အနင်းခံမြေဇာမြက်များ

အလည်လာသူမိတ်ဆွေအပေါင်း မင်္ဂလာနှစ်သစ်ဖြစ်ပါစေလို့ ဦးစွာပဏာမ နှုတ်ခွန်းဆက်ပါတယ်။ နှစ်သစ်ကူး တဲ့သင်္ကြန်အတွင်းမှာ ကိုယ်နှစ်သက်သလို ပျော်ရွှင်ခဲ့ကြမယ်လို့ယုံကြည်ပါတယ်။ သင်္ကြန်မတိုင်ခင်ကတည်း က သင်္ကြန်တွင်းမှာ စာတွေဖိရေးမယ်လို့ စိတ်ကူးထားပေမယ့် တကယ်တမ်းကျတော့ မရေးဖြစ်ခဲ့ပါဘူး။ နား အေးပါးအေး နေရာမှာ သင်္ကြန်တွင်းကို ကုန်ဆုံးစေခဲ့ပေမယ်လို့ စာရေးဖို့အတွက် အခွင့်မသာခဲ့ပါ။ ထိုင်းနိုင်ငံ ရနောင်းမြို့မှာ ဖြစ်ပွါးခဲ့တဲ့ မြန်မာအလုပ်သမား ၅၄ ယောက်သေဆုံးမှုနဲ့ပတ်သက်ပြီး စဉ်းစားမိတာလေးတွေကို အခုမှပဲ ရေးဖြစ်ပါတော့တယ်။

မြန်မာပြည်သား အထူးသဖြင့် မွန်၊ကရင်၊တနင်္သာရီဒေသက ပြည်သူတွေထိုင်းနိုင်ငံထဲကို ၀င်ရောက်လုပ်ကိုင် တဲ့အကြောင်းအရာတွေ အရင်ပို့စ်တွေမှာ ဖေါ်ပြခဲ့ပြီးပါပြီ။ ၀င်လာပုံတွေ၊ တွေ့ရတဲ့အခက်အခဲတွေအကြောင်း လည်းဖေါ်ပြခဲ့ပါသေးတယ်။ ကျွန်တော်တွေ့ကြုံခဲ့ရတဲ့အဖြစ်မှန်ထက် လျော့ပြီးရေးခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဇာတ်နာအောင်လုပ်ရေးတယ်လို့ ထင်မှာစိုးလို့ပါ။ အခုအဖြစ်အပျက်ကတော့ ဘ၀မှန်တွေကို ဆုံးရှုံးမှု ပေါင်းများစွာနဲ့ အများပြည်သူသိအောင် ဖွင့်ပြလိုက်သလိုဖြစ်နေပါတော့တယ်။

သေဆုံးသွားသူတွေထဲမှာ ကျွန်တော့်မိတ်ဆွေတွေရဲ့ တစ်ရွာတည်းသားတွေ ပါဝင်နေပါတယ်။ သူတို့ရွာသား အများစုတွေဟာ ငွေကြေးချောင်လည်သူ အများစုဖြစ်ကြပြီး ကိုယ်ပိုင်လယ်ယာတွေရှိကြပါတယ်။ ဒါပေမယ့် အနာဂတ်မဲ့နေတဲ့ ကိုယ့်ရပ်ကိုယ့်ရွာမှာ မနေချင်ကြပါဘူး။ လူမှုအဆင့်အတန်း၊ကျန်းမာရေးအဆင့်အတန်း နိမ့် ကျနေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ ရှမ်း၊ကယား၊ကရင်၊မွန်၊တနင်္သာရီ ဒေသကပြည်သူတွေအများစုဟာ ထိုင်းနိုင်ငံထဲကို ခိုးဝင်ပြီးလာရောက်အလုပ်လုပ်ကိုင်နေကြတာဟာ အဲဒီပြည်တွင်းကအခြေနေနိမ့်ကျခြင်း၊ ထိုင်းနိုင်ငံရဲ့အလုပ်သမားလိုအပ်ခြင်း စတဲ့အဓိကအကြောင်းနှစ်ချက်ကြောင့်ဖြစ်ပါတယ်။

အဲဒီလိုမြန်မာပြည်သားတွေအလုပ်လာလုပ်တဲ့အတွက်ကြောင့် ထိုင်းနိုင်ငံကို များစွာအကျိုးဖြစ်ထွန်းစေတယ် ဆိုတာတော့ အထူးရှင်းပြနေစရာမလိုတော့ပါဘူး။ လူတွေသိပ်မသိကြသေးတာကတော့ မြန်မာစစ်အာဏာရှင် အတွက်လည်းများစွာအထောက်အကူဖြစ်နေတယ်ဆိုတာပါပဲ။ ဘယ်လိုအထောက်အကူဖြစ်လဲဆိုတော့ အထက်ဖေါ်ပြပါဒေသက ပြည်သူအများစုဟာ ထိုင်းမှာရှိနေတဲ့အလုပ်သမားတွေက ထောက်ပံ့တဲ့ငွေနဲ့ပဲ စားဝတ်နေရေးပြေလည်နေကြပါတယ်(ကိုယ်တွေ့ပါ)။ အဲဒီအတွက် ဆူပူအုံကြွမှုဖြစ်နိုင်တဲ့ အငတ်ပြဿနာ တွေ မဖြစ်တော့ပါဘူး။ စစ်ခွေးတွေသက်ဆိုးရှည်နေရတဲ့အကြောင်းအရင်းတွေထဲမှာ ဒီအချက်လည်းပါဝင်ပါ တယ်။ ထိုင်းအစိုးရက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ငွေဝယ်ကျွန်တွေလိုပဲသဘောထားခဲ့ပါတယ်။ (ပါးစပ်ကဘယ်လိုပဲအသံကောင်းဟစ်ဟစ်) မြန်မာအလုပ်သမားတွေဟာ နိုင်ငံထဲကိုခိုးဝင်တဲ့အတွက်အပြစ်ရှိ တယ်။ သို့သော်ငဲ့ညှာထောက်ထားသောအားဖြင့် အရေးမယူခင်စပ်ကြား ခေတ္တခဏနေထိုင်လုပ်ကိုင်ခွင့်ပေး ထားခြင်းသာဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်လုပ်ခွင့်ပြုထားတဲ့ဥပဒေထဲမှာ ထည့်သွင်း ဖေါ်ပြထားပါတယ်။

အလုပ်သမားတစ်ယောက်ဟာ အလုပ်ရှင်ကခွင့်မပြုပဲ နောက်ထပ်အလုပ်သစ်ပြောင်းပိုင်ခွင့်မရှိပါဘူး။ ဆိုလိုတာကတော့ အလုပ်ရှင်ကောင်း၊မကောင်း အဲဒီအလုပ်ရှင်မှာပဲ ပေးတာယူ၊ကြွေးတာစား၊ခိုင်းတာလုပ်ဆို တဲ့သဘောပါပဲ။ (ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလကမှ အလုပ်ပြောင်းရင် အလုပ်ရှင်ရဲ့ခွင့်ပြုချက်ယူစရာမလိုတော့ဘူးလို့ ပြင်ဆင်ချက်ကို တိုးတိုးတိတ်တိတ်ပဲထုတ်ပြန်ပါတယ်။ ဘယ်လောက်အထိတိုးတိုးတိတ်တိတ်ဖြစ်လဲဆိုရင် ချင်းမိုင်ခရိုင်အလုပ်ရှာဖွေရေးဌါနက အခုထိအဲဒီဥပဒေကို မသိသေးပါဘူးလို့ မနေ့ကပဲဖုန်းဆက်မေးလို့ ပြန်ဖြေ ခဲ့ပါတယ်) ကဲစဉ်းစားကြည့်ပါ။ နောက်တခုက ထိုင်းတွေကိုတော့ထားပါတော့ မြန်မာသတင်းဌါနတွေအနေနဲ့ ဒီသတင်းကို ကျယ်ပြန့်အောင်လုပ်ဆောင်သင့်တယ်လို့ထင်ပါတယ်။ ပြောမယ့်သာပြောရတာပါ၊ သတင်းဌါန တွေမှာလည်း ဖုန်းဆက်ပြီးသတင်းရေးစားတဲ့ သတင်းသမားတွေကလည်းများနေတယ်လို့ထင်ပါတယ်။ (ကျွန်တော့်တစ်ဦးတည်းရဲ့ကိုယ်ပိုင်အမြင်ပါ၊ အမှန်အကန်သမားတွေလည်း အနည်းနဲ့အများရှိနိုင်ပါတယ်)

စကားတွေကတော့ဘေးရောက်ကုန်ပြီ။ ထိုင်းအစိုးရအနေနဲ့ အထူးအစီအစဉ်အဖြစ် (MOU) လို့ခေါ်တဲ့ ယာယီပတ်စ်ပို့ကို လောနဲ့ကမ်ပူးချားအစိုးရတွေနဲ့ သဘောတူလက်မှတ်ရေးထိုးပြီး လုပ်ခဲ့ပါတယ်။ ပြုလုပ်ပုံက တော့ သက်ဆိုင်ရာနိုင်ငံကအရာရှိတွေက ထိုင်းကိုလာပြီး ဒီမှာရှိနေတဲ့ မိမိနိုင်ငံသားကို စီစစ်မှုတွေပြုလုပ်ပြီး မိမိနိုင်ငံသားဖြစ်ကြောင်းထောက်ခံပေးလိုက်ရုံနဲ့ နှစ်နှစ်သက်တမ်းရှိတဲ့ ယာယီပတ်စ်ပို့ကို အလုပ်သမားကရပါ တယ်။ အဲဒီပတ်စ်ပို့က ထိုင်းတစ်နိုင်ငံလုံးကို သွားပိုင်ခွင့်ရှိပါတယ်။ ကြိုက်ရာအလုပ်ကိုလည်း ရွေးလုပ်ပိုင်ခွင့် ရှိပါတယ်။ ရွှေမြန်မာတွေကိုလည်းအဲဒီအစီအစဉ်အတိုင်းလုပ်ဖို့ ထိုင်းအစိုးရကသွားညှိတဲ့အခါမှာ စစ်ခွေးတွေ က ဒီမှာရှိတဲ့လူတွေဟာ မြန်မာနိုင်ငံသားတွေမဟုတ်ပါဘူးတဲ့၊ နယ်စပ်ကသူပုန်တွေ ရာဇ၀တ်မှုတွေနဲ့ထွက် ပြေးတဲ့သူတွေပါတဲ့ ဆိုပြီးအရှက်မရှိပြောပါတယ်။

သဘောကတော့ နိုင်ငံမကောင်းလို့ပြည်သူတွေအပြင်ရောက်နေတာကိုဝန်မခံချင်တဲ့သဘောပါပဲ၊ ဘယ်တုန်း ကမှ မရှိခဲ့ဘူးတဲ့သိက္ခာကျမှာကိုလည်းကြောက်ပုံရပါတယ်။ ဘာပဲဖြစ်ဖြစ်နောက်ဆုံးမှာတော့ ၀န်ခံရတာပါပဲ၊ ဒါပေမယ့်လည်း ဘာပြောသေးလဲဆိုတော့ ဒီမှာရှိတဲ့အလုပ်သမားတွေကို မြန်မာပြည်ပြန်ပို့ပေးပါ၊ နိုင်ငံသားစီ စစ်ဖို့ကို ဟိုမှာပြန်လုပ်ပြီးမှ ဒီကိုပြန်ပို့ပေးမယ်လို့ ဦးဏှောက်မရှိတဲ့စကားပြောပါတယ်။ (ငဇော်မျိုး၊ ငစွေစောင်း၊ ငတုတ်ကြီးတို့ အဘတွေများ အဲဒီလောက်ကို ရွှေဥာဏ်တော်စူးရောက်ပါတယ်) သန်းချီရှိတဲ့လူတွေ မြန်မာပြည်ပြန်ပို့တာနဲ့ ရာဂဏန်းလောက်စစ်ခွေးတွေ ဒီကိုလာဖို့က ပိုပြီးခက်တယ်လို့ပြောချင်ပုံရပါတယ်။ တိုတိုပြောရရင်တော့ နောက်ဆုံးမှာ ကော့သောင်း၊မြ၀တီ၊တာချီလိတ် မြို့တွေမှာ စီစစ်ရေးစခန်းတွေဖွင့်မယ်၊ ထိုင်းက ကွန်ပျူတာ၊ နည်းပညာနဲ့ လူအင်အားပါကူညီမယ်လို့ သဘောတူညီချက်ရခဲ့ပါတယ်။ ထက်ဆင်လက် ထက်ကပါ၊ ရနောင်း-ကော့သောင်းမှာ စတင်ပြီး အကောင်အထည်ဖေါ်ခဲ့တာ လူဦးရေတစ်ထောင်ကျော် လောက်လုပ်အပြီးမှာ ထိုင်းစစ်တပ်အာဏာသိမ်းလိုက်တော့ အဲဒီကိစ္စလည်းရပ်ဆိုင်းသွားခဲ့တာ အခုထိပါပဲ။

တကယ်တော့မြန်မာအလုပ်သမားတွေရဲ့ဘ၀တွေဟာ တွေးကြည့်လေ၊ရင်နာစရာကောင်းလေပါပဲ။ မြန်မာ အလုပ်သမားတွေရဲ့လုပ်အားတွေကနေ အကျိုးအမြတ်များစွာပေါ်ထွက်နေပြီး လူ့အသိုင်းအ၀ိုင်းကို များစွာ အကျိုးပြုနေပေမယ့် လူ့အသိုင်းဝိုင်းကတော့ အမှန်တကယ်ထိရောက်တဲ့ ကောင်းမွန်သောတုန့်ပြန်မှုတွေမရှိ သေးဘူးလို့ထင်ပါတယ်။ နိုင်ငံရေးဆရာကြီးတွေကလည်း အလုပ်သမားတွေရဲ့စွမ်းအားတွေကို ထက်မြက်တဲ့ လက်နက်အဖြစ် မပြောင်းလဲနိုင်သေးပါဘူး။ စက်တင်ဘာအရေးအခင်းမတိုင်ခင်တုန်းကတော့ ကျွန်တော်နဲ့ မိတ်ဆွေတစုက အလုပ်သမားတွေနှစ်လသုံးလလောက် မြန်မာပြည်ကိုငွေပြန်မပို့ပဲနေရင် စစ်ခွေးတွေအထိနာ နိုင်တယ်လို့စဉ်းစားမိဘူးပါတယ်။ ရည်ရွယ်ချက်က လူထုအုံကြွမှုဖြစ်စေဖို့ပါ၊ စိတ်ကူးယဉ်မိတာပါပဲ။ ဒါပေမယ့် တကယ်လုပ်နိုင်မယ့်လမ်းစတွေလည်းရှိပါတယ်။ စစ်ခွေးတွေမပြုတ်ကျသရွေ့ကတော့ ကျွန်တော်တို့ရဲ့ဘ၀ တွေ ၊ မျိုးဆက်တွေရဲ့ဘ၀တွေဟာ အညွှန်တုံးနင်းပြားဘ၀၊ ကမ္ဘာ့ကျွန်ဘ၀ဆက်ဖြစ်နေဦးမှာပါပဲ။
ကျွန်တော်ဒစ်စကာဗာရီအစီအစဉ်မှာ အာဖရိကနွားရိုင်းတွေရဲ့ဘ၀ကိုကြည့်ဖူးပါတယ်။ ကုန်းပေါ်မှာနေတော့ လည်း ခြင်္သေ့ကအစ တောခွေးပါမကျန် လာရောက်သတ်စားတာကိုခံနေကြရပါတယ်။ တကယ်တော့နွားရိုင်း တွေဟာ အကောင်ရေအုပ်စုအလွန်များပါတယ်။ ခြင်္သေ့၊တောခွေးစတဲ့ရန်သူတွေကတော့ အကောင်ရေအလွန် နည်းပါတယ်၊ ဒါပေမယ့်ရန်သူလာရင် ထွက်ပြေးဖို့ကလွဲပြီး ဘာမှမစဉ်းစားပါဘူး။ နည်းနည်းလေးတောင်မှ ပြန်ခုခံတာမတွေ့ရပါဘူး။ တခါတလေ တောခွေးတကောင်နှစ်ကောင်လောက်က နွားရိုင်းတစ်ကောင်ကိုလာဆွဲ နေရင် ကျန်တဲ့ကောင်တွေက မြက်စားနေရာကနေ တချက်လောက်ခေါင်းထောင်ကြည့်ပြီး အိနြေ္ဒမပျက် မြက် ဆက်စားနေကြပါတယ်။ ချောင်းကူးတဲ့အခါမှာလည်း မိကျောင်းကလာဆွဲရင် ကျန်တဲ့အကောင်တွေက ကိုယ် လွတ်ဖို့အရေးနဲ့ ချောင်းကမ်းပါးကို လုယက်တက်ပြေးကြတာ မိကျောင်းဆွဲလို့သေတာတစ်ကောင်တည်း အချင်းချင်းနင်းလို့သေတာကအများကြီးဖြစ်နေပါတယ်။ ရန်သူကိုသာမတိုက်ရဲတာ အချင်းချင်းဗိုလ်လုကြရင် တော့ အသေအကျေတိုက်ကြခတ်ကြပါတယ်။ အဲဒီအစီအစဉ်ကိုကြည့်ရင်းနဲ့ ကျွန်တော်တော့ မြန်မာပြည်သူ တွေရဲ့ဘ၀ကိုမြင်ယောင်မိပါတော့တယ်။

စစ်တပ်ကပစ်ရင်လည်းခံရ၊ ဘာမှမဟုတ်တဲ့ကြံ့ဖွတ်ကရိုက်ရင်လည်းခံရနဲ့ ။ တောကျွဲတွေကတော့ စည်းလုံး ကြပါတယ်၊ တောခွေးတွေလောက်ကတော့သနားတယ် တောဘုရင်လို့တင်စားရတဲ့ ခြင်္သေ့တွေတောင်မှ မသက်သာပါဘူး။ အနားကပ်လာတာနဲ့ အကောင်ငယ်လေးတွေကိုအထဲမှာထား အမတွေကတထပ်ရံ၊ အထီး တွေကနောက်တထပ်ရံလို့ စက်ဝိုင်းပုံစံစုစည်းပြီး အနားကပ်လာတဲ့ခြင်္သေ့တွေကို ခံခတ်ပါတယ်။ အပြေးညံ့တဲ့ ခြသေ့င်္ကတော့ နံကြားပေါက်ပြီသာမှတ်ပေတော့ပါပဲ။ စာရေးတာလည်း ရှည်သွားပါပြီ။ မိတ်ဆွေတို့အတွက် စဉ်းစားစရာလေးတွေ တခုခုရခဲ့မယ်ဆိုရင်ကျေနပ်ပါပြီ။ မင်္ဂလာပါခင်ဗျာ..

အလုပ်ပြောင်းခွင့်နဲ့ပတ်သက်ပြီး ကျွန်တော်အထက်မှာရေးခဲ့တဲ့ အမိန့်စာကို အောက်မှာဖေါ်ပြထားပါတယ်

(ထိုင်းနိုင်ငံထဲမှာ မြန်မာအလုပ်သမားတွေ တစ်နှစ်ကိုသိန်းဂဏန်းနဲ့အဖမ်းခံနေရပါတယ်။ ၂၀၀၄ ခုနှစ်ကစပြီး အခု ၂၀၀၈ထိ ဖမ်းတဲ့စာရင်းကို ဒေလီးနယူးအမည်ရ ထိုင်းဘာသာထုတ် ၁၂.၄.၀၈ နေ့စွဲသတင်းစာမှာ ၅၄ယောက်သေတဲ့ အမှုနဲ့အတူဖေါ်ပြထားပါတယ်။ ကိန်းဂဏန်းတွေကို ရေးမှတ်ထားပေမယ့် ခရီးသွားရင်း အဲဒီစာအုပ်က တနေရာမှာကျန်ခဲ့တော့ အတိအကျစာရင်းကိုမဖေါ်ပြနိုင်တော့ပါဘူး.။ မှတ်မိသလောက်က တော့ တစ်နှစ်ကို တစ်သိန်းကျော်ဖမ်းမိပါတယ်။ ဒီနှစ်ဇန်န၀ါရီလထဲမှာကို နှစ်သောင်းကျော်သွားပြီး။ အလုပ်သမားတွေရဲ့ဒုက္ခကိုတွေးကြည့်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။)
အလုပ်သမားဝန်ကြီးဌါနအမိန့်စာကို ပီဒီအက်ဖ်ဖိုင်အဖြစ်တင်တာမတင်တတ်လို့ သူငယ်ချင်းကိုပဲ သီးသန့်တင်ခိုင်းပါတော့မယ်။

0 comments:

 

©2009 မောင်ကျည်ပွေ့ | Template Blue by TNB