အပိုင်း(၁)ထဲတွင် ကျွန်ုပ်က “နိုင်ငံရေးကို ဘာသာရေးနှင့် ထိစပ် ၍ ” ဟု ရေးသားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်နယ်ပယ်မဆို တခုနှင့်တခု ထိစပ်နေကြသည်။ ထိုထိစပ်နေမှုကို သတိပြုမိစေရန် ထည့်သွင်းရေးသားခဲ့ခြင်းဖြစ်သည်။
သို့သော် တခုနှင့်တခု ရှုပ်ထွေးနေခြင်းမရှိပေ၊ ဆက်စပ်၍မရနိုင်အောင် သီးခြားဝေးကွာနေမှုများ လည်းမရှိပေ။ ထိုအချက်ကို ထင်ရှားစေရန် ရေးခဲ့ပါသည်။ ထို့အတူ ရဟန်းသံဃာတော် များသည် ကိုးကွယ်မှုဆိုင်ရာအရ၊ ယဉ်ကျေးမှုဆိုင်ရာအရ လူ့ဘောင်လောကကို ဆုံးမပဲ့ပြင် ပေးခဲ့၊ပေးကြသော နေရာတွင်ရှိပါသည်။
ထိုကဲ့သို့ အထွဋ်အမြတ်ထားရသော ပုဂ္ဂိုလ်မြတ် များကို ဒုစရိုက်သမားများသဖွယ် အကြမ်းဖက်နှိမ်နင်းခြင်းသည် ရင်နာစရာမဟုတ်လျှင် ၀မ်းသာစရာဟု မောင်ကောင်းထင်မြင်ထားပါသလား….
(၃)ဆဌမ သံဃာယနာတင်ဖို့အတွက် တိပိဋကဓရဘွဲရ ဆရာတော်ပေါ်ထွန်းလာရေးကို ၀န်ကြီးချုပ်ဦးနု လက်ထက်က စတင်ကျင်းပပေးခဲ့ပါတယ် ။ သူဌေးကြီး ဆာဦးသွင် တို့ကဦးဆောင်ပြီး ကြိုးစားခဲ့ကြပါတယ် ။ တိပိဋကဓရ စာပြန်ပွဲအတွက် ပြည်သူနဲ့ရော ရဟန်းတော်တွေကြားထဲပါ အတော်ကြိုးစားခဲ့ရတာတွေကို တိပိဋကဓရ စာပြန်ပွဲ စတင်ဖြစ်ပေါ်လာပုံတွေမှာ ဖတ်ကြည့်ပါ ကိုKyaw ရေ ။ ကျွန်တော်ပြောချင်တာက မောင်ကျည်ပွေ့ပြောသလို တိပိဋကဓရဆိုတာ အတော်လေးမြင့်မြတ်ပါတယ် ။ ခက်ခဲပါတယ် ။ ၀န်ကြီးချုပ်ဦးနုလက်ထက် စတင်ကျင်းပရာကနေ ၁၉၈၈ ခုနှစ်အတွင်းမှာ ပေါ်ပေါက်ခဲ့တဲ့ တိပိဋကဓရ ဆရာတော်တွေ နဲ့ အခုလက်ရှိအစိုးရတာဝန်ယူပြီးနောက် ၁၉၈၈ နောက်ပိုင်း ပေါ်ထွန်းလာခဲ့တဲ့ ဆရာတော်တွေကို အချိုးချကြည့်ရင် လက်ရှိအစိုးရက သာသနာရေးကို အလေးထားမထား သိနိုင်ပါတယ် ။ အခုလက်ရှိ မြန်မာနိုင်ငံမှာ တိပိဋကဓရ ဆရာတော်တွေ ၊ ဒွိပိဋက ဆရာတော်တွေ ၊ ဧကပိဋကဆရာတော်တွေ ကအရပ်သားစကားနဲ့ပြောရရင် လွှတ်ပေါ လို့ပြောရမလောက်အောင် သာသနာတော်တိုးတက်နေတာ ကိုKyaw လည်းအသိပါ ။
အထက်ပါစာပိုဒ်တွင် ထုံးစံအတိုင်း မောင်ကောင်းက ၎င်းတို့အဆိုးရလက်ထက်တွင် သာသနာတော်တိုးတက်နေသည်ဟု ရမ်းသန်းရေးထားပြန်သည်။ ကျွန်ုပ်အနေနှင့် ပြန်ရေး ဖို့ရန်လည်း အနည်းငယ် လက်တွန့်မိသည်။ လက်ရှိသံဃာတော်များနှင့် အတို့အထောင် လုပ်ပေးထား၍ဖြစ်သည်။ မင်းကွန်းဆရာတော်ကြီးသည် တိပိဋကဖြေဆိုရာတွင် ရမှတ်များ ၉၀ကျော်ဖြင့်ချည်း အောင်မြင်ခဲ့သည်။ အာဂုံဖြေရာတွင် အထောက်လွတ် အာဂုံဆောင်တော်မူခဲ့သည်။ မင်းကွန်းဆရာတော်မှစတင်၍ တိပိဋကဓရဘွဲ့အောင်မြင် တော်မူကြသော ဆရာတော်ကြီးများသည် မိမိတို့ကဲ့သို့ တိပိဋကဓရ ရဟန်းတော်များပေါ် ထွန်းလာရန် အစဉ်အဆက် ဖြန့်ဝေသင်ကြားတော်မူခဲ့ကြသည်။ ထို့အတွက် မျက်မှောက် ခေတ်တွင် အသီးအပွင့်အဖြစ် ဖြစ်ထွန်းလာရသည်။ ထို့အတူ မင်းကွန်းဆရာတော်တို့ခေတ် တွင် စာသင်သားရဟန်းတော်များအတွက် သင်ထောက်ကူ ပိဋကတ်ဆိုင်ရာ စာအုပ်စာပေရှားပါးပါသည်။ ထို့အတွက် ထိုခေတ်ဆရာတော်ကြီးများက နောင်စာသင်သား ရဟန်းတော်များ သက်သာလွယ်ကူစေရန် နည်းလမ်းကြံဆ၊ သင်ထောက်ကူစာပေများ ရေးသားချန်ရစ်ထားတော်မူခဲ့ကြသည်။
ကျေးဇူးတော်ရှင်အရှင်ဇနကာဘိဝံသ ဆရာတော်ကြီးရေးသားခဲ့သော ကျမ်းစာများက သက်သေခံပင်ဖြစ်တော့သည်။ နောက်တနည်း ထိုစဉ်က ရဟန်းတော်အရေအတွက်နှင့် ယခုခေတ်ရဟန်းတော်အရေအတွက် ချိန်ထိုးကြည့်ရန်လည်းလိုပေမည်။ ယနေ့ခေတ်တွင် သာသနာတော်ထွန်းကားတိုးတက်လာသည်ဟုဆိုလျှင် ရှေးဆရာတော်ကြီးများ၏ ကြိုးစား အားထုတ်မှုကြောင့်သာဖြစ်ရသည်။ မောင်ကောင်းညွှန်းသလို ၎င်းတို့အဆိုးရကြောင့် ဆိုလျှင်ကား အလွန်ရယ်ဖွယ်ပင်။ ဓမ္မစေတီဆရာတော်ဟောသော တရားတပုဒ်တွက် စာမေးပွဲ(ဓမ္မာစရိယတန်းဟုထင်ပါသည်) ဖြေမည့်သံဃာတော်တပါးအတွက် ရရှိသော အဆိုးရထောက်ပံ့ငွေမှာ မုန့်ဟင်းခါးနှစ်ပွဲဖိုးစာသာရှိကြောင်း ပါရှိပါသည်။ သို့ဆိုလျှင် သာသနာတော်အတွက် အဆိုးရ၏ လုပ်ဆောင်ချက်ကို သိနိုင်ပါပေမည်။ ထိုငွေသည်ပင် လျှင် ၎င်းတို့၏ငွေမဟုတ်သေး၊ ပြည်သူတို့၏ အခွန်ငွေဖြစ်သည်။
အကြောင်းသင့်၍ မင်းကွန်းဆရာတော်အကြောင်း အနည်းငယ်ရေးပါမည်။ ၉၀ကံဆောင် သပိတ်မှောက်စဉ်က အုံးအုံးကြွက်ကြွက်နှင့် ဆရာတော်သံဃာတော်ကြီးများအပါအ၀င် ရဟန်းသံဃာတော်များ အဖမ်းခံရပါသည်။ ထိုသို့ဖြစ်လာသည်နှင့် မင်းကွန်းဆရာတော်ကြီး စသော ဆရာတော်ကြီးများထံ အ၀င်အထွက်ကို ထောက်လှမ်းရေးများက ပိတ်ဆို့ခြင်း ဖိအားပေးထားခြင်းဖြင့် ဆရာတော်ကြီးများ ပြင်ပအခြေအနေကို မသိအောင်လုပ်ထားခဲ့ သည်။ ထို့နောက် စစ်ဗိုလ်ရှုပ်များက မင်းကွန်းဆရာတော်ကြီထံ မျက်နှာငယ်လေးများဖြင့် ၀င်၍ ယခုအခါ တောတွင်းလက်နက်ကိုင်များက ဘုန်းကြီးကျောင်းများတွင် အယောင်ဆောင်ဝင်ရောက်နေပါပြီ၊ လက်နက်နှင့်တကွသောင်းကျန်းပါတော့မည်။ ထို့ကြောင့် ထိုသူများကို အရေးယူနိုင်ရန် ဆရာတော်ကြီးက ရဟန်းတော်များကို စုဝေးခြင်း မပြုနိုင်ရန်အမိန့်ထုတ်ပေးပါ။ ညမထွက်ရန်အမိန့်ထုတ်ပေးပါ စသဖြင့် အမျိုးမျိုး ကလိမ်စေ့ငြမ်းဆင် လုပ်ကြံပြောဆိုကြသောအခါ ဆရာတော်ကြီးက လက်မှတ်ထိုးအမိန့် စာထုတ်ပေးခဲ့ပါသည်။ ပြီးခဲ့သောရွှေဝါရောင်တော်လှန်ရေးတွင်လည်း ထိုအမိန့်စာကိုပင် စစ်ခွေးတို့ ထပ်မံအသုံးချခဲ့ပါသေးသည်။
ဆိုခဲ့သလိုပင် ပြင်ပတွင်ဖြစ်နေသော အခြေနေမှန်ကို ဆရာတော်ကြီးမှာဘာမှမသိပဲ အသုံးချခံဖြစ်ခဲ့ရသည်။ မကြာမီ ဆရာတော်ကြီး မန္တလေးသို့ကိစ္စတခုဖြင့်ကြွပါသည်။ ဆရာတော်ကြီးကြွချီလာတိုင်းတွင် မန္တလေးမှသံဃာတော်များက လာရောက်ကြိုဆိုဖူးမျှော် ကန်တော့ခဲ့ကြသည်။ ယခုတခေါက်တွင်မူ သံဃာတော်များက ယခင်ကလိုလာရောက်ကြို ဆိုခဲ့သော်လည်း ဆရာတော်ကြီးကြွရောက်လာသည်နှင့် “အတွင်းရေးမှူး ၃ ဦးဝိစိတ္တကို အလေးပြု” ဟုအော်ကာ လက်အုပ်မချီပဲ အလေးပြုခဲ့ကြသည်။ ဤတွင်မှ ဆရာတော်ကြီး သည် မေးမြန်းစုံစမ်းရင်း အဖြစ်မှန်ကိုသိရကာ များစွာစိတ်မကောင်းခြင်းဖြစ်၍ ပျံလွန်တော် မူသည်အထိ မည်သူနှင့်မှအတွေ့မခံပဲ ထိခိုက်ခံစားနေတော်မူခဲ့ရသည်။ ကျွန်ုပ်၏ရေးသား ချက် ဟုတ်မဟုတ်၊ မှန်မမှန်ကို စာဖတ်သူများ လေ့လာဝေဖန် ဆန်းစစ်နိုင်ပါသည်။
(၄) မောင်ကျည်ပွေ့ စာရင်းပါ ဆရာတော်ကြီးတွေလိုရော ၊ အဲဒီဆရာတော်ကြီးတွေထက်ပါ သိက္ခာ ၊သမာဓိ အရာမှာ နာမည်ကြီးပြီး ရိုသေရတဲ့ ဆရာတော်ကြီးတွေ ကျွန်တော်တို့မြန်မာပြည်မှာ အများကြီးပါ ။ နောက်တစ်ချက်က မောင်ကျည်ပွေ့ပြောတဲ့ ဆရာတော်ကြီးတွေထဲမှာ ကမ္မဌာနာစရိယ ဆရာတော် တွေလည်းမပါပါဘူး ။ နိုင်ငံတကာကိုလှည့်လည်သာသနာ ပြုနေတဲ့ ဆရာတော်ကြီး တွေလည်းအများကြီးပါ ။ ကိုKyaw လည်းသိမှာပါ ။ အဲဒီတော့ကျွန်တော်ဆိုလိုချင်တာက မီးသတ်သမားက လူဆိုးမဖမ်းပါဘူး ။ လယ်သမားကလည်း တိုက်မဆောက်ပါဘူး ။ ရဲကလည်း သူနာပြုမလုပ်သလို ၊ အစိုးရအနေနဲ့ အကြောင်းမဲ့သက်သက် ဆရာတော်ကြီးများကို (မောင်ကျည်ပွေ့အလိုအရ သာသနာထွန်းကားအောင်လုပ်လို့) မဖမ်းပါဘူးဗျာ ။ အဲလိုဖမ်းရင်လည်း ဘယ်သူမှလက်မခံပါဘူး ။ ဖမ်းလောက်စရာ အကြောင်းကိစ္စရှိလို့ ဖမ်းတာပါဗျာ ။(၅) ကိုKyaw ရေ အခုထောင်ထဲရောက်နေတဲ့ သံဃာတွေထဲမှာ နယ်တွေ ၊ ရွာတွေမှာ ပုံမှန်ဆွမ်းခံ ၊ တရားကျင့်ကြံနေတဲ့ ဆရာတော်တွေ တစ်ပါးမှမပါပါဘူးဗျာ ။ ခပ်ရှင်းရှင်းပြောရရင် ကိုKyawရေ ပရိတ်ကြီး ၁၁ သုတ်ကိုလမ်းပေါ်တက်မရွတ်ပဲ ကျောင်းမှာတင် အော်ကျက်နေတဲ့ ကိုရင်လေးတွေ တစ်ပါးမှထောင်ထဲ မထည့်ပါဘူးဗျာ ။ နိုင်ငံတကာ နဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံတွေမှာ ဥက္ကဌ ၊ အတွင်းရေးမှုး ၊ နာယက ၊ အဖွဲ့ဝင် ဆိုတဲ့နေရာတွေ မှာထိုင်တော်မူခဲ့ကြတဲ့ မြန်မာပြည်က ဆရာတော်ကြီးများ ကိုလည်း ထောင်ထဲဆွဲမထည့်ပါဘူးဗျာ ။ အထည့်လည်းမခံရပါဘူး။
မောင်ကောင်းသည် ရဟန်းတော်များကို တရားကျင့်မှ ရဟန်းဟုသတ်မှတ်ပုံရသည်။ စကားကို လက်လွတ်စပယ်ပြောတတ်ပုံလည်းရသည်။ စာသင်စာချသံဃာတော်များကို ဂရုစိုက်စရာမလို၊ ကမ္မဌာနာစရိယသာ ရဟန်းစစ်ဟု ပြောလိုပုံရသည်။ ရဟန်းဟူသည် သင်္ကန်းရုံသည်မှစ၍ ပြုဖွယ်ကိစ္စတို့ကို သတိဖြင့်ပြုလုပ်ရသည်။ ၀ိနည်းကိုစောင့်ရှောက်နိုင် ရန် သတိကိုလက်ကိုင်ထားရသည်။ တရားထိုင်မှ သတိထားရသည်မဟုတ်ပေ။ ထို့ပြင်တ၀ စာသင်တိုက်တွင် ရဟန်းသံဃာများပြီး ရိပ်သာတွင် ရဟန်းသံဃာနည်းပါသည်။ စာသင်တိုက်တွင် စုစည်းနိုင်မှုအားကောင်းပြီး ရိပ်သာဆိုသည်မှာ လူသူဝေးရာတွင် တိတ်ဆိတ်စွာ တည်ရှိတတ်ပါသည်။ ကမ္မဌာနာစရိယများ၏သဘောထားကို သိချင်လျှင် ပွင့်လင်းစွာ လျှောက်ထားမေးမြန်းနိုင်ပါမှ သိရှိရနိုင်ပေမည်။ အကြောင်းမဲ့သက်သက်မဖမ်း ဟုဆိုလျှင် အကြောင်းရှိပါက ဖမ်းမည်ဟု သဘောသက်ရောက်ပေသည်။ ဖမ်းသည်ဟုလည်းရေးထားပေရာ ရဟန်းတော်များ အထူးသဖြင့်ထေရ်ကြီးဝါကြီးရဟန်း တော်များကို ထောင်သွင်းအကျဉ်းချရဲလောက်အောင်၊ အကျဉ်းချနိုင်ရဲလောက်အောင် သင်းတို့ယုတ်မာကောက်ကျစ်နိုင်လှပေသည်။
ထိုသို့ သာသနာဖျက်လုပ်ရပ်များနှင့် စော်ကားပြီးနောက် ဘုရားတရားကြည်ညိုလေဟန်၊ သာသနာကိုစောင့်ရှောက်လေဟန်ရေးကြ၊ ပြောကြရဲသည်မှာ မြန်မာ့သမိုင်းတွင် အရှက် ကင်းမဲ့ဆုံးမျိုးဆက်ဖြစ်ခဲ့လေပြီ။ သမိုင်းအစဉ်အဆက် ဤယနေ့ခေတ် စစ်ခွေးတသိုက် လောက် အရှက်မရှိသူများ မပေါ်ထွန်းဖူးခဲ့ပါ။ ရန်ကုန်မြို့ပေါ်တွင်ပင် အဖမ်းခံရသည့် သံဃာတော်များ မည်မျှရှိကြောင်း စာရင်းသတ်မရလျှင် နယ်တွင်ရှိသည့် သံဃာများအတွက်ကား ဆိုဖွယ်မရှိပေ။ ရဟန်းတော်များ လမ်းပေါ်တက်ပရိတ်ရွတ်ခြင်း သည် မည်သည့်အပြစ်ဖြစ်သနည်း။ ဘုရားရှင်ပင်လျှင် ဝေသာလီမြို့တွင် လှည့်လည်ပရိတ် ရွတ်ပေသည်။
နောက်ကြောင်းပြန်ရေးရလျှင် စက်တင်ဘာသံဃာတော်တို့သည် လမ်းမများပေါ်လှည့်၍ မေတ္တာပို့ကြသည်ဆိုရာဝယ် တိုင်းပြည်ငြိမ်းချမ်းရေးကို ဦးတည်သည်။ ပြည်သူများ ငြိမ်းချမ်းရေးကိုဦးတည်သည်။ ရဟန်းသံဃာတော်တို့ တောင်းဆိုသောအချက်တွင် စစ်တပ် ပြုတ်ကျရေး၊ စစ်တပ်ကိုအမျိုးဖြုတ်ရေးများမပါ၊ တွေ့ဆုံဆွေးနွေးရန်သာပါသည်။ ဤသည်ကို ညသန်းခေါင်တွင် ဘုန်းတော်ကြီးကျောင်းများကို စစ်မြေပြင်သဖွယ်သဘော ထားနှိမ်နင်းခြင်းသည် သာသနာဘာသာကို မိုက်ကန်းစော်ကားခြင်းဖြစ်သည်။ ငွေကြာယံ ကျောင်းဆရာတော်သည် မဟန ခေါ် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၏ ဒုတိယဥက္ကဌ ဖြစ်တော်မူသည်။ ဆရာတော်ကြီးကိုလည်း ကမ္ဘာအေးတွင် အကျယ်ချုပ်သဖွယ်ထိန်းထား ခဲ့သည်။ ယခုလည်း ငွေကြာယံကျောင်းတွင် အကျယ်ချုပ်သဖွယ်ထိန်းထားဆဲဖြစ်သည်။
နအဖနှင့် နောက်လိုက်အရိုးကိုက်သူများသည် အဖြစ်မှန်ကိုဖုံးကွယ်ချင်ကြသည်။ ပလီစိချောက်ချက် လိမ်ချင်ကြသည်။ ရင်ဆိုင်ဖြေရှင်းရန်ကား သတ္တိမရှိကြ၊ ထို့ကြောင့် ယခုအခါ ရဟန်းသံဃာတော်များကို တရားဟောရန်ပိတ်ပင်ခြင်း၊ တရားဟောခွင့်ရရန် ခံဝန်ချက်တောင်းခြင်း၊ စသည်တို့လုပ်ဆောင်နေခြင်းဖြစ်သည်။ ပြည်သူတို့၏ နားမျက်စိကို ပိတ်ပင်၍ ငါပြောတာပဲယုံဟု နှစ်၂၀လုံးလုံး လုပ်လာခဲ့သည်။ စာအုပ်အဖုံးမှစ၍ ဗွီစီဒီပါ မကျန် ၀ါဒဖြန့်သည်။ ရလာဒ်ကား အနှုတ်ချည်းပင်၊ ပြည်သူများသည် ၎င်းတို့ကဲ့သို့ ဦးနှောက်စဉ်းစားဥာဏ် ချို့တဲ့နေသူများမဟုတ်ပေ။ အမှားအမှန်ကို ကွဲပြားစွာ ကိုယ်တွေ့သိ ကြသည်။ ထို့ကြောင့် ဘယ်ဆရာတော်တွေက ဘာမှမပြောပါဘူး ဘာညာငြင်းနေသည် ထက် ဆရာတော်များ ရဟန်းသံဃာတော်များ လွတ်လပ်စွာဟောပြောခွင့်ရလျှင် အဖြစ်မှန် ကို ပိုမိုကျယ်ပြန့်စွာသိရမည်သာဖြစ်သည်။
မောင်ကောင်းက ဗိုလ်ချုပ်အောင်ဆန်းစကားဟုဆိုကာ မတန်မရာကိုးကားပြန်သည်။ ၎င်း၏သဘောထားနှင့်ရောထွေးပြီး ကောက်နှုတ်ပြပြန်သည်။ ပထမဦးစွာ၎င်းပြောသော ဗိုလ်ချုပ်အကို ဦးအောင်သန်းက ဘုန်းကြီးများ နိုင်ငံရေးမလုပ်ရဟု အဆိုတင်သည်ကို ဗိုလ်ချုပ်ကထောက်ခံသည်ဟုပြောရာတွင် ဘယ်စာအုပ်ကကိုးကားပါသလဲဟု ပြန်မေးချင် ပါသည်။ ၈၈ခုနောက်ပိုင်းထုတ်စာအုပ်မှ ကိုးကားသည်ဟုဆိုလျှင်တော့ မောင်ကောင်း သဘောရှိကိုးကားပါဟုဆိုရဖွယ်။ ကျွန်ုပ်ကြားဖူးသည်ကား ဗိုလ်ချုပ်က ထိုခေတ်က အထင်ကရဆရာတော်ကြီးတပါးထံချဉ်းကပ်၍ နိုင်ငံရေးတွင် လူများရဲရဲရင့်ရင့် ပါဝင်ဆောင် ရွက်လာနိုင်ရန် ဘာသာရေးအဆုံးအမများဖြင့် ဆုံးမသောတရားဟောပေးပါဟူ၍ဖြစ်သည်။ နောက်တပိုဒ်တွင် မောင်ကောင်းက ဘာသာရေးနှင့်နိုင်ငံရေးရောစပ်လျှင် ဘာသာရေးကို ဆန့်ကျင်ရာရောက်သည်ဟုရေးသည်။ မှန်သည် သို့သော် မည်သည့်ဆရာတော်မှ နိုင်ငံရေး နှင့် ဘာသာရေးကို မရောစပ်မရှုပ်ထွေးစေပါ။ ဘာသာရေး၏အခြေခံဖြစ်သော ကောင်းမှုကု သိုလ်တိုးပွါးရန်၊ မကောင်းမှုအကုသိုလ်နည်းပါးရန် နိုင်ငံတော်အတွက် ဘာသာရေးနှင့် ထိစပ်ပြီး ဆောင်ရွက်တော်မူခဲ့ခြင်းသာဖြစ်သည်။
ဗိုလ်ချုပ်စကားကို လက်တလုံးခြားလုပ်ရန်ကြိုးစားသော်လည်း၊ ဗိုလ်ချုပ်ကိုယ်တိုင်က ထိုသို့ ဘာသာရေးကိုအခြေခံ၍ ဆောင်ရွက်ခြင်းပင်လျှင် အကောင်းဆုံးနိုင်ငံအရေးဆောင် ရွက်ခြင်းဖြစ်ကြောင်းပြောခဲ့သည်ဆိုရာ၌ ဤယနေ့ခေတ်၏အဖြေပင်ဖြစ်သည်။ မည်သို့ပင် လှည့်ပတ်ရေးသော်လည်း အမှန်တရားကို ဖုံးကွယ်ရန်မစွမ်းသာပါ။
"မီးသတ်သမားက လူဆိုးမဖမ်းပါဘူး ။ လယ်သမားကလည်း တိုက်မဆောက်ပါဘူး ။ ရဲကလည်း သူနာပြုမလုပ်သလို ၊ အစိုးရအနေနဲ့ အကြောင်းမဲ့သက်သက် ဆရာတော်ကြီးများကို (မောင်ကျည်ပွေ့အလိုအရ သာသနာထွန်းကားအောင်လုပ်လို့) မဖမ်းပါဘူးဗျာ ။ အဲလိုဖမ်းရင်လည်း ဘယ်သူမှလက်မခံပါဘူး ။ ဖမ်းလောက်စရာ အကြောင်းကိစ္စရှိလို့ဖမ်းတာပါဗျာ ။"
မီးသတ်သမားလူဆိုးမဖမ်း၊ လယ်သမားတိုက်မဆောက်၊ ရဲသူနာပြုမလုပ်ဆိုလျှင် စစ်တပ်က အဘယ်ကြောင့် အုပ်ချုပ်သူနေရာကို နှစ်ပေါင်းများစွာဝင်ယူနေပါသနည်း။ စစ်တပ်ဆိုသည်မှာ ခြံစောင့်ဒရ၀မ်အဆင့်သာဖြစ်သည်။ ထိုခြံစောင့်က မတန်ရာ တိုင်းပြည် စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်အရာများကို မည်သည့်အတတ်ပညာဖြင့် စီမံခန့်ခွဲနေပါသနည်း။ တိုင်းပြည်တွင်ဝန်ထမ်းများသည် တိုင်းပြည်၏အစေခံသာဖြစ်ရမည်။ ထို့အတူ စစ်သားများသာ အသက်ရင်းရသည်မဟုတ်၊ သစ်တောဘက်ဆိုင်ရာဝန်ထမ်းများ၊ သတ္တုတွင်းဆိုင်ရာ ၀န်ထမ်းများလည်း တောတောင်ထဲတွင် အသက်နှင့်ရင်းရသည်။ အခြားသော ၀န်ထမ်းများသည်လည်း အနည်းနှင့်အများ တိုင်းပြည်အတွက် အသက်နှင့် ရင်းနေရသည်။ စစ်တပ်ကမှ သူများထက်ခေါင်းတလုံးမြင့်လိုလျှင် လူပါးဝခြင်းပင်။
စစ်တပ်သည် ပြည်သူများ၏သားကောင်းဆိုလျှင် ပြည်သူများ၏လိုအင်ဆန္ဒကိုသာ ဦးထိပ် ထားရမည်ဖြစ်သည်။ ယခုတော့ ထိုသို့မဟုတ် စည်းကမ်းဥပဒေနှင့်မညီညွတ်သော သက်ကြားအိုရွတ်တွကြီးနှင့် စစ်ဝတ်စုံကိုမချွတ်ရဲသော လူ့အန္ဓတို့၏အမိန့်ကို ဘုရားဟော သဖွယ်ကြည်ညို၍ ပြည်သူတို့ကိုဆန့်ကျင်နေသည်။ ကျွန်ုပ်သည် မိမိ၏နိုင်ငံရေးစိတ်ဓါတ် ကိုသွေးနိုင်ရန်၊ နိုင်ငံရေးနှင့်ပတ်သက်၍အမြင်ဖလှယ်နိုင်ရန်၊ မြန်မာနိုင်ငံတော်အကြောင်း ပြု ကိုယ်ကျိုးရှာသူများကို ကလော်တုတ်နိုင်ရန် စသည့်အကြောင်းကိုအခြေခံ၍ ဤဘလော့ကိုရေးသည်။ မမှန်ကန်သူဆိုလျှင် စစ်တပ်သောဒီမိုသောနားမလည် ကလော်၏။ ထို့အတွက် အချိန်ကုန်သည်၊ ငွေကုန်သည်၊ လူမုန်းသည်၊ အခန့်မသင့်လျှင် ထောင်ချခံရနိုင်သည်။ မောင်းကောင်းညွှန်းချင်သလို အတိုက်အခံဘလော်ဂါများ ဟိုဒါဒီဒါ ရသည်ဆိုလျှင်ကား အံ့ဖွယ်သုတဟုဆိုရမလိုပင်။ ကျွန်ုပ်ကဲ့သို့ နိုင်ငံရေးအကြောင်းရေး သော ဘလော်ဂါများသည်လည်း မိမိအနာဂတ်ကို အလောင်းအစားပြုရေးနေသူများသာ ဖြစ်သည်။ တော်ရုံစိတ်နှင့် ရက်စက်ကောက်ကျစ်သူများကို ဆန့်ကျင်ရန်ကြိုးစားရဲမည်မ ဟုတ်ချေ။
အဆုံးသတ်ဆိုရလျှင် မောင်ကောင်းကို ကျေးဇူးတင်မိသည်။ သူသာမရေးလျှင် ကျွန်ုပ်က လည်း ဤစာကိုရေးဖြစ်မည်မဟုတ်။ သူရေးသဖြင့် ကျွန်ုပ်စိတ်ကို သွေးပေးသလိုဖြစ်ရ၏။ သူ့စာကို (၁)ဟု နံပါတ်ထိုးထားသဖြင့် ထပ်ရေးဦးမည်ဟုယူဆရသည်။ ထပ်ရေးရန်လည်း တိုက်တွန်းအပ်ပေသည်။ စစ်ဗိုလ်ပေါက်စတစ်ဦးနှင့် တောင်ကျော်အလုပ်သမားတစ်ဦးတို့ မတူညီသော အမြင်များဖလှယ်ရင်း အကျိုးတခုဖြစ်ထွန်းနိုင်မည်ဟု ယုံကြည်ယူဆကြောင်း ပါ………………….
ပြန်စာအတွက် ပြန်စာ (၂)
ပြန်စာ အတွက် ပြန်စာ (၁)
ရေပိုက်ထဲ အမှိုက်ပိတ်နေသည်
လူ့အဖွဲ့အစည်းတွင် ခေတ်အစဉ်အဆက် အမြဲဖြစ်လေ့ရှိသောပြဿနာမှာ လူကြီး၊လူငယ် ပြဿနာပင်ဖြစ်သည်။ ယနေ့ခေတ်တွင်လည်း နယ်ပယ်စုံတွင် ဤ လူကြီး၊ လူငယ် ပဋိပက္ခဖြစ်နေကြမှုကို တွေ့မြင်နိုင်ပေသည်။ အထူးသဖြင့် ယခုတလော မြန်မာနိုင်ငံရေး လောကတွင် လူကြီးလူငယ် အမြင်မတူကွဲပြားနေမှုသည် များစွာထင်ရှားလာပေသည်။
NLD မှ လူငယ်များနှုတ်ထွက်သွားမှုသည် လူကြီးလူငယ်အတွေးအမြင်ပြဿနာများ၏ ပြယုဂ်တခုပင်ဖြစ်တော့သည်။ ကျွန်ုပ်အနေဖြင့် မည်သူမှားသည်၊ မှန်သည်ကို မပြောလိုပါ၊ ပြောနိုင်စွမ်းလည်းမရှိပါ။ သို့သော် ကျွန်ုပ်ယုံကြည်သည်မှာ သဘောထားကြီးသည့် စိတ်ဓါတ်များကို လူတန်းစားမရွေး ထားသင့်သည်ဟု ထင်မြင်မိပါသည်။ ထင်ရှားသော ဥပမာတရပ်မှာ သခင်အောင်ဆန်းဦးဆောင်သော လူငယ်တစုကို နေရာပေးခဲ့ခြင်းဖြစ် သည်။ ခေတ်မီသော ထက်မြက်သော လူငယ်များ၏ဦးဆောင်လှုပ်ရှားမှုကို ခံယူ၍ ထိုခေတ်က လူကြီးများက ထောက်ပံ့လှုပ်ရှားခဲ့ကြသဖြင့် မြန်မာ့တော်လှန်ရေး အောင်မြင် ခဲ့ရပေသည်။
ဤကား သဘောထားကြီးမြင့်ခြင်း၏ ရလာဒ်ဖြစ်သည့်အပြင် နိုင်ငံနှင့်လူမျိုးအတွက် ဂုဏ် မြင့်ခဲ့ရပေသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကျဆုံးခဲ့ရသော ဦးဘ၀င်းသည် ဗိုလ်ချုပ်၏ အကိုအကြီးဆုံးဖြစ်သည်။ ဒီးဒုတ်ဦးဘချို၊ မန်းဘခိုင်၊ ဦးရာဇတ် အစရှိသော ခေါင်းဆောင် ကြီးများသည်လည်း အသက်၊ ၀ါအရ ဗိုလ်ချုပ်ထက်များစွာကြီးပေသည်။ ထို့ထက်ပို၍ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဆိုလျှင်ကား အထူးပြောဖွယ်ရာမရှိတော့။ နိုင်ငံနှင့်လူမျိုး အရေးအတွက် မိမိတို့ထက် အသက်၊ ၀ါ များစွာငယ်သော ဗိုလ်ချုပ်ကို ခေါင်းဆောင်အဖြစ် သဘောထားကြီးစွာ နေရာပေးခဲ့ပေသည်။
ယေဘူယျအားဖြင့် အဖွဲ့အစည်းတခုတွင် လုပ်ဆောင်ချက်များတိုးတက်မှုမရှိလျှင် ခေါင်းဆောင်ပိုင်းအနေဖြင့် မိမိတို့၏ဦးဆောင်မှုကို ဆန်းစစ်မှုများပြုလုပ်သင့်သည်သာ။ အထူးသဖြင့် အခြားခေါင်းဆောင်များနှင့်တကွ လက်တွေ့လှုပ်ရှားနေရသည့် လူငယ်ပိုင်း ၏ သဘောထားများကို လေးစားစွာ ခံယူသင့်သည်။ လိုအပ်လာပါက နေရာပေးသင့် သည်။ ခေတ်နှင့်လိုက်လျောညီထွေမှုရှိရန် ပြုပြင်အားထုတ်သင့်ပေသည်။ ငါတကော ကောမှုများမရှိသင့်။
ယနေ့ခေတ်တွင်ကား နိုင်ငံရေးအဖွဲ့အစည်းများစွာတို့တွင် သဘောထားကြီးမှုများ အားနည်းနေသဖြင့် တဖွဲ့တည်းဖြစ်နေရာက နှစ်ဖွဲ့၊ သုံးဖွဲ့ကွဲပြီးနောက် အချင်းချင်း ရန်သူကြီးသဖွယ်ဖြစ်နေကြပေရာ များစွာစိတ်ပျက်ဖွယ်ကောင်းနေတော့သည်။ နိုင်ငံ့အရေး ထက် မိမိ၏ အတ္တကိုရှေ့တန်းတင်နေကြသဖြင့် စစ်အာဏာရှင်တိုက်ဖျက်ရေးဟု မည်သို့ ပင်ကြွေးကြော်နေကြစေကာမူ မိမိတို့ကိုယ်တိုင် အာဏာရှင်ဖြစ်မှန်းမသိ ဖြစ်နေကြတော့ သည်။ မစိုးရိမ်ဆရာတော်ကြီး ကိုယ်တော်တိုင်ပင် “နိုင်ငံရေးသမားတွေ ဟန်ဆောင်လေးဖြစ်ဖြစ် ညီညွတ်ကြစမ်းပါ” ဟု မိန့်ကြားသွားခဲ့ရသည်မှာ ထိုသူတို့ အလွန် ရှက်ဖွယ်ကောင်းနေသည်။
ယခုအချိန်ကား အချိန်ကောင်းပင်ဖြစ်တော့သည်။ လူငယ်ပေါင်းများစွာ၊ အထူးသဖြင့် နိုင်ငံ တကာအတွေ့အကြုံရှိသော ပညာတတ်လူငယ်ပေါင်းများစွာတို့သည် နိုင်ငံရေးကို အထူးတလည်စိတ်ဝင်စားလာကြပြီဖြစ်သောကြောင့် မိမိတို့၏ နိုင်ငံရေးသိက္ခာမြှင့်တင် သောအနေဖြင့် ထိုလူငယ်များကို နေရာပေးဦးဆောင်စေခြင်းဖြင့် ၀န်းရံရပ်တည်သင့်သည်။ သို့မှသာ နိုင်ငံရေးတွင် သမိုင်းကြောင်းလှ၍ အများပြည်သူအတွက်လည်း များစွာအကျိုး ရှိစေတော့မည်ဖြစ်သည်။
ပုံမှန်အားဖြင့် လှုပ်ရှားဆောင်ရွက်မှုများသည် လေးငါးနှစ်ကြာမြင့်ပြီးနောက် တိုးတက် အောင်မြင်မှုမရှိလျှင်ပင် ခေါင်းဆောင်ပိုင်းကို ပြောင်းလဲပေးရမည်ဖြစ်သည်။ ယခုအခါ၌ ထိုသို့မဟုတ် နှစ်ပေါင်း နှစ်ဆယ် ကြာမြင့်ခဲ့သည်တိုင် ရာသက်ပန်ဥက္ကဌ၊ အတွင်းရေးမှူး စသည်ဖြင့် နေရာမှမဆင်းလုပ်နေကြပေရာ ပိုက်ထဲတွင် အမှိုက်ပိတ်နေသကဲ့သို့ပင်။ တဆက်တည်း နိုင်ငံ့အရေးကို လုပ်ဆောင်လိုသော မျိုးဆက်များကိုလည်း စိတ်ပျက်အား နည်းအောင်လုပ်နေသလိုဖြစ်နေသည်။
အချုပ်အားဖြင့်ဆိုရလျှင် ခေတ်မီတက်ကြွပြီး နည်းပညာများတတ်ကျွမ်းသော လူငယ်ပိုင်း ၏အားမာန်ကိုအခြေခံ၍ လူကြီးများ၏အတွေ့အကြုံကြွယ်ဝမှုများဖြင့်ဝန်းရံပြီး အာဏာရှင် တိုက်ဖျက်ရေးလှုပ်ရှားမှုကို ထိန်းကျောင်းမောင်းနှင်သွားပါလျှင် ကျွန်ုပ်တို့လိုချင်သော အောင်မြင်မှုပန်းတိုင်သို့ မြန်စွာမသွေရောက်ရမည်ဖြစ်ပါကြောင်း……………။
ဇာတ်သိမ်းမရှိတဲ့ ဇာတ်လမ်း
လွယ်အိတ်တလုံးနှင့် ကျွန်ုပ်လမ်းသလားနေသည်။ ခင်ရာမင်ရာ မိတ်ဆွေများထံ အလည်ပတ်လျှောက်သွားနေသော်ငြား မိတ်ဆွေများမှာ ကျွန်ုပ်ကဲ့သို့ ယောင်ခြောက် ဆယ်သမားများမဟုတ်ပဲ အလုပ်ကိုယ်စီရှိကြသဖြင့် ကျွန်ုပ်ကို ကြာရှည်စကားမပြောနိုင်၊ ၎င်းတို့၏လုပ်ငန်းခွင်သို့ အသီးသီးထွက်ခွါသွားရာ ကျွန်ုပ်မှာ ယောင်လည်လည်နှင့် တယောက်တည်း မြစ်ကမ်းနဘေးလမ်းလျှောက်နေမိတော့သည်။ ကျွန်ုပ်၏ရှေ့တွင် လူငယ်နှစ်ဦးလည်း လွယ်အိတ်ကိုယ်စီလွယ်လျက် သွားနေပေရာ ဘေးအမြင်တွင် ကျွန်ုပ် တို့သုံးဦးသား တဖွဲ့တည်းဟုထင်စရာပင်ဖြစ်နေသည်။
ထိုခဏ၌ မျက်နှာချင်းဆိုင်မှလူတဦးက `ဆရာတို့ ဘယ်သွားမလို့လဲ´ ဟု နှုတ်ဆက်ရာ ကျွန်ုပ်အရှေ့မှလူတဦးက `လူနာသွားကြည့်မလို့´ ဟုပြန်ုဖြေသည်။ ကျွန်ုပ်လည်း မရည် ရွယ်ပဲ ထိုသူနှစ်ဦးနောက်သို့ လိုက်ပါသွားတော့သည်။ မြစ်ကမ်းနဘေး တန်းလျားတခု ရှေ့အသက်သုံးဆယ်ဝန်းကျင်ခန့် လူတစ်ဦးထိုင်လျက်ရှိသည်။ ထိုသူကိုကြည့်ရသည်မှာ ကောင်းစွာသန်စွမ်းဟန်မတူပေ။ ခြေ၊လက်များသည် ကြုံလှီနေပြီး ပိုလီယိုရောဂါသည်လို ဖြစ်နေသည်။ ကျွန်ုပ်ရှေ့မှ လူတစ်ဦးက `ကဲဖြစ်ပုံလေးပြောပြပါဦး´ ဟုမေးမြန်းရာ
`ဒီလိုပါဆရာ.. ကျွန်တော်စူဖန်ဘူရီမှာနေပါတယ်.. တနေ့မှာ ကျွန်တော် အလုပ် လိုက်ရှာနေတုန်း လူတယောက်က ငါးရွေးတဲ့အလုပ်ထည့်ပေးမယ်ပြောလို့ သူ့နောက် လိုက်လာတာ အင်ဒိုလှေမှာ ကျွန်တော့်ကို ရောင်းသွားတယ်။ ပင်လယ်ထဲရောက်မှ ကျွန်တော့်ကို ရောင်းသွားမှန်းသိလိုက်ရတယ်။ လှေဆက်လိုက်ရင်းနဲ့ တနေ့ စက်ခန်းအ၀မှာ အိပ်ပျော်နေတုန်း စက်ခန်းထဲပြုတ်ကျသွားပြီး ခေါင်းမှာ ဒဏ်ရာရ၊ ခြေလက်တွေလည်း အခုလို မသန်ဖြစ်သွားတော့တာပါပဲ။ အဲဒီနောက်တော့ ငါးလာယူတဲ့ ကဲ့လှေတစီးနဲ့ ကျွန်တော့်ကို ဒီဆိပ်ကမ်းမှာ လာပို့သွားတယ်။ ဒီအခန်းမှာနေတဲ့ လင်မယားနှစ်ယောက်က ကျွန်တော့်ကို သနားလို့ကြည့်ရှုထားပေးတာ နှစ်လလောက်ရှိပြီ၊ အခုတော့ သူတို့အလုပ်ရှင်ကလည်း ကျွန်တော့်ကို ဒီအခန်းမှာ လက်မခံဖို့ပြောလာတော့ ဆရာတို့ဆီဆက်သွယ်ရတာပါပဲခင်ဗျာ´
`ဇာတိကဘယ်ကလဲ´ `ကျွန်တော်မြိတ်ကပါ၊ ဘယ်ရွာလဲဆိုတာတော့ မမှတ်မိတော့ဘူး။ ကျွန်တော်က အဖေမရှိဘူး၊ အသက်ရှစ်နှစ်သားလောက်မှာ ဘယ်ကမှန်း မမှတ်မိတော့တဲ့လူတွေနဲ့ ဒီထိုင်းထဲကိုလိုက်လာတာ။ ဘန်ကောက်နားက စူဖန်ဘူရီလို့ခေါ်တဲ့ မြို့ကိုရောက်တော့ ထိုင်းတယောက်က ကျွန်တော့်ကို မွေးစားတယ်၊ အဲဒီမှာပဲ ကျွန်တော်ကြီးပြင်းလာခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် မကောင်းတဲ့လူတွေနဲ့ ပေါင်းမိပြီး လေလွင့်ခဲ့ပါတယ်။ မွေးစားအမေနဲ့လည်းမနေတော့တာကြာပါပြီ၊ ဒီလိုနဲ့လေလွင့်နေရင်းနဲ့ အခုလိုဒုက္ခတွေ့တာပါပဲခင်ဗျာ။´
ထိုလူနှစ်ဦးမှာ စိတ်ရှုပ်သွားဟန်ရှိသည်။ တယောက်က `ပြဿနာပဲကွာ… သူ့ဟာ ကဘာမှ အစရှာမရဘူး။ လျော်ကြေးတောင်းရအောင် အလုပ်ရှင်ကိုမသိ၊ အိမ်ပြန်ပို့ရ အောင်ကလည်း လိပ်စာကမရှိ ၊ ဒီမှာလည်းနေလို့မရတော့ဘူးဆိုတော့ ဘယ်လိုလုပ်ရမှန်း မသိတော့ဘူး´ ဟု အချင်းချင်း တိုင်ပင်သလို ညည်းနေသည်။ ထိုသူနှစ်ဦးကဲ့သို့ပင် ကျွန်ုပ် လည်း စိတ်ထဲလေးလံမိသည်။ ထိုသူနှစ်ဦးမှာ အန်ဂျီအို တခုခုမှ ဖြစ်ပုံရသည်။ ၎င်းတို့၏ အရာရှိထံ ထိုင်းဘာသာဖြင့် အကြောင်းကြားနေသည်။ ကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိဟန်မတူ၊ ၎င်းတို့၏ အထက်အရာရှိက မည်သို့ပြန်ပြောသည်မသိ မျက်နှာရှုံ့မဲ့လျက်ဖြစ်နေသည်။ ထို့နောက် `အလကားဟာတွေ.. လစာ ညာစားဖို့ပဲသိတယ်၊ ပြောလိုက်ရင် ကူညီမယ်.. ကူညီမယ်ဆိုပြီးတော့ ဘာမှစောက်ဖြစ်မရှိဘူး´ ဟု မြန်မာလို ရေရွတ်လျက်ရှိသည်။
ထို့နောက် လူနာဖြစ်သူကို `အကိုရေ..ကျွန်တော်တို့ တခြားနေရာတွေနဲ့ဆက်သွယ် ပြီး အကို့အတွက်ကြိုးစားပေးမယ်ဗျာ။ တရက်နှစ်ရက်တော့ ဒီမှာ ခဏနေလိုက်ဦးနော်၊ အခု အကို့ကိုခေါ်သွားဖို့ အဆင်မပြေဖြစ်နေသေးတယ်။ အဆင်ပြေတာနဲ့ ကျွန်တော်တို့ လာခေါ်မယ်နော်´ ဟု ပြောနေသံကို ကျွန်ုပ်ကြားနေရသည်။
ထိုသူနှစ်ဦးကဲ့သို့ပင် ကျွန်ုပ်သည်လည်း ရင်ထဲ၌စိတ်မကောင်းဖြစ်မိသည်။ ထိုလူနာကိုလည်း လွန်စွာသနားခြင်းဖြစ်မိသည်(ထုံးစံအတိုင်း)။ ရှေးကံကြမ္မာကြောင့် ဤသို့ဖြစ်ရခြင်းပေလောဟုထင်မိသည်(ထုံးစံအတိုင်း) ထို့အတူ သွေးမတော် သားမစပ် နှစ်လတိုင် အပေါ့အလေးကစ ပြုစုကျွေးမွေးခဲ့သော လင်မယားနှစ်ယောက်ကိုလည်း လေးစားခြင်းဖြစ်မိသည်(ထုံးစံအတိုင်း)။ ထိုနေ့က သူတို့ဇာတ်လမ်း မည်ကဲ့သို့ဆက် ဖြစ်သွားသည်ကို ကျွန်ုပ်မသိတော့…။ (ထုံးစံအတိုင်း) နောက်တရက်နှစ်ရက်ဆိုလျှင် ကျွန်ုပ်လည်း မိမိဘ၀အရေးကိစ္စများဖြင့် လုံးပန်းပြီး ထိုရင်နင့်ဖွယ်ရာအဖြစ်ကို (ထုံးစံအတိုင်း) မေ့ပျောက်သွားမည်ဖြစ်ပါသည်။
တောင်ကျော်တို့၏ ခက်ဆစ်အဓိပ္ပါယ်များ။ ။ အင်ဒိုလှေ= အင်ဒိုနီးရှားပင်လယ်ပြင်တွင် လိုင်စင်လုပ်ပြီး တနှစ်မှ သုံးနှစ်အထိ ငါးဖမ်းသော ထိုင်းပိုင်လှေ၊ ထိုလှေများသည် လိုင်စင် သက်တမ်းကုန်မှသာ ထိုင်းသို့ပြန်ဝင်လာသည်။ ကဲ့လှေ = ထိုငါးဖမ်းလှေမှ ငါးများကို ထိုင်းသို့ပြန်သယ်ပြီး ငါးဖမ်းလှေအတွက် ရိက္ခာပို့ပေးသောလှေ (ရိက္ခာပို့ပေးသောလှေနှင့် မဆုံစည်း၍ လပေါင်းများစွာ ထမင်း၊အသီးအရွက် မစားရပဲ ငါးတစ်မျိုးတည်းသာ စားရ သဖြင့် ဗီတာမင်ဓါတ်ချို့တဲ့ပြီး မြန်မာအလုပ်သမား သုံးဆယ်ကျော်ခန့်သေဆုံးခြင်း ဖြစ်ခဲ့ဖူး သည်။(ဤကား စကားချပ်)
အရင်းခံ
မင်္ဂလာပါခင်ဗျာ.. မောင်ကျည်ပွေ့စာမရေးဖြစ်တာတော်တော်ကြာသွားပါတယ်။ လာလည် အားပေးကြတဲ့မိတ်ဆွေများကိုလည်း နှုတ်မဆက်ဖြစ်တာ တောင်းပန်ပါတယ်။ နဂိုရ်က တည်းက မောင်ကျည်ပွေ့ဟာ လူမှုဆက်ဆံရေးဘက်မှာ အားနည်းချက်ရှိတာကလည်း တကြောင်းပေါ့ခင်ဗျာ။ တွေးချင်ရာတွေး ငေးချင်ရာငေးပြီး ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်တတ်တဲ့ လူကြောင်ဆိုတော့လည်း မိတ်ဆွေများက ခွင့်လွှတ်ပေးပါ။
ခုတလော ရန်ကုန်မှာ ဗုံးတွေ ခဏခဏကွဲနေပါတယ်။ စွမ်းအားမြှင့်အဖွဲ့က လှုပ်ရှားနေ တယ်လို့ ဘလော့တွေမှာ တွေ့ရပါတယ်။ ဒီပေါက်ကွဲမှုတွေထဲမှာ စစ်တပ်က ကိုယ့်ဟာ ကိုယ်ဖေါက်တာလည်း ပါကောင်းပါနိုင်ပါတယ်။ သူတို့ရဲ့လမ်းစဉ်မှာကိုက ရောင်တော်ပြန်နဲ့ ရောလွှတ်တတ်တာ ခေတ်အဆက်ဆက်မှာ တွေ့နိုင်ပါတယ်။ တခြားသူတွေက ဒီလို ဖေါက်ခွဲရေးတွေလုပ်နေတဲ့ လှုပ်ရှားမှုတွေကို ဘယ်လိုထင်မြင်ကြတယ်ဆိုတာ မသိပေမဲ့ မောင်ကျည်ပွေ့အမြင်မှာတော့ အနုနည်းနဲ့လုပ်ဆောင်နေတာ၊ တွေ့ဆုံဆွေးနွေးရေးကို ကြိုးစားနေတာတွေနဲ့တင် မလုံလောက်လို့ ဒီလိုဖေါက်ခွဲမှုတွေ ပေါ်ပေါက်လာတာလို့ မြင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ စစ်တပ်ဟာ လူလိုသူလိုစကားပြောလို့ ဆွေးနွေးလို့မရနိုင်တဲ့ ၊ လူစိတ်မရှိတဲ့သတ္တ၀ါတွေဖြစ်ကြောင်း တနေ့တခြားထင်ရှားလာလို့ပါပဲ။ စစ်တပ်ဟာ ပြည်သူတွေကို တကယ့်ရန်သူကြီးတွေလို သဘောထားပြီး ဖြတ်လေးဖြတ်စစ်ဆင်သလို လုပ်ဆောင်နေပါတယ်။ တမြို့ထဲမှာတောင် သွားလာမလွယ်ကူအောင်လုပ်ထားတယ်၊ အချိန်မတော်ဧည့်စာရင်းတွေနဲ့ ခြိမ်းခြောက်တယ်။ ပြောဆိုဆွေးနွေးခွင့်တွေမရှိအောင် လုပ်ထားတယ်၊ …….. ပြောမကုန်နိုင်အောင် လူတွေရဲ့ ရွေ့လျားသွားလာနိုင်စွမ်းကို စစ်ဆင်ရေးပုံစံသဘောထားပြီး ထိန်းချုပ်ထားပါတယ်။
ဝါဒဖြန့်တဲ့နေရာမှာလည်း ဗွီစီဒီ၊စာအုပ်တွေကအစ သတင်းစာဂျာနယ်အဆုံး မထည့်မနေ ရ ၀ါဒဖြန့်စာတွေထည့်သွင်းတဲ့အပြင် ပြင်ပက ရေဒီယိုနားထောင်ရင်တောင် ထောင်ချတဲ့ အထိတင်းကျပ်ထားပါတယ်။ ပြည်သူတွေကို ခြင်းထဲကကြက်တွေလို သဘောထားစော် ကားနေတဲ့နိုင်ငံမှာ ဒီလိုအကြမ်းဖက်မှုတွေဖြစ်လာတာဟာ မဆန်းပါဘူး။ ဖြစ်သင့်နေတာ ကြာပြီလို့တောင် ပြောရမလိုပါပဲခင်ဗျ။ အခုဆိုရင် စစ်ခွေးနောက်လိုက်တွေလည်း ပြည်သူတွေလိုပဲ ကျီးလန့်စာစားနေရတဲ့ဘ၀ တဖြေးဖြေးနဲ့ရောက်လာတော့မှာပါ။ တကယ်လို့သာ ဒီ့ထက်မက စစ်ခွေးတွေကို သုတ်သင်ပြနိုင်ရင် သူတို့ပြောတဲ့စကားလို ဖြစ်နေမှာပါ၊ ဘာတဲ့ တပ်နဲ့ပြည်သူတသားတည်း ဆိုလားဘာဆိုလားပဲ ကြောက်ရတဲ့နေ ရာမှာလေ။ အခုတော့ လန့်ရုံလောက်ပဲရှိသေးတယ်။ ခုထက်မက ရည်ရွယ်ရာပစ်မှတ်တွေ ကို ထိထိရောက်ရောက် ဖေါက်ခွဲနိုင်ပါစေပေါ့ဗျာ။
ဖေါက်ခွဲရေးလုပ်တဲ့သူတွေက သူတို့ရည်ရွယ်သလိုဖေါက်ခွဲကြကုန်ပြီ။ တခြားဆရာသမား အပေါင်းတို့ကရော မိမိတို့ကြွေးကြော်ထားသလိုဖြစ်ရဲ့လား..လို့ ကိုယ့်ဟာကိုယ်မေးကြည့် ကြပါဦးနော်။ မောင်ကျည်ပွေ့ကတော့ မမေးတော့ဘူး။ တိုင်းပြည်နဲ့လူမျိုးအတွက် ဘ၀အနာဂတ်များပေးဆပ်နေသော သူရဲကောင်း တိုက်ပွဲဝင်ရဲဘော်များကို လေးစားဦး ညွတ်လိုက်ပါတယ်။………………………. မင်္ဂလာပါခင်ဗျာ…………………………….
စွဲမြဲခိုင်မာ ပြည်သာယာ
နောက် ၃ ရက်ဆိုလျှင် မြန်မာနိုင်ငံကို နာဂစ်မုန်တိုင်းတိုက်ခတ်ခံရခြင်း ၅ လ ပြည့်မည်ဖြစ် သည်။ စဖြစ်ကာစက သတင်းတွေပလူပျံ၊ နှိုးဆော်ချက်တွေ၊ အလှူခံတွေ၊ ၀မ်းနည်းခြင်းတွေ ထောင်းလမောင်းထခဲ့ကြသည်။ ဘာမှမကြာသေးသည့် ယနေ့အချိန်တွင်မတော့ ထိုကိစ္စတွေ ကို အရေးတယူပြောဆိုသူ၊ လှူဒါန်းသူအရေအတွက်၊ လှူဒါန်းမှုပမာဏ စသည်တို့သည် လွန်စွာ ကျဆင်းသွားပေတော့သည်။ သို့သော် မုန်တိုင်းဒဏ်ခံ လူထုတွေ၏အငတ်ဘေးကတော့ ကျဆင်းသွားခြင်းမရှိပေ။ ယခင်ကကဲ့သို့ ငတ်မြဲတိုင်းငတ်နေကြဆဲပင်။
ဤသည်မှာ သိသာထင်ရှားသော ဥပမာပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ရာတွင် စဉ်ဆက်မပြတ် စွဲမြဲစွာ ထိရောက်အောင်လုပ်နိုင်မှု၌ လွန်စွာအားနည်းနေကြသည်ဟု ထင်မိ သည်။ စိတ်ဓါတ်ရေချိန်ကို ကြာရှည်တည်တံ့အောင် မထိန်းထားနိုင်ကြပေ။ မည်သည့်အရေး ကိစ္စမဆို ထိုသို့ပင်ကောက်ရိုးမီးပမာ ခေတ္တအရှိန်နှင့်သာ ဆောင်ရွက်သည်ကများနေပေသည်။ ကျွန်ုပ်၏မိတ်ဆွေတစ်ဦးက“ကိုယ့်နဲ့တန်တဲ့အစိုးရကိုသာရလိမ့်မယ်” လို့စာအုပ်တအုပ်ထဲတွင် ဖတ်ဖူးကြောင်းပြောလာသည့်အခါ ကျွန်ုပ်က လက်မခံချင်ဖြစ်ခဲ့သည်။ ကျွန်ုပ်တို့သည် ယခု အနေအထားထက်ပိုကောင်းမွန်သော အခြေအနေနှင့်ထိုက်တန်ကြောင်း ရိုးရိုးသားသား ယုံကြည်မိခဲ့သည်။ ယခုတော့ ကိုယ့်ကိုယ်ကိုပင် သံသယ၀င်တွေဝေမိနေတော့သည်။
ပြန်စဉ်းစားကြည့်ပါလျှင် ယနေ့လူထုသည် စစ်အာဏာရှင်စနစ်ကို မနှစ်သက်မကြိုက်သည့် အပြင် မုန်းတီးနေသည့်ဘက်သို့ပင် ရောက်နေပေသည်။ သို့သော် ထိုစနစ်ပြုတ်ကျသွားအောင် ဘာတွေလုပ်ခဲ့လဲ၊ ဘာတွေလုပ်နေလဲ၊ ဘာဆက်လုပ်ဦးမလဲ ဟူ၍တွက်စစ်ကြည့်လျှင် အဖြေ မှာ ကျေနပ်ဖွယ်နည်းနေပေလိမ့်မည်။ လက်ရှိ အသက် ၃၅ နှစ် အောက်လူငယ်များသည် အများအားဖြင့် ပြောပလောက်အောင်လုပ်ဆောင်ခဲ့ခြင်းမျိုးမရှိခဲ့ကြပေ။ လုပ်ဆောင်ခဲ့လျှင် လည်း ခေတ္တခဏ အသွင်ဆောင်နေပေလိမ့်မည်။ ထိုအထဲတွင် အခွင့်အရေးတချို့အတွက် ဓါတ်ပုံပါချင်ရုံသက်သက် လုပ်ဆောင်ခဲ့သူများလည်း ရှိခဲ့ပေမည်။
ထို့အတူပင် လက်ရှိ အသက်၄၀ ကျော်ပုဂ္ဂိုလ်များ အများစုသည်လည်း ဟိုယခင်က ကာလအနည်းငယ် လုပ်ဆောင်ခဲ့ပြီးနောက် ယခုအခါ ဘေးထိုင်နေသူများ၊ စီးပွါးရေးဖက် ဦးလှည့်သွားသူများ၊ တနှစ်တခါလောက် အထိမ်းအမှတ်သဖွယ်သာပြုလုပ်နေသူများ အများစု ဖြစ်နေတော့သည်။ ထို့ထက်ဆိုးသည်မှာ ဒီမိုကရေစီအကြောင်းပြ ရိုက်စားလုပ်နေသည့် လူတန်းစားများ ရှိနေပြီး၊ ငွေရဖို့အတွက်ဆို ရဲဘော်အချင်းချင်းကိုပင် ရောင်းစားသည်အထိ အောက်တန်းကျသူများ ဖေါင်းပွလာနေခြင်းဖြစ်သည်။
ထိုသို့သောအနေအထားတွေကြောင့်လည်း ယခုကဲ့သို့ အခြေအနေများဖြစ်ပေါ်နေရခြင်းဖြစ်ပေ သည်။ ကျွန်ုပ်တို့၏အဓိကအားနည်းချက်ဖြစ်သော စဉ်ဆက်မပြတ်စွဲမြဲမလုပ်နိုင်ခြင်းကိုသာ ပြင်ဆင်လိုက်လျှင် ရည်မှန်းချက်ပန်းတိုင်သို့ လျှင်မြန်စွာရောက်ရပေမည်။ ဤနေရာတွင် အလျဉ်းသင့်၍ ကျွန်ုပ်၏စိတ်ထဲတွင် ယားကျိကျိဖြစ်နေသောအကြောင်းအရာကို အနည်းငယ် ရေးသားလိုသည်။ အင်တာနက်သတင်းများထဲတွင် မြန်မာများဦးစီး၍လုပ်ကိုင်နေသော အတိုက်အခံ သတင်းဌါနများရှိနေပေရာ စနေ၊တနင်္ဂနွေနေ့များတွင် ထိုဌါနများမှ သတင်း မတင်ပဲနားနေကြသည်ကို မြင်တွေ့နေရသည်။ ကမ္ဘာပေါ်တွင် အလွန်ရှားသော သတင်းဌါနဟု သတ်မှတ်ရပေတော့မည်။ ကျွန်ုပ်နားလည်ထားသည်မှာ သတင်းဌါန၊ဆေးရုံ၊ရဲစခန်း၊ စသည်တို့ သည်ပိတ်ရက်မရှိ၊ ယခုတော့…အထူးသဖြင့် မြန်မာနိုင်ငံတော်အတွက် ရည်ရွယ်လုပ်ဆောင် နေပြီးမှ…။ အပြစ်တင်ခြင်းမဟုတ်ပါ၊ ထိုသတင်းဌါနတို့၏လုပ်ဆောင်ချက်များ ထိရောက်မှု များစွာရှိခဲ့သည်မှာ ကျွန်ုပ်ကိုယ်တွေ့ပင်၊ သို့သော်ဤတချက်မှာတော့ ပြင်ဆင်သင့်သည်ဟု ခံစားမိခြင်းသာဖြစ်သည်။
ကျွန်ုပ်တို့သည် ရှုထောင့်အမြင်မျိုးစုံ၊ အတွေးမျိုးစုံဖြင့် သန်ရာသန်ရာလုပ်ဆောင်နေကြပေ သည်။ အချို့သောလုပ်ဆောင်မှုများသည် အလွန်ပင်အကျိုးသက်ရောက်မှုရှိခဲ့ပေသည်။ ဥပမာ- စိန်စီသောည ဗွီစီဒီဖြန့်ချိခဲ့နိုင်ခြင်းသည် ပြည်သူထဲတွင်သာမက စစ်တပ်ထဲထိပါ ထိုးဖေါက်ဝင်ရောက်နိုင်ခဲ့ပါသည်။ ထိုသို့သော လှုပ်ရှားမှုမျိုး စဉ်ဆက်မပြတ်လုပ်နိုင်ဖို့လည်း အထူးလိုအပ်နေသည်ဟုထင်မိသည်။ အဘယ်ကြောင့်ဆိုသော် စစ်တပ်ထဲတွင်သာမက ပြည်သူထဲတွင်လည်း စစ်အာဏာရှင်များ၏ မျက်စိနားပိတ်ထားခြင်းကို များစွာခံနေရရာ နောက်ထပ်လှုပ်ရှားမှုအနေဖြင့် နှိုင်းယှဉ်ပြသည့် ဗွီစီဒီမျိုးထပ်မံ၍ ဖြန့်ချိသင့်ပေသည်။ အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံနှင့်မြန်မာနိုင်ငံ၏ စစ်တပ် စစ်တပ်ချင်း၊ ပြည်သူ ပြည်သူချင်း စားဝတ်နေရေး လူနေမှုအဆင့်အတန်း ရပိုင်ခွင့်စသည်တို့ နှိုင်းယှဉ်ပြထားချက်များကို ရိုက်ကူးဖြန့်ချိသင့်ပေသည်။
ပြည်တွင်းမှ ဆရာတော်ကြီးတပါးနှင့်ဖူးတွေ့ခဲ့ရရာတွင် မိန့်ကြားသွားသည်မှာ “ငါက ငါ့ကျောင်းနဲ့ င့ါစာသင်တိုက်ကို ကြီးကျယ်လှပြီ၊ ဟုတ်လှပြီလို့ထင်ထားတာ၊ ချူလာလောင်ကွန် ထဲရောက်သွားတော့မှ ကိုယ့်ကျောင်းဟာ သူ့အိမ်သာလောက်အဆင့်ပဲရှိတာပါလား”လို့ မိန့်ကြားသွားခဲ့ပါတော့သည်။ အချုပ်အားဖြင့် ပြောလိုသည်မှာ မိမိတို့နိုင်ငံ၏အခြေအနေကို ပြုပြင်ပြောင်းလဲစေလိုလျှင် မိမိတို့ကိုယ်တိုင်က မိမိတို့ယုံကြည်သလို စွဲကိုင်ထားသည့် လမ်းကြောင်းအတိုင်း အပျော်တမ်းသဘောမျိုးမဟုတ်ပဲ စဉ်ဆက်မပြတ်လုပ်ကိုင်သွားသင့်ပါ ကြောင်း ရေးသားတင်ပြလိုက်ပါသည်။
“အထူးမှတ်ချက်။ ။ အထက်ပါအကြောင်းအရာများကို ပြည်ပရောက်မြန်မာများအတွက် ရည်စူးရေးသားပါသည်။ တိုက်ဆိုင်မှုရှိလျှင် ကြိုက်သလိုထင်မြင်နိုင်ပါသည်။ စိတ်ဆိုးမှာကို မကြောက်ပါ၊ ဇာတ်မျောဖြစ်နေခြင်းကိုသာ စိတ်ပျက်ပါသည်။ ထို့ကြောင့် လူမုန်းခံရလျှင် လည်း နည်းတဲ့ကုသိုလ်မဟုတ်ဟု ယူဆ၍ ရေးသားလိုက်ပါကြောင်း”
အာဏာ..ရှင်
မြန်မာနိုင်ငံနှင့်မြန်မာလူမျိုးဟူ၍ ဖြစ်ပေါ်လာခဲ့သည်မှာ နှစ်ပေါင်းရာထောင်ချီနေပြီဖြစ်သည်။ ထို့အတူ အာဏာရှင်စနစ်သည်လည်း နိုင်ငံစပေါ်စဉ်ကပင် ယနေ့ထိတိုင်အောင် ဒွန်တွဲပါလာ ခဲ့ပေသည်။ ကမ္ဘာပေါ်ရှိနိုင်ငံများသည်လည်း အာဏာရှင်စနစ်နှင့်ပင် စတင်ဖြစ်ထွန်းလာခဲ့ သော်လည်း ယနေ့အချိန်တွင် အများစုမှာ ထိုအာဏာရှင်စနစ်ကိုစွန့်၍ အများသဘောတူ အုပ်ချုပ်သော၊ လူအများ၏ဆန္ဒကိုအလေးထားသော စနစ်သစ်ကို မိမိတို့နိုင်ငံအလိုက် လျော်ညီစွာကျင့်သုံးနေကြပြီဖြစ်သည်။ ထို့အတွက်ကြောင့်လည်း အများသဘောတူအုပ်ချုပ် သောနိုင်ငံများသည် အာဏာရှင်စနစ်ဖြင့်အုပ်ချုပ်သောနိုင်ငံများထက် လူမှုရေး၊စီးပွါးရေး စသည်တို့၌ အဖက်ဖက်က သာလွန်တိုးတက်နေကြသည်ကို တွေ့မြင်နိုင်ကြပေသည်။
မြန်မာတို့၏ယဉ်ကျေးမှုတွင် အာဏာရှင်စနစ်ကို အခြေခံသော အတွေးအခေါ်အယူအဆများ တို့သည် အတော်ပင်အခြေခိုင်နေကြပြီး ကျွန်ုပ်တို့သည်လည်း ထိုယဉ်ကျေးမှုနှင့်ပင် ကြီးပြင်း လာခဲ့ရပေသည်။ ဥပမာအားဖြင့် မိဘစကားကိုနားထောင်ရမည်၊ သားသမီးသည် မိဘကို ပြန်လှန်ဆွေးနွေးခွင့်မရှိ၊ ငါကမွေးထားတာ ငါခိုင်းသလိုလုပ် စသည်ဖြင့် အိမ်တွင်းအာဏာရှင် စနစ်ကို ငယ်စဉ်ကပင်ရိုက်သွင်းခံရသည်။ အကျိုးအကြောင်းပြဆုံးမခြင်းမျိုး နည်းပါးသည်ကို အများအားဖြင့်တွေ့မြင်နိုင်သည်။ ထိုမှတဆင့် ကျောင်းနေစဉ်အရွယ်တွင်လည်း ဆရာများ၏ သင်ကြားမှုကို ၏သည်မလွဲ ပြန်ဖြေနိုင်မှ အမှတ်ပြည့်ရသည်။ မိမိ၏တီထွင် ထိုးထွင်းဥာဏ်ဖြင့် ဘာမှမလုပ်နိုင်အောင် ကန့်သတ်ထားပေတော့သည်။
ထိတ်လန့်ဖွယ်အကောင်းဆုံးမှာ ဗုဒ္ဓဘာသာကိုခုတုံးလုပ်၍ အာဏာရှင်ယဉ်ကျေးမှုကို ဘုရားဟောသယောင်ယောင် လုပ်ထားခြင်းပင်ဖြစ်သည်။ မိဘ၊ဆရာကို ဘုရားနှင့် တဂိုဏ်းတည်းထားခြင်းမှာ ဘုရားဟောမဟုတ်ပေ။ ဘုရားရှင်ကိုယ်တော်တိုင် မိဘစကားနား ထောင်ခဲ့လျှင် ဘုရားပင်ဖြစ်ဦးမည်မဟုတ်။ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဟောကြားခဲ့သော “ကာလာမသုတ်”ကို ဗုဒ္ဓဘာသာခံယူသူတို့မကျင့်သုံးကြပဲ “ပထမအရွယ်ပညာရှာ၊ ဒုတိယအရွယ်စီးပွါးရှာ၊ တတိယအရွယ် ဘာဝနာရှာ” စသည့် ဘယ်ကလာမှန်းလည်းမသိသည့် အဆိုအမိန့်ကို အဟုတ်ကြီးထင်၍ တနိုင်ငံလုံးအတိုင်းအတာဖြင့် ယုံကြည်ကျင့်သုံးနေသည်။
အထက်ပါအဆိုအမိန့်သည် နက်နဲစွာမတွေးလျှင် သင့်တော်ကောင်းမွန်သည်ဟု ထင်နိုင်ဖွယ် ရှိပေသည်။ သို့သော်တကယ်တမ်းတွင် မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သော မမြဲခြင်း၊ သင်္ခါရတရားကို မျက်ကွယ်ပြု၍ ကောင်းမွန်မြင့်မြတ်သည့်လုပ်ဆောင်ချက်တို့ကို နောက်ဆုံး အိုမင်းမစွမ်းသည့်အချိန်မှ လုပ်ခိုင်းထားခြင်းဖြစ်နေတော့သည်။ ထို့အတွက်ကြောင့် လူငယ်များစွာတို့သည် သီလစောင့်ထိန်းခြင်း၊ တရားနာခြင်း၊ ကောင်းမှုပြုခြင်း စသည်တို့မှာ အသက်ကြီးမှလုပ်ရသည့်အလုပ်၊ လူကြီးမှလုပ်ရသည့်အလုပ်ဟု လွဲမှားစွာယုံကြည်သွားခြင်း ဖြစ်စေတော့သည်။ ဘုရားရှင်လက်ထက်တော်က ခုနှစ်နှစ်အရွယ် ကလေးများပင် သီလ၊ ဘာဝနာများလုပ်ခဲ့ကြသည့် အစဉ်အလာကောင်းများကို ရိုက်ချိုးပြစ်လိုက်ခြင်းဟုပင် ခေါ်ဆိုထိုက်ပေတော့သည်။
အလှူဒါနပြုလုပ်ရာတွင်လည်း ပစ္စည်းဥစ္စာတို့ကို တွယ်တာတပ်မက်မှုနည်းရန်၊ မိမိစွန့်လွှတ်မှု ကြောင့် လောကလူများချမ်းသာရန် စသည့် ကောင်းမြတ်သော၊ ဘုရားရှင်နှစ်သက်သော လှူဒါန်းခြင်းမျိုးထက်၊ တလှည်းစာလောက်ဝင်ရန် တဆုပ်လောက်တော့ကျဲလိုက်မည်၊ နောင်အနာဂတ်တွင် ချမ်းသာရန်အတွက်စွန့်ထားမည် စသည့်လောဘနှင့်ယှဉ်သော မိမိအတ္တ အကျိုးစီးပွါးကို ဦးတည်သော ရင်းနှီးမြှပ်နှံခြင်းမျိုးပုံစံသာဖြစ်နေတော့သည်။ ထို့ကြောင့် မိဘမဲ့ကလေးအတွက်၊ ဘိုးဘွားရိပ်သာအတွက်၊ ပညာရေးအတွက်၊ နောက်ဆုံးအများပြည်သူ အကျိုးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံသူများထောက်ပံ့ရန်အတွက် စသည်တို့ထက်စာလျှင် ဘုရားတည်၊ရဟန်းခံ၊ကျောင်းဆောက် အလုပ်မျိုးတွင် ကိုယ်ကျိုးကြည့်ပြီး ပကာသနအတွက် လှူဒါန်းမှုများပြုနေကြပေတော့သည်။
ထိုသို့သောအတွေးအခေါ်၊ ယဉ်ကျေးမှုကို ဘုရားဟောသယောင်ပြုလုပ်ထားသည်မှာ ရာစုနှစ် ပေါင်းများစွာ ကြာမြင့်လာပြီဖြစ်သည်။ ထိုအာဏာရှင်စနစ်ကို တွန်းလှန်မှုပြုနေသည်ကတော့ နှစ်ပေါင်းငါးဆယ်ပင်မပြည့်သေးပေ။ ထို့ကြောင့် အောင်မြင်မှုမရသေးသည်မှာ စိတ်ဓါတ်ကျ ဖွယ်၊ စိတ်ပျက်ဖွယ် ဟုမထင်သင့်ပေ။ ကျွန်ုပ်တို့ယခင်ကထက်ပို၍ ကြိုးစားအားထုတ်မှုပြုသင့် ကြောင်းသာဖြစ်သင့်ပေသည်။ အလျှင်းသင့်၍ ဆရာတော်ကြီးတစ်ပါးက ဤသို့မိန့်ကြားခဲ့သည် မှာ ကနောင်မင်းသားကြီးက အင်္ဂလိပ်စသောဥရောပသားတို့ တိုးတက်ကြီးပွါးခြင်းမှာ
၁။ သတ္တိရှိခြင်း
၂။ ပညာရှိခြင်း
၃။ စည်းကမ်းရှိခြင်း
၎။ ဇွဲရှိခြင်း စသည့်အချက် (၄) ချက်နှင့်ပြည့်စုံခြင်းကြောင့်ဟုယုံကြည်ယူဆခဲ့သည်။
မြန်မာတို့သည် အချက်(၄)ချက်အနက် ၁၊၂ တို့သာပြည့်စုံပြီး ၃၊၄ တို့တွင် အားနည်းသော ကြောင့် တိုးတက်ကြီးပွါးခြင်း၌ နောက်ကျနေရခြင်းဖြစ်ကြောင်း မိန့်ခဲ့ပေသည်ဟု မှတ်သားခဲ့ရ ဖူးသည်။
ထို့အပြင်လည်း မိဘကဖြစ်စေ၊ အထက်လူကြီးဆိုသူများကဖြစ်စေ ပြောဆိုပြုမူချက်များ မှားယွင်းနေသည်ကိုသိသော်လည်း၊ ပြန်လှန်ဆွေးနွေးခွင့်မရှိခြင်း၊ မရဲခြင်း၊ အများမိုးခါးရေ သောက် ဆိုသောစကားကို ရင်ဝယ်ပိုက်ထားခြင်း စသည်တို့ကြောင့်လည်း အာဏာရှင်စနစ် တည်မြဲနေသေးခြင်းဖြစ်ပေသည်။ ထို့အတူ ဤသည်တို့ကား ငါတို့အလုပ်မဟုတ် ငါတို့အရွယ် သည် ဤသည်တို့ကိုဆောင်ရွက်ရမည့်အရွယ်မဟုတ် စသည်ဖြင့် ရှောင်လွှဲနေကြခြင်းသည် လည်း အကြောင်းတခုဖြစ်ပေတော့သည်။ အရာရာကို ကိုယ်ကျိုးရှေ့တန်းတင်၍ ဒါလုပ်လိုက်ရင် ငါ့အတွက် ဘာပြန်ရမလဲဟု တွက်နေခြင်းသည်လည်း အကြောင်းတခုဖြစ် နေတော့သည်။
အထက်ပါတို့သည် ကျွန်ုပ်၏ထင်မြင်ယူဆချက်များသာဖြစ်သည်။ မိတ်ဆွေများအနေဖြင့် လွတ်လပ်စွာ ကွဲလွဲနိုင်ပါကြောင်း………….