မြန်မာပြည်ရဲ့နိုင်ငံရေးဟာ တခြားဘယ်နိုင်ငံနဲ့မှမတူပါဘူး။ အတိုက်အခံထဲမှာကို ကွဲပြား ခြားနားတဲ့အမြင်တွေနဲ့ အုပ်စုကွဲတွေအများကြီးရှိပါတယ်။ အဲဒီလိုကွဲနေတာက စစ်တပ်ဝါဒ ဖြန့်ဖြူးရေးအတွက် အခွင့်ကောင်းတခုပါ။
ဝါဒဖြန့်တဲ့နေရာမှာလည်း သူတို့ကိုယ်တိုင်ဝါဒ ဖြန့်သလို ဖါးတပိုင်းငါးတပိုင်းတွေကိုလည်း မြောက်ပေးပြီး ၀ါဒဖြန့်ခိုင်းပါတယ်။ သူတို့ဝါဒဖြန့်တာတွေက ဘယ်သူမှ စိတ်ဝင်စားမှုမရှိလို့ မအောင်မြင်ပေမဲ့ ဖါးတပိုင်း ငါးတပိုင်းတွေဝါဒဖြန့်တာကတော့ လူတွေကို ဟုတ်နိုးနိုးနဲ့ ထင်ယောင်မှား ဖြစ်စေနိုင်ပါ တယ်။
သူတို့က ပြည်သူ့ဘက်တော်သားလိုလို ဘာလိုလို အရေခြုံထားသလို၊ တချို့ကလည်း ယခင်လွတ်မြောက်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်ခဲ့ဖူးတာကြောင့် လူတွေနဲနဲ ထင်ယောင်မှားဖြစ်နေရတာပါ။ဖါးတပိုင်းငါးတပိုင်းလုပ်နေတဲ့အုပ်စုကို ပြန်ဆန်းစစ်ကြည့်မယ်ဆိုရင် ဒီမိုထွက်တွေနဲ့ ခေတ်ပညာတတ်လို့ခေါ်နေတဲ့ စာအုပ်အလွတ်ကျက်ထားတဲ့သူတွေချည်းဖြစ်ပါတယ်။
သူတို့ရဲ့တောင်စဉ်ရေမရာလျှောက်ပြောနေတာဘေးဖယ်ပြီး အနှစ်ချုပ်ဝါဒကို ကြည့်လိုက် မယ်ဆိုရင် စစ်တပ်နဲ့ပူးပေါင်း ရွေးကောက်ပွဲဝင် အမတ်တက်လုပ် ပြီးမှကိုယ်လိုသလိုပြုပြင် ဒီလိုပဲ အဓိပ္ပါယ်ထွက်ပါတယ်။ နောက်ပြီး သူတို့ကို နအဖ ဘက်တော်သားတွေလို့ပြောရင် သူတို့က မကြိုက်ပါဘူး၊ မဟုတ်ကြောင်းကို ဖင်ပိတ်ငြင်းကြပါတယ်။ ဒါမှလည်း လူတွေကို အယုံသွင်းလို့ ရမယ် မဟုတ်လား။
ပါးစပ်က ဘယ်လိုပင်ငြင်းနေပါစေ သူတို့ရဲ့ အယူဝါဒက ရှင်းရှင်းကြီး သက်သေခံနေပါတယ်။ သူတို့ပြောနေတဲ့အထဲမှာ အများဆုံးပါနေတာက ဒီချုပ်မကောင်းကြောင်းနဲ့ ဒေါ်စုမကောင်း ကြောင်းတွေပါပဲ။ ဒီချုပ်က ဘယ်လိုညံ့တယ်၊ ဒီချုပ်ခေါင်းဆောင်တွေက ဘယ်လိုဆိုးတယ်၊ ကွန်မြူနစ်တွေ ... အစရှိသဖြင့်ရေးကြပါတယ်။ အထူးသဖြင့် ဒီချုပ်ဟာ မြန်မာ့နိုင်ငံရေးကို နှစ် နှစ်ဆယ်နီးပါးလုပ်လာပေမဲ့ ဘာမှတိုးတက်မလာဘူး..ပြည်သူတွေမဲပေးထားတာ အလကားပဲ...အစရှိသဖြင့် ဒီလိုပဲအဓိပ္ပါယ်ထွက်တဲ့ အကြောင်းတွေရေးပြီး ၀ါဒဖြန့်ပါတယ်။
အပေါ်ယံတွေးရင် ဟုတ်သလိုလိုရှိနေပေမဲ့ သေချာစဉ်စားသင့်တဲ့အကြောင်းအရာက ဒီချုပ် မှာပါဝင်လှုပ်ရှားလို့ ထောင်ကျသွားသူတွေ၊ ဘ၀ပျက်သွားသူတွေ ဘယ်လောက်ရှိသွားပြီ လဲ၊ လက်ရှိနိုင်ငံရေးအကျဉ်းသားတွေထဲမှာ ဒီချုပ်က ဘယ်နှရာခိုင်နှုန်းပါနေလဲဆိုတာ ဆန်းစစ်ကြည့်ရင် ဒီချုပ်က အလုပ်လုပ်/ မလုပ် ဆိုတာပေါ်လာမှာပါ။
အဲ.. အလုပ်ဖြစ် မဖြစ်ဆိုတာက နောက်တပိုင်းသွားမှာပါ။ ဒီချုပ်မှာလည်း အားနည်းချက် တွေရှိနိုင်သလို အမှားအယွင်းတွေလဲ ရှိကောင်းရှိမှာပါ။ နိုင်ငံရေးပါတီတခုအနေနဲ့ ဘာမှ လုပ်ဆောင်လို့မရအောင်လည်း စစ်တပ်က ရိုက်ချိုးထားတာကို ဆရာကြီးတွေက ထည့်မ ရေးတာကတော့ မသိလို့ ထည့်မရေးတာလား တမင်မရေးကြတာလား ဆိုတာ စာဖတ်သူတွေပဲ စဉ်းစားကြည့်ပါ။
ဒီချုပ်နဲ့ပတ်သက်ရင် ထိပ်ပိုင်း အလယ်ပိုင်း အောက်ခြေပိုင်း အကုန်လုံး ဟာ နှိပ်ကွပ်ခံနေရပါတယ်။ သတင်းတွေမှာတော့ ထိပ်ပိုင်းနဲ့ အလယ်ပိုင်းကလူ လောက်သာ အဖမ်းဆီးခံရ၊ ထောင်ချခံရ ဆိုတာတွေလောက်ပဲ ရေးနိုင်ကြတာပါ။ အောက်ပိုင်းက ပါတီဝင်တွေ ဖြစ်ရင် လူမသိ သူမသိ ပါပဲ။ နမူနာတခုအနေနဲ့ မေးခွန်းတခု ကို ကိုယ့်ကိုယ်ကို မေးကြည့်ပါတယ်။ မြန်မာပြည်မှာရှိစဉ်က ဒီချုပ်ကို ဘယ်လိုဆက်သွယ်၊ ဆက်နွယ်ဘူးလဲ ဆိုတာပါပဲ။
အဖြေကတော့ နိုး... ဘာကြောင့်လဲဆိုတော့ ထိမှာကြောက် လို့ လို့ ရပါတယ်။ စာဖတ်သူများလည်း ကျွန်တော့်လိုပဲ အဲဒီမေးခွန်းကို ဖြေကြည့်ပါ။ နိုး..လို့ ဖြေသူ ဘယ်နှယောက် ရက်စ်လို့ဖြေနိုင်သူ ဘယ်နှယောက်ထွက်လာမယ်၊ ဒီချုပ်ကို လှုပ်ရှားမရအောင် ဘယ်သူတွေက ဘယ်လို ချုပ်ထားတယ်ဆိုတာ အဖြေထွက်လာပါမယ်။ ဒေါ်စုနဲ့ပတ်သက်ရင်လည်း သူတို့ပြောပုံဆိုပုံက တော်တော်လေး ပညာပါတာကို တွေ့ရပါ တယ်။ ပထမဆုံးဒေါ်စုကို စောင်းမြောင်းတိုက်ခိုက်တာတွေ မလုပ်သေးဘူး။ ဒေါ်စုတော် တယ် ကောင်းတယ်ဆိုတာလောက်နဲ့ပဲ အစပျိုးလာပါတယ်။
တဖြေးဖြေးနဲ့မှ ကွန်မန့်တွေက တဆင့် ပို့စ်တွေအထိ တိုက်ခိုက်လာပါတယ်။ အခုနောက်ဆုံး ဒေါ်စုဟာ လူထုခေါင်းဆောင် လုပ်ပြီး ဒါလေးတောင်မှ မသိဘူးလား ဘာလားနဲ့ရေးလာပါတယ်။ သူပြောချင်တာက နအဖကလွှတ်ပေးခါနီးမှာ ယက်တောကို လက်ခံလို့ မလွတ်တော့ဘူး၊ ဒါလေးတောင် မစဉ်း စားတတ်ဘူးလားပေါ့ဗျာ။
အဲဒီထက် ဆိုးတာက မြန်မာ့နိုင်ငံရေးဟာ ဒေါ်စုရှုပ်နေလို့ မတိုး တက်တာ၊ အခုဒေါ်စုကိစ္စက သာမည တိုင်းပြည်က အဓိက ဆိုပြီးလုပ်လာပါတယ်။ ကွန်မန့်တွေမှာလဲ ဒေါ်စုဆန်ရှင်ချလို့ တိုင်းပြည်ဆင်းရဲတာတို့၊ ဒေါ်စုက တိုင်းပြည်အကျိုး ဘာတွေလုပ်ပေးဖူးလဲနဲ့ ၀ိုင်းအူကြတဲ့အပြင် သူ့အဖေကဂျပန်တွေခေါ်လာလို့ တိုင်းပြည်နာ ခဲ့ရပြီးပြီး၊ အခုသူက အမေရိကန်ခေါ်ဖို့လုပ်နေတယ်လို့ အင်မတန်အောက်တန်းကျတဲ့ စကားတွေနဲ့ တိုက်ခိုက်လာပါတယ်။
ပြည်သူတွေလွတ်မြောက်ဖို့ လှုပ်ရှားဆောင်ရွက်နေကြတဲ့ လူပုဂ္ဂိုလ်အသီးသီးထဲမှာ စစ်အာဏာရူးတွေအကြောက်ဆုံး နံပါတ်(၁)ကတော့ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒေါ်စုကိုဖြိုဖို့နည်းလမ်းအမျိုးမျိုးနဲ့ နှစ်ရှည်လများကြိုးစားနေတာပါ။ ဒီပဲယင်းမှာ အပြတ်ရှင်းဖို့မအောင်မြင်တော့ အကျယ်ချုပ်နဲ့ ဘာမှလှုပ်ရှားလို့မရအောင် ထိန်းထားပါတယ်။ အဲဒီကာလမှာ သူတို့အာဏာတည်မြဲဖို့အတွက် တက်သုတ်ရိုက်ပြီး ရွေး ကောက်ပွဲလုပ်ဖို့နဲ့ စစ်တပ်အသွင်ပြောင်းရုပ်သေးအစိုးရပေါ်ပေါက်ဖို့ အသည်းအသန် လုံး ပန်းနေပါတယ်။
ဒီအချိန်မှာ ဒေါ်စုကိုလွှတ်လိုက်ရင် သူတို့လိမ်ထားတဲ့၉၂%ကြီး ဘူးပေါ် လာမယ့်အပြင် ဟန်ဆောင်ရွေးကောက်ပွဲဟာလည်း ပျက်စီးသွားပါလိမ့်မယ်။ ဒါကြောင့် ယက်တော မယက်တော ဘာဖြစ်ဖြစ် ဒေါ်စုကို လွှတ်မှာမဟုတ်ပါဘူး။ အဆုံးစွန် မတတ် သာလို့လွှတ်လိုက်ရရင်တောင် ဘာမှမလုပ်နိုင်ခင်မှာ အကြောင်းတခုခုပြပြီး အမြန်ဆုံး ထပ်ဖမ်းဦးမှာပါ။
ကိုမင်းကိုနိုင်တို့လို ခေါင်းဆောင်မျိုးတောင် လုပ်ခဲ့သေးတာပဲ။ ဒေါ်စုလို ခေါင်းဆောင်ကို သူတို့ ဘယ်လိုသတ္တိမျိုးနဲ့လွှတ်ပေးရဲမလဲဆိုတာ ကျွန်တော်တောသား ကတောင်စဉ်းစားတတ်ပါတယ်။ တကယ်က မြန်မာ့နိုင်ငံရေးမှာ ဒေါ်စုရှိနေလို့သာ အဆိုးဆုံးအခြေအနေမဖြစ်သွားတာပါ။ ဒေါ်စုသာမရှိရင် အမြင်ကွဲပြားနေတဲ့အုပ်စုတွေ ပြေပြေလည်လည်ဖြစ်လာဖို့ ညိနှိုင်းဆွေး နွေးဖို့ဆိုတာ ဘယ်သူမှဦးဆောင်နိုင်မှာမဟုတ်ပါဘူး။
တိုင်းရင်းသားတွေအပါအ၀င် အုပ်စု ကွဲတွေက တညီတညွတ်တည်း လေးစားနေကြတာ ဒေါ်စုကလွဲရင် ဘယ်သူမှလည်း အခု မျက်မှောက်ခေတ်မှာ မရှိသေးပါဘူး။ ဒါကြောင့် နအဖရော သူ့ရဲ့သံတူကြောင်းကွဲ ငကြောင်တွေကပါ မြန်မာ့နိုင်ငံရေးမှာ ဒေါ်စုကိုမရှိစေချင်တာပါ။ ဒါမှလည်း ကျန်တဲ့သူတွေ ကို ခြောက်တန်ခြောက် မြှောက်တန်မြှောက်ပြီး သူတို့စိတ်ကြိုက်လုပ်လို့ရမှာလေ။ တခြား မကြည့်ပါနဲ့ အခုပြည်ပမှာ အကွဲကွဲအပြားပြားဖြစ်နေတဲ့ အဖွဲ့တွေပုဂ္ဂိုလ်တွေပဲကြည့်ပါ။ သူတို့အားလုံး မျက်နှာစုံညီ ဆွေးနွေးဖို့ ဘယ်သူကဦးဆောင်စုစည်းနိုင်ပါသလဲ။
ဖြစ်နိုင် မယ်လို့ထင်ပါသလားခင်ဗျာ။ တကယ်လို့ ဒေါ်စုကသာ အထက်ပါအဖွဲ့တွေကို မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးဖို့ စုစည်းမယ်ဆိုရင် ငြင်းဆန်ကြမယ်လို့ထင်ပါသလား။ ဒါဟာ လက်ရှိ အခြေအနေမှာ ဒေါ်စုရဲ့အရေးပါမှု တစိတ်တပိုင်းမျှသာ ရှိပါသေးတယ်။ တခြား ကျွန်တော် မစဉ်းစားမိတဲ့ ဥာဏ်မမီတဲ့ အကြောင်းအရာတွေ အများကြီးရှိနေဦးမှာပါ။
စီးပွါးရေးပိတ်ဆို့တယ်ဆိုတာက နအဖနဲ့ ငကြောင်တွေကတော့ ခဏခဏ ခလုတ်လာလာ တိုက်ပါတယ်။ ဒေါ်စုက စီးပွါးရေးပိတ်ဆို့ခိုင်းလို့ပဲ အနောက်အုပ်စုက လိုက်လုပ်သလိုလို စီးပွါးရေးပိတ်ဆို့လို့ပဲ မြန်မာပြည်သူတွေဆင်းရဲနေရသလိုလို အမြဲတမ်းပြောတတ်ပါတယ်။ ရိုးရိုးလေးတွေးကြည့်မယ်ဆိုရင် မြန်မာပြည်မှာ လယ်ယာစိုက်ပျိုးနေသူတွေ၊ ၀န်ထမ်းတွေ စားဝတ်နေရေး မပြေလည်တာ အဲဒီစီးပွါးရေးပိတ်ဆို့မှုကြောင့်မပြေလည်ကြတာလား စီမံ ခန့်ခွဲမှုညံ့လို့မပြေလည်ကြတာလားဆိုတာ ရှင်းရှင်းလေးပါ။
မြန်မာပြည်ကဆန်စပါးနဲ့ အခြားသီးနှံတွေဟာ အနောက်နိုင်ငံတွေကို တင်ပို့ရတာမဟုတ်ပါဘူး။ မြန်မာပြည်က ၀န်ထမ်းတွေရဲ့လစာငွေတွေ ဒေါ်လာငါးဆယ်အောက်ရနေတာဟာ စီးပွါးရေးပိတ်ဆို့လို့ မဟုတ်ပါဘူးဗျာ။ တကယ်က စီးပွါးရေးပိတ်ဆို့ထားတယ်သာပြောနေတာပါ အမေရိကန် ရေနံကုမ္ပဏီနဲ့ ပြင်သစ်ရေနံကုမ္ပဏီတို့ အခုထိမြန်မာပြည်မှာရှိနေပါသေးတယ်။
ထို့အတူပဲ အာဆီယံနဲ့ဂျပန်တွေက စီးပွါးရေးပိတ်ဆို့မှုမှာမပါဝင်ကြပါဘူး။ အဲဒီနိုင်ငံက မြန်မာပြည်မှာ စက်ရုံတွေလာမဖွင့်ကြတာဟာ ဒေါ်စုကြောင့်လား၊ ဘာမှတိကျခိုင်မာမှုမရှိ တဲ့ စစ်အာဏာရူးတွေကိုမယုံလို့လား စဉ်းစားကြည့်ပါ။ ထို့အတူပဲ အနောက်အုပ်စုက စီးပွါး ရေးပိတ်ဆို့တာဟာ စစ်အုပ်စုကတိုင်းသူပြည်သားကိုဖိနှိပ်ရက်စက်လို့လားဒေါ်စုပြောလို့ လိုက်လုပ်တာလား ရှင်းပါတယ်။
ဒေါ်စုသာအနောက်အုပ်စုကို စေလိုရာစေခိုင်းနိုင်ရင် စစ် အုပ်စုပြေးရတာကြာပါပြီ။ တိုင်းသူပြည်သားတွေဆင်းရဲရခြင်းရဲ့အကြောင်းအရင်းဟာ စီးပွါးရေးပိတ်ဆို့လို့ ကျားကျားမီးယပ်အော်နေမဲ့အစား ကိုယ့်အဘတွေ အသုံးမကျလို့ စီမံ ခန့်ခွဲမှုညံ့ဖျင်းလို့ အမှန်အတိုင်းဝန်ခံရဲတဲ့သတ္တိမွေးသင့်ပါတယ်။ ဒေါ်စုက တိုင်းပြည် အတွက် ဘာတွေလုပ်ပေးဖူးသလဲဆိုတာထက် မောင်သန်းရွှေတို့စစ်အုပ်စုက တိုင်းပြည် ကောင်းကျိုးဘာတွေလုပ်ပေးဖူးသလဲဆိုတာကို အရင်ဆုံးပြောကြပါလို့ ငကြောင်များကို ပြောချင်ပါတယ်။ စာလဲတော်တော်ရှည်သွားပါပြီ။
ငကြောင်တွေရဲ့အတွေးအခေါ်နဲ့လမ်းစဉ်တွေအကြောင်းကို နောက်တပုဒ်မှာ အပြီးသတ်ရေးပါမယ်။ စာဖတ်သူမိတ်ဆွေများ.. မင်္ဂလာပါခင်ဗျာ။
ချဲသမားနဲ့ဘုန်းကြီးတစ္ဆေများ ၂
ချဲသမားနဲ့ဘုန်းကြီးတစ္ဆေများ ၁
ဒီမှာကိုယ့်ဆရာ ခင်ဗျားတို့တွေ ချဲသမားကိုမြင်ဖူးကြလိမ့်မယ်။ သို့မဟုတ် ပြောရဆိုရကတ် သတ်တဲ့ ဘုန်းကြီးတစ္ဆေလိုလူမျိုးတွေကို ကြုံဖူးကြလိမ့်မယ်။
ချဲသမားဆိုတာတွေက တွက် နည်းနဲ့ပဲဖြစ်ဖြစ် ဘိုးတော်နတ်ကတော်တွေအထာပေးတာတွေပဲဖြစ်ဖြစ် ချဲထွက်ပြီးပြီဆို တာနဲ့ လူသူလေးပါးဆုံတဲ့နေရာမှာ အာပေါင်အာရင်းသန်သန်နဲ့ “ငါပြောသားပဲ ဒီအပတ်မှာ ဒီလိုဖြစ်ရမှာ.... ချိုင်းကဒီလိုပြထားတာ.....ဌာပနာမှာက ဒီလိုဂွင်ဆင်နဲ့..........ပေါင်းခြင်း ကဘယ်နှပွင့်........”အစရှိသဖြင့် မစားရ ၀ခမန်းပြောတတ်ကြသလို “ဘိုးတော်က လက် သီးဆုပ်ပြတာ သုံညပဲကွ၊ မင်းတို့က ငါးလို့ကောက်လို့လွဲသွားတာ.... ဆေးလိပ်ဖွါပြတာ ကလဲ အထာပဲ....” အဲဒီလိုမျိုးပြောနေပြီး ဆရာကြီးစတိုင်ဖမ်းနေတတ်ကြတယ်။
သူတို့ ကိုယ်တိုင်ကတော့ ချဲပေါက်ဖို့မပြောနဲ့ ချဲထိုးဖို့တောင် ငွေရှိကြတာမဟုတ်ဘူးဗျ။ ဆရာကြီး စတိုင်နဲ့ ကျွမ်းကျင်သူလိုလို ဘာလိုလိုပေါ့လေ။ အဲ... ထွက်မယ့်ချဲဂဏန်းအကွက်ကို မတွက်ပြနိုင်ပေမဲ့ အရင်အပတ်က ထွက်ပြီးသားဂဏန်းတွေဆိုရင်တော့ အပတ်စဉ်လိုက် ပေါင်းပြ နှုတ်ပြနဲ့ တွက်လိုက် ကွက်တိကျနေအောင် လုပ်ပြတတ်တယ်။
အဲဒါကိုယုံပြီး အောမိတဲ့သူကတော့ ခံပေရော့ပဲ။ဟုတ်ကဲ့ နောက်တမျိုးကတော့ ဘုန်းကြီးတစ္ဆေဆိုတဲ့ လူစားမျိုးတွေပေါ့ဗျာ။ ဒီလူမျိုးတွေက ချဲသမားတွေလို သိပ်ပြီးပေါတောတောမဆန်ဘူး။ အများအားဖြင့် သူတို့ဟာ အသိဥာဏ် တွေ ရှိတတ်ကြတယ်။ သို့သော်ငြားလည်း ငါသာလျှင်သိ ငါသာလျှင်တတ် ငါ့လောက်နား မလည်ကြဘူး အစရှိသဖြင့် အတ္တဘ၀င်ရူးနေကြသူတွေဖြစ်တယ်။
ဒါကြောင့်လည်း သိထား မှတ်သားထားဖူးတာလေးတွေကို အခြေခံပြီး အငြင်းသန်နေကြသူတွေပေါ့။ သူတို့လို ဟာ မျိုးတွေဟာ အကိုးအကားတွေ အချက်အလက်တွေကို ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ် စေ လူတွေအထင်ကြီးအောင်တော့ အမြဲကိုးကားတတ်ပါတယ်။ ဒါကြောင့် ရုတ်တရက်ဆို သူတို့ရဲ့ စကားတွေကပဲ ဟုတ်နေသလိုလို ထင်ရအောင် လုပ်တတ်ကြပါတယ်။
သူတို့နဲ့ အမြင်မတူလို့စကားပြောမယ်ဆိုရင် ပြောတဲ့လူကို အကိုးအကားတွေနဲ့ မျက်စိလည်အောင် လုပ်ပြီး ရောချတတ်ကြတာ သူတို့ရဲ့လမ်းစဉ်ပါပဲ။ကျွန်တော်တို့ နိုင်ငံရေးအကြောင်းရေးနေတဲ့ ဘလော့တွေထဲမှာ အဲဒီချဲသမားလို ဘုန်းကြီး တစ္ဆေလို ဟာမျိုးတွေရှိတယ်ဗျ။ သူတို့ကိုယ်သူတို့ သမာသမတ်ကျတဲ့လူတွေ၊ လက်တွေ့ ကျကျတွေးတတ်တဲ့လူတွေ ငြိမ်းချမ်းရေးကိုမြတ်နိုးတဲ့လူတွေ အစရှိသဖြင့် သူတော်ကောင်းယောင်ဆောင်နေကြတယ်။
တကယ့်အနှစ်သာရကတော့ အကြံတုံး ဥာဏ် တုံးတွေဆိုတာ တဖြေးဖြေးပေါ်လွင်လာတဲ့လူတွေပေါ့ဗျာ။ သူတို့မှာတိကျတဲ့လမ်းစဉ် မရှိဘူး၊ စွန့်စားရဲတဲ့သတ္တိတွေမရှိဘူး၊ အဲဒီတော့ စစ်တပ်အလိုကျ လမ်းပြမြေပုံကိုပဲ ဦးထိပ် ရွက်ကိုးကွယ်နေကြတယ်။ အဲဒီဟာကပဲဟုတ်သလိုလို၊ ပြည်သူတွေကပဲ အခြေခံဥပဒေကို ထောက်ခံအတည်ပြုသလိုလို ယောင်ဝါးပြောနေကြတယ်။
စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲကသာ မြန်မာ့နိုင်ငံရေးအတွက် အကောင်းဆုံးအဖြေ၊ ထွက်ပေါက်ဖြစ်တယ်လို့ တင်စားနေတယ်။ တကယ်တော့ အဲဒီလူတွေဟာ ဆရာကြီးနေရာ ကလည်းနေချင်တယ်၊ ထိုက်တန်တဲ့ပေးဆပ်မှုမျိုးလည်းမလုပ်ချင်တဲ့ အချောင်သမားတွေ ပါပဲ။ သို့သော်လည်း လူတိုင်းမှာ လွတ်လပ်စွာတွေးခေါ်ဆုံးဖြတ်ပိုင်ခွင့်ရှိတာဆိုတော့ ကျွန်တော့်အနေနဲ့ ဘာမှမပြောလိုပါဘူး။ မပြောလိုပေမဲ့ ပြောစရာဖြစ်လာတဲ့ အကြောင်း တွေ တွေ့လာတော့လည်း ပြောရပါဦးမယ်။
အထက်ကဆိုခဲ့ပြီးသလို နိုင်ငံရေးချဲသမားတွေ က ဒီချုပ်နဲ့ပတ်သက်လာရင် ဘယ်တုန်းက ဘယ်လိုအကွက်နဲ့ ဘယ်လိုလုပ်ရမှာ အခုတော့ တွေ့ပြီမဟုတ်လား ဦးဆောင်ပါတီလုပ်နေပြီး ဒါလေးတောင်မသိဘူး.... အစရှိ သဖြင့်တမျိုး၊ တကယ်ဆို ဘယ်တုန်းကတည်းက ဘယ်လိုပွဲသိမ်းလုပ်ရမှာ အသုံးကိုမကျ ဘူး ပြည်သူတွေဆီက ထောက်ခံမဲတွေယူပြီး အလကားပဲ ဘာမှအဖြစ်မရှိဘူး....... စသည်ဖြင့် ဝေဖန်လေကန်လာကြတာတွေ့ရပါတယ်။
အခုနောက်ပိုင်း ဒေါ်စုကိစ္စမှာလည်း တကယ်က ရက်ပိုင်းအတွင်းမှာ ဒေါ်စုဟာလွတ်ရက် စေ့နေပြီ ယက်တောကိုလက်မခံထားသင့်ဘူး အခုပြဿနာတက်ပြီမဟုတ်လား လူထုခေါင်းဆောင်လုပ်ပြီး ဒါလေးတောင်မှနားမလည်ဘူးလား... ဆိုပြီး ဝေဖန်သလိုလို နဲ့ နှိပ်ကွပ်လာပါတယ်။ အဲဒါအပြင် ဒေါ်စုဟာ တိုင်းပြည်အတွက် ဘာတွေများ လောက်လောက်လားလား စွမ်းဆောင်ပေးဖူးလို့လဲ သူကဘာအစွမ်းအစရှိလို့လဲ..နဲ့ ပြော လာတဲ့အပြင် ဒေါ်စုက ဆန်ရှင်ချလို့ တိုင်းပြည်ဆင်းရဲရသလိုလို ဘာလိုလိုနဲ့ ရောချလာပါ တယ်။
အခုနောက်ဆုံး ဒေါ်စုကိစ္စရှုပ်နေလို့ တိုင်းပြည်ရဲ့နိုင်ငံရေးဟာ တိုးတက်သင့်သ လောက်မတိုးတက်လာသလိုလို... ရွေးကောက်ပွဲတော့ နှောင့်နှေးပါပြီ၊ ပုဂ္ဂိုလ်ရေးက တိုင်းပြည်ရေးထက်ရှေ့တန်းရောက်နေပြီ ဒုက္ခပါပဲ.... အစရှိသဖြင့် တိုင်းပြည်ချစ်လွန်းလို့ ရင်လေးရတဲ့ပုံစံတွေအထာတွေနဲ့ လုပ်လာပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်လူ့အသိုင်းအ၀ိုင်းမှာမဆို ကောင်းတဲ့ဘက်မှာပဲဖြစ်ဖြစ် ဆိုးတဲ့ဘက် မှာပဲဖြစ်ဖြစ် ထွန်းထွန်းပေါက်ပေါက် ခေါင်းဆောင်နိုင်တဲ့လူတွေဟာ ၁၅ရာခိုင်နှုန်းလောက် စီပဲရှိကြပါတယ်။
ကျန်တဲ့၇၀%ကတော့ ကောင်းတဲ့ဘက်လိုလို ဆိုးတဲ့ဘက်လိုလိုနဲ့ ရေရာ တိကျမှုမရှိတတ်ကြပါဘူး။ အဲဒီတော့ ကောင်းတဲ့ဘက်ကပဲဖြစ်ဖြစ် ဆိုးတဲ့ဘက်ကပဲဖြစ်ဖြစ် သူ့ဘက်အင်အားများအောင် ခုနက ၇၀% ကိုစည်းရုံးဆွဲဆောင်ကြရပါတယ်။ ဒီသဘော အတိုင်းပဲ စစ်တပ်ဘက်ကလူတွေက သူတို့ဘက်ပါအောင် စည်းရုံးနေပါတယ်။
စစ်တပ် ကောင်းကြောင်းတွေနဲ့တည့်တိုးကြီးစည်းရုံးလို့မရဘူး မဖြစ်နိုင်ဘူးဆိုတာ သိနေကြတော့ တဖက်လှည့်နဲ့ စစ်တပ်မကောင်းတာကို ဖေါ့ထားပြီး ဒီချုပ်ကဘယ်လို ဒေါ်စုကဘယ်လိုနဲ့တိုက်ခိုက်နေကြတာပါပဲ။ စစ်တပ်မကောင်းပေမဲ့လည်း အနီးကပ်ပေါင်းပြီး စည်းရုံးပြုပြင် သွားရင် ကိုယ်ဖြစ်စေချင်သလို ကောင်းလာနိုင်သလိုလို ၀ါဒဖြန့်နေကြပါတယ်။
ကျွန်တော့်အနေနဲ့ အဲဒါတွေနဲ့ပတ်သက်ပြီးရေးရပြောရမယ်ဆို သိပ်ပြီးတော့မလွယ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဟာ အဲဒီဘုန်းကြီးတစ္ဆေတွေလို ဥပဒေအချက်အလက် တွေ အကိုးအကားတွေနဲ့ မပြောတတ် မပြောနိုင်လို့ပါပဲ။ သူတို့က ၀ါဒဖြန့်ဖို့အရေး လူအင် အားတွေအများကြီးနဲ့ အချိန်တွေအများကြီး အကုန်ခံနိုင်ကြပါတယ်။
ဒါပေမဲ့ အမည်းရောင် ကို အလင်းဖြတ်သန်းမှုသီအိုရီ အရောင်ဘာသာဗေဒ စိတ်ပညာသီအိုရီအချက်အလက် စတဲ့ စာအုပ်ကြီးတွေကိုးကားပြီး အမည်းရောင်ဟာ အဖြူပါပဲလို့ ဘယ်လိုပဲပြောပြော ကျွန်တော်တို့အတွက်တော့ အမည်းဟာ အမည်းပါပဲ၊ အမည်းကို အမည်းလို့မြင်ဖို့အတွက် ဘာသီအိုရီ ကျမ်းစာအထောက်အထားမှ မလိုပါဘူး။
ဘ၀ပေးအသိအမြင်အရကို အမည်းလို့မြင်နေပြီးသားပါ။ အဖြူကိုလည်းထို့အတူ အဖြူလို့မြင်ပြီးသားပါ။ ရိုးရိုးသာမန်ပြည်သူထဲကလူတဦး အထူးသဖြင့် လူများစုဖြစ်တဲ့ အခြေခံလူတန်းစားထဲက လူတဦးဖြစ်တဲ့ ကျွန်တော့်ရဲ့အမြင်တွေကို နောက်တပိုင်းမှာ ထပ်မံတင်ပြသွားပါမယ်။
နဲနဲပြောမယ်
မြန်မာနိုင်ငံရဲ့အခြေအနေကတော့ ထုံးစံအတိုင်း စစ်အာဏာရှင်တို့ရေးဆွဲထားသလိုပဲဖြစ် နေပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရတော့မယ့်အချိန်မှာ အကြောင်း တခုခုပြပြီး ဆက်ထိန်းထားပါဦးမယ်။
သူတို့အနေနဲ့ ကြောက်ရွံ့ရတဲ့သူတွေထဲမှာ နံပါတ်၁ ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အယောင်ဆောင်ရွေးကောက်ပွဲလုပ်မယ့်ကာလမှာ လွှတ်ထားပေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ အနှစ်နှစ်အလလ လိမ်လည်ထားသမျှ ပျက်စီးသွားမှာကို သူတို့ကြောက်ပါတယ်။ အခြားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်တို့ ကို နှစ်ရှည်ထောင်ဒဏ်ချထားပြီး လမ်းရှင်းထားပြီဖြစ်ပါတယ်။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်ကို အလားတူပဲ ထပ်မံချုပ်နှောင်ထားဦးမှာဖြစ်ပါတယ်။
စစ်အာဏာရှင်တွေဟာ သူတို့ဦးတည်ချက်ကို ဘယ်သူတွေဘာပြောပြော ဂရုမစိုက်ပဲ လုပ်ဆောင်ခဲ့တဲ့ထုံးစံအတိုင်း အကောင်ထည်ဖေါ်သွားမှာ မလွဲဧကန်ပါပဲ။ တိုင်းပြည် လွတ်မြောက်ရေး နဲ့ပတ်သက်လို့ ကျွန်တော်ရဲ့အမြင်ကိုပြောရရင် အခုချိန်မှာ လူထုအုံကြွမှု ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လူထုကနိုင်ငံရေးကို စိတ်မ၀င်စားလို့ဆိုတာထက် အကြောင်းမဲ့မစွန့်စားချင်တာက အဓိကဖြစ်ပါတယ်။
ဒါကလည်း သဘာဝကျပါတယ်။ တစုံ တခုဖြစ်လာရင် အရင်ဆုံးနှိပ်ကွပ်တာကို သူတို့ပဲခံရတာပါ။ အသတ်ခံရမယ်၊ ထောင်ချတာ ခံရမယ်၊ နှိပ်စက်မှုတွေခံရမယ်၊ စီးပွါးရေးကိုဖျက်စီးတာခံရမယ် စသည်ဖြင့် အမြဲတမ်းပဲခံ နေရတဲ့ ခံဖက်ကချည်းဆိုတော့ ဘယ်သူမဆို ဘာမှမပိုင်ပဲနဲ့ ဘာမှမလုပ်ချင်ကြတာပါပဲ။ တကယ်လို့သာ စစ်တပ်ဖက်ကဖြစ်စေ၊ ကြံ့ဖွတ်စွမ်းအားရှင်ဖက်ကဖြစ်စေ အလားတူ အထိခိုက်တွေရှိတယ်ဆိုရင် သူတို့မှာ အားတက်လာစရာရှိနိုင်ပါတယ်။
အခုတော့ ကိုယ့် ဖက်ကချည်းပဲ အမြဲတမ်းခံဖက်ကချည်းဖြစ်နေတဲ့အပြင် ဘယ်သူကမှ ဘာမှအားပေးတာ တွေ၊ ထောက်ပံ့တာတွေမရှိတော့ နဂိုကမှယဲ့ယဲ့ကလေးတွေက စိတ်ပျက်လာတာ၊ လမ်း ပျောက်သလိုဖြစ်လာတာ မဆန်းပါဘူး။ နောက်တခုကလည်း အကြောင်းကိစ္စတခု ပေါ်လာ မှ တပွဲတိုး ထထလုပ်နေသလိုဖြစ်နေတာပါပဲ။ ကြိုတင်ပြင်ဆင် တာဝန်ယူလုပ်ဆောင်ခဲ့ တာ မရှိခဲ့လေတော့ ရန်သူက အလွယ်တကူပဲ နှိမ်နင်းဖြိုခွဲတာခံနေကြရပါတယ်။ခက်တာက နိုင်ငံရေးကိစ္စကို အပျော်တမ်းသဘောမျိုးလုပ်နေတာတွေ ဖြစ်နေကြပါတယ်။
ကြေညာချက်ထုတ်လိုက်၊ သံရုံးရှေ့မှာသွားအော်လိုက်၊ တောင်းဆိုချက်ထုတ်လိုက်နဲ့ အရေးမပါ အရာမရောက်တာတွေပဲ လုပ်ဆောင်နေကြတာကိုတွေ့ရပါတယ်။ စစ်အာဏာ ရှင်တွေက ဘယ်နှစ် ဘယ်လ ဘယ်ရက်မှာ ဘာတွေကိုလုပ်မယ် စသည်ဖြင့် တိတိကျကျ ရှိပါတယ်။ ကိုယ့်ဖက်မှာက ဘာမှတိတိကျကျပလန်မျိုးမရှိပဲနဲ့ ကြုံရာကျပန်း ပေါ်ပင်လိုက် နေကြတော့ ဘာမှမဖြစ်လာတာ အံ့သြစရာမဟုတ်ပါဘူး။ အဲဒီအပြင် နိုင်ငံရေးကိုစိတ်ပါ တဲ့မျိုးဆက်အသစ်လေးတွေကို စိတ်ပျက်အားလျော့အောင် လုပ်ပြနေသလိုလည်း ဖြစ်နေပါတယ်။
အဖွဲ့တွေသာ မရေတွက်နိုင်အောင်များနေပြီး တိကျတဲ့လုပ်ဆောင်ချက်က လောက် လောက်လားလား မည်မည်ရရမရှိတာတွေကို အမြန်ဆုံးပြုပြင်သင့်နေပါပြီ။ အဲဒီလိုမှ မဟုတ်ရင်တော့ ဒီလိုနဲ့ပဲ အမှောင်ထဲမှာ လမ်းပျောက်နေကြရဦးမှာပါ။ အထူးသဖြင့် ဘာပဲ လုပ်လုပ် ဇယားချပြီး ဖြစ်မြောက်အောင် လုပ်ရမှာဖြစ်ပါတယ်။ အဓိကလိုအပ်တဲ့ ရန်ပုံငွေ ကို ဘယ်လိုရှာမလဲ(ကိုယ့်အားကိုယ်ကိုးစနစ်မျိုး) ဘယ်သူတွေက ဘယ်အပိုင်းကို တာဝန် ယူမလဲ အစရှိသဖြင့် လုပ်ဆောင်ကြဖို့ အထူးပဲအရေးကြီးပါတယ်။ ယူအန်တွေ အီးယူတွေ ကို ထည့်တွက်စရာကိုမလိုပါဘူး။
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရမှာပါ။ အဲလိုမှမဟုတ်ရင် စစ်တပ်ချေလို့ တိုင်းပြည်ကျေပါတော့မယ်။ အစကတော့ ကျွန်တော်မရေးဘူးလို့ ရည်ရွယ်ထားပေမဲ့မနေနိုင်လို့ရေးမိပြောမိပါတယ်။ ကျွန်တော်တို့တွေမှာ သင့်တင့်တဲ့ဝင်ငွေတွေရှိတယ်၊ ထိုက်သင့်တဲ့ အတတ်ပညာတွေရှိ တယ် ကိုယ့်နိုင်ငံကိုလည်း လွတ်မြောက်စေချင်တဲ့စိတ်တွေရှိတယ်။ ဘာဆက်လုပ်ကြမလဲ ဆိုတာ ကိုယ်စီကိုယ်စီ စဉ်းစားဆုံးဖြတ်လုပ်ဆောင်ကြဖို့ အရေးကြီးနေပါပြီလို့ပဲ တင်ပြဆွေး နွေးလိုက်ပါတယ်ခင်ဗျာ။
လက်ဆောင်
ကျွန်တော် မြန်မာပြည် ကပြန်ရောက်လာတော့ အတွေ့အကြုံတွေကို ရေးမယ်လို့ စဉ်းစား ထားပါတယ်။ သို့သော်လည်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ရေးချင်စိတ် ပျောက်နေခဲ့ပါတယ်။
သို့ပေမဲ့လည်း မြန်မာပြည်ကိုရောက်တုန်းက နားထောင်ဖြစ်ခဲ့တဲ့ မိုးကုတ်နယ်လှည့်ဓမ္မကထိက ဆရာတော်ဥူးသုမင်္ဂလရဲ့ စကားတခွန်းကို မျှဝေပေးချင်ပါ တယ်ခင်ဗျာ။ တချို့မိတ်ဆွေများလည်း သိပြီးဖြစ်ပါလိမ့်မယ်။
မသိတာထက်မသိချင်တာကပိုခက်၏မသိချင်တာထက်သိနေယောင်ဆောင်နေတာက ပိုပိုခက်၏တဲ့ခင်ဗျ။ တိုပေမဲ့ တော်တော်ထိတဲ့စကားလုံးတွေဖြစ်ပါတယ်ခင်ဗျာ။
ကျွန်တော်တော့ တော်တော်လေးကိုကြိုက်နှစ်သက်မိပါတယ်။ အစားကောင်းစားရတဲ့အခါ ချစ်ခင်သူများကို သတိရတယ်ဆိုသလို ကျွန်တော်လည်း စကားကောင်းကြားခဲ့ရလို့ ကျွန်တော်ချစ်တဲ့ မိတ်ဆွေများကို ဝေငှလိုက်ပါတယ်။ မင်္ဂလာပါခင်ဗျား....
အထူး.......
လွန်ခဲ့တဲ့ ၂လပိုင်းကစပြီး ကျွန်တော်ဘလော့ရေးတာ ရပ်နားခဲ့ပါတယ်။ အဓိကအကြောင်း ကတော့ မလုပ်မဖြစ်လုပ်ရမယ့် ကိစ္စတချို့ကိုလုပ်ရမှာရယ်၊ ခြောက်နှစ်ကျော်ခွဲခွါခဲ့တဲ့ မိဘနဲ့မိသားစုတွေရှိရာ မွေးရပ်မြေကို ပြန်ဖို့အကြောင်းပေါ်လာတာရယ်ကြောင့်ပဲဖြစ်ပါ ပါတယ်။
နောက်တခုက ရင်ထဲမှာ အစာမကျေဖြစ်နေရတာတွေများများလာတာလည်း တကြောင်းပေါ့ခင်ဗျာ။ ကျွန်တော်ဘလော့စရေးဖြစ်တာ ၂.၃.၂၀၀၈ ကဆိုတော့ အခုဆိုရင် ၁နှစ်ကျော်ကြာခဲ့ပါပြီ။ အခြားသော ဘလော်ဂါညီအကိုများလိုပဲ နှစ်ပတ်လည် အမှတ်တရ ရေးချင်ပေမဲ့ ရေးဖို့အခွင့်မသာခဲ့လို့ မရေးခဲ့ရတာကြောင့် အခုမှပဲ ရေးဖြစ်ပါတော့တယ်။
နှစ်ပတ်လည်အမှတ်တရရေးခဲ့ကြတဲ့ ပို့စ်တွေဖတ်ခဲ့ရဖူးပါတယ်။ တနှစ်တာအတွင်းဖြတ် သန်းလာတဲ့အတွေ့အကြုံတွေ၊ ခင်မင်ရင်းနှီးမှုတွေ၊ ရေးခဲ့တဲ့ပို့စ်အမျိုးအစားတွေ အစရှိသ ဖြင့် ဝေေ၀ဆာဆာနဲ့ တကယ့်ကို အမှတ်တရဖြစ်အောင်လည်း ရေးခဲ့ကြတာ ကြည်နူးစွာ ဖတ်ခဲ့ရပါတယ်။
ကျွန်တော်ကတော့ အဲဒီလိုစနစ်တကျနဲ့ ရေးသားနိုင်စွမ်းမရှိပါဘူးခင်ဗျာ။ သို့သော်လည်း မဖြစ်မနေရေးရမှာကတော့ ကျေးဇူးစကားပါ။ ရှေးဦးစွာ ကျွန်တော့်ကို ဘလော့ဖွင့်ပေးခဲ့တဲ့ သူငယ်ချင်းနဲ့ ပြင်ဆင်ပေးခဲ့တဲ့သူငယ်ချင်းကို အထူးကျေးဇူးတင်ရှိပါ ကြောင်းပြောချင်ပါတယ်။ ပို့စ်ကိုဘယ်လိုတင်ရတယ်ဆိုတာကိုလည်း သူတို့နှစ်ဦးကပဲ ကျွန်တော်လူပြိန်းကို နားလည်အောင် ကြိုးစားသင်ပေးခဲ့ပါတယ်။
ဘလော့ရေးပြီးတဲ့နောက်ပိုင်းမှာလည်း စာဖတ်ပရိတ်သတ်တွေ သိလာအောင်မိတ်ဆက် ပေးခဲ့တဲ့ ကိုမောင်ဒိုင်း၊ ကိုလျှာရှည်တို့ကိုလည်း အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ အဲဒီ နောက် ဘလော့အညွှန်းမှာထည့်သွင်းပေးတဲ့ ကိုသင်ကာ၊ ကိုကျော်ထင်တို့ကိုလည်း အထူး ကျေးဇူးတင်ပါတယ်။ ထို့အတူ လင့်ခ်ချိတ်ပြီးညွှန်းပေးခဲ့တဲ့ ဘလော်ဂါညီအကိုမောင်နှမများ ကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။
တဦးချင်းနာမည်တွေကို မဖေါ်ပြနိုင်တာကို လည်း ခွင့်လွှတ်ကြဖို့ အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ။ လင့်ခ်ချိတ်ပေးထားတာတွေ ကို ရှာမတတ်လို့ပါခင်ဗျာ။ နားလည်တဲ့သူငယ်ချင်းတွေကလည်း အနားမှာမရှိတာကြောင့် မှတ်မိသလောက်ရေးမယ်ဆိုရင် နာမည်တွေကျန်ခဲ့တာတွေဖြစ်လာမှာစိုးလို့ ခြုံပြီးတော့ပဲ ကျေးဇူးစကားဆိုလိုက်ရပါတယ်။
ကျွန်တော်ကိုယ်တိုင်ကလည်း ပြန်ပြီးတော့ လင့်ခ်ချိတ်ချင်ပေမဲ့ ပို့စ်တင်ရုံကလွဲပြီး ဘာမှမ လုပ်တတ်တာကြောင့် အခုလိုပဲဖြစ်နေရတာပါခင်ဗျာ။ ပို့စ်တွေမှာ ကွန်မန့်ပေးတာတောင် တော်တော်လေးကြာမှလုပ်တတ်တဲ့ ကျွန်တော်ငထူကို ခွင့်လွှတ်နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။
နောက်ထပ်ကျေးဇူးတင်ရမယ့် မိတ်ဆွေတွေကတော့ တခုတ်တရ လာရောက်ဖတ်ရှုအားပေးကြတဲ့ ညီအကိုမောင်နှမများပဲဖြစ်ပါတယ်။ အခုလိုလာရောက် ဖတ်ရှုအားပေးခဲ့လို့လည်း ကျွန်တော်ဘလော့ထဲမှာရှင်သန်ခွင့်ရနေတာဖြစ်တာကြောင့် အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ အထူးသဖြင့် ကျွန်တော့်ရဲ့ ကဘောက်တိကဘောက် ချာ စာအရေးအသားကို သည်းညည်းခံပြီး လာရောက်ဖတ်ရှုပေးခဲ့ကြတာ ကျွန်တော်ကြည် နူးစွာနဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ။
အဲဒီအပြင် ကွန်မန့်တွေ စီဘောက်တွေမှာ နှုတ်ဆက် အားပေးခဲ့ကြတာကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မိတ်ဆွေများရဲ့နှုတ်ဆက် စကား၊ မှတ်ချက်စကားတွေဖတ်ရတိုင်းလည်း အားရကျေနပ်မှုတွေဖြစ်ခဲ့ရပါတယ်ခင်ဗျာ။ ကျွန်တော့်အတွက် ဘလော့ဆိုတာ လောကအသစ်မှာ မိတ်ဆွေအသစ်တွေနဲ့ ရင်းနှီးခွင့် ရနေတယ်လို့ အမြဲတမ်းယုံကြည်ခံစားခဲ့ရပါတယ်။
အတွေးအမြင်သစ်တွေ ခံစားမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘလော့လောကထဲမှာ ရပ်တည်ခွင့်ပေးခဲ့တဲ့ မိတ်ဆွေများကို အထူးပဲကျေး ဇူးတင်ပါကြောင်းနဲ့ မိတ်ဆွေများရဲ့တကူးတကအချိန်ပေးကြတာနဲ့ လျော်ညီအောင် ကြိုးစားအားထုတ်သွားပါမယ်လို့ ပြောကြားပါရစေခင်ဗျာ။ မင်္ဂလာပါခင်ဗျား................
ဝေးးးးရာ
မိတ်ဆွေများခင်ဗျာ... ပြီးခဲ့တဲ့အပတ်ကရေးထားသလိုပဲ အမုန်းရောဂါရနေတဲ့အတွက် ကျွန်တော် စာရေးတာတွေခဏနားပါမယ်ခင်ဗျာ။ ကိုယ့်ကိုယ်ကိုလည်း ဆေးကုရင်းပေါ့။ လာရောက်နှုတ်ဆက် ဝေဖန်အားပေးခဲ့ကြတဲ့ ရှိစုမဲ့စု စာဖတ်သူမိတ်ဆွေများကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပစ်ထားတဲ့လုပ်စရာကိစ္စလေးတွေလည်းလုပ်ရင်းနဲ့ ပြန်လည်အားမွေးလိုက်ပါဦးမယ်ခင်ဗျာ။ တခါက ကလူသစ်လုပ်ခဲ့သလိုပဲ ခေတ္တထွက်စို့ လို့ ပဲမိတ်ဆွေများကိုနှုတ်ဆက်ပါရစေခင်ဗျာ....... မင်္ဂလာပါ။
ရောဂါ
မောင်ကျည်ပွေ့စာမရေးဖြစ်တာ တော်တော်ကြာသွားပြီဗျာ။ ဘလော့မိတ်ဆွေတွေကလည်း စာရေးဖို့အတွက် တကူးတက လာလာသတိပေးနေကြတယ်။ တခုတ်တရလာသတိပေး တာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျွန်တော်စာမရေးဖြစ်တာက နှစ်ပေါင်းများစွာ စွဲကပ်လာ တဲ့ရောဂါတခုကအခုမှလာပြီး ထ နေလို့ပါဗျာ။ ဘာရောဂါလည်းဆိုတော့ ရောဂါကနဲနဲဆန်း တယ်။ လူတော်တော်များများမှာ မဖြစ်တတ်တဲ့ ပုံမှန်မဟုတ်ဘူးလို့လည်းပြောနိုင်တဲ့ ရောဂါ တမျိုးပါ။ ကိုယ့်ဟာကိုယ်တော့ ဒီရောဂါကို အမုန်းရောဂါလို့ နာမည်တပ်ထားမိပါတယ်။
ဒီရောဂါ စ တာကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကပါပဲ။ မောင်ကျည်ပွေ့ ထိုင်းနိုင် ငံထဲကို တောင်ကျော်အလုပ်သမားအဖြစ် စ၀င်လာတုန်းက ကိုယ့်လိုပဲ ဘ၀တူတွေ အ များကြီးတွေ့ရတယ်။ အဲဒီမှာ စ စဉ်းစားမိတာက ငါတို့နိုင်ငံသားတွေ ဘာကြောင့်သူများ နိုင်ငံထဲကို အနှိမ်ခံပြီး ဒီလောက်တောင်ခိုးဝင်နေရတာလဲပေါ့။ အရင်းစစ်တော့အမြစ်မြေဆို သလိုပဲ ကိုယ့်နိုင်ငံကမကောင်းလို့ဆိုတာ ဘွင်းဘွင်းကြီးမြင်လာရတယ်။ အဓိကတရားခံက တော့ ဘိုနေ၀င်းကအစ သန်းရွှေအထိအုပ်စိုးလာတဲ့ စစ်တပ်ကြောင့်လို့မြင်လာတယ်ဗျာ။ တကယ်က မောင်ကျည်ပွေ့ဟာ စစ်တပ်ကိုသိပ်အထင်ကြီးပြီး လေးစားအားကျခဲ့တာပါ။ ဆယ်ကျော်သက်ဘ၀ကတည်းက စစ်သား စစ်ဗိုလ်သိပ်ဖြစ်ချင်ခဲ့တာ။ ၀င်ဖို့လည်းကြိုးစား ခဲ့ပါသေးတယ်ဗျာ။ အမိမြေမှသားကောင်းများတို့ တင်သန်းဦးဝတ္ထုတို့နဲ့ကြီးပြင်းလာခဲ့ရတာ ဆိုတော့လေ။ ပါပီမတို့ အဖေနဲ့သားများတို့ကလည်း ဆွဲဆောင်ခဲ့သေးသကိုးဗျ။ အဲဒီလို အထင်ကြီးခဲ့ လေးစားခဲ့ရတာလေးတွေဟာ ထိုင်းကိုရောက်ပြီးမကြာပါဘူး လက်တွေ့ဘ၀ က သင်ပေးလိုက်တာနဲ့ နေလာနှင်းပျောက်သလိုဖြစ်သွားတော့တာပါပဲ။
အဲဒီက စ ပြီး စစ်တပ်ကိုမုန်းတဲ့ရောဂါက စ လာတာပါပဲဗျာ။ ကိုယ်နဲ့သိကျွမ်းခဲ့ရတဲ့သူတွေ အထူးသဖြင့်တိုင်းရင်းသားတွေက စကားစမိတာနဲ့ ၀ိုင်းပြောကြတာပဲဗျ။ သူတို့စိတ်နာမယ် ဆိုလည်း နာစရာပဲလေ၊ တကယ်တော့သူတို့လည်း အိုးပစ်အိမ်ပစ်နဲ့ ဘယ်လာချင်မှာလဲ။ သူတို့မှာ ကိုယ်ပိုင်လယ်တွေ၊ယာတွေခြံတွေရှိကြတာ အေးအေးဆေးဆေးလုပ်ကိုင်စား ချင်ကြတာပါပဲ။ သို့သော်လည်း ခဏပေါ်တာ၊ တော်ကြာလုပ်အားပေး နောက်တမျိုးဘာ ကြေးညာကြေးတွေနဲ့ဆိုတော့ ကိုယ့်ရပ်ကိုယ့်ရွာကို စိတ်ကုန်လာပြီပေါ့။ နောက်ဆုံးသည်း ညည်းခံပြီးလုပ်၊ မ၀ရေစာစားပြီး ပိုက်ဆံစုတာတောင်မှ တနှစ်ပြီးလို့ဘာမှမကျန်ဆိုတော့ သူများနိုင်ငံထဲ မျက်နှာငယ်ရပေမဲ့လို့ ရွှေနဲ့ငွေနဲ့နေနိုင်တယ် လူနေမှုအဆင့်အတန်း မီးရေ မှန်တယ် ဆိုတာလေးနဲ့ပဲ လာမှိန်းနေရတာပါပဲ။ သို့သော်လည်း အမာရွတ်မြင်တိုင်း စိတ်နာ တဲ့ပုဏ္ဏားလိုပဲ ဗမာမြင်တိုင်းဘာမဆိုင်ညာမဆိုင်နဲ့ အပြောခံအမုန်းခံရတော့ စဉ်းစားသာ ကြည့်ပါတော့ကိုယ့်ဆရာတို့ရေ။ မောင်ကျည်ပွေ့က စစ်တပ်ကိုမုန်းတာဆန်းသလားဗျာ။
အဲဒီလိုနဲ့ပဲ စစ်တပ်မုန်းတဲ့ရောဂါက တဖြေးဖြေးရင့်လာတာပေါ့ဗျာ။ အဲဒီမှာ ကိုယ်နဲ့ရင်းနှီး တဲ့တိုင်းရင်းသားတွေကို ငါတို့တွေဟာဘ၀တူတွေပါကွာဆိုပြီး အကျိုးသင့်အကြောင်းသင့် ရှင်းပြရတာပေါ့လေ။ တော်တော်များများကတော့ သဘောပေါက်သွားကြပါတယ်၊ သို့သော် ဘယ်လိုမှပြောလို့မရတဲ့ သတ္တ၀ါတွေရှိသေးတယ်ဗျ။ သူတို့ကတော့ ရာဇ၀င်နဲ့ချီပြီးကို ဗမာ မုန်းတယ်ပေါ့၊ ဗမာဆိုလို့ကတော့ စစ်တပ်သောဘာသောမသိဘူး အကုန်လုံးသိမ်းကြုံး တော့တာပါပဲ။ သူတို့က သူတို့တိုင်းရင်းသားအဖွဲ့တွေမှာလည်း ပါဝင်ဖူးတယ်ပေါ့။ ခေါင်းဆောင် ငယ်အဆင့်လောက် ဘာလောက်တော့ဖြစ်ဖူးကြတယ်။ အဓိကခေါင်းဆောင်တွေအဆင့် လည်းမဟုတ်ဘူး။ အဲဒီကိုယ်တော်မြတ်တွေကတော့ ဗမာဆိုရင်အသေမုန်း၊ သူ့လူမျိုးကို လည်း သူတို့လောက်ချစ်တာသူတို့ပဲရှိတယ်ဆိုတဲ့ ဒီဇိုင်းမျိုးပေါ့ဗျာ။
ကိုယ့်လူမျိုးကိုအဲဒီလောက်ချစ်တာကွာ မင်းဘာတွေများကိုယ့်လူမျိုးကောင်းကျိုးအတွက် လုပ်ပေးဖူးခဲ့ပြီလဲလို့ သေချာမေးရင်တော့လား ဘာသာရေးလိုလို၊ ပညာရေးလိုလိုနဲ့ လိုလို တွေပဲများသွားတာပါပဲ။ အဲ..လက်ရှိမှာသူတို့အဓိကလုပ်နေကြတာကတော့ ငွေတိုးချ၊ပွဲစား၊ ကယ်ရီ အစရှိသဖြင့် ခပ်မြတ်မြတ်လေးရိတ်တဲ့အလုပ်တွေပဲဗျ။ တခြားနေရာမှာသာလူမျိုး ရေးတွေခွဲနေတာ အဲဒီသူတို့စီးပွါးရေးမှာတော့ ကိုယ့်ဆရာရေ ဘာလူမျိုးမှခွဲမနေဘူး။ အထူးသဖြင့် သူတို့သိပ်ချစ်ပါတယ်ဆိုတဲ့ ကိုယ့်လူမျိုးအချင်းချင်းကို ရိတ်တာမှ တက်တက် စင်အောင်ကိုရိတ်တာဗျာ။ တချို့တွေများလူမျိုးချင်းတူတာအသာထားဗျာ တရွာတည်းသား ချင်းတောင်ချမ်းသာမပေးဘူး။ အဲ.. သူတို့လူမျိုးတွေရဲ့အထိမ်းအမှတ်ပွဲတွေဘာတွေလုပ် ရင်တော့ အဲဒီခုနကပြောတဲ့ဆရာသမားတွေက ရှေ့ဆုံးမှာနေရာယူပြီးအသံကောင်းဟစ် နေကြတာများဗျာ..။ ကိုယ့်ဆရာတို့ရေ မောင်ကျည်ပွေ့ရဲ့အမုန်းရောဂါတိုးလာတာပါပဲဗျာ၊ မုန်းရမယ့်လူတွေကလည်းများလာတာကိုး။
ဒီလိုနဲ့ပဲမဖြစ်တော့ဘူဆိုပြီး ပြည်သူ့လွတ်လပ်ရေးကိုဆောင်ကျဉ်းပေးမယ့်အဖွဲ့တွေဘာတွေ နဲ့ဆက်သွယ်ဦးမှပဲ တတပ်တအားပါဝင်မယ်ပေါ့။ ဘုရားဘုရား.. လို့တောင် တ မိပါရဲ့ဗျာ။ များလိုက်တဲ့အဖွဲ့တွေ နာမည်တွေကိုလိုက်မှတ်ရတာကိုပဲ တော်တော်ခက်နေပြီ။ အဖွဲ့များ တော့ နည်းလမ်းမျိုးစုံနဲ့တိုက်ပွဲဝင်ရတာပေါ့လို့ ကိုယ့်ဆရာတို့ထင်ကောင်းထင်မယ်။ အောင်မယ်လေးကိုယ့်ဆရာရေ သူတို့အချင်းချင်းကို မတည့်ကြတာက ပိုဆိုးနေသေးဗျာ။ ဒါတောင် ဗမာအချင်းချင်းတွေပဲရှိသေးတာနော်။ တိုင်းရင်းသားအဖွဲ့တွေထည့်မတွက်ရ သေးဘူး။ မောင်ကျည်ပွေ့လိုပဲ လူတော်တော်များများက မြန်မာပြည်အပြင်ရောက်လာရင် အဲဒီ နိုင်ငံရေးဆရာသမားတွေနဲ့ တကွေ့မဟုတ်တကွေ့ ဆုံဖြစ်တတ်ကြပါတယ်ဗျာ။ တချို့ လည်းစိတ်ဝင်စားကြတယ်၊ အဆင်သင့်ရင်ပူးပေါင်းပါဝင်ချင်တဲ့ဆန္ဒ အနည်းနဲ့အများတော့ ရှိတတ်ကြတာပါပဲ။ သို့သော်လည်း စကတည်းက ယဉ်သကိုဆိုသလိုပဲဗျာ ကြာကြာမ၀ါးမိ ခင်မှာပဲ ခါးမှန်းသိကုန်ကြတော့ နောက်ဆုတ်ကြကုန်တာပါပဲ။
စည်းရုံးရေးစွမ်းရည်ထက်မြက်လွန်းလို့လေ။ အစက အဖွဲ့ဝင်တွေအများကြီးနဲ့ နောက်ကြာ လာတော့ တိုးတက်ရမဲ့အစား ဥက္ကဌကိုယ်တိုင်က တွဲဖက်အဖွဲ့ဝင်ဆိုပြီးလုပ်ရမယ့်ကိန်း ဆိုက်တော့တာပါပဲ။ အဖွဲ့ဝင်မှမရှိတော့တာကိုးဗျ၊ အာဏာရှင်ကိုမကြိုက်ပါဘူးဆိုမှ သူတို့ ချည်းငါတကောကောပြီး ရာသက်ပန်ဥက္ကဌလုပ်နေမှတော့ဗျာ သိပ်လည်းမပြောချင်တော့ ပါဘူးဗျာ။ ဒီကနေ့မှာ အားလုံးလည်းသိနေကြပါပြီလေ၊ အဲဒီတော့ကာ မောင်ကျည်ပွေ့ရဲ့ နဂိုကတည်းကရှိတဲ့အမုန်းရောဂါဟာ ပိုဆိုးလာတော့တာပါပဲ။ ဆိုး ဆိုမုန်းစရာလူတွေက လည်းတိုးလာမင့်ကိုးဗျ။
အဲဒီတော့အမုန်းရောဂါအပြင် စိတ်ပျက်တာလေးပါအဆစ်ရလာတော့တယ်။ ဟော ဗြုန်းဆို ရွှေဝါရောင်တော်လှန်ရေးဖြစ်လာတော့ ဒီတခါတော့ဟုတ်ပကွဲ့လို့ အားတက်လာပါလေရော လားဗျ။ ငါဒို့ကိုသံဃာတော်တွေကပဲ ကယ်တင်တော့မယ်ပေါ့။ ဒို့နိုင်ငံမှာတော့ သံဃာ တော်တွေက ဦးဆောင်ပြီး ညှိုညှိုနှိုင်းနှိုင်းနဲ့ သမိုင်းလည်းလှမယ့် အလှည့်ပြောင်းတော့ ပေါ် တော့မှာပဲဆိုပြီး ၀မ်းသာလို့မဆုံးခင်မှာပဲဗျာ လူမဆန်တဲ့ဖက်ဆစ်လိုကောင်မျိုးတွေကြောင့် မြန်မာ့သမိုင်းတောင်မက သာသနာ့သမိုင်းပါရိုင်းအောင်အလုပ်ခံခဲ့ရပါရောလား။ အဲဒါကို များ သူတို့ပဲမှန်သလိုလို သံဃာတော်တွေကပဲ မှားသလိုလိုနဲ့ ဘလော့တွေမှာရေးလာတဲ့ ဟာတွေဖတ်ရင်း အမုန်းရောဂါက တလိပ်လိပ်တိုးလာပါရောလားဗျ။ စီဘောက်တွေမှာ တမျိုး ကွန်မန့်တွေမှာတဖုံ ဘလော့ထောင်လို့တသွယ်နဲ့ သူတို့ပထွေးဘုန်းတော်ဘွဲ့တွေ ရေးကြတာများ ထောင်းလမောင်းထနေပါရောလား။
မောင်ကျည်ပွေ့တို့မုန်းတာများ တခါမှဒီလောက်မမုန်းဖူးဘူးလို့ဆိုရလောက်အောင်ပါပဲ။ သို့ သော် ဒီတခါတက်လာတဲ့အမုန်းရောဂါကိုဖြေဖို့ရာ ဆေးရသွားတယ်။ ဘာဆေးလဲဆိုတော့ ဘလော့ဆေးတော်ကြီးပေါ့ဗျာ။ ဘာရမလဲ မုန်းနေတာတွေကို ဘလော့ပေါ်မှာဖွင့်ထုတ်၊ တခြားဘလော်ဂါတွေ အထူးသဖြင့် ခံစားမှုခြင်း နီးစပ်တဲ့ဘလော်ဂါတွေရဲ့စာတွေဖတ်ပြီး ကိုယ့်ရောဂါကိုယ်ကုခဲ့ရတယ်။ သက်သာစပြုနေတဲ့အချိန်မှာတခါ နာဂစ်က၀င်ပြန်ရောဗျာ၊ ကိုယ့်ဆရာတို့သိတဲ့အတိုင်းပဲ ဘာနဲ့ခိုင်းနှိုင်းပြရမှန်းကိုမသိတော့ပါဘူးဗျ။ အဲဒါကိုတခါ ကာကွယ်တဲ့စာတွေရေးပြန်ရောဗျာ။ မောင်ကျည်ပွေ့ရဲ့အမုန်းရောဂါက တိုးလာဆိုးလာ လိုက်တာ ဘလော့ဖြေဆေးတောင် သိပ်မနိုင်ချင်ဖြစ်သွားပါရဲ့ဗျာ။
နောက်ဆုံးတော့ ဘာမှဒီကောင်တွေကိုအဖက်လုပ်ပြီးရေးမနေတော့ဘူးဗျ။ ဒီကောင်တွေ က ဒဲ့ရေးရင်လည်း ရှောင်ထွက်သွားကြတာဆိုတော့။ ဒီလိုနဲ့ပဲ ကိုယ့်မှာရှိတဲ့အမုန်းရောဂါ ကို ဘလော့ဆေးတော်ကြီးနဲ့ပဲ ဖြေရင်းဖြေရင်းပေါ့ဗျာ။ သက်သာသလိုလိုရှိနေရာကနေ အခုနောက်ဆုံး မောင်ကျည်ပွေ့ရဲ့အမုန်းရောဂါဟာ တခါမှမရောက်ဖူးတဲ့ အမြင့်ဆုံးအဆင့် ကိုရောက်လာပြီ။ အခုလိုမျိုးဘယ်သူ့ကိုမှ မမုန်းဖူးဘူးဗျ၊ အခုမုန်းနေတာမှ တကယ့်ကို ခါးခါးသီးသီးဖြစ်နေတာ။ သြော်..ဘယ်သူရှိရမလဲ ဒီကောင်မောင်ကျည်ပွေ့ မောင်ကျည်ပွေ့ ကိုပဲမုန်းနေတာလေဗျာ။ ကျွန်တော်အခု တခြားသူကိုမုန်းနေတာထက် ကိုယ့်ကိုယ်ကိုပဲ မုန်းနေတော့တယ်။ အရင်က တခြားသူကိုသာလိုက်ပြီး ဟိုလိုဒီလို အပြစ်ရှာနေတာ အခု တော့ သိပြီဗျာ။ တကယ်မုန်းစရာကောင်းတာ ကိုယ်ကိုယ်တိုင်ပဲဗျာ။
ဘာဖြစ်ရမှာလဲဗျာ.. သူများတွေကိုသာ ဟိုလိုဖြစ်တယ် ဒီလိုဖြစ်တယ်နဲ့ အပြစ်တွေလိုက် တင်နေတာ ကိုယ်ကိုယ်တိုင်က ဒီအသက်ဒီအရွယ်ထိ ဘာမှဖြစ်မြောက်အောင်မလုပ်ခဲ့ဖူး ဘူးဗျ။ ဘာသာရေးလိုလို၊ လူမှုရေးလိုလို နဲ့ ယောင်တောင်ပေါင်တောင်လုပ်နေတာလေ။ တကယ့်တကယ်ကြတော့ ကိုယ့်ဘ၀တိုးတက်ရေးအတွက် ကောင်းမယ်ထင်တဲ့အလုပ် လေးရှာလုပ်လိုက်၊ အထောက်အကူဖြစ်မယ်ထင်တဲ့ ပညာလေးပြေးသင်လိုက်နဲ့ ဒီကြားထဲ ကိုယ်ကိုယ်တိုင်မလုပ်နိုင်ပဲ သူများကိုအပြစ်တင်ချင်သေးတယ်လေ။ ကိုယ့်ဟာကိုယ် မစွန့် စားရဲတာကို ဟိုလူတွေကြောင့် ဒီလိုတွေကြောင့် စိတ်ပျက်လို့ပဲ မလုပ်တာလိုလို ဟန် ဆောင်ချင်သေးတယ်ဗျာ။
အဲဒါကြောင့်ပြောပါတယ် ဖြစ်ခဲ့ဘူးတဲ့အမုန်းရောဂါတွေထဲမှာ ဒီတခါမုန်းတဲ့ရောဂါ ကိုယ့်ကိုယ်ကိုမုန်းနေတဲ့ရောဂါဟာ အဆိုးဆုံးလို့။ ဘလော့ဆေးနဲ့လည်း မပျောက်နိုင်တော့ ဘူးဗျ။ ပျောက်ဖို့နေနေသာသာ သက်သာဖို့တောင် မဖြစ်နိုင်တော့ဘူးဗျာ။ တကယ်မုန်း တယ်ဗျာ။ ခါးခါးသီးသီးကိုမုန်းနေတယ်ဗျာ ဟောဒီမောင်ကျည်ပွေ့ဆိုတဲ့ကောင် အလကား ကောင် မုန်းစရာကောင်းလွန်းတဲ့အကောင် ကျွန်တော်မောင်ကျည်ပွေ့ဆိုတဲ့အကောင်ပါဗျာ။