သူ့အမြင်နဲ့ ကိုယ့်အမြင်

ပြီးခဲ့သည်ပို့စ်တွင် မြန်မာနိုင်ငံသားတို့ ထိုင်းနိုင်ငံသို့ဝင်လာရခြင်းအကြောင်းကိုရေးခဲ့သည်။ ယခင်ကလည်း မုန်းတီးခြင်း၏သားကောင်အတွဲထဲတွင် အလုပ်သမားတို့ဝင်ရောက်လာ သည့်လမ်းကြောင်း၊ ကြုံတွေ့ခဲ့ရသည်များကို ကျွန်ုပ်ရေးခဲ့ဖူးသည်။

မြန်မာနိုင်ငံသားတို့ ထိုင်းနိုင်ငံထဲဝင်လာရခြင်းအကြောင်းအရင်းနှင့် ၀င်ရောက်လာပုံများသေချာကွဲပြားစွာ သိစေလို၍ဖြစ်သည်။ ကျွန်ုပ်ကိုယ်တိုင်လည်း ထိုသို့ပင် ဖြတ်သန်းလာခဲ့ပြီးဖြစ်သည်။ ကျွန်ုပ် ၏အတွေ့အကြုံကိုအခြေခံပြီး လက်ရှိမြန်မာ့နိုင်ငံရေးထင်မြင်ယူဆချက်များကို ဆက်လက် တင်ပြသွားပါမည်။


ယခုမျက်မှောက်မြန်မာ့နိုင်ငံရေးတွင် နအဖနှင့်နောက်လိုက်များအုပ်စု၊ အတိုက်အခံအုပ်စု၊ တတိယအုပ်စု၊အုပ်စုကြီး သုံးစုရှိသည်ဟု ယေဘူယျအားဖြင့်တွေ့မြင်နိုင်သည်။ သို့သော် လက်ရှိအနေအထားအရ နအဖနှင့်တတိယအုပ်စုတို့သည် ၎င်းတို့၏ ၂၀၀၈ အခြေခံဥပဒေ ကိုအသက်သွင်းရန်ကြိုးပမ်းနေပြီး ၂၀၁၀ရွေးကောက်ပွဲအောင်မြင်ရန် ပူးပေါင်းအားထုတ် နေကြသဖြင့် တစ်ဖွဲ့တည်းလိုဖြစ်နေသည်။ ၎င်းတို့နှစ်ဖွဲ့သည် အမြင်မတူမှုများရှိနေသော် လည်း ယာယီမဟာမိတ်ဖွဲ့လျက် ၎င်းတို့၏ရည်မှန်းချက်ပြည့်ဝစေရန် ၀ါဒဖြန့်နေမှုများကို စနစ်တကျပူးပေါင်းလုပ်ဆောင်နေကြသည်ဟု ကျွန်ုပ်မြင်ပါသည်။ အထူးသဖြင့် ဒေါ်စုကို အဓိကပစ်မှတ်ထားပြီး ဒီချုပ်နှင့် အတိုက်အခံအဖွဲ့များမကောင်းကြောင်း၊ တိုင်းပြည်ဆင်းရဲ နေရခြင်းမှာ ဒေါ်စုကစီးပွါးရေးပိတ်ထားခြင်းကြောင့်ဖြစ်ကြောင်း၊ ဒေါ်စုကိုယုံကြည်နေသူ များသည် စိတ်ကူးယဉ်သမားများ၊ အစွန်းရောက်များဖြစ်ကြောင်းနှင့် ၎င်းတို့၏ ၂၀၁၀ ရွေးကောက်ပွဲသည်သာ လက်တွေ့ကျပြီး ငြိမ်းချမ်းစွာကူးပြောင်းခြင်းဖြစ်ကြောင်းတို့ကို နည်းမျိုးစုံသုံး၍ ၀ါဒဖြန့်နေကြသည်။စီးပွါးရေးပိတ်ဆို့ခြင်းကြောင့် တိုင်းပြည်ဆင်းရဲရသည်ဟု ၎င်းတို့တွင်တွင်အော် နေမှုများကို ကြည့်၍ ကျွန်ုပ်မှာစိတ်မသက်သာဖြစ်ရသည်။ (ဒေါ်စုကိုအပုပ်ချရန် ဤအချက်သာရှိပုံရ၏) မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွါးရေးဟုအော်ပြီး နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများကိုဖိတ်ခေါ်ခဲ့ရာ ၁၉၉၀ခုနှစ်အစောပိုင်းကာလများတွင် နိုင်ငံပေါင်းစုံမှ ကုမ္ပဏီပေါင်းစုံတို့ လာရောက်ရင်းနှီး မြှပ်နှံခဲ့ကြသည်။ သို့သော်မြန်မာနိုင်ငံတွင် ယခုအချိန်အထိ တိကျခိုင်မာသော ရင်းနှီးမြှပ်နှံ မှုဆိုင်ရာဥပဒေသတ်မှတ်ချက်များမရှိပဲ မလိုတစ်မျိုး၊ လိုတစ်မျိုး ထင်ရာစိုင်း လုပ်ချင်သလို လုပ်နေကြသည့်အပြင် အလွန်အရေးကြီးသည့် ငွေလဲလှယ်နှုန်းကို မပြဌာန်းနိုင်ပေ။ မှောင် ခိုငွေဈေးကိုသာ အားထားနေရသည်။ ထိုသို့သောနိုင်ငံမျိုးတွင် အဘယ်ကုမ္ပဏီသည် ကြာရှည်ရပ်တည်ဖြစ်မည်နည်း။ ဤအချက်မှာ အဓိကအကျဆုံးပင်ဖြစ်သည်။ မြန်မာတို့၏နောက်မှ တံခါးဖွင့်သောဗီယက်နမ်နိုင်ငံသည် တိကျခိုင်မာသော ရင်းနှီးမြှပ်နှံမှု ဆိုင်ရာဥပဒေများပြဌာန်းထားသဖြင့် နိုင်ငံအများအပြားက လာရောက်ရင်းနှီးမြှပ်နှံကြရ သည်။ ထို့ကြောင့်လည်း ထိုင်းနိုင်ငံကို ပုခုန်းချင်းယှဉ်လာနိုင်သည်အထိ စီးပွါးရေးတက်လာ သည်။ ထိုသို့တိကျခိုင်မာသည့် ဥပဒေကိုမူတည်ပြီးအလုပ်လုပ်နေသဖြင့် နိုင်ငံခြားကုမ္ပဏီ များကလည်း ယုံကြည်စိတ်ချမှုရှိသည်။ မြန်မာနိုင်ငံတွင်မူ ပေါက်ဖေါ်တရုတ်၊ဂျပန်၊အိန္ဒိယ၊ ကိုးရီးယား၊ အာဆီယံ မည်သူမှ ကုမ္ပဏီလာမဖွင့်ကြပေ။ လာဖွင့်ပြီးသားသူတွေပင် နောက်ဆုတ်သွားကြသည်။ မဆုတ်လည်းမခံနိုင်၊ အရူးချီးပန်း ခုတစ်မျိုး၊ တော်ကြာတစ်မျိုး လုပ်သည့်ဒဏ်ကို မည်သူက သည်းခံနိုင်မည်နည်း။ ထို့ကြောင့် ဒေါ်စုကို အပြစ်တင်နေခြင်း သည် အလွန်ရယ်စရာကောင်းသော ကလေးကလားပျက်လုံးသဖွယ်ဖြစ်နေသည်။မြန်မာနိုင်ငံတွင် ဥရောပအမေရိကန်တို့ကို လုံးလုံးဂရုစိုက်စရာမလိုအောင် နေနိုင်သည့် အခြေအနေရှိသည်။ နိုင်ငံ့စီးပွါးရေးသည် ထိုဥရောပအမေရိကန်များကို အားထားနေရခြင်း မရှိ။ မြန်မာ့ထွက်ကုန်များသည် ထိုနိုင်ငံများကိုတင်ပို့နေရခြင်းလည်းမဟုတ်ပေ။ အဓိက ထွက်ကုန်ဖြစ်သော စိုက်ပျိုးရေးမှရသည့် ဆန်စပါး၊ပဲပြောင်းနှမ်းဝါ၊ရာဘာ အစရှိသည်တို့ သည် တရုတ်၊ဂျပန်၊အိန္ဒိယ၊အာဆီယံသို့ ကောင်းစွာတင်ပို့နိုင်လျှင်ပင် စီးပွါးရေးတိုးတက် လာမည်ဖြစ်သည်။ သို့သော် လက်တွေ့တွင်မူ စိုက်ပျိုးရေးကိုအခြေခံ၍ အခြားစီးပွါးရေးများ ကိုလည်းတိုးမြှင့်လုပ်ဆောင်ရေးဟု နေ့စဉ်နှင့်အမျှ ရေဒီယိုတီဗွီ၊ဗွီစီဒီ၊စာအုပ်များပါမကျန် ၀ါဒဖြန့်နေသော်လည်း စိုက်ပျိုးရေးထွက်ကုန်များ နိုင်ငံတကာအဆင့်မီအောင်လုပ်ဆောင် ခြင်း ဘာမှမရှိ။ ခေတ်မီနည်းပညာများကိုလည်း ဟုတ်တိပတ်တိမဖြန့်ဖြူးနိုင်၊ သီးထပ်သီး ညှပ်စိုက်ဖို့အော်နေသော်လည်း ထိုသို့စိုက်နိုင်ရန် ထောက်ပံ့ကူညီပေးမှုမရှိပေ။စိုက်ပျိုးမှုကအစ ထုတ်လုပ်မှုအဆုံး နိုင်ငံတကာလက်ခံနိုင်သည့်အရည်အသွေးမရှိသဖြင့် မြန်မာ့ထွက်ကုန်များသည် ဈေးကွက်လည်းမရ ဈေးကောင်းလည်းမရဖြစ်နေရသည်။ တစ်ချိန်က အာရှတိုက်၏စပါးကျီဟု တင်စားခံခဲ့ရခြင်းမှာ အိပ်မက်သဖွယ်ပျောက်ကွယ်ခဲ့ ပြီဖြစ်သည်။ ဗီယက်နမ်ဆိုလျှင် ယခုအခါ ဆန်တင်ပို့မှု၌ ထိုးဖေါက်ဝင်ရောက်လာသဖြင့် ထိုင်းတို့ပင်ထိတ်လန့်နေရပြီဖြစ်သည်။ ဈေးကွက်ကိုလဲ ခွဲဝေပေးလိုက်ရပြီဖြစ်သည်။ တလောကပင် ဖိလစ်ပိုင်သို့ ဗီယက်နမ်ဆန်တန်ချိန်သိန်းချီ၍ သွင်းခွင့်ရသွားသဖြင့် ထိုင်းတို့ မခံချိမခံသာဖြစ်နေရကြောင်း ထိုင်းစာစောင်တစ်ခုတွင်ဖတ်လိုက်ရသည်။ ထိုအ ဖြစ်အပျက်သည် အာဏာရှင်ချင်းတူတူ စေတနာချင်းကွာခြားပုံကို မီးမောင်းထိုးပြနေသကဲ့ သို့ဖြစ်နေသည်။ မြန်မာနိုင်ငံတွင် ဗီယက်နမ်ထက်သာသောအခြေနေလည်း ရှိနေသည်။ သဘာဝသံယံဇာတများ တိုင်းပြည်အတွက် ထောက်ပံ့အားဖြစ်နေသည်။အတ္တကြီးမားသော နအဖတို့သည် မြန်မာ့သံယံဇာတကို ပြည်သူများအတွက်အသုံးပြုခြင်း မရှိပဲ ၎င်းတို့၏ဘိုးဘွားပိုင်ပစ္စည်းကဲ့သို့ ကိုယ်ကျိုးရှာ မတရားယူငင်နေကြသည်။ ပြည်သူ များ၏ကျန်းမာရေး၊ ပညာရေးများကို လျစ်လျူရှုထားသဖြင့် မြန်မာပြည်သူများသည် ဆေးဝါးမရှိသောဆေးရုံ၊ သင်ကြားမှုညံ့ဖျင်းသောစာသင်ကျောင်းများကိုသာ အားထားနေရ သည်။ စာရိတ္တအနေဖြင့်လည်း ၀န်ထမ်းများကို ခိုးစားမှသာ ၀မ်းဝမည့်အခြေအနေဖြစ်စေ ရန်လုပ်ဆောင်ထားလေသည်။ ထိုသို့သောအကြောင်းများဖြစ်နေခြင်းသည် စီးပွါးရေးပိတ် ဆို့ထားမှုနှင့် မည်သို့ပတ်သက်နေသနည်း။ ထိုပိတ်ဆို့မှုကိုရုပ်သိမ်းရန် ပူဆာနေခြင်းသည် ၎င်းတို့အကျိုးကို တိုက်ရိုက်ထိခိုက်နေခြင်းကြောင့်သာဖြစ်သည်။ အနောက်အုပ်စုက ပိတ် ဆို့ရခြင်းအဓိကအကြောင်းအရင်းမှာလည်း ၎င်းတို့လူမဆန်သောကြောင့်သာဖြစ်သည်။ထိုဖြစ်အင်ကို ၀န်မခံရဲ၊ မပြုပြင်ရဲပဲ ဒေါ်စုအပေါ်သာ ပုံချနေခြင်းသည် အရှက်နည်းခြင်းပင် ဖြစ်သည်။ ဒေါ်စုသည် အနောက်အုပ်စုကို ပိတ်စေ၊ဖွင့်စေ မလုပ်နိုင်။ ထို့အတူ အနောက် အုပ်စုကလည်း ဒေါ်စုကိုကြိုးဆွဲနေသည်ဆိုခြင်းမှာ အလွန်အဓိပ္ပါယ်မဲ့သော စကားသာဖြစ် သည်။ ဖြစ်စဉ်ကိုပြန်ကြည့်လျှင် ဒေါ်စုသည် မရည်ရွယ်ပဲ စော်ကဲမင်းဖြစ်ဆိုသလို ခေတ်၏ တောင်းဆိုချက်အရ ပေါ်ပေါက်လာရခြင်းသာဖြစ်သည်။ ထို့အတူ တဖြေးဖြေးချင်းပေါ်လွင် လာရခြင်းသာဖြစ်သည်။ ၈၈အရေးအခင်းတွင် ဦးနု၊ဦးအောင်ကြီး၊ဦးတင်ဦး၊ကိုမင်းကိုနိုင် အစရှိသော ခေါင်းဆောင်များထဲမှ ပြည်သူ၏လေးစားကြည်ညိုမှုကို တစစ တိုးတက်ရရှိ လာခဲ့ခြင်းဖြစ်သည်။ ထိုသို့ထင်ရှားကျော်ကြားလာပြီးနောက်လည်း ပြင်ပတွင် လွတ်လပ်စွာ ရှိမနေပဲ အကျယ်ချုပ်ချည်းကျခံနေရသူကို မည်သူက လာရောက်ကြိုးကိုင်ညွှန်ကြားနိုင် မည်နည်း။ သို့သော် နအဖတို့သည် ပြည်သူများကို မျက်စိပိတ်၊နားပိတ်လုပ်ထားလျှင် သူတို့ပြောသလိုဖြစ်နိုင်သည်ဟု အထင်သေးနေခြင်းသာဖြစ်သည်။ထို့ကြောင့် စီးပွါးရေးပိတ်ဆို့၍ တိုင်းပြည်ဆင်းရဲနေရသည်၊ အလုပ်အကိုင်အခွင့်အလမ်း နည်းရသည်၊ ဒေါ်စုကလုပ်ထားသည် ဟုဆိုခြင်းမှာ ဟုတ်၊ မဟုတ် စာဖတ်သူများဝေခွဲနိုင် ပါသည်။ တရုတ်၊အိန္ဒိယ၊ကိုးရီးယား၊အာဆီယံ တို့သည် မြန်မာနိုင်ငံတွင် မည်သည့်အတွက် ကြောင့် စက်ရုံများ လာမတည်သည်ကို စာဖတ်သူများကောင်းစွာ ခွဲခြားနိုင်မည်ဟုထင်ပါ သည်။ အဆိုပါနိုင်ငံများသည် ဂတ်စ်ငွေ့တူးဖေါ်ရေးနှင့် ရောင်းဝယ်ရေးများတွင်တော့ ဒေါ်လာသန်းထောင်ချီ ရင်းနှီးမြှပ်နှံခဲ့ပြီးဖြစ်သည်။ ထို့အတူ စိုက်ပျိုးရေးကို အခြေခံအသက် မွေးနေသော ပြည်သူများ ဘာကြောင့် တိုင်းပြည်မှာမနေနိုင်ပဲ အပြင်သို့တဖွဲဖွဲထွက်နေကြ ခြင်းကိုလည်း စာဖတ်သူများသုံးသပ်နိုင်ပေမည်။ ကျွန်ုပ်၏ စာရေးသားမှု အားနည်းချက် ကြောင့် တိုတိုထိထိမရေးနိုင်ပဲ အပိုင်းခွဲ၍ ကျန်ရှိသည်များကို ဆက်ရေးသွားပါဦးမည်။ စာဖတ်သူများအတွက် နှိုင်းယှဉ်တွေးရန် အတွေးစများရလျှင်ပင် ကျေနပ်ပါကြောင်းးးးးးး

ဆက်ဖတ်ရန်ကျန်သေးသည်...

 

©2009 မောင်ကျည်ပွေ့ | Template Blue by TNB