နှစ်သစ်ဆန္ဒ

မင်္ဂလာနှစ်သစ်ပါခင်ဗျာ...။ နှစ်ကုန်ပိုင်းနဲ့နှစ်သစ်ကူးတဲ့ ကြားကာလမှာ ကျွန်တော်အလုပ် လုပ်နေရပါတယ်။ ပြည်ပရောက် မြန်မာတွေအများစုဟာ အဲဒီရက်တွေမှာ အလုပ်နားရက် ဖြစ်နေပေမဲ့ ကျွန်တော်ကတော့ အဲဒီရက်တွေမှာ မိုးလင်းကမိုးချုပ်အောင် အလုပ်လုပ်နေရ ပါတယ်။

အင်တာနက်နဲ့လည်း အဆက်ပြတ်နေတော့ လာလည်နှုတ်ဆက်ကြတဲ့ မိတ်ဆွေ ညီအကို မောင်နှမတွေကိုလည်း နှုတ်ဆက်စကား မပြောနိုင်ဖြစ်ခဲ့ရတာ အထူးပဲတောင်း ပန်အပ်ပါတယ်။ နဂိုကတည်းက လူမှုရေးညံ့တဲ့ကျွန်တော် အလုပ်လုပ်နေရတာကြောင့် ပြန် လည်မနှုတ်ဆက်နိုင်ခဲ့တာကို ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်ခင်ဗျာ။

ထို့အတူပဲ အင်တာနက်ပေါ်မရောက်ဖြစ်တာကြောင့် ဘလော့တွေလည်း မလည်နိုင်မဖတ် နိုင်ဖြစ်ခဲ့ရပါတယ်။ အခုတော့ အလုပ်နဲနဲအားပြီဖြစ်လို့ မဖတ်ရသေးတဲ့စာတွေကို တက် သုတ်ရိုက် လိုက်ဖတ်ရပါတယ်။ ဖတ်မိပြီးသမျှစာတွေထဲမှာ ကြိုက်နှစ်သက်မိတဲ့ စာနဲ့ အတွေးအခေါ်တွေကတော့ မခင်မမမျိုးနဲ့ အကိုကြီးမင်းဒင်တို့ရေးထားတဲ့ ပို့စ်တွေထဲက စာသားတွေပါပဲ။

မခင်မမမျိုးရေးထားတဲ့ “၂၀၀၉ အတွက် ဘ၀ရေးရာအတွေးစလေးများ” ထဲမှာ ပါတဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့အမြင်ကို ကြိုက်နှစ်သက်မိပါတယ်။ အဲဒီထဲမှာရေးထား သလိုပါပဲ ၂၀၁၀ ဆိုတာ ကျွန်တော်တို့အတွက်သင်္ချိုင်းမဟုတ်သလို စစ်အာဏာရှင်တွေရဲ့ အောင်ပွဲလည်းမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်ဟာ စစ်အာဏာရှင်စနစ်ပြုတ် ကျပြီး လွတ်လပ်တဲ့တရားမျှတတဲ့စနစ်ပေါ်ထွန်းရေးပါပဲ။

မြန်မာနိုင်ငံမှာ စစ်တပ်ကရွေး ကောက်ပွဲပဲလုပ်လုပ် ဘာပဲလုပ်လုပ် လုပ်သမျှတွေဟာ သူတို့အာဏာတည်မြဲရေး၊ ကိုယ် ကျိုးရှာရေးတွေပဲဖြစ်နေသမျှ ဘယ်တော့မှမငြိမ်းချမ်းပါဘူး။ တိုးတက်ဖို့ဆိုတာ ဝေလာဝေး ပါ။ ထုံးစံအတိုင်း စစ်တပ်နဲ့ပြည်သူ အမြဲရန်သူဖြစ်နေဦးမှာပါ။

အဲဒီတော့ စစ်တပ်ကလည်း သူ့ရည်ရွယ်ချက်ကို သူသွားနေသလို ကျွန်တော်တို့ကလည်း ကိုယ့်ရည်ရွယ်ချက်ရောက်အောင် အမှန်တကယ်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အဲဒီမှာ ဝေ ခွဲမရနိုင်တဲ့အရာကတော့ ဘယ်နည်းလမ်းတွေသုံးကြမလဲဆိုတာပါပဲ။ ကျွန်တော်အပါအ၀င် လူတော်တော်များများဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး အမြင်အမျိုးမျိုးကွဲလွဲတတ်ကြပါတယ်။

တချို့ဆို အမြင်ကွဲလွဲရုံမျှမက တဦးနဲ့တဦး မုန်းတီးတိုက်ခိုက်တတ်ကြပါတယ်။ မင်းက ဘာကောင်လဲ၊ ငါကဘာကောင်လဲ စသည်ဖြင့် နိုင်ငံ့အရေးထက် ပုဂ္ဂိုလ်ရေးကိုဦးစားပေး လို့ ပြောဆိုလာတတ်ကြပါတယ်။ အဲဒါနဲ့ပဲ ရည်ရွယ်ချက်ကနေသွေဖယ်ပြီး လုပ်ဆောင်ခဲ့ သမျှတွေဟာလဲ အရာမထင်ဖြစ်ခဲ့ကြပါတယ်။ ပြီးခဲ့သမျှ တော်လှန်ရေးတိုက်ပွဲတွေကို ပြန်လည်ဆန်းစစ်ကြည့်မယ်ဆိုရင် စနစ်တကျလုပ် ဆောင်ခဲ့မှု အားနည်းနေတာတွေ့ရပါတယ်။ ဒါ့အပြင် ကြိုတင်ပြင်ဆင်မှုတွေကလည်း မရှိသလောက်ပါပဲ။

ခံစားမှုကိုရှေ့တန်းတင်ပြီးလုပ်ဆောင်ခဲ့ကြတယ်လို့ပဲ မြင်မိပါတယ်။ ရေ ရှည်၊ရေတို ပုံစံချပြီးလုပ်ဆောင်ခဲ့မှုအားနည်းတာကြောင့် စစ်တပ်က ထိပ်ပိုင်းခေါင်းဆောင် တွေကို ထိန်းချုပ်လိုက်တာနဲ့ လှုပ်ရှားမှုတွေလျော့နည်းကျဆင်းသွားပြီး အမှည့်ခြွေခံရတော့ တာပါပဲ။ အဲဒီတော့ တကယ်တမ်းကျွန်တော်တို့စနစ်တကျနဲ့ လုပ်ဆောင်ကြမယ်ဆို မအောင်မြင်နိုင်စရာအကြောင်း မရှိဘူးလို့ပဲမြင်ပါတယ်။ကျွန်တော်ဘလော့ရေးခါစက ရေးခဲ့တဲ့အတိုက်အခံအဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ အဖြစ်အပျက်ကို ပြန်ရေးရမယ်ဆိုရင် စစ်တပ်ကဗိုလ်ရှုပ်တွေနဲ့ နယ်စပ်၊ပြည်ပက ခေါင်း ဆောင်တွေဟာ ညီမျှခြင်းချလို့ရနေပါတယ်။

၁။ ခေါင်းဆောင်တွေက ချမ်းသာနေပြီး ငယ် သားတွေက ဆင်းရဲနေကြခြင်း၊
၂။ ခေါင်းဆောင်တွေရဲ့သားသမီးဆွေမျိုးတွေက နိုင်ငံခြား မှာကျောင်းတက်နေပြီး သာမန်လူတွေရဲ့ဆွေမျိုးတွေက ကျောင်းနေရန်မစဉ်းစားနိုင်ပဲ စားဝတ်နေရးအတွက် ရုန်းကန်လှုပ်ရှားနေရခြင်း၊ ......
အစရှိသဖြင့် တူညီနေကြတယ်ဆို ရင် နှစ်နှစ်ဆယ်ကတော့ နည်းတောင်နည်းနေသေးတယ်လို့ဆိုရမလိုပါပဲ။

နောက်တခါ နိုင်ငံရေးနဲ့မပတ်သက်တဲ့ရိုးရိုးပြည်သူတွေကို ပြန်ကြည့်ရင်လည်း နအဖ မကောင်းဘူးဆိုတာလည်း လက်ခံကြတယ်၊ မုန်းလည်းမုန်းနေကြတယ် သို့သော်အဲဒီအ တွက် ဘာလုပ်ကြမလဲလို့မေးရင် သူတို့မှာ ဘာတာဝန်မှမရှိသလိုလို ဒေါ်စုနဲ့ခေါင်းဆောင် တွေမှာပဲတာဝန်ရှိသလိုလို မရေမရာဖြစ်ကုန်ကြတာပါပဲ။ အတိတ်ဘ၀က ကံမကောင်းလို့ ဟိုဒါကြောင့်ဒီဒါကြောင့်နဲ့ အဖျားရှူးသွားတတ်ကြပါတယ်။ အထဲကပြည်သူတွေဟာ ရက် စက်ကောက်ကျစ်တဲ့ နအဖနဲ့ ထိပ်တိုက်ရင်ဆိုင်နေရလို့ မလူးသာမလွန့်သာဖြစ်နေကြတာ ကို နားလည်ပေးလို့ရပါသေးတယ်။

သူတို့မှာလည်း စားဝတ်နေရေးကတဖက် ရုန်းကန်နေအပြင်မှာရောက်နေတဲ့ သူတွေကိုပြန်ကြည့်လိုက်ရင် နိုင်ငံ့အရေးကိုမပြောနဲ့ဦး သီးလေးသီး ပွဲကိုတောင် မကြည့်ရဲကြတဲ့ သတ္တ၀ါတွေရှိနေသေးတာ တော်တော်အံ့သြဖို့ကောင်းနေပါ တော့တယ်။ ထားပါ အဲလိုလူတွေက အနည်းစုတွေပါ အဲ..အများစုက ဘယ်လိုဖြစ်နေကြ လဲဆိုတော့ အလုပ်သမား၊ကျောင်းသား အစရှိတဲ့လူတန်းစားမျိုးစုံတွေဟာ စစ်တပ်က အောက်တန်းကျနေတာကိုလည်းသိ၊ မြန်မာတွေလည်းကမ္ဘာ့အလယ်မှာ မျက်နှာငယ်နေ တာလည်း ကိုယ်တွေ့၊ အစစအရာတိုင်းပြည်ဆုတ်ယုတ်ပျက်စီးနေတာလည်းမျက်မြင် အထူးသဖြင့် ပြည်ပကိုရောက်နေတဲ့အတွက် ပြည်တွင်းထဲကလူတွေထက် အကြားအမြင် ပိုသာနေပါလျက်နဲ့ အေးတိအေးစက်ဖြစ်နေတာ ဘယ်လိုနားလည်ရမှန်းကိုမသိဖြစ်ရ ပါတယ်ဗျာ။

တချို့တွေကဘယ်လိုပြောတတ်ကြလဲဆိုတော့ ဒီမိုသမားတွေက နှစ်ယောက်သုံးပါတီတွေ နိုင်ငံ့အရေးထက် သူတို့ရှာစားနေတာပဲလုပ်နေကြတာ နှစ်နှစ်ဆယ်ရှိနေပြီ ခုထိဘာမှမဖြစ် မြောက်လာသေးဘူး...... အစရှိသဖြင့်မြည်တွန်ပြီး အဲဒါတွေကြောင့် စိတ်ပျက်ပါတယ်၊ ဒီပုံနဲ့ကတော့ ဘယ်လိုမှကောင်းဖို့မမြင် ........ နဲ့ပြောတတ်ကြပါတယ်။ တကယ်ဖြစ်သင့်တာကရှေ့ကလူတွေလုပ်လို့အချိုးမပြေရင် ကိုယ်ကိုယ်တိုင်က မှန်ကန်တဲ့၊ တိကျတဲ့၊ ထိရောက်တဲ့အလုပ်မျိုးကို အားသွန်ခွန်စိုက်မလုပ်သင့်ဘူးလားခင်ဗျာ။ ခုတော့သူများကိုအ ပြစ်ပြောပြီး ကိုယ်တိုင်ကတော့ ဘ၀တိုးတက်ရေးအတွက် အလုပ်တွေကောင်းသထက် ကောင်းတာတွေရှာ ဘ၀အာမခံချက်ရှိနိုင်မယ့်ပညာတွေသင်နဲ့ ကိုယ့်အတ္တအတွက်ပဲလုပ် နေကြတာပဲမဟုတ်လား။

ကိုယ့်ဟာကိုယ် တိုင်းပြည်အတွက်မစွန့်စားချင်တာကို သူများ အပြစ်ပုံချ အကြောင်းပြနေတာပဲလို့ မြင်မိပါတယ်။ အထက်ပါစိတ်ထားရှိတဲ့သူများကို တခုတော့လေးလေးနက်နက်ပြောချင်ပါတယ်၊ ကိုယ်တ ဦး ၊တမိသားစု ဘယ်လောက်ပဲကောင်းစားနေပါစေ တိုင်းပြည်နဲ့လူမျိုးနိမ့်ကျနေ သမျှတော့ ဘယ်တော့မှ စိတ်ချမ်းသာစွာနဲ့ ခေါင်းမော့နိုင်မှာမဟုတ်ပါဘူး။

ညစ်ပတ်ရွံရှာဖွယ်ဖြစ်နေတဲ့ အမှိုက်ပုံပေါ် မှာထိုင်ပြီး ဒန်ပေါက်နဲ့ကြက်သားထိုင်စားနေသလိုပဲဖြစ်နေမှာပါခင်ဗျာ။ ဒီတော့ကာ ကျွန်တော်တို့တိုင်းပြည် အာဏာရှင်လက်အောက်ကလွတ်မြောက်ဖို့ဆိုတာ လွယ်လွယ်နဲ့မရနိုင်ဘူးဆိုတာ အထူးပြောဖို့မလိုပါဘူးခင်ဗျာ။ လူတန်းစားပေါင်းစုံအသီးသီး ပါဝင်ပြီး ပုံစံမျိုးစုံနဲ့ စနစ်တကျဆောင်ရွက်မှသာ အောင်မြင်နိုင်ပါမယ်။ တခြားသူများကိုပါဝင်ဖို့မပြောမီ မိမိကိုယ်တိုင်က အရင်ဦးဆုံးလုပ်ဆောင်ရပါမယ်။ ဒီနေရာ မှာ ကျွန်တော်ယုံကြည်တဲ့အရာကိုတင်ပြချင်ပါတယ်။

နိုင်ငံရေးဆိုတာ ၀ုန်းကနဲ ထလုပ် တာထက် ကြိုတင်ပြင်ဆင်ပြီးမှ လုပ်ဆောင်ရမယ်လို့ထင်ပါတယ်။ ပထမဆုံးအနေနဲ့ ကိုယ့် ရဲ့စိတ်ပိုင်းဆိုင်ရာကို လေ့ကျင့်ပေးရမယ်လို့ထင်ပါတယ်။ အထူးသဖြင့်စိတ်လှုပ်ရှားလွယ် ဖြစ်တတ်တဲ့အကျင့်ကို ထိန်းချုပ်နိုင်ဖို့အရေးကြီးပါတယ်။ မတည်ငြိမ်တဲ့စိတ်ဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကိုချဖို့ တော်တော်ခက်ခဲမယ်လို့ထင်ပါတယ်။

ဒါကြောင့်စိတ်လေ့ကျင့်ခန်းတွေ လုပ်ကိုလုပ်ရမယ်လို့ထင်ပါတယ်။ ကမ္ဘာကျော် နိုင်ငံရေးခေါင်းဆောင်တွေ၊ စီးပွါးရေးသမား တွေ၊ တီထွင်ဖန်တီးရှင်တွေ ထိပ်ဆုံးရောက်အောင်တွန်းပို့ပေးခဲ့တာ ဒီစိတ်စွမ်းအားတွေပဲ လို့ ယုံကြည်ပါတယ်။ ပြင်းပြတဲ့စိတ်ဆန္ဒသာရှိနေမယ်ဆိုရင် အောင်မြင်မှုရဲ့လမ်းကြောင်းကို လွယ်လွယ်ရှာဖွေနိုင် မယ်လို့ထင်ပါတယ်။ ကျွန်တော်ပြောခဲ့တာတွေဟာ ဘာမှမထူးဆန်းဘူးလို့ ထင်ကောင်း ထင်နိုင်စရာပါ။

ကြိုက်သလိုလည်းထင်မြင်နိုင်ပါတယ်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းတို့က အစ လက်ရှိ ထောင်ထဲမှာဒုက္ခခံစားနေရတဲ့ ခေါင်းဆောင်တွေအဆုံး သူတို့အားလုံးဟာ အဲဒီပြင်းပြတဲ့တိုင်းချစ်ပြည်ချစ်စိတ်၊ ကိုယ့်တိုင်းပြည်ကို ကောင်းစားစေချင်တဲ့ဆန္ဒတွေနဲ့ပဲ အရာရာကိုစွန့်လွှတ်ပြီး ဆင်းရဲဒုက္ခတွေကိုရင်ဆိုင်ခဲ့ ရင်ဆိုင်နေကြဆဲပါပဲ။ အဲဒီပြင်းပြတဲ့ စိတ်ဆန္ဒတွေမရှိခဲ့ရင်တော့ လမ်းတ၀က်မှာအဖျားရှူး၊ အကြောင်းအမျိုးမျိုးပြ ခြေတလှမ်းမ ရှေ့မတိုးရဲတဲ့ လူတွေ ဖြစ်နေကြဦးမှာပါ။

ဒါကြောင့် နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ အမိနိုင်ငံတော်အတွက် စနစ်တကျနဲ့လုပ်ဆောင် တိုက်ပွဲဝင်ကြမယ်လို့ မျှော်မှန်းမိပါတယ်။ အကိုကြီးမင်းဒင်ရေးထားခဲ့သလို တိုက်တတ်ရင် အောင်ပွဲဖြစ်တယ် လို့ပဲ ထပ်လောင်းပြောကြားချင်ပါတယ်ခင်ဗျာ။

3 comments:

ကလူသစ် said...

မောင်ကျည်ပွေ့တို့ လက်စောင်းတွေထက်နေပြန်ပြီကိုး ဟဲ

Kaung Kin Ko said...

ဆောင်းပါးဖတ်သွားတယ်ဗျို့ ။ ကောင်းတယ်ဗျာ။

Anonymous said...

ရေးထားတာတွေက အမှန်တွေကြီးပါဘဲလား၊ သိပ်ကောင်းတဲ့ အေ၇းအသားတွေပါဘဲဗျာ၊ ဒီလိုနဲ့ဘဲ... ကျနော်တို့တိုင်းပြည်လည်း ရွှေပြည်တော် မျှော်လေတိုင်း...ဝေး ....ဝေး ... ဝေး နေရအုံးမှာပါဘဲလေ။

 

©2009 မောင်ကျည်ပွေ့ | Template Blue by TNB