ့ရော ရဟန်းတော်တွေကြားထဲပါ အတော်ကြိုးစားခဲ့ရတာတွေကို တိပိဋကဓရ စာပြန်ပွဲ စတင်ဖြစ်ပေါ်လာပုံတွေမှာ ဖတ်ကြည့်ပါ ကိုKyaw ရေ ။ ကျွန်တော်ပြောချင်တာက မောင်ကျည်ပွေ့ပြောသလို တိပိဋကဓရဆိုတာ အတော်လေးမြင့်မြတ်ပါတယ် ။ ခက်ခဲပါတယ် ။ ၀န်ကြီးချုပ်ဦးနုလက်ထက် စတင်ကျင်းပရာကနေ ၁၉၈၈ ခုနှစ်အတွင်းမှာ ပေါ်ပေါက်ခဲ့တဲ့ တိပိဋကဓရ ဆရာတော်တွေ နဲ့ အခုလက်ရှိအစိုးရတာဝန်ယူပြီးနောက် ၁၉၈၈ နောက်ပိုင်း ပေါ်ထွန်းလာခဲ့တဲ့ ဆရာတော်တွေကို အချိုးချကြည့်ရင် လက်ရှိအစိုးရက သာသနာရေးကို အလေးထားမထား သိနိုင်ပါတယ် ။ အခုလက်ရှိ မြန်မာနိုင်ငံမှာ တိပိဋကဓရ ဆရာတော်တွေ ၊ ဒွိပိဋက ဆရာတော်တွေ ၊ ဧကပိဋကဆရာတော်တွေ ကအရပ်သားစကားနဲ့ပြောရရင် လွှတ်ပေါ လို့ပြောရမလောက်အောင် သာသနာတော်တိုးတက်နေတာ ကိုKyaw လည်းအသိပါ ။

အထက်ပါစာပိုဒ်တွင် ထုံးစံအတိုင်း မောင်ကောင်းက ၎င်းတို့အဆိုးရလက်ထက်တွင် သာသနာတော်တိုးတက်နေသည်ဟု ရမ်းသန်းရေးထားပြန်သည်။ ကျွန်ုပ်အနေနှင့် ပြန်ရေး ဖို့ရန်လည်း အနည်းငယ် လက်တွန့်မိသည်။ လက်ရှိသံဃာတော်များနှင့် အတို့အထောင် လုပ်ပေးထား၍ဖြစ်သည်။ မင်းကွန်းဆရာတော်ကြီးသည် တိပိဋကဖြေဆိုရာတွင် ရမှတ်များ ၉၀ကျော်ဖြင့်ချည်း အောင်မြင်ခဲ့သည်။ အာဂုံဖြေရာတွင် အထောက်လွတ် အာဂုံဆောင်တော်မူခဲ့သည်။ မင်းကွန်းဆရာတော်မှစတင်၍ တိပိဋကဓရဘွဲ့အောင်မြင် တော်မူကြသော ဆရာတော်ကြီးများသည် မိမိတို့ကဲ့သို့ တိပိဋကဓရ ရဟန်းတော်များပေါ် ထွန်းလာရန် အစဉ်အဆက် ဖြန့်ဝေသင်ကြားတော်မူခဲ့ကြသည်။ ထို့အတွက် မျက်မှောက် ခေတ်တွင် အသီးအပွင့်အဖြစ် ဖြစ်ထွန်းလာရသည်။ ထို့အတူ မင်းကွန်းဆရာတော်တို့ခေတ် တွင် စာသင်သားရဟန်းတော်များအတွက် သင်ထောက်ကူ ပိဋကတ်ဆိုင်ရာ စာအုပ်စာပေရှားပါးပါသည်။ ထို့အတွက် ထိုခေတ်ဆရာတော်ကြီးများက နောင်စာသင်သား ရဟန်းတော်များ သက်သာလွယ်ကူစေရန် နည်းလမ်းကြံဆ၊ သင်ထောက်ကူစာပေများ ရေးသားချန်ရစ်ထားတော်မူခဲ့ကြသည်။

ကျေးဇူးတော်ရှင်အရှင်ဇနကာဘိဝံသ ဆရာတော်ကြီးရေးသားခဲ့သော ကျမ်းစာများက သက်သေခံပင်ဖြစ်တော့သည်။ နောက်တနည်း ထိုစဉ်က ရဟန်းတော်အရေအတွက်နှင့် ယခုခေတ်ရဟန်းတော်အရေအတွက် ချိန်ထိုးကြည့်ရန်လည်းလိုပေမည်။ ယနေ့ခေတ်တွင် သာသနာတော်ထွန်းကားတိုးတက်လာသည်ဟုဆိုလျှင် ရှေးဆရာတော်ကြီးများ၏ ကြိုးစား အားထုတ်မှုကြောင့်သာဖြစ်ရသည်။ မောင်ကောင်းညွှန်းသလို ၎င်းတို့အဆိုးရကြောင့် ဆိုလျှင်ကား အလွန်ရယ်ဖွယ်ပင်။ ဓမ္မစေတီဆရာတော်ဟောသော တရားတပုဒ်တွက် စာမေးပွဲ(ဓမ္မာစရိယတန်းဟုထင်ပါသည်) ဖြေမည့်သံဃာတော်တပါးအတွက် ရရှိသော အဆိုးရထောက်ပံ့ငွေမှာ မုန့်ဟင်းခါးနှစ်ပွဲဖိုးစာသာရှိကြောင်း ပါရှိပါသည်။ သို့ဆိုလျှင် သာသနာတော်အတွက် အဆိုးရ၏ လုပ်ဆောင်ချက်ကို သိနိုင်ပါပေမည်။ ထိုငွေသည်ပင် လျှင် ၎င်းတို့၏ငွေမဟုတ်သေး၊ ပြည်သူတို့၏ အခွန်ငွေဖြစ်သည်။

အကြောင်းသင့်၍ မင်းကွန်းဆရာတော်အကြောင်း အနည်းငယ်ရေးပါမည်။ ၉၀ကံဆောင် သပိတ်မှောက်စဉ်က အုံးအုံးကြွက်ကြွက်နှင့် ဆရာတော်သံဃာတော်ကြီးများအပါအ၀င် ရဟန်းသံဃာတော်များ အဖမ်းခံရပါသည်။ ထိုသို့ဖြစ်လာသည်နှင့် မင်းကွန်းဆရာတော်ကြီး စသော ဆရာတော်ကြီးများထံ အ၀င်အထွက်ကို ထောက်လှမ်းရေးများက ပိတ်ဆို့ခြင်း ဖိအားပေးထားခြင်းဖြင့် ဆရာတော်ကြီးများ ပြင်ပအခြေအနေကို မသိအောင်လုပ်ထားခဲ့ သည်။ ထို့နောက် စစ်ဗိုလ်ရှုပ်များက မင်းကွန်းဆရာတော်ကြီထံ မျက်နှာငယ်လေးများဖြင့် ၀င်၍ ယခုအခါ တောတွင်းလက်နက်ကိုင်များက ဘုန်းကြီးကျောင်းများတွင် အယောင်ဆောင်ဝင်ရောက်နေပါပြီ၊ လက်နက်နှင့်တကွသောင်းကျန်းပါတော့မည်။ ထို့ကြောင့် ထိုသူများကို အရေးယူနိုင်ရန် ဆရာတော်ကြီးက ရဟန်းတော်များကို စုဝေးခြင်း မပြုနိုင်ရန်အမိန့်ထုတ်ပေးပါ။ ညမထွက်ရန်အမိန့်ထုတ်ပေးပါ စသဖြင့် အမျိုးမျိုး ကလိမ်စေ့ငြမ်းဆင် လုပ်ကြံပြောဆိုကြသောအခါ ဆရာတော်ကြီးက လက်မှတ်ထိုးအမိန့် စာထုတ်ပေးခဲ့ပါသည်။ ပြီးခဲ့သောရွှေဝါရောင်တော်လှန်ရေးတွင်လည်း ထိုအမိန့်စာကိုပင် စစ်ခွေးတို့ ထပ်မံအသုံးချခဲ့ပါသေးသည်။

ဆိုခဲ့သလိုပင် ပြင်ပတွင်ဖြစ်နေသော အခြေနေမှန်ကို ဆရာတော်ကြီးမှာဘာမှမသိပဲ အသုံးချခံဖြစ်ခဲ့ရသည်။ မကြာမီ ဆရာတော်ကြီး မန္တလေးသို့ကိစ္စတခုဖြင့်ကြွပါသည်။ ဆရာတော်ကြီးကြွချီလာတိုင်းတွင် မန္တလေးမှသံဃာတော်များက လာရောက်ကြိုဆိုဖူးမျှော် ကန်တော့ခဲ့ကြသည်။ ယခုတခေါက်တွင်မူ သံဃာတော်များက ယခင်ကလိုလာရောက်ကြို ဆိုခဲ့သော်လည်း ဆရာတော်ကြီးကြွရောက်လာသည်နှင့် “အတွင်းရေးမှူး ၃ ဦးဝိစိတ္တကို အလေးပြု” ဟုအော်ကာ လက်အုပ်မချီပဲ အလေးပြုခဲ့ကြသည်။ ဤတွင်မှ ဆရာတော်ကြီး သည် မေးမြန်းစုံစမ်းရင်း အဖြစ်မှန်ကိုသိရကာ များစွာစိတ်မကောင်းခြင်းဖြစ်၍ ပျံလွန်တော် မူသည်အထိ မည်သူနှင့်မှအတွေ့မခံပဲ ထိခိုက်ခံစားနေတော်မူခဲ့ရသည်။ ကျွန်ုပ်၏ရေးသား ချက် ဟုတ်မဟုတ်၊ မှန်မမှန်ကို စာဖတ်သူများ လေ့လာဝေဖန် ဆန်းစစ်နိုင်ပါသည်။

(၄) မောင်ကျည်ပွေ့ စာရင်းပါ ဆရာတော်ကြီးတွေလိုရော ၊ အဲဒီဆရာတော်ကြီးတွေထက်ပါ သိက္ခာ ၊သမာဓိ အရာမှာ နာမည်ကြီးပြီး ရိုသေရတဲ့ ဆရာတော်ကြီးတွေ ကျွန်တော်တို့မြန်မာပြည်မှာ အများကြီးပါ ။ နောက်တစ်ချက်က မောင်ကျည်ပွေ့ပြောတဲ့ ဆရာတော်ကြီးတွေထဲမှာ ကမ္မဌာနာစရိယ ဆရာတော် တွေလည်းမပါပါဘူး ။ နိုင်ငံတကာကိုလှည့်လည်သာသနာ ပြုနေတဲ့ ဆရာတော်ကြီး တွေလည်းအများကြီးပါ ။ ကိုKyaw လည်းသိမှာပါ ။ အဲဒီတော့ကျွန်တော်ဆိုလိုချင်တာက မီးသတ်သမားက လူဆိုးမဖမ်းပါဘူး ။ လယ်သမားကလည်း တိုက်မဆောက်ပါဘူး ။ ရဲကလည်း သူနာပြုမလုပ်သလို ၊ အစိုးရအနေနဲ့ အကြောင်းမဲ့သက်သက် ဆရာတော်ကြီးများကို (မောင်ကျည်ပွေ့အလိုအရ သာသနာထွန်းကားအောင်လုပ်လို့) မဖမ်းပါဘူးဗျာ ။ အဲလိုဖမ်းရင်လည်း ဘယ်သူမှလက်မခံပါဘူး ။ ဖမ်းလောက်စရာ အကြောင်းကိစ္စရှိလို့ ဖမ်းတာပါဗျာ ။(၅) ကိုKyaw ရေ အခုထောင်ထဲရောက်နေတဲ့ သံဃာတွေထဲမှာ နယ်တွေ ၊ ရွာတွေမှာ ပုံမှန်ဆွမ်းခံ ၊ တရားကျင့်ကြံနေတဲ့ ဆရာတော်တွေ တစ်ပါးမှမပါပါဘူးဗျာ ။ ခပ်ရှင်းရှင်းပြောရရင် ကိုKyawရေ ပရိတ်ကြီး ၁၁ သုတ်ကိုလမ်းပေါ်တက်မရွတ်ပဲ ကျောင်းမှာတင် အော်ကျက်နေတဲ့ ကိုရင်လေးတွေ တစ်ပါးမှထောင်ထဲ မထည့်ပါဘူးဗျာ ။ နိုင်ငံတကာ နဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံတွေမှာ ဥက္ကဌ ၊ အတွင်းရေးမှုး ၊ နာယက ၊ အဖွဲ့ဝင် ဆိုတဲ့နေရာတွေ မှာထိုင်တော်မူခဲ့ကြတဲ့ မြန်မာပြည်က ဆရာတော်ကြီးများ ကိုလည်း ထောင်ထဲဆွဲမထည့်ပါဘူးဗျာ ။ အထည့်လည်းမခံရပါဘူး။

မောင်ကောင်းသည် ရဟန်းတော်များကို တရားကျင့်မှ ရဟန်းဟုသတ်မှတ်ပုံရသည်။ စကားကို လက်လွတ်စပယ်ပြောတတ်ပုံလည်းရသည်။ စာသင်စာချသံဃာတော်များကို ဂရုစိုက်စရာမလို၊ ကမ္မဌာနာစရိယသာ ရဟန်းစစ်ဟု ပြောလိုပုံရသည်။ ရဟန်းဟူသည် သင်္ကန်းရုံသည်မှစ၍ ပြုဖွယ်ကိစ္စတို့ကို သတိဖြင့်ပြုလုပ်ရသည်။ ၀ိနည်းကိုစောင့်ရှောက်နိုင် ရန် သတိကိုလက်ကိုင်ထားရသည်။ တရားထိုင်မှ သတိထားရသည်မဟုတ်ပေ။ ထို့ပြင်တ၀ စာသင်တိုက်တွင် ရဟန်းသံဃာများပြီး ရိပ်သာတွင် ရဟန်းသံဃာနည်းပါသည်။ စာသင်တိုက်တွင် စုစည်းနိုင်မှုအားကောင်းပြီး ရိပ်သာဆိုသည်မှာ လူသူဝေးရာတွင် တိတ်ဆိတ်စွာ တည်ရှိတတ်ပါသည်။ ကမ္မဌာနာစရိယများ၏သဘောထားကို သိချင်လျှင် ပွင့်လင်းစွာ လျှောက်ထားမေးမြန်းနိုင်ပါမှ သိရှိရနိုင်ပေမည်။ အကြောင်းမဲ့သက်သက်မဖမ်း ဟုဆိုလျှင် အကြောင်းရှိပါက ဖမ်းမည်ဟု သဘောသက်ရောက်ပေသည်။ ဖမ်းသည်ဟုလည်းရေးထားပေရာ ရဟန်းတော်များ အထူးသဖြင့်ထေရ်ကြီးဝါကြီးရဟန်း တော်များကို ထောင်သွင်းအကျဉ်းချရဲလောက်အောင်၊ အကျဉ်းချနိုင်ရဲလောက်အောင် သင်းတို့ယုတ်မာကောက်ကျစ်နိုင်လှပေသည်။

ထိုသို့ သာသနာဖျက်လုပ်ရပ်များနှင့် စော်ကားပြီးနောက် ဘုရားတရားကြည်ညိုလေဟန်၊ သာသနာကိုစောင့်ရှောက်လေဟန်ရေးကြ၊ ပြောကြရဲသည်မှာ မြန်မာ့သမိုင်းတွင် အရှက် ကင်းမဲ့ဆုံးမျိုးဆက်ဖြစ်ခဲ့လေပြီ။ သမိုင်းအစဉ်အဆက် ဤယနေ့ခေတ် စစ်ခွေးတသိုက် လောက် အရှက်မရှိသူများ မပေါ်ထွန်းဖူးခဲ့ပါ။ ရန်ကုန်မြို့ပေါ်တွင်ပင် အဖမ်းခံရသည့် သံဃာတော်များ မည်မျှရှိကြောင်း စာရင်းသတ်မရလျှင် နယ်တွင်ရှိသည့် သံဃာများအတွက်ကား ဆိုဖွယ်မရှိပေ။ ရဟန်းတော်များ လမ်းပေါ်တက်ပရိတ်ရွတ်ခြင်း သည် မည်သည့်အပြစ်ဖြစ်သနည်း။ ဘုရားရှင်ပင်လျှင် ဝေသာလီမြို့တွင် လှည့်လည်ပရိတ် ရွတ်ပေသည်။

နောက်ကြောင်းပြန်ရေးရလျှင် စက်တင်ဘာသံဃာတော်တို့သည် လမ်းမများပေါ်လှည့်၍ မေတ္တာပို့ကြသည်ဆိုရာဝယ် တိုင်းပြည်ငြိမ်းချမ်းရေးကို ဦးတည်သည်။ ပြည်သူများ ငြိမ်းချမ်းရေးကိုဦးတည်သည်။ ရဟန်းသံဃာတော်တို့ တောင်းဆိုသောအချက်တွင် စစ်တပ် ပြုတ်ကျရေး၊ စစ်တပ်ကိုအမျိုးဖြုတ်ရေးများမပါ၊ တွေ့ဆုံဆွေးနွေးရန်သာပါသည်။ ဤသည်ကို ညသန်းခေါင်တွင် ဘုန်းတော်ကြီးကျောင်းများကို စစ်မြေပြင်သဖွယ်သဘော ထားနှိမ်နင်းခြင်းသည် သာသနာဘာသာကို မိုက်ကန်းစော်ကားခြင်းဖြစ်သည်။ ငွေကြာယံ ကျောင်းဆရာတော်သည် မဟန ခေါ် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၏ ဒုတိယဥက္ကဌ ဖြစ်တော်မူသည်။ ဆရာတော်ကြီးကိုလည်း ကမ္ဘာအေးတွင် အကျယ်ချုပ်သဖွယ်ထိန်းထား ခဲ့သည်။ ယခုလည်း ငွေကြာယံကျောင်းတွင် အကျယ်ချုပ်သဖွယ်ထိန်းထားဆဲဖြစ်သည်။

နအဖနှင့် နောက်လိုက်အရိုးကိုက်သူများသည် အဖြစ်မှန်ကိုဖုံးကွယ်ချင်ကြသည်။ ပလီစိချောက်ချက် လိမ်ချင်ကြသည်။ ရင်ဆိုင်ဖြေရှင်းရန်ကား သတ္တိမရှိကြ၊ ထို့ကြောင့် ယခုအခါ ရဟန်းသံဃာတော်များကို တရားဟောရန်ပိတ်ပင်ခြင်း၊ တရားဟောခွင့်ရရန် ခံဝန်ချက်တောင်းခြင်း၊ စသည်တို့လုပ်ဆောင်နေခြင်းဖြစ်သည်။ ပြည်သူတို့၏ နားမျက်စိကို ပိတ်ပင်၍ ငါပြောတာပဲယုံဟု နှစ်၂၀လုံးလုံး လုပ်လာခဲ့သည်။ စာအုပ်အဖုံးမှစ၍ ဗွီစီဒီပါ မကျန် ၀ါဒဖြန့်သည်။ ရလာဒ်ကား အနှုတ်ချည်းပင်၊ ပြည်သူများသည် ၎င်းတို့ကဲ့သို့ ဦးနှောက်စဉ်းစားဥာဏ် ချို့တဲ့နေသူများမဟုတ်ပေ။ အမှားအမှန်ကို ကွဲပြားစွာ ကိုယ်တွေ့သိ ကြသည်။ ထို့ကြောင့် ဘယ်ဆရာတော်တွေက ဘာမှမပြောပါဘူး ဘာညာငြင်းနေသည် ထက် ဆရာတော်များ ရဟန်းသံဃာတော်များ လွတ်လပ်စွာဟောပြောခွင့်ရလျှင် အဖြစ်မှန် ကို ပိုမိုကျယ်ပြန့်စွာသိရမည်သာဖြစ်သည်။

မောင်ကောင်းက ဗိုလ်ချုပ်အောင်ဆန်းစကားဟုဆိုကာ မတန်မရာကိုးကားပြန်သည်။ ၎င်း၏သဘောထားနှင့်ရောထွေးပြီး ကောက်နှုတ်ပြပြန်သည်။ ပထမဦးစွာ၎င်းပြောသော ဗိုလ်ချုပ်အကို ဦးအောင်သန်းက ဘုန်းကြီးများ နိုင်ငံရေးမလုပ်ရဟု အဆိုတင်သည်ကို ဗိုလ်ချုပ်ကထောက်ခံသည်ဟုပြောရာတွင် ဘယ်စာအုပ်ကကိုးကားပါသလဲဟု ပြန်မေးချင် ပါသည်။ ၈၈ခုနောက်ပိုင်းထုတ်စာအုပ်မှ ကိုးကားသည်ဟုဆိုလျှင်တော့ မောင်ကောင်း သဘောရှိကိုးကားပါဟုဆိုရဖွယ်။ ကျွန်ုပ်ကြားဖူးသည်ကား ဗိုလ်ချုပ်က ထိုခေတ်က အထင်ကရဆရာတော်ကြီးတပါးထံချဉ်းကပ်၍ နိုင်ငံရေးတွင် လူများရဲရဲရင့်ရင့် ပါဝင်ဆောင် ရွက်လာနိုင်ရန် ဘာသာရေးအဆုံးအမများဖြင့် ဆုံးမသောတရားဟောပေးပါဟူ၍ဖြစ်သည်။ နောက်တပိုဒ်တွင် မောင်ကောင်းက ဘာသာရေးနှင့်နိုင်ငံရေးရောစပ်လျှင် ဘာသာရေးကို ဆန့်ကျင်ရာရောက်သည်ဟုရေးသည်။ မှန်သည် သို့သော် မည်သည့်ဆရာတော်မှ နိုင်ငံရေး နှင့် ဘာသာရေးကို မရောစပ်မရှုပ်ထွေးစေပါ။ ဘာသာရေး၏အခြေခံဖြစ်သော ကောင်းမှုကု သိုလ်တိုးပွါးရန်၊ မကောင်းမှုအကုသိုလ်နည်းပါးရန် နိုင်ငံတော်အတွက် ဘာသာရေးနှင့် ထိစပ်ပြီး ဆောင်ရွက်တော်မူခဲ့ခြင်းသာဖြစ်သည်။

ဗိုလ်ချုပ်စကားကို လက်တလုံးခြားလုပ်ရန်ကြိုးစားသော်လည်း၊ ဗိုလ်ချုပ်ကိုယ်တိုင်က ထိုသို့ ဘာသာရေးကိုအခြေခံ၍ ဆောင်ရွက်ခြင်းပင်လျှင် အကောင်းဆုံးနိုင်ငံအရေးဆောင် ရွက်ခြင်းဖြစ်ကြောင်းပြောခဲ့သည်ဆိုရာ၌ ဤယနေ့ခေတ်၏အဖြေပင်ဖြစ်သည်။ မည်သို့ပင် လှည့်ပတ်ရေးသော်လည်း အမှန်တရားကို ဖုံးကွယ်ရန်မစွမ်းသာပါ။

"မီးသတ်သမားက လူဆိုးမဖမ်းပါဘူး ။ လယ်သမားကလည်း တိုက်မဆောက်ပါဘူး ။ ရဲကလည်း သူနာပြုမလုပ်သလို ၊ အစိုးရအနေနဲ့ အကြောင်းမဲ့သက်သက် ဆရာတော်ကြီးများကို (မောင်ကျည်ပွေ့အလိုအရ သာသနာထွန်းကားအောင်လုပ်လို့) မဖမ်းပါဘူးဗျာ ။ အဲလိုဖမ်းရင်လည်း ဘယ်သူမှလက်မခံပါဘူး ။ ဖမ်းလောက်စရာ အကြောင်းကိစ္စရှိလို့ဖမ်းတာပါဗျာ ။"

မီးသတ်သမားလူဆိုးမဖမ်း၊ လယ်သမားတိုက်မဆောက်၊ ရဲသူနာပြုမလုပ်ဆိုလျှင် စစ်တပ်က အဘယ်ကြောင့် အုပ်ချုပ်သူနေရာကို နှစ်ပေါင်းများစွာဝင်ယူနေပါသနည်း။ စစ်တပ်ဆိုသည်မှာ ခြံစောင့်ဒရ၀မ်အဆင့်သာဖြစ်သည်။ ထိုခြံစောင့်က မတန်ရာ တိုင်းပြည် စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်အရာများကို မည်သည့်အတတ်ပညာဖြင့် စီမံခန့်ခွဲနေပါသနည်း။ တိုင်းပြည်တွင်ဝန်ထမ်းများသည် တိုင်းပြည်၏အစေခံသာဖြစ်ရမည်။ ထို့အတူ စစ်သားများသာ အသက်ရင်းရသည်မဟုတ်၊ သစ်တောဘက်ဆိုင်ရာဝန်ထမ်းများ၊ သတ္တုတွင်းဆိုင်ရာ ၀န်ထမ်းများလည်း တောတောင်ထဲတွင် အသက်နှင့်ရင်းရသည်။ အခြားသော ၀န်ထမ်းများသည်လည်း အနည်းနှင့်အများ တိုင်းပြည်အတွက် အသက်နှင့် ရင်းနေရသည်။ စစ်တပ်ကမှ သူများထက်ခေါင်းတလုံးမြင့်လိုလျှင် လူပါးဝခြင်းပင်။

စစ်တပ်သည် ပြည်သူများ၏သားကောင်းဆိုလျှင် ပြည်သူများ၏လိုအင်ဆန္ဒကိုသာ ဦးထိပ် ထားရမည်ဖြစ်သည်။ ယခုတော့ ထိုသို့မဟုတ် စည်းကမ်းဥပဒေနှင့်မညီညွတ်သော သက်ကြားအိုရွတ်တွကြီးနှင့် စစ်ဝတ်စုံကိုမချွတ်ရဲသော လူ့အန္ဓတို့၏အမိန့်ကို ဘုရားဟော သဖွယ်ကြည်ညို၍ ပြည်သူတို့ကိုဆန့်ကျင်နေသည်။ ကျွန်ုပ်သည် မိမိ၏နိုင်ငံရေးစိတ်ဓါတ် ကိုသွေးနိုင်ရန်၊ နိုင်ငံရေးနှင့်ပတ်သက်၍အမြင်ဖလှယ်နိုင်ရန်၊ မြန်မာနိုင်ငံတော်အကြောင်း ပြု ကိုယ်ကျိုးရှာသူများကို ကလော်တုတ်နိုင်ရန် စသည့်အကြောင်းကိုအခြေခံ၍ ဤဘလော့ကိုရေးသည်။ မမှန်ကန်သူဆိုလျှင် စစ်တပ်သောဒီမိုသောနားမလည် ကလော်၏။ ထို့အတွက် အချိန်ကုန်သည်၊ ငွေကုန်သည်၊ လူမုန်းသည်၊ အခန့်မသင့်လျှင် ထောင်ချခံရနိုင်သည်။ မောင်းကောင်းညွှန်းချင်သလို အတိုက်အခံဘလော်ဂါများ ဟိုဒါဒီဒါ ရသည်ဆိုလျှင်ကား အံ့ဖွယ်သုတဟုဆိုရမလိုပင်။ ကျွန်ုပ်ကဲ့သို့ နိုင်ငံရေးအကြောင်းရေး သော ဘလော်ဂါများသည်လည်း မိမိအနာဂတ်ကို အလောင်းအစားပြုရေးနေသူများသာ ဖြစ်သည်။ တော်ရုံစိတ်နှင့် ရက်စက်ကောက်ကျစ်သူများကို ဆန့်ကျင်ရန်ကြိုးစားရဲမည်မ ဟုတ်ချေ။

အဆုံးသတ်ဆိုရလျှင် မောင်ကောင်းကို ကျေးဇူးတင်မိသည်။ သူသာမရေးလျှင် ကျွန်ုပ်က လည်း ဤစာကိုရေးဖြစ်မည်မဟုတ်။ သူရေးသဖြင့် ကျွန်ုပ်စိတ်ကို သွေးပေးသလိုဖြစ်ရ၏။ သူ့စာကို (၁)ဟု နံပါတ်ထိုးထားသဖြင့် ထပ်ရေးဦးမည်ဟုယူဆရသည်။ ထပ်ရေးရန်လည်း တိုက်တွန်းအပ်ပေသည်။ စစ်ဗိုလ်ပေါက်စတစ်ဦးနှင့် တောင်ကျော်အလုပ်သမားတစ်ဦးတို့ မတူညီသော အမြင်များဖလှယ်ရင်း အကျိုးတခုဖြစ်ထွန်းနိုင်မည်ဟု ယုံကြည်ယူဆကြောင်း ပါ………………….

ဆက်ဖတ်ရန်ကျန်သေးသည်...

ပြန်စာ အတွက် ပြန်စာ (၁)

လွန်ခဲ့သောရက်ပိုင်းတွင် ၈၈ကျောင်းသားများကို ထောင်နှစ်ရှည်ချခဲ့သည်။ ထိုသတင်းကို ဖတ်ပြီးနောက် ရင်ထဲတွင်တနုံ့နုံ့ဖြစ်နေပြီး စာရေးချင်စိတ်ပေါ်လာတော့သည်။ သို့သော် ဘလော့တကာလည်ရင်း ရုရှားရောက် မောင်ကောင်းအောင် က သူ့ဘလော့တွင် ကျွန်ုပ်၏ပို့စ်ကို သူမြင်သလိုရေးသားထားသည်ကိုမြင်မိသဖြင့် သူ့ကိုပြန်ရေးရတော့မည် ဖြစ်သည်။ ထိုသို့ပြန်ရေးရာတွင်လည်း ဘာသာရေးကိုနှိမ့်ချထားသော၊ အမှားနှင့်အမှန် ပြောင်းပြန်လှန်ထားသော အချက်များစွာကို ဖတ်မိသောကြာင့် ပြန်ရေးရခြင်းသည်သာ အဓိကအကြောင်းအရာဖြစ်သည်။ မောင်ကျည်ပွေ့သည် သူတံဆိပ်ကပ်သလို ၀ါဒဖြန့် သမားဟုတ်၊ မဟုတ်ဆိုသည်ကို စာဖတ်သူများပိုသိကြပေမည်။

မောင်ကောင်းအောင်သည် ကျွန်ုပ်၏စာကို လာဖတ်သွားသည်ဟုရေးထားသည်။ သို့သော် သူသည် စစ်ခွေး ဟူသော စကားလုံးသာ ခေါင်းထဲထည့်သွားပုံရသည်။ သူ့စကားကိုပင် ပြန်ကိုးကားရလျှင် ရင်ဘတ်ထဲ အနှုတ်ထည့်ထားပြီး တဖက်ပိတ်မျက်လုံးနှင့် စာလာဖတ် ၍သာ မောင်ကျည်ပွေ့ရေးသော အချက်များကို မပြည့်မစုံရသွားသည်။ မောင်ကျည်ပွေ့အပါ အ၀င် မြန်မာပြည်သားများစွာတို့သည် ရင်ဘတ်ထဲ အနှုတ်ထည့်ထားသူများမဟုတ်၊ ရင်ဘတ်ထဲအနှုတ်ထည့်ထားခြင်းကိုခံနေရလွန်းအားကြီး၍ တကိုယ်လုံး အနှုတ်တွေပြည့် သလိုဖြစ်နေပါပြီ။

မောင်ကောင်းအောင်က အနုပညာ၊နည်းပညာ၊ဘာသာရေး စသည်တို့ကိုခုတုံးလုပ်၍ နိုင်ငံရေးစည်းရုံးနေသည်ဟုမြင်နေသည်။ သို့ဆိုလျှင် နိုင်ငံရေးဆိုသည်ကို မောင်ကောင်း ဘယ်လိုနားလည်ထားသနည်း..ဟုပြန်မေးလိုပါသည်။ ၎င်းတို့ အဆိုးရ ကို အတိုက်အခံမပြု သမျှ ဘာလုပ်လုပ် နိုင်ငံရေးမဟုတ်ဟုယူဆထားမည်လား မသိပေ။ မောင်ကောင်းရေး သောစာ၏ ထက်ဝက်လောက်သည် မသဒ္ဓါကို ဆဲထားကြောင်းတွေ့ခဲ့ရသည်။ ဆဲပုံကလည်း သူကသူတော်ကောင်းဖြစ်၍ မသဒ္ဓါက မသူတော်(သူယုတ်မာ)ဖြစ်သည်။ သူကလူကောင်းဖြစ်၍ မသဒ္ဓါက အရူး(အရှက်မရှိသူဖြစ်သည်) ဟု ရွှေကျင်ဆရာတော်ကြီး ကိုတုံးခု ဆဲခြင်းဖြစ်သည်။ ထို့အပြင်သူက ပါမောက္ခအဆင့်လောက်ဖြစ်ပြီး မသဒ္ဓါကတော့ သူငယ်တန်းအဆင့်ဟု နှိမ်ထားသေးသည်။ ဆဲချင်တာကို မပွင့်မလင်း ဟန်ဆောင်ပန် ဆောင်လုပ်နေသေးသည်။ ကျွန်ုပ်ကတော့ ပွင့်ပွင့်လင်းလင်း စစ်ခွေးဟုဆဲသည်။ ဆရာတော်ကြီးများကို ခုတုံးမလုပ်၊ ကိုယ့်ကိုယ်ကိုလည်း သူတော်ကောင်းယောင်မဆောင်၊ ကိုယ်လုပ်သည့်ကိစ္စ ကိုယ့်တာဝန်သာဟု ခံယူထားသည်။ တကယ်က ကျွန်ုပ်သည် မသဒ္ဓါ ကိုမသိကျွမ်းပါ။ ကြုံ၍ထောက်ပြခြင်းသာဖြစ်သည်(အချို့က မောင်ကောင်း၏ ဆဲနည်းကို ကောင်းချီးပေးကြသည်လည်းတွေ့ရသည်။)

>>> မဂ္ဂင်ဆရာတော်ကြီးဟာ နိုင်ငံတကာဗုဒ္ဓစာပေတွေကို ရေးသားပြုစုခဲ့ပြီး၊ ပညာဒါနတွေပေးဝေခဲ့ပါတယ် ၊ သာသနာ တော်အတွက် ဘုရားရှင်ရဲ့ မျက်နှာကိုသာကြည့်ပြီး မှန်မှန်ကန်ကန် ရပ်တည်ပြခဲ့လို့ စစ်ခွေးတွေက ထောင်သွင်းအကျဉ်းချတာခံခဲ့ရပါတယ်။
>>> မေဒိနီဆရာတော်ကြီးနဲ့ဗောဓိဆရာတော်ကြီး အများအကျိုး၊ သာသနာ့အကျိုးအတွက် ရဲရဲရင့်ရင့် ရပ်တည်ပေး ခဲ့လို့ ထောင်ချခံခဲ့ရပါတယ်။
>>> အင်းစိန်ရွာမဆရာတော်ကြီးဟာ သာသနာတော်အတွက်ဝိနည်းနဲ့အတိအကျရွက်ဆောင်ပြခဲ့လို့ ထောင်သွင်း အကျည်း ချခြင်းကို ၂နှစ်ခွဲအကြာ အင်းစိန်ထောင်ထဲမှာ ခံစားခဲ့ရပါတယ်။စစ်ခွေးတွေရဲ့ ယုတ်မာရိုင်းစိုင်းပုံတွေကတော့ မြန်မာ့သမိုင်း၊ သာသနာ့သမိုင်းမှာ အင်မတန် အောက်တန်းကျလွန်းလို့ မြန်မာနိုင်ငံ၊မြန်မာလူမျိုးတွေအတွက် ပယ်ဖျက်မရတဲ့ အမည်းကွက်ဖြစ်ခဲ့ပါပြီ။

(၁)ကျွန်တော် အခုလိုဘာလို့ ပြန်ရွေးပြရလဲဆိုတော့ ကိုKyawယူပြတဲ့ မောင်ကျည်ပွေ့ရဲ့ ပို့စ်ကို ကျွန်တော် သူစတင်ကတည်းက ဖတ်ဖူးပါတယ် ။ ကျွန်တော့် အမြင်မှာ ဘာသာရေးနဲ့ မဆိုင်ပဲ ၀ါဒဖြန့်တာသက်သက်လို့ ထင်လို့ ၀င်မပြောတာပါ ။ မောင်ကျည်ပွေ့ ရေးထားတဲ့ (ကျွန်တော်ထုတ်ပြတဲ့) စာသားတွေကိုကြည့်ရင် သိသာပါတယ် ။ အကြမ်းဖျင်းကောက်ချက်ချရရင် ဆရာတော်ကြီးတွေ ဘာသာရေးလုပ်လို့ ထောင်ချခံရတယ် လို့သဘောထွက်ပါတယ် ။ သာသနာအတွက် တကယ်စိုးရိမ်တာထက် နိုင်ငံရေး ပယောဂ မကင်းတဲ့အသံတွေ စာထဲမှာအများကြီးပါနေတာကို ကိုKyaw တွေ့မှာပါ

အထက်ပါစာပိုဒ်များသည် မောင်ကောင်း၏အာဘော်များဖြစ်သည်။ မောင်ကောင်းက ရမ်းသမ်းကောက်ချက်ချသွားသည်မှာ လွယ်ကူသော်လည်း ကျွန်ုပ်က အရှည်ပြန်ရေးရပါ မည်။ ကျွန်ုပ်တို့ကိုးကွယ်နေသော မြတ်စွာဘုရားရှင်နှင့်တကွ ခေတ်အဆက်ဆက် ရဟန်းသံဃာတော်များသည် နိုင်ငံ၏အရေး အများပြည်သူအရေးကို ဘာသာရေးနှင့်ထိစပ်၍ ဆောင်ရွက်တော်မူခဲ့ကြသည်။ မြတ်စွာဘုရားရှင်သည် ရာဇောဝါဒ သုတ္တန်ကို ဟောကြားကာ တိုင်းနိုင်ငံအ၀ှမ်းချမ်းသာတိုးတက်ရန် အုပ်ချုပ်သူများက မည်သို့ ပြုမူဆောင်ရွက်သင့်ကြောင်း ဆုံးမပဲ့ပြင်ပေးတော်မူခဲ့သည်။ ထို့အတူ ပုဂံ၊ပင်းယ၊အင်းဝ၊ ကုန်းဘောင်ခေတ်အဆက်ဆက်တွင် ဆရာတော်ကြီးများကလည်းနိုင်ငံရေးကို ဘာသာရေး နှင့် ထိစပ်၍ ဆုံးမပဲ့ပြင်ပေးတော်မူခဲ့ကြသည်။ ကိုလိုနီခေတ်တွင် ဆရာတော်ဦးဥတ္တမ၊ ဦးဝိစာရတို့သည် ဘာသာရေးကိုအခြေခံ၍ နိုင်ငံ့အရေးကို ထိစပ်ဆောင်ရွက်တော်မူခဲ့ကြ ပါသည်။ လွတ်လပ်ရေးရပြီးနောက်တွင်လည်း ဆရာတော်ကြီးများသည် နိုင်ငံ့အရေးအတွက် ဘာသာရေးကိုအခြေခံ၍ အများအကျိုးကို ဆောင်ရွက်တော်မူခဲ့ကြပါ သည်။ ထင်ရှားသော ဥပမာကိုပေးရလျှင် အမရပူရမဟာဂန္ဓာရုံဆရာတော်ကြီးသည်
ဘာသာရေးကိုအခြေခံ၍ အနာဂတ်သာသနာ၊ ဘာသာသွေး၊ အစရှိသောကျမ်းစာများ အပြင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ပညာရေးဆိုင်ရာသင်ရိုးညွှန်းတန်းများကို ပြုစုရေးသားဖြန့်ဝေပြီး နိုင်ငံတော်နှင့် သာသနာတော်အကျိုးကို အားထုတ်လုပ်ဆောင်ခဲ့ပါ သည်။

ထို့အတူ မြတ်စွာဘုရားရှင်က မင်းဆုံးမင်းညစ်များကို ဆုံးမပဲ့ပြင်နိုင်ရန်အတွက် ပတ္တနိကုဇ္ဇန ခေါ် ကံဆောင်သပိတ်ပြုနိုင်ကြောင်း သတ်မှတ်လမ်းညွှန်ပေးခဲ့ပါသည်။ အများသိကြသည့်အတိုင်း ရဟန်းတော်များက ထိုမင်းဆိုးမင်းညစ်များကို အဆက်အဆံ မပြုပဲ နေကြခြင်းဖြင့် နိုင်ငံရေးကို ဘာသာရေးနှင့် ထိစပ်ဆောင်ရွက်ရန်ဖြစ်သည်။ (အသေးစိတ်မရေးတော့ပါ)။ စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ နိုင်ငံရေး စသည့် မည်သည့်နယ်ပယ်မဆို တခုနှင့်တခု ပတ်သက်ဆက်နွယ်နေသည်။ သို့သော် တခုနှင့်တခု မရှုပ်ထွေးပါ။ မျက်မှောက်ခေတ်တွင် နအဖကသာ နိုင်ငံရေးနှင့် ဘာသာရေးကို ရှုပ်ထွေးအောင် မကွဲမပြားဖြစ်အောင် ၀ါဒဖြန့်လုပ်ဆောင်နေခြင်းဖြစ်သည်။

န၀တခေတ် ၁၉၉၀ ပြည့်နှစ်က ကျွန်ုပ်ညွှန်းခဲ့သော ဆရာတော်ကြီးများကို ထောင်ချခဲ့ခြင်း သည် ပတ္တနိကုဇ္ဇန ကံဆောင်သပိတ်မှောက်ခြင်းကြောင့်ဖြစ်သည်။ ဘာသာရေးနှင့် နိုင်ငံရေး၏ အဓိပ္ပါယ်ကို ကောင်းစွာမသိသော မောင်ကောင်းက ဆရာတော်ကြီးများကို ထောင်ချခဲ့ရခြင်းသည် ဘာသာရေးကြောင့်မဟုတ်ဟု ဆိုလာသည်။ ဤသို့ဆိုလျှင် ဆရာတော်ကြီးများကို ဘာအတွက်ကြောင့် ထောင်ချခဲ့ပါသနည်း… အမှန်တရားကို ဖုံးကွယ်ချင်သော စိတ်အားကြီးနေသဖြင့် ဘယ်ဆရာတော်တွေ ဘာကြောင့် ထောင်ကျခဲ့ မှန်း သူသည်လည်းသေချာမသိပေ။ အောက်တွင် ဆက်ဖတ်ကြည့်ပါဦး….

(၂)နောက်တစ်ခုက အချက်အလက်တွေဟာ မစုံပါဘူး ။ ဆရာတော်ကြီးတွေ (မောင်ကျည်ပွေ့စာရင်းပါ) ထောင်ကျခဲ့တယ် မကျခဲ့ဘူး ဆိုတာကတော့ ကျွန်တော်လည်း မသိပါဘူး ။ အကယ်၍ ကျခဲ့တာမှန်ရင်တောင်မှ ဘာသာရေးကြောင့်ဆိုတာတော့ မဟုတ်တာ အသေအချာပါပဲလို့ ကျွန်တော် အာမခံရဲပါတယ် ။ မောင်ကျည်ပွေ့ပြောတဲ့ တိပိဋကဓရဂန္ဓာရုံ ဆရာတော်ကြီးဆိုတာ ကျွန်တော်မကြားဖူးပါဘူး ။ ကျေးဇူးရှင် အရှင်ဇနကာဘိဝံသ ဆရာတော်ကြီးဆိုရင်တော့ ဒါဟာ ၀ါဒဖြန့်မှု့တစ်ခုဆိုတာ ကိုKyawလည်း ဆရာတော်ကြီးရဲ့ ထေရုပ္ပတ္တိကို ဖတ်ဖူးရင်သိမှာပါ ။ စာကိုဆုံးအောင် မနည်းတင်းပြီးရေးနေရတယ် ဆိုတဲ့ မောင်ကျည်ပွေ့က သာသနာတော်အတွက် ရင်ထုမနာဖြစ်ပြီး စစ်ခွေး ၊ ခွေးနောက်လိုက် ဆိုတဲ့ စကားလုံးတွေနဲ့ ပို့စ်တစ်ခုလုံး ၈ ခါရေးပြသွားပါတယ် ။ ကိုKyawပဲ စဉ်းစားကြည့်ပါ သာသနာအတွက်တကယ် သက်ဝင်ပြီးစိုးရိမ်နေတာလား ။ တမင် ဆရာတော်ကြီးတွေ နာမည်အောက်ဝင်ပြီး သူအလိုမကျတဲ့ အစိုးရကို ဆဲနေတာလား ဆိုတာပေါ့ ။

ဤငနဲကား အတော်လာသည့် ငနဲဟု ဆိုရဖွယ်ရှိသည်။ သူသည် မောင်ကျည်ပွေ့ညွှန်း သည့် ဆရာတော်ကြီးများကို သေချာမသိ၊ သို့သော်အာမခံရဲသည်ဟု မျက်စိမှိတ်ဇွတ်အော် နေသည်(သူကိုယ်တိုင်ကား မျက်စိဖွင့်၍ လမ်းလျှောက်ပါလို့ခေါင်းစဉ်တပ် စာရေးဖူးသည်)။
အထူးသဖြင့် တိပိဋကဓရဂန္ဓာရုံဆရာတော်ကို သူမသိပေ။ မောင်ကျည်ပွေ့မှားသည်ဟု ပြောလိုဇောအားကြီးနေသဖြင့် ဘာမသိညာမသိ အာမခံနေပေပြီ။ ဆရာတော်ကြီးများကို ထောင်ချခဲ့ခြင်းသည် ကံဆောင်သပိတ်မှောက်၍ဖြစ်သည်။ ပြည်သူများကို တရားဥပဒေမဲ့ သတ်ဖြတ်နှိပ်စက်နေ၍ သွေးစွန်းလက်များနှင့်လှူဒါန်းမှုများကိုမခံယူ၊ ထိုသူ တို့နှင့်မဆက်ဆံဟု ဆုံးဖြတ်တော်မူခြင်းကြောင့်ဖြစ်သည်။ ဘာမှမသိသေးသည့် မောင်ကောင်း ဗဟုသုတရရန် အနည်းငယ်ဖြည့်ပေးပါဦးမည်။ ဘဒ္ဒန္တသုမင်္ဂလာလင်္ကာရ ဘွဲ့အမည်ရသော တိပိဋကဓရဂန္ဓာရုံဆရာတော်ကြီး (တိပိဂန္ဓာဆရာတော်ဟု အလွယ်ခေါ် ကြသည်) သည် အမရပူရမဟာဂန္ဓာရုံဆရာတော်၏ တပည့်ဖြစ်သည်။ သက်တော် ၂၇ နှစ်တွင် ပိဋကတ်သုံးပုံအာဂုံရေးဖြေအောင်၍ မျက်မှောက်ခေတ် သာသနာ့သမိုင်းတွင် သက်တော်အငယ်ဆုံး တိပိဋကဓရဆရာတော်အဖြစ် စံချိန်ထူထားသည်။ ရန်ကုန်ကမ္ဘာအေးတွင် တိပိဋကမဟာဂန္ဓာရုံကျောင်းကို တည်ထောင်၍ ပရိယတ္တိစာပေပို့ချခဲ့သည်။ ထိုအကြောင်းကို မောင်ကောင်း ညွှန်းသည့် ကျေးဇူးတော်ရှင် အရှင်ဇနကာဘိဝံသ၏ ထေရုပ္ပတ္တိဖြစ်သော နာမည်ကျော် `တစ်ဘ၀သာသနာ´ ကျမ်းစာအုပ်တွင်လည်းပါပါသည်။ ဆရာတော်ကြီး ကိုယ်တော်တိုင်ရေးသော `တစ်ဘ၀သံသရာ´ တွင်လည်း ပါသည်ဟုထင်ပါသည်။

အစပြန်ကောက်ရလျှင် သာသနာအတွက်ကျေးဇူးများသော တိပိဋကဓရဆရာတော်ကြီးကို မချမ်းဘောထောင်တွင် နှစ်နှစ်ခွဲ ထောင်ချခဲ့သည်ဟု ကျွန်ုပ်ကရေးခဲ့သည်။ လွန်ခဲ့သော ၁၈နှစ်ခန့်က ဖြစ်ပျက်ခဲ့သောအဖြစ်၊ လူသိနည်းသေးသော အမှန်တရားကို တိတိကျကျ ထုတ်ရေးခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်ကိုယ်တိုင်လည်း ထိုအကြောင်းများကို သိခဲ့ရသည်မှာ မကြာသေးပါ။ ဗုဒ္ဓဘာသာထွန်းကားလှပါသည်ဆိုသော မြန်မာနိုင်ငံတွင် အမှန်တကယ်ဖြစ် ပျက်ခဲ့ပြီး ထိုအဖြစ်များကို ဖုံးကွယ်ထားကြသည်။ စေ့စေ့တွေးလေ ရင်နာလေဖြစ်ရသည်။

စာအတော်ရှည်သွားသော်လည်း ရေးစရာများကား ကျန်နေသေးသဖြင့် အပိုင်းခွဲရပါတော့မည်။ ပြန်လည်ခြုံငုံပြောရလျှင် ဘာသာရေးကိုနှိမ်ချ၊ အမှန်တရားကို ၀ါဒဖြန့်သည်ဟု သေးသိမ်အောင်ရေးလာသဖြင့် ပြန်ရေးရခြင်းဖြစ်သည်။ ကျွန်ုပ်ရေးသော အကြောင်းအရာများသည် မကြာသေးသော နှစ်ကာလအတွင်းတွင် ဖြစ်ပျက်ခဲ့သော အဖြစ် များသာ ဖြစ်သည်။ ဟုတ်မဟုတ်၊ မှန်မမှန်ကို ဗုဒ္ဓဘာသာဝင်များပီပီ ခွဲခြားဝေဖန်သုံးသပ် စုံစမ်းပြီးမှ ဆုံးဖြတ်ရန် တိုက်တွန်းအပ်ပါသည်။ နောက် ၂ရက်၊ ၃ရက်တွင် ကျန်သည်များကို ဆက်လက်တင်သွားပါမည်။

ဆက်ဖတ်ရန်ကျန်သေးသည်...

 

©2009 မောင်ကျည်ပွေ့ | Template Blue by TNB