မြန်မာနိုင်ငံရဲ့အခြေအနေကတော့ ထုံးစံအတိုင်း စစ်အာဏာရှင်တို့ရေးဆွဲထားသလိုပဲဖြစ် နေပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရတော့မယ့်အချိန်မှာ အကြောင်း တခုခုပြပြီး ဆက်ထိန်းထားပါဦးမယ်။
သူတို့အနေနဲ့ ကြောက်ရွံ့ရတဲ့သူတွေထဲမှာ နံပါတ်၁ ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အယောင်ဆောင်ရွေးကောက်ပွဲလုပ်မယ့်ကာလမှာ လွှတ်ထားပေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ အနှစ်နှစ်အလလ လိမ်လည်ထားသမျှ ပျက်စီးသွားမှာကို သူတို့ကြောက်ပါတယ်။ အခြားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်တို့ ကို နှစ်ရှည်ထောင်ဒဏ်ချထားပြီး လမ်းရှင်းထားပြီဖြစ်ပါတယ်။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်ကို အလားတူပဲ ထပ်မံချုပ်နှောင်ထားဦးမှာဖြစ်ပါတယ်။
စစ်အာဏာရှင်တွေဟာ သူတို့ဦးတည်ချက်ကို ဘယ်သူတွေဘာပြောပြော ဂရုမစိုက်ပဲ လုပ်ဆောင်ခဲ့တဲ့ထုံးစံအတိုင်း အကောင်ထည်ဖေါ်သွားမှာ မလွဲဧကန်ပါပဲ။ တိုင်းပြည် လွတ်မြောက်ရေး နဲ့ပတ်သက်လို့ ကျွန်တော်ရဲ့အမြင်ကိုပြောရရင် အခုချိန်မှာ လူထုအုံကြွမှု ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လူထုကနိုင်ငံရေးကို စိတ်မ၀င်စားလို့ဆိုတာထက် အကြောင်းမဲ့မစွန့်စားချင်တာက အဓိကဖြစ်ပါတယ်။
ဒါကလည်း သဘာဝကျပါတယ်။ တစုံ တခုဖြစ်လာရင် အရင်ဆုံးနှိပ်ကွပ်တာကို သူတို့ပဲခံရတာပါ။ အသတ်ခံရမယ်၊ ထောင်ချတာ ခံရမယ်၊ နှိပ်စက်မှုတွေခံရမယ်၊ စီးပွါးရေးကိုဖျက်စီးတာခံရမယ် စသည်ဖြင့် အမြဲတမ်းပဲခံ နေရတဲ့ ခံဖက်ကချည်းဆိုတော့ ဘယ်သူမဆို ဘာမှမပိုင်ပဲနဲ့ ဘာမှမလုပ်ချင်ကြတာပါပဲ။ တကယ်လို့သာ စစ်တပ်ဖက်ကဖြစ်စေ၊ ကြံ့ဖွတ်စွမ်းအားရှင်ဖက်ကဖြစ်စေ အလားတူ အထိခိုက်တွေရှိတယ်ဆိုရင် သူတို့မှာ အားတက်လာစရာရှိနိုင်ပါတယ်။
အခုတော့ ကိုယ့် ဖက်ကချည်းပဲ အမြဲတမ်းခံဖက်ကချည်းဖြစ်နေတဲ့အပြင် ဘယ်သူကမှ ဘာမှအားပေးတာ တွေ၊ ထောက်ပံ့တာတွေမရှိတော့ နဂိုကမှယဲ့ယဲ့ကလေးတွေက စိတ်ပျက်လာတာ၊ လမ်း ပျောက်သလိုဖြစ်လာတာ မဆန်းပါဘူး။ နောက်တခုကလည်း အကြောင်းကိစ္စတခု ပေါ်လာ မှ တပွဲတိုး ထထလုပ်နေသလိုဖြစ်နေတာပါပဲ။ ကြိုတင်ပြင်ဆင် တာဝန်ယူလုပ်ဆောင်ခဲ့ တာ မရှိခဲ့လေတော့ ရန်သူက အလွယ်တကူပဲ နှိမ်နင်းဖြိုခွဲတာခံနေကြရပါတယ်။ခက်တာက နိုင်ငံရေးကိစ္စကို အပျော်တမ်းသဘောမျိုးလုပ်နေတာတွေ ဖြစ်နေကြပါတယ်။
ကြေညာချက်ထုတ်လိုက်၊ သံရုံးရှေ့မှာသွားအော်လိုက်၊ တောင်းဆိုချက်ထုတ်လိုက်နဲ့ အရေးမပါ အရာမရောက်တာတွေပဲ လုပ်ဆောင်နေကြတာကိုတွေ့ရပါတယ်။ စစ်အာဏာ ရှင်တွေက ဘယ်နှစ် ဘယ်လ ဘယ်ရက်မှာ ဘာတွေကိုလုပ်မယ် စသည်ဖြင့် တိတိကျကျ ရှိပါတယ်။ ကိုယ့်ဖက်မှာက ဘာမှတိတိကျကျပလန်မျိုးမရှိပဲနဲ့ ကြုံရာကျပန်း ပေါ်ပင်လိုက် နေကြတော့ ဘာမှမဖြစ်လာတာ အံ့သြစရာမဟုတ်ပါဘူး။ အဲဒီအပြင် နိုင်ငံရေးကိုစိတ်ပါ တဲ့မျိုးဆက်အသစ်လေးတွေကို စိတ်ပျက်အားလျော့အောင် လုပ်ပြနေသလိုလည်း ဖြစ်နေပါတယ်။
အဖွဲ့တွေသာ မရေတွက်နိုင်အောင်များနေပြီး တိကျတဲ့လုပ်ဆောင်ချက်က လောက် လောက်လားလား မည်မည်ရရမရှိတာတွေကို အမြန်ဆုံးပြုပြင်သင့်နေပါပြီ။ အဲဒီလိုမှ မဟုတ်ရင်တော့ ဒီလိုနဲ့ပဲ အမှောင်ထဲမှာ လမ်းပျောက်နေကြရဦးမှာပါ။ အထူးသဖြင့် ဘာပဲ လုပ်လုပ် ဇယားချပြီး ဖြစ်မြောက်အောင် လုပ်ရမှာဖြစ်ပါတယ်။ အဓိကလိုအပ်တဲ့ ရန်ပုံငွေ ကို ဘယ်လိုရှာမလဲ(ကိုယ့်အားကိုယ်ကိုးစနစ်မျိုး) ဘယ်သူတွေက ဘယ်အပိုင်းကို တာဝန် ယူမလဲ အစရှိသဖြင့် လုပ်ဆောင်ကြဖို့ အထူးပဲအရေးကြီးပါတယ်။ ယူအန်တွေ အီးယူတွေ ကို ထည့်တွက်စရာကိုမလိုပါဘူး။
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရမှာပါ။ အဲလိုမှမဟုတ်ရင် စစ်တပ်ချေလို့ တိုင်းပြည်ကျေပါတော့မယ်။ အစကတော့ ကျွန်တော်မရေးဘူးလို့ ရည်ရွယ်ထားပေမဲ့မနေနိုင်လို့ရေးမိပြောမိပါတယ်။ ကျွန်တော်တို့တွေမှာ သင့်တင့်တဲ့ဝင်ငွေတွေရှိတယ်၊ ထိုက်သင့်တဲ့ အတတ်ပညာတွေရှိ တယ် ကိုယ့်နိုင်ငံကိုလည်း လွတ်မြောက်စေချင်တဲ့စိတ်တွေရှိတယ်။ ဘာဆက်လုပ်ကြမလဲ ဆိုတာ ကိုယ်စီကိုယ်စီ စဉ်းစားဆုံးဖြတ်လုပ်ဆောင်ကြဖို့ အရေးကြီးနေပါပြီလို့ပဲ တင်ပြဆွေး နွေးလိုက်ပါတယ်ခင်ဗျာ။
နဲနဲပြောမယ်
လက်ဆောင်
ကျွန်တော် မြန်မာပြည် ကပြန်ရောက်လာတော့ အတွေ့အကြုံတွေကို ရေးမယ်လို့ စဉ်းစား ထားပါတယ်။ သို့သော်လည်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ရေးချင်စိတ် ပျောက်နေခဲ့ပါတယ်။
သို့ပေမဲ့လည်း မြန်မာပြည်ကိုရောက်တုန်းက နားထောင်ဖြစ်ခဲ့တဲ့ မိုးကုတ်နယ်လှည့်ဓမ္မကထိက ဆရာတော်ဥူးသုမင်္ဂလရဲ့ စကားတခွန်းကို မျှဝေပေးချင်ပါ တယ်ခင်ဗျာ။ တချို့မိတ်ဆွေများလည်း သိပြီးဖြစ်ပါလိမ့်မယ်။
မသိတာထက်မသိချင်တာကပိုခက်၏မသိချင်တာထက်သိနေယောင်ဆောင်နေတာက ပိုပိုခက်၏တဲ့ခင်ဗျ။ တိုပေမဲ့ တော်တော်ထိတဲ့စကားလုံးတွေဖြစ်ပါတယ်ခင်ဗျာ။
ကျွန်တော်တော့ တော်တော်လေးကိုကြိုက်နှစ်သက်မိပါတယ်။ အစားကောင်းစားရတဲ့အခါ ချစ်ခင်သူများကို သတိရတယ်ဆိုသလို ကျွန်တော်လည်း စကားကောင်းကြားခဲ့ရလို့ ကျွန်တော်ချစ်တဲ့ မိတ်ဆွေများကို ဝေငှလိုက်ပါတယ်။ မင်္ဂလာပါခင်ဗျား....
အထူး.......
လွန်ခဲ့တဲ့ ၂လပိုင်းကစပြီး ကျွန်တော်ဘလော့ရေးတာ ရပ်နားခဲ့ပါတယ်။ အဓိကအကြောင်း ကတော့ မလုပ်မဖြစ်လုပ်ရမယ့် ကိစ္စတချို့ကိုလုပ်ရမှာရယ်၊ ခြောက်နှစ်ကျော်ခွဲခွါခဲ့တဲ့ မိဘနဲ့မိသားစုတွေရှိရာ မွေးရပ်မြေကို ပြန်ဖို့အကြောင်းပေါ်လာတာရယ်ကြောင့်ပဲဖြစ်ပါ ပါတယ်။
နောက်တခုက ရင်ထဲမှာ အစာမကျေဖြစ်နေရတာတွေများများလာတာလည်း တကြောင်းပေါ့ခင်ဗျာ။ ကျွန်တော်ဘလော့စရေးဖြစ်တာ ၂.၃.၂၀၀၈ ကဆိုတော့ အခုဆိုရင် ၁နှစ်ကျော်ကြာခဲ့ပါပြီ။ အခြားသော ဘလော်ဂါညီအကိုများလိုပဲ နှစ်ပတ်လည် အမှတ်တရ ရေးချင်ပေမဲ့ ရေးဖို့အခွင့်မသာခဲ့လို့ မရေးခဲ့ရတာကြောင့် အခုမှပဲ ရေးဖြစ်ပါတော့တယ်။
နှစ်ပတ်လည်အမှတ်တရရေးခဲ့ကြတဲ့ ပို့စ်တွေဖတ်ခဲ့ရဖူးပါတယ်။ တနှစ်တာအတွင်းဖြတ် သန်းလာတဲ့အတွေ့အကြုံတွေ၊ ခင်မင်ရင်းနှီးမှုတွေ၊ ရေးခဲ့တဲ့ပို့စ်အမျိုးအစားတွေ အစရှိသ ဖြင့် ဝေေ၀ဆာဆာနဲ့ တကယ့်ကို အမှတ်တရဖြစ်အောင်လည်း ရေးခဲ့ကြတာ ကြည်နူးစွာ ဖတ်ခဲ့ရပါတယ်။
ကျွန်တော်ကတော့ အဲဒီလိုစနစ်တကျနဲ့ ရေးသားနိုင်စွမ်းမရှိပါဘူးခင်ဗျာ။ သို့သော်လည်း မဖြစ်မနေရေးရမှာကတော့ ကျေးဇူးစကားပါ။ ရှေးဦးစွာ ကျွန်တော့်ကို ဘလော့ဖွင့်ပေးခဲ့တဲ့ သူငယ်ချင်းနဲ့ ပြင်ဆင်ပေးခဲ့တဲ့သူငယ်ချင်းကို အထူးကျေးဇူးတင်ရှိပါ ကြောင်းပြောချင်ပါတယ်။ ပို့စ်ကိုဘယ်လိုတင်ရတယ်ဆိုတာကိုလည်း သူတို့နှစ်ဦးကပဲ ကျွန်တော်လူပြိန်းကို နားလည်အောင် ကြိုးစားသင်ပေးခဲ့ပါတယ်။
ဘလော့ရေးပြီးတဲ့နောက်ပိုင်းမှာလည်း စာဖတ်ပရိတ်သတ်တွေ သိလာအောင်မိတ်ဆက် ပေးခဲ့တဲ့ ကိုမောင်ဒိုင်း၊ ကိုလျှာရှည်တို့ကိုလည်း အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ အဲဒီ နောက် ဘလော့အညွှန်းမှာထည့်သွင်းပေးတဲ့ ကိုသင်ကာ၊ ကိုကျော်ထင်တို့ကိုလည်း အထူး ကျေးဇူးတင်ပါတယ်။ ထို့အတူ လင့်ခ်ချိတ်ပြီးညွှန်းပေးခဲ့တဲ့ ဘလော်ဂါညီအကိုမောင်နှမများ ကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။
တဦးချင်းနာမည်တွေကို မဖေါ်ပြနိုင်တာကို လည်း ခွင့်လွှတ်ကြဖို့ အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ။ လင့်ခ်ချိတ်ပေးထားတာတွေ ကို ရှာမတတ်လို့ပါခင်ဗျာ။ နားလည်တဲ့သူငယ်ချင်းတွေကလည်း အနားမှာမရှိတာကြောင့် မှတ်မိသလောက်ရေးမယ်ဆိုရင် နာမည်တွေကျန်ခဲ့တာတွေဖြစ်လာမှာစိုးလို့ ခြုံပြီးတော့ပဲ ကျေးဇူးစကားဆိုလိုက်ရပါတယ်။
ကျွန်တော်ကိုယ်တိုင်ကလည်း ပြန်ပြီးတော့ လင့်ခ်ချိတ်ချင်ပေမဲ့ ပို့စ်တင်ရုံကလွဲပြီး ဘာမှမ လုပ်တတ်တာကြောင့် အခုလိုပဲဖြစ်နေရတာပါခင်ဗျာ။ ပို့စ်တွေမှာ ကွန်မန့်ပေးတာတောင် တော်တော်လေးကြာမှလုပ်တတ်တဲ့ ကျွန်တော်ငထူကို ခွင့်လွှတ်နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။
နောက်ထပ်ကျေးဇူးတင်ရမယ့် မိတ်ဆွေတွေကတော့ တခုတ်တရ လာရောက်ဖတ်ရှုအားပေးကြတဲ့ ညီအကိုမောင်နှမများပဲဖြစ်ပါတယ်။ အခုလိုလာရောက် ဖတ်ရှုအားပေးခဲ့လို့လည်း ကျွန်တော်ဘလော့ထဲမှာရှင်သန်ခွင့်ရနေတာဖြစ်တာကြောင့် အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ အထူးသဖြင့် ကျွန်တော့်ရဲ့ ကဘောက်တိကဘောက် ချာ စာအရေးအသားကို သည်းညည်းခံပြီး လာရောက်ဖတ်ရှုပေးခဲ့ကြတာ ကျွန်တော်ကြည် နူးစွာနဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ။
အဲဒီအပြင် ကွန်မန့်တွေ စီဘောက်တွေမှာ နှုတ်ဆက် အားပေးခဲ့ကြတာကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မိတ်ဆွေများရဲ့နှုတ်ဆက် စကား၊ မှတ်ချက်စကားတွေဖတ်ရတိုင်းလည်း အားရကျေနပ်မှုတွေဖြစ်ခဲ့ရပါတယ်ခင်ဗျာ။ ကျွန်တော့်အတွက် ဘလော့ဆိုတာ လောကအသစ်မှာ မိတ်ဆွေအသစ်တွေနဲ့ ရင်းနှီးခွင့် ရနေတယ်လို့ အမြဲတမ်းယုံကြည်ခံစားခဲ့ရပါတယ်။
အတွေးအမြင်သစ်တွေ ခံစားမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘလော့လောကထဲမှာ ရပ်တည်ခွင့်ပေးခဲ့တဲ့ မိတ်ဆွေများကို အထူးပဲကျေး ဇူးတင်ပါကြောင်းနဲ့ မိတ်ဆွေများရဲ့တကူးတကအချိန်ပေးကြတာနဲ့ လျော်ညီအောင် ကြိုးစားအားထုတ်သွားပါမယ်လို့ ပြောကြားပါရစေခင်ဗျာ။ မင်္ဂလာပါခင်ဗျား................
ဝေးးးးရာ
မိတ်ဆွေများခင်ဗျာ... ပြီးခဲ့တဲ့အပတ်ကရေးထားသလိုပဲ အမုန်းရောဂါရနေတဲ့အတွက် ကျွန်တော် စာရေးတာတွေခဏနားပါမယ်ခင်ဗျာ။ ကိုယ့်ကိုယ်ကိုလည်း ဆေးကုရင်းပေါ့။ လာရောက်နှုတ်ဆက် ဝေဖန်အားပေးခဲ့ကြတဲ့ ရှိစုမဲ့စု စာဖတ်သူမိတ်ဆွေများကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပစ်ထားတဲ့လုပ်စရာကိစ္စလေးတွေလည်းလုပ်ရင်းနဲ့ ပြန်လည်အားမွေးလိုက်ပါဦးမယ်ခင်ဗျာ။ တခါက ကလူသစ်လုပ်ခဲ့သလိုပဲ ခေတ္တထွက်စို့ လို့ ပဲမိတ်ဆွေများကိုနှုတ်ဆက်ပါရစေခင်ဗျာ....... မင်္ဂလာပါ။
ရောဂါ
မောင်ကျည်ပွေ့စာမရေးဖြစ်တာ တော်တော်ကြာသွားပြီဗျာ။ ဘလော့မိတ်ဆွေတွေကလည်း စာရေးဖို့အတွက် တကူးတက လာလာသတိပေးနေကြတယ်။ တခုတ်တရလာသတိပေး တာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျွန်တော်စာမရေးဖြစ်တာက နှစ်ပေါင်းများစွာ စွဲကပ်လာ တဲ့ရောဂါတခုကအခုမှလာပြီး ထ နေလို့ပါဗျာ။ ဘာရောဂါလည်းဆိုတော့ ရောဂါကနဲနဲဆန်း တယ်။ လူတော်တော်များများမှာ မဖြစ်တတ်တဲ့ ပုံမှန်မဟုတ်ဘူးလို့လည်းပြောနိုင်တဲ့ ရောဂါ တမျိုးပါ။ ကိုယ့်ဟာကိုယ်တော့ ဒီရောဂါကို အမုန်းရောဂါလို့ နာမည်တပ်ထားမိပါတယ်။
ဒီရောဂါ စ တာကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကပါပဲ။ မောင်ကျည်ပွေ့ ထိုင်းနိုင် ငံထဲကို တောင်ကျော်အလုပ်သမားအဖြစ် စ၀င်လာတုန်းက ကိုယ့်လိုပဲ ဘ၀တူတွေ အ များကြီးတွေ့ရတယ်။ အဲဒီမှာ စ စဉ်းစားမိတာက ငါတို့နိုင်ငံသားတွေ ဘာကြောင့်သူများ နိုင်ငံထဲကို အနှိမ်ခံပြီး ဒီလောက်တောင်ခိုးဝင်နေရတာလဲပေါ့။ အရင်းစစ်တော့အမြစ်မြေဆို သလိုပဲ ကိုယ့်နိုင်ငံကမကောင်းလို့ဆိုတာ ဘွင်းဘွင်းကြီးမြင်လာရတယ်။ အဓိကတရားခံက တော့ ဘိုနေ၀င်းကအစ သန်းရွှေအထိအုပ်စိုးလာတဲ့ စစ်တပ်ကြောင့်လို့မြင်လာတယ်ဗျာ။ တကယ်က မောင်ကျည်ပွေ့ဟာ စစ်တပ်ကိုသိပ်အထင်ကြီးပြီး လေးစားအားကျခဲ့တာပါ။ ဆယ်ကျော်သက်ဘ၀ကတည်းက စစ်သား စစ်ဗိုလ်သိပ်ဖြစ်ချင်ခဲ့တာ။ ၀င်ဖို့လည်းကြိုးစား ခဲ့ပါသေးတယ်ဗျာ။ အမိမြေမှသားကောင်းများတို့ တင်သန်းဦးဝတ္ထုတို့နဲ့ကြီးပြင်းလာခဲ့ရတာ ဆိုတော့လေ။ ပါပီမတို့ အဖေနဲ့သားများတို့ကလည်း ဆွဲဆောင်ခဲ့သေးသကိုးဗျ။ အဲဒီလို အထင်ကြီးခဲ့ လေးစားခဲ့ရတာလေးတွေဟာ ထိုင်းကိုရောက်ပြီးမကြာပါဘူး လက်တွေ့ဘ၀ က သင်ပေးလိုက်တာနဲ့ နေလာနှင်းပျောက်သလိုဖြစ်သွားတော့တာပါပဲ။
အဲဒီက စ ပြီး စစ်တပ်ကိုမုန်းတဲ့ရောဂါက စ လာတာပါပဲဗျာ။ ကိုယ်နဲ့သိကျွမ်းခဲ့ရတဲ့သူတွေ အထူးသဖြင့်တိုင်းရင်းသားတွေက စကားစမိတာနဲ့ ၀ိုင်းပြောကြတာပဲဗျ။ သူတို့စိတ်နာမယ် ဆိုလည်း နာစရာပဲလေ၊ တကယ်တော့သူတို့လည်း အိုးပစ်အိမ်ပစ်နဲ့ ဘယ်လာချင်မှာလဲ။ သူတို့မှာ ကိုယ်ပိုင်လယ်တွေ၊ယာတွေခြံတွေရှိကြတာ အေးအေးဆေးဆေးလုပ်ကိုင်စား ချင်ကြတာပါပဲ။ သို့သော်လည်း ခဏပေါ်တာ၊ တော်ကြာလုပ်အားပေး နောက်တမျိုးဘာ ကြေးညာကြေးတွေနဲ့ဆိုတော့ ကိုယ့်ရပ်ကိုယ့်ရွာကို စိတ်ကုန်လာပြီပေါ့။ နောက်ဆုံးသည်း ညည်းခံပြီးလုပ်၊ မ၀ရေစာစားပြီး ပိုက်ဆံစုတာတောင်မှ တနှစ်ပြီးလို့ဘာမှမကျန်ဆိုတော့ သူများနိုင်ငံထဲ မျက်နှာငယ်ရပေမဲ့လို့ ရွှေနဲ့ငွေနဲ့နေနိုင်တယ် လူနေမှုအဆင့်အတန်း မီးရေ မှန်တယ် ဆိုတာလေးနဲ့ပဲ လာမှိန်းနေရတာပါပဲ။ သို့သော်လည်း အမာရွတ်မြင်တိုင်း စိတ်နာ တဲ့ပုဏ္ဏားလိုပဲ ဗမာမြင်တိုင်းဘာမဆိုင်ညာမဆိုင်နဲ့ အပြောခံအမုန်းခံရတော့ စဉ်းစားသာ ကြည့်ပါတော့ကိုယ့်ဆရာတို့ရေ။ မောင်ကျည်ပွေ့က စစ်တပ်ကိုမုန်းတာဆန်းသလားဗျာ။
အဲဒီလိုနဲ့ပဲ စစ်တပ်မုန်းတဲ့ရောဂါက တဖြေးဖြေးရင့်လာတာပေါ့ဗျာ။ အဲဒီမှာ ကိုယ်နဲ့ရင်းနှီး တဲ့တိုင်းရင်းသားတွေကို ငါတို့တွေဟာဘ၀တူတွေပါကွာဆိုပြီး အကျိုးသင့်အကြောင်းသင့် ရှင်းပြရတာပေါ့လေ။ တော်တော်များများကတော့ သဘောပေါက်သွားကြပါတယ်၊ သို့သော် ဘယ်လိုမှပြောလို့မရတဲ့ သတ္တ၀ါတွေရှိသေးတယ်ဗျ။ သူတို့ကတော့ ရာဇ၀င်နဲ့ချီပြီးကို ဗမာ မုန်းတယ်ပေါ့၊ ဗမာဆိုလို့ကတော့ စစ်တပ်သောဘာသောမသိဘူး အကုန်လုံးသိမ်းကြုံး တော့တာပါပဲ။ သူတို့က သူတို့တိုင်းရင်းသားအဖွဲ့တွေမှာလည်း ပါဝင်ဖူးတယ်ပေါ့။ ခေါင်းဆောင် ငယ်အဆင့်လောက် ဘာလောက်တော့ဖြစ်ဖူးကြတယ်။ အဓိကခေါင်းဆောင်တွေအဆင့် လည်းမဟုတ်ဘူး။ အဲဒီကိုယ်တော်မြတ်တွေကတော့ ဗမာဆိုရင်အသေမုန်း၊ သူ့လူမျိုးကို လည်း သူတို့လောက်ချစ်တာသူတို့ပဲရှိတယ်ဆိုတဲ့ ဒီဇိုင်းမျိုးပေါ့ဗျာ။
ကိုယ့်လူမျိုးကိုအဲဒီလောက်ချစ်တာကွာ မင်းဘာတွေများကိုယ့်လူမျိုးကောင်းကျိုးအတွက် လုပ်ပေးဖူးခဲ့ပြီလဲလို့ သေချာမေးရင်တော့လား ဘာသာရေးလိုလို၊ ပညာရေးလိုလိုနဲ့ လိုလို တွေပဲများသွားတာပါပဲ။ အဲ..လက်ရှိမှာသူတို့အဓိကလုပ်နေကြတာကတော့ ငွေတိုးချ၊ပွဲစား၊ ကယ်ရီ အစရှိသဖြင့် ခပ်မြတ်မြတ်လေးရိတ်တဲ့အလုပ်တွေပဲဗျ။ တခြားနေရာမှာသာလူမျိုး ရေးတွေခွဲနေတာ အဲဒီသူတို့စီးပွါးရေးမှာတော့ ကိုယ့်ဆရာရေ ဘာလူမျိုးမှခွဲမနေဘူး။ အထူးသဖြင့် သူတို့သိပ်ချစ်ပါတယ်ဆိုတဲ့ ကိုယ့်လူမျိုးအချင်းချင်းကို ရိတ်တာမှ တက်တက် စင်အောင်ကိုရိတ်တာဗျာ။ တချို့တွေများလူမျိုးချင်းတူတာအသာထားဗျာ တရွာတည်းသား ချင်းတောင်ချမ်းသာမပေးဘူး။ အဲ.. သူတို့လူမျိုးတွေရဲ့အထိမ်းအမှတ်ပွဲတွေဘာတွေလုပ် ရင်တော့ အဲဒီခုနကပြောတဲ့ဆရာသမားတွေက ရှေ့ဆုံးမှာနေရာယူပြီးအသံကောင်းဟစ် နေကြတာများဗျာ..။ ကိုယ့်ဆရာတို့ရေ မောင်ကျည်ပွေ့ရဲ့အမုန်းရောဂါတိုးလာတာပါပဲဗျာ၊ မုန်းရမယ့်လူတွေကလည်းများလာတာကိုး။
ဒီလိုနဲ့ပဲမဖြစ်တော့ဘူဆိုပြီး ပြည်သူ့လွတ်လပ်ရေးကိုဆောင်ကျဉ်းပေးမယ့်အဖွဲ့တွေဘာတွေ နဲ့ဆက်သွယ်ဦးမှပဲ တတပ်တအားပါဝင်မယ်ပေါ့။ ဘုရားဘုရား.. လို့တောင် တ မိပါရဲ့ဗျာ။ များလိုက်တဲ့အဖွဲ့တွေ နာမည်တွေကိုလိုက်မှတ်ရတာကိုပဲ တော်တော်ခက်နေပြီ။ အဖွဲ့များ တော့ နည်းလမ်းမျိုးစုံနဲ့တိုက်ပွဲဝင်ရတာပေါ့လို့ ကိုယ့်ဆရာတို့ထင်ကောင်းထင်မယ်။ အောင်မယ်လေးကိုယ့်ဆရာရေ သူတို့အချင်းချင်းကို မတည့်ကြတာက ပိုဆိုးနေသေးဗျာ။ ဒါတောင် ဗမာအချင်းချင်းတွေပဲရှိသေးတာနော်။ တိုင်းရင်းသားအဖွဲ့တွေထည့်မတွက်ရ သေးဘူး။ မောင်ကျည်ပွေ့လိုပဲ လူတော်တော်များများက မြန်မာပြည်အပြင်ရောက်လာရင် အဲဒီ နိုင်ငံရေးဆရာသမားတွေနဲ့ တကွေ့မဟုတ်တကွေ့ ဆုံဖြစ်တတ်ကြပါတယ်ဗျာ။ တချို့ လည်းစိတ်ဝင်စားကြတယ်၊ အဆင်သင့်ရင်ပူးပေါင်းပါဝင်ချင်တဲ့ဆန္ဒ အနည်းနဲ့အများတော့ ရှိတတ်ကြတာပါပဲ။ သို့သော်လည်း စကတည်းက ယဉ်သကိုဆိုသလိုပဲဗျာ ကြာကြာမ၀ါးမိ ခင်မှာပဲ ခါးမှန်းသိကုန်ကြတော့ နောက်ဆုတ်ကြကုန်တာပါပဲ။
စည်းရုံးရေးစွမ်းရည်ထက်မြက်လွန်းလို့လေ။ အစက အဖွဲ့ဝင်တွေအများကြီးနဲ့ နောက်ကြာ လာတော့ တိုးတက်ရမဲ့အစား ဥက္ကဌကိုယ်တိုင်က တွဲဖက်အဖွဲ့ဝင်ဆိုပြီးလုပ်ရမယ့်ကိန်း ဆိုက်တော့တာပါပဲ။ အဖွဲ့ဝင်မှမရှိတော့တာကိုးဗျ၊ အာဏာရှင်ကိုမကြိုက်ပါဘူးဆိုမှ သူတို့ ချည်းငါတကောကောပြီး ရာသက်ပန်ဥက္ကဌလုပ်နေမှတော့ဗျာ သိပ်လည်းမပြောချင်တော့ ပါဘူးဗျာ။ ဒီကနေ့မှာ အားလုံးလည်းသိနေကြပါပြီလေ၊ အဲဒီတော့ကာ မောင်ကျည်ပွေ့ရဲ့ နဂိုကတည်းကရှိတဲ့အမုန်းရောဂါဟာ ပိုဆိုးလာတော့တာပါပဲ။ ဆိုး ဆိုမုန်းစရာလူတွေက လည်းတိုးလာမင့်ကိုးဗျ။
အဲဒီတော့အမုန်းရောဂါအပြင် စိတ်ပျက်တာလေးပါအဆစ်ရလာတော့တယ်။ ဟော ဗြုန်းဆို ရွှေဝါရောင်တော်လှန်ရေးဖြစ်လာတော့ ဒီတခါတော့ဟုတ်ပကွဲ့လို့ အားတက်လာပါလေရော လားဗျ။ ငါဒို့ကိုသံဃာတော်တွေကပဲ ကယ်တင်တော့မယ်ပေါ့။ ဒို့နိုင်ငံမှာတော့ သံဃာ တော်တွေက ဦးဆောင်ပြီး ညှိုညှိုနှိုင်းနှိုင်းနဲ့ သမိုင်းလည်းလှမယ့် အလှည့်ပြောင်းတော့ ပေါ် တော့မှာပဲဆိုပြီး ၀မ်းသာလို့မဆုံးခင်မှာပဲဗျာ လူမဆန်တဲ့ဖက်ဆစ်လိုကောင်မျိုးတွေကြောင့် မြန်မာ့သမိုင်းတောင်မက သာသနာ့သမိုင်းပါရိုင်းအောင်အလုပ်ခံခဲ့ရပါရောလား။ အဲဒါကို များ သူတို့ပဲမှန်သလိုလို သံဃာတော်တွေကပဲ မှားသလိုလိုနဲ့ ဘလော့တွေမှာရေးလာတဲ့ ဟာတွေဖတ်ရင်း အမုန်းရောဂါက တလိပ်လိပ်တိုးလာပါရောလားဗျ။ စီဘောက်တွေမှာ တမျိုး ကွန်မန့်တွေမှာတဖုံ ဘလော့ထောင်လို့တသွယ်နဲ့ သူတို့ပထွေးဘုန်းတော်ဘွဲ့တွေ ရေးကြတာများ ထောင်းလမောင်းထနေပါရောလား။
မောင်ကျည်ပွေ့တို့မုန်းတာများ တခါမှဒီလောက်မမုန်းဖူးဘူးလို့ဆိုရလောက်အောင်ပါပဲ။ သို့ သော် ဒီတခါတက်လာတဲ့အမုန်းရောဂါကိုဖြေဖို့ရာ ဆေးရသွားတယ်။ ဘာဆေးလဲဆိုတော့ ဘလော့ဆေးတော်ကြီးပေါ့ဗျာ။ ဘာရမလဲ မုန်းနေတာတွေကို ဘလော့ပေါ်မှာဖွင့်ထုတ်၊ တခြားဘလော်ဂါတွေ အထူးသဖြင့် ခံစားမှုခြင်း နီးစပ်တဲ့ဘလော်ဂါတွေရဲ့စာတွေဖတ်ပြီး ကိုယ့်ရောဂါကိုယ်ကုခဲ့ရတယ်။ သက်သာစပြုနေတဲ့အချိန်မှာတခါ နာဂစ်က၀င်ပြန်ရောဗျာ၊ ကိုယ့်ဆရာတို့သိတဲ့အတိုင်းပဲ ဘာနဲ့ခိုင်းနှိုင်းပြရမှန်းကိုမသိတော့ပါဘူးဗျ။ အဲဒါကိုတခါ ကာကွယ်တဲ့စာတွေရေးပြန်ရောဗျာ။ မောင်ကျည်ပွေ့ရဲ့အမုန်းရောဂါက တိုးလာဆိုးလာ လိုက်တာ ဘလော့ဖြေဆေးတောင် သိပ်မနိုင်ချင်ဖြစ်သွားပါရဲ့ဗျာ။
နောက်ဆုံးတော့ ဘာမှဒီကောင်တွေကိုအဖက်လုပ်ပြီးရေးမနေတော့ဘူးဗျ။ ဒီကောင်တွေ က ဒဲ့ရေးရင်လည်း ရှောင်ထွက်သွားကြတာဆိုတော့။ ဒီလိုနဲ့ပဲ ကိုယ့်မှာရှိတဲ့အမုန်းရောဂါ ကို ဘလော့ဆေးတော်ကြီးနဲ့ပဲ ဖြေရင်းဖြေရင်းပေါ့ဗျာ။ သက်သာသလိုလိုရှိနေရာကနေ အခုနောက်ဆုံး မောင်ကျည်ပွေ့ရဲ့အမုန်းရောဂါဟာ တခါမှမရောက်ဖူးတဲ့ အမြင့်ဆုံးအဆင့် ကိုရောက်လာပြီ။ အခုလိုမျိုးဘယ်သူ့ကိုမှ မမုန်းဖူးဘူးဗျ၊ အခုမုန်းနေတာမှ တကယ့်ကို ခါးခါးသီးသီးဖြစ်နေတာ။ သြော်..ဘယ်သူရှိရမလဲ ဒီကောင်မောင်ကျည်ပွေ့ မောင်ကျည်ပွေ့ ကိုပဲမုန်းနေတာလေဗျာ။ ကျွန်တော်အခု တခြားသူကိုမုန်းနေတာထက် ကိုယ့်ကိုယ်ကိုပဲ မုန်းနေတော့တယ်။ အရင်က တခြားသူကိုသာလိုက်ပြီး ဟိုလိုဒီလို အပြစ်ရှာနေတာ အခု တော့ သိပြီဗျာ။ တကယ်မုန်းစရာကောင်းတာ ကိုယ်ကိုယ်တိုင်ပဲဗျာ။
ဘာဖြစ်ရမှာလဲဗျာ.. သူများတွေကိုသာ ဟိုလိုဖြစ်တယ် ဒီလိုဖြစ်တယ်နဲ့ အပြစ်တွေလိုက် တင်နေတာ ကိုယ်ကိုယ်တိုင်က ဒီအသက်ဒီအရွယ်ထိ ဘာမှဖြစ်မြောက်အောင်မလုပ်ခဲ့ဖူး ဘူးဗျ။ ဘာသာရေးလိုလို၊ လူမှုရေးလိုလို နဲ့ ယောင်တောင်ပေါင်တောင်လုပ်နေတာလေ။ တကယ့်တကယ်ကြတော့ ကိုယ့်ဘ၀တိုးတက်ရေးအတွက် ကောင်းမယ်ထင်တဲ့အလုပ် လေးရှာလုပ်လိုက်၊ အထောက်အကူဖြစ်မယ်ထင်တဲ့ ပညာလေးပြေးသင်လိုက်နဲ့ ဒီကြားထဲ ကိုယ်ကိုယ်တိုင်မလုပ်နိုင်ပဲ သူများကိုအပြစ်တင်ချင်သေးတယ်လေ။ ကိုယ့်ဟာကိုယ် မစွန့် စားရဲတာကို ဟိုလူတွေကြောင့် ဒီလိုတွေကြောင့် စိတ်ပျက်လို့ပဲ မလုပ်တာလိုလို ဟန် ဆောင်ချင်သေးတယ်ဗျာ။
အဲဒါကြောင့်ပြောပါတယ် ဖြစ်ခဲ့ဘူးတဲ့အမုန်းရောဂါတွေထဲမှာ ဒီတခါမုန်းတဲ့ရောဂါ ကိုယ့်ကိုယ်ကိုမုန်းနေတဲ့ရောဂါဟာ အဆိုးဆုံးလို့။ ဘလော့ဆေးနဲ့လည်း မပျောက်နိုင်တော့ ဘူးဗျ။ ပျောက်ဖို့နေနေသာသာ သက်သာဖို့တောင် မဖြစ်နိုင်တော့ဘူးဗျာ။ တကယ်မုန်း တယ်ဗျာ။ ခါးခါးသီးသီးကိုမုန်းနေတယ်ဗျာ ဟောဒီမောင်ကျည်ပွေ့ဆိုတဲ့ကောင် အလကား ကောင် မုန်းစရာကောင်းလွန်းတဲ့အကောင် ကျွန်တော်မောင်ကျည်ပွေ့ဆိုတဲ့အကောင်ပါဗျာ။
တောင်းပန်ပါရစေ
ကျွန်တော်ဟာ ဘာကောင်မှမဟုတ်ပါဘူး။ သာမန် မြန်မာနိုင်ငံသားတစ်ယောက်ပါပဲ။ ခင်ဗျားတို့လိုပဲ ကျွန်တော်လည်း တိုင်းပြည်နဲ့လူမျိုးကို ချစ်တတ်ပါတယ်။
မြန်မာနိုင်ငံသား တော်တော်များများလိုပဲ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းတို့ ကို လေးစားကြည်ညိုပါတယ်။ ခုတလောကြားရမြင်ရတာတွေကြောင့် ရင့်ထဲမှာအောင့် အောင့်လာလို့ ဒီစာကိုရေးရတာပဲဖြစ်တယ်။
ကျွန်တော်အခုပြောချင်တာကဘလော့တွေမှာ လူပြောများနေတဲ့ ဟစ်ဟော့အကြောင်းနဲ့ တိုင်းရင်းသားတချို့ရေးတင်ထားတဲ့ စာတပုဒ် အကြောင်းပါပဲ။ အဓိက ကတောင်းပန်ချင်လို့ပါ၊ ဘယ်လိုတောင်းပန်ချင်လဲဆိုတော့ ခင်ဗျား တို့ယုံကြည်ယူဆထားတဲ့အကြောင်းတွေ၊ ပြောချင်တာတွေကို လွပ်လွပ်လပ်လပ်နဲ့ပြောကြ ပါဗျာ။
ကျွန်တော်တို့ခေါင်းဆောင်ကြီးတွေကို နှိုင်းယှဉ်ဆွဲထည့်ပြီး မလုပ်ကြပါနဲ့။ပထမဆုံး ဗိုလ်ချုပ်ရဲ့မိန့်ခွန်းနဲ့နှိုင်းယှဉ်ထားတဲ့ ဟစ်ဟော့ကိစ္စကို နဲနဲပြောချင်တယ်။ အဲဒီ လိုနှိုင်းယှဉ်ပြီးရေးတဲ့သူတွေကိုယ်တိုင်လည်း ကျွန်တော်လိုပဲ ဗိုလ်ချုပ်ကိုလေးစားကြည်ညို တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
ဒါပေမဲ့ ခင်ဗျားတို့ကိုးကားတာ နေရာလွဲနေတယ်လို့ ကျွန်တော်ခံစားရတယ်။ ခင်ဗျားတို့သိတဲ့အတိုင်း ဗိုလ်ချုပ်ဟာ သူ့ဘ၀တလျှောက်လုံး နိုင်ငံ နဲ့လူမျိုးအတွက် ပေးဆပ်ခဲ့တယ်။ အခုအငြင်းပွါးနေတဲ့လူငယ်တွေရဲ့အသက်အရွယ်မှာကို ပဲ အဲဒီလူငယ်တွေဘ၀မှာရနိုင်တဲ့ ပျော်ရွှင်မှုတွေဘေးချိတ်လို့ နိုင်ငံနဲ့လူမျိုးအရေးအတွက် သူ့အနာဂတ်ကို စတေးခဲ့ပါတယ်။ နောင်လာနောက်သားတွေအတွက် အတူယူစရာတွေ စံထားစရာတွေလည်း အများကြီးလုပ်ပြခဲ့ပါတယ်။ သူလိုနိုင်ငံ့ခေါင်းဆောင်မျိုး လွယ်လွယ် နဲ့မပေါ်နိုင်ပါဘူးဗျာ။
အဲဒါကို ဘာမဟုတ်တဲ့အကြောင်းအရာမှာ ဘာမဟုတ်တဲ့ လူတွေနဲ့ နှိုင်းရေးတာဖတ်လိုက်ရတော့ ကျွန်တော့်ရင်ထဲမှာတော်တော်အောင့်သွားပါတယ်။ရေးတဲ့လူတွေကိုယ်တိုင်ကလည်း ရုတ်တရက်အမှတ်မထင် ရေးမိတယ်လို့ပဲ နားလည်ပေး ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့လည်း ကျွန်တော့်လိုပဲ ဗိုလ်ချုပ်ကို လေးစား ကြည်ညိုပြီးသားလို့ ယုံကြည်ထားလို့ပါပဲ။
ဒါကြောင့်မို့လို့ နောက်ကို ဘာမဟုတ်တဲ့အ ကြောင်းအရာတွေမှာ ဘာမဟုတ်တဲ့လူတွေနဲ့ ဗိုလ်ချုပ်ကို မနှိုင်းပါနဲ့လို့ တောင်းပန်ပါတယ်။ ဗိုလ်ချုပ်ဟာအနှိုင်းမဲ့လူသားမဟုတ်ပေမဲ့ တော်ရုံတန်ရုံလောက်နဲ့တော့ မနှိုင်းကောင်းဘူး၊ မနှိုင်းအပ်ဘူးလို့တော့ ရိုးသားစွာယုံကြည်ပါတယ်။ ဟုတ်ကဲ့ ကျွန်တော်တို့ဗိုလ်ချုပ်ကို မပြောပလောက်တဲ့လူတွေနဲ့ ထပ်တူနှိုင်းတာမျိုး မလုပ်ဖို့ ထပ်ပြီးတောင်းပန်ပါတယ်။နောက်ထပ်တောင်းပန်ချင်သေးတဲ့လူတွေရှိပါသေးတယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကို ရေးသားထားတဲ့အကြောင်းလေးပါ။ ကျွန်တော်ဘလော့တွေလည်ရင်းနဲ့ တိုင်းရင်းသား တွေရေးတဲ့ စာမျက်နှာတခုကို ရောက်သွားပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်ရင် တိုင်းရင်းသား တွေရဲ့သဘောထားတွေ လုပ်ဆောင်ချက်တွေကလည်း အင်မတန်အရေးကြီးတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
ကျွန်တော်လည်းအလျှင်းသင့်သလို လေ့လာခဲ့ပါတယ်။ တချို့ နေရာတွေမှာ အမြင်ချင်းဆန့်ကျင်နေပေမဲ့ ဒီနေ့ဒီအချိန်မှာ မပြောသင့်သေးဘူး၊ မပြောအပ် သေးဘူးလို့ ယူဆထားတာကြောင့် တခါတလေရင်နာစရာတွေနဲ့ကြုံရင်တောင်မှ မျိုသိပ် ထားခဲ့ပါတယ်။ အဓိကကတော့ ဒီနေ့ဒီအချိန်မှာ အင်မတန်အရေးတကြီးလိုအပ်နေတဲ့ စည်းလုံညီညွတ်မှု ကို အလေးထားလို့ပါပဲ။
စစ်ကျွန်ဘ၀ကလွတ်မြောက်ဖို့ဆိုရင် စည်းလုံးညီညွတ်မှု ပူးပေါင်း ဆောင်ရွက်မှုတွေမရှိဘဲနဲ့ မဖြစ်မြောက် မအောင်မြင်နိုင်ဘူးလို့ယုံကြည်ထားလို့ပါပဲ။ တော် ရုံတန်ရုံကိစ္စတွေလောက်ဆို ဘာမှမပြောချင်ပေမဲ့ အခု ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ပုတ်ခတ်ထားတဲ့ဟာက စည်းလုံးမှုကိုထိခိုက်နိုင်တာကြောင့် တောင်းပန်တဲ့အနေနဲ့ ရေးရ တာပါ။
အဲဒီဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ပုတ်ခတ်ရေးလိုက်ရင် ခင်ဗျားတို့အတွက် ဘာတွေအကျိုးထူးသွားမှာလဲဗျာ၊ နောက်ပြီးအဲဒီအကြောင်းအရာဟာ အမှန်တကယ်ပဲလား ဆိုတာ ခင်ဗျားတို့ကိုယ်တိုင်လည်း သေချာမသိဘူး။ အထောက်အထားလည်းမရှိဘူး၊ ခင်ဗျားတို့ကိုယ်တိုင်လည်း တခြားတိုင်းရင်းသားဝဘ်ဆိုဒ်မှာတွေ့လို့ ကူးလာတာလို့ပဲဆို ထားတော့ ဒီအခြေအမြစ်မရှိတဲ့ဟာက ဘာတွေများအကျိုးပြုသွားလို့ ခင်ဗျားတို့ရေးတင် ထားတာလဲဗျာ။
အဲဒီလိုတင်ထားရင် ဖြစ်လာနိုင်တာက စစ်ကျွန်ဘ၀ရောက်နေတဲ့လူတွေအချင်းချင်း မုန်း တီးမှုတွေများလာမယ်၊ ညီညွတ်မှုတွေပြိုကွဲမယ်၊ စစ်တပ်ကတော့ပြုံးပြုံးကြီးကြည့်နေမယ်၊ ဒါတွေပဲဖြစ်လာတော့မှာပေါ့ဗျာ။ ခင်ဗျားတို့ ကျွန်တော်တို့လိုချင်နေတဲ့ လွတ်လပ်ခွင့်တွေ တန်းတူညီမျှခွင့်တွေရဖို့ ဘယ်လိုနည်းလမ်းတွေရှာကြံပြီးလုပ်ကြမယ်၊ ပူးပေါင်းဆောင်ကြ မယ်ဆိုတာတွေရေးရင် ပိုမကောင်းဘူးလားဗျာ။
တကယ်တော့ တိုင်းရင်းသားတွေထဲမှာ လည်း စစ်ကျွန်ဘ၀ရောက်နေတဲ့သူအချင်းချင်း ကိုယ်ချင်းစာပေးတဲ့၊ အမြင်ကျယ်တဲ့လူ တွေအများကြီးရှိပါတယ်။ အစွန်းရောက်တဲ့လူဆိုတာ တိုင်းရင်းသားမှမဟုတ်ဘူး ဗမာတွေ ထဲမှာလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ ဒီချိန်မှာကတော့ ညီညွတ်မှုတွေလိုနေတာ အားလုံးအသိပဲမဟုတ်လား။ အဲဒါကြောင့် ကျွန်တော်တောင်းပန်ချင်တာကတော့ ဘုံရန်သူကိုချေမှုန်းဖို့ပဲ အာရုံစိုက်ကြ ပါ၊ လုပ်ဆောင်ကြပါဗျာ။
ရန်သူအားပေးဖြစ်မယ့် လုပ်ဆောင်ချက်တွေ ပြုမူချက်တွေကို အတတ်နိုင်ဆုံး ရှောင်ကြပါလို့ တောင်းပန်ချင်ပါတယ်။ အခုကျွန်တော်တို့ခင်ဗျားတို့ဟာ စစ်ကျွန်ဘ၀တောင်မက ကမ္ဘာ့ကျွန်ဘ၀အထိဖြစ်နေပြီ။ ဒါကြောင့် ဒီလိုဘုံကျွန်ဘ၀တွေ ကို နောင်လာမယ့်မျိုးဆက်ထိမရောက်အောင်ကိုပဲ ခင်ဗျားတို့ကျွန်တော်တို့ အာရုံစိုက်သင့် ပါတယ်။
ခုချိန်မှာ စစ်တပ်ကကောင်တွေက ကျွန်တော်တို့အချင်းချင်း သွေးကွဲအောင် အာရုံလွဲအောင် နည်းမျိုးစုံသုံးပြီး လိုက်ဖွနေချိန်မှာ ကျွန်တော်တို့တွေ အရင်ကထက်ပိုပြီး သတိထား အာရုံစိုက်သင့်ပါတယ်။ ဒီစာကိုရေးဖို့ ကျွန်တော်တော်တော်စဉ်းစားခဲ့ပါတယ်။ ပေါ့စေလိုလို့ ကြောင်ဆေးထိုးကာမှ ဆေးအတွက်ပိုလေးရတယ် ဆိုသလိုမဖြစ်စေချင်ပါဘူး။
ဒီစာကိုဖတ်ပြီးရင် တခြားဘာ အကြောင်းအရာကိုမှ အာရုံမထားပဲ ညီညီညွတ်ညွတ်နဲ့ ဘယ်လိုဆက်လက်လုပ်ဆောင်ကြ မယ်ဆိုတာကိုပဲ အဓိကထားဖို့ တောင်းပန်ပါတယ်ခင်ဗျာ။ မှားတာပဲဖြစ်ဖြစ် မှန်တာပဲဖြစ် ဖြစ် အတိတ်သမိုင်းဆိုတာ သင်ခန်းစာယူရုံမျှသာလို့ပဲ ပြောပါရစေတော့ခင်ဗျာ။ ဟုတ်ကဲ့ .. ........................................................တောင်းပန်ပါတယ်။
နှစ်သစ်ဆန္ဒ
မင်္ဂလာနှစ်သစ်ပါခင်ဗျာ...။ နှစ်ကုန်ပိုင်းနဲ့နှစ်သစ်ကူးတဲ့ ကြားကာလမှာ ကျွန်တော်အလုပ် လုပ်နေရပါတယ်။ ပြည်ပရောက် မြန်မာတွေအများစုဟာ အဲဒီရက်တွေမှာ အလုပ်နားရက် ဖြစ်နေပေမဲ့ ကျွန်တော်ကတော့ အဲဒီရက်တွေမှာ မိုးလင်းကမိုးချုပ်အောင် အလုပ်လုပ်နေရ ပါတယ်။
အင်တာနက်နဲ့လည်း အဆက်ပြတ်နေတော့ လာလည်နှုတ်ဆက်ကြတဲ့ မိတ်ဆွေ ညီအကို မောင်နှမတွေကိုလည်း နှုတ်ဆက်စကား မပြောနိုင်ဖြစ်ခဲ့ရတာ အထူးပဲတောင်း ပန်အပ်ပါတယ်။ နဂိုကတည်းက လူမှုရေးညံ့တဲ့ကျွန်တော် အလုပ်လုပ်နေရတာကြောင့် ပြန် လည်မနှုတ်ဆက်နိုင်ခဲ့တာကို ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်ခင်ဗျာ။
ထို့အတူပဲ အင်တာနက်ပေါ်မရောက်ဖြစ်တာကြောင့် ဘလော့တွေလည်း မလည်နိုင်မဖတ် နိုင်ဖြစ်ခဲ့ရပါတယ်။ အခုတော့ အလုပ်နဲနဲအားပြီဖြစ်လို့ မဖတ်ရသေးတဲ့စာတွေကို တက် သုတ်ရိုက် လိုက်ဖတ်ရပါတယ်။ ဖတ်မိပြီးသမျှစာတွေထဲမှာ ကြိုက်နှစ်သက်မိတဲ့ စာနဲ့ အတွေးအခေါ်တွေကတော့ မခင်မမမျိုးနဲ့ အကိုကြီးမင်းဒင်တို့ရေးထားတဲ့ ပို့စ်တွေထဲက စာသားတွေပါပဲ။
မခင်မမမျိုးရေးထားတဲ့ “၂၀၀၉ အတွက် ဘ၀ရေးရာအတွေးစလေးများ” ထဲမှာ ပါတဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့အမြင်ကို ကြိုက်နှစ်သက်မိပါတယ်။ အဲဒီထဲမှာရေးထား သလိုပါပဲ ၂၀၁၀ ဆိုတာ ကျွန်တော်တို့အတွက်သင်္ချိုင်းမဟုတ်သလို စစ်အာဏာရှင်တွေရဲ့ အောင်ပွဲလည်းမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်ဟာ စစ်အာဏာရှင်စနစ်ပြုတ် ကျပြီး လွတ်လပ်တဲ့တရားမျှတတဲ့စနစ်ပေါ်ထွန်းရေးပါပဲ။
မြန်မာနိုင်ငံမှာ စစ်တပ်ကရွေး ကောက်ပွဲပဲလုပ်လုပ် ဘာပဲလုပ်လုပ် လုပ်သမျှတွေဟာ သူတို့အာဏာတည်မြဲရေး၊ ကိုယ် ကျိုးရှာရေးတွေပဲဖြစ်နေသမျှ ဘယ်တော့မှမငြိမ်းချမ်းပါဘူး။ တိုးတက်ဖို့ဆိုတာ ဝေလာဝေး ပါ။ ထုံးစံအတိုင်း စစ်တပ်နဲ့ပြည်သူ အမြဲရန်သူဖြစ်နေဦးမှာပါ။
အဲဒီတော့ စစ်တပ်ကလည်း သူ့ရည်ရွယ်ချက်ကို သူသွားနေသလို ကျွန်တော်တို့ကလည်း ကိုယ့်ရည်ရွယ်ချက်ရောက်အောင် အမှန်တကယ်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အဲဒီမှာ ဝေ ခွဲမရနိုင်တဲ့အရာကတော့ ဘယ်နည်းလမ်းတွေသုံးကြမလဲဆိုတာပါပဲ။ ကျွန်တော်အပါအ၀င် လူတော်တော်များများဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး အမြင်အမျိုးမျိုးကွဲလွဲတတ်ကြပါတယ်။
တချို့ဆို အမြင်ကွဲလွဲရုံမျှမက တဦးနဲ့တဦး မုန်းတီးတိုက်ခိုက်တတ်ကြပါတယ်။ မင်းက ဘာကောင်လဲ၊ ငါကဘာကောင်လဲ စသည်ဖြင့် နိုင်ငံ့အရေးထက် ပုဂ္ဂိုလ်ရေးကိုဦးစားပေး လို့ ပြောဆိုလာတတ်ကြပါတယ်။ အဲဒါနဲ့ပဲ ရည်ရွယ်ချက်ကနေသွေဖယ်ပြီး လုပ်ဆောင်ခဲ့ သမျှတွေဟာလဲ အရာမထင်ဖြစ်ခဲ့ကြပါတယ်။ ပြီးခဲ့သမျှ တော်လှန်ရေးတိုက်ပွဲတွေကို ပြန်လည်ဆန်းစစ်ကြည့်မယ်ဆိုရင် စနစ်တကျလုပ် ဆောင်ခဲ့မှု အားနည်းနေတာတွေ့ရပါတယ်။ ဒါ့အပြင် ကြိုတင်ပြင်ဆင်မှုတွေကလည်း မရှိသလောက်ပါပဲ။
ခံစားမှုကိုရှေ့တန်းတင်ပြီးလုပ်ဆောင်ခဲ့ကြတယ်လို့ပဲ မြင်မိပါတယ်။ ရေ ရှည်၊ရေတို ပုံစံချပြီးလုပ်ဆောင်ခဲ့မှုအားနည်းတာကြောင့် စစ်တပ်က ထိပ်ပိုင်းခေါင်းဆောင် တွေကို ထိန်းချုပ်လိုက်တာနဲ့ လှုပ်ရှားမှုတွေလျော့နည်းကျဆင်းသွားပြီး အမှည့်ခြွေခံရတော့ တာပါပဲ။ အဲဒီတော့ တကယ်တမ်းကျွန်တော်တို့စနစ်တကျနဲ့ လုပ်ဆောင်ကြမယ်ဆို မအောင်မြင်နိုင်စရာအကြောင်း မရှိဘူးလို့ပဲမြင်ပါတယ်။ကျွန်တော်ဘလော့ရေးခါစက ရေးခဲ့တဲ့အတိုက်အခံအဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ အဖြစ်အပျက်ကို ပြန်ရေးရမယ်ဆိုရင် စစ်တပ်ကဗိုလ်ရှုပ်တွေနဲ့ နယ်စပ်၊ပြည်ပက ခေါင်း ဆောင်တွေဟာ ညီမျှခြင်းချလို့ရနေပါတယ်။
၁။ ခေါင်းဆောင်တွေက ချမ်းသာနေပြီး ငယ် သားတွေက ဆင်းရဲနေကြခြင်း၊
၂။ ခေါင်းဆောင်တွေရဲ့သားသမီးဆွေမျိုးတွေက နိုင်ငံခြား မှာကျောင်းတက်နေပြီး သာမန်လူတွေရဲ့ဆွေမျိုးတွေက ကျောင်းနေရန်မစဉ်းစားနိုင်ပဲ စားဝတ်နေရးအတွက် ရုန်းကန်လှုပ်ရှားနေရခြင်း၊ ......
အစရှိသဖြင့် တူညီနေကြတယ်ဆို ရင် နှစ်နှစ်ဆယ်ကတော့ နည်းတောင်နည်းနေသေးတယ်လို့ဆိုရမလိုပါပဲ။
နောက်တခါ နိုင်ငံရေးနဲ့မပတ်သက်တဲ့ရိုးရိုးပြည်သူတွေကို ပြန်ကြည့်ရင်လည်း နအဖ မကောင်းဘူးဆိုတာလည်း လက်ခံကြတယ်၊ မုန်းလည်းမုန်းနေကြတယ် သို့သော်အဲဒီအ တွက် ဘာလုပ်ကြမလဲလို့မေးရင် သူတို့မှာ ဘာတာဝန်မှမရှိသလိုလို ဒေါ်စုနဲ့ခေါင်းဆောင် တွေမှာပဲတာဝန်ရှိသလိုလို မရေမရာဖြစ်ကုန်ကြတာပါပဲ။ အတိတ်ဘ၀က ကံမကောင်းလို့ ဟိုဒါကြောင့်ဒီဒါကြောင့်နဲ့ အဖျားရှူးသွားတတ်ကြပါတယ်။ အထဲကပြည်သူတွေဟာ ရက် စက်ကောက်ကျစ်တဲ့ နအဖနဲ့ ထိပ်တိုက်ရင်ဆိုင်နေရလို့ မလူးသာမလွန့်သာဖြစ်နေကြတာ ကို နားလည်ပေးလို့ရပါသေးတယ်။
သူတို့မှာလည်း စားဝတ်နေရေးကတဖက် ရုန်းကန်နေအပြင်မှာရောက်နေတဲ့ သူတွေကိုပြန်ကြည့်လိုက်ရင် နိုင်ငံ့အရေးကိုမပြောနဲ့ဦး သီးလေးသီး ပွဲကိုတောင် မကြည့်ရဲကြတဲ့ သတ္တ၀ါတွေရှိနေသေးတာ တော်တော်အံ့သြဖို့ကောင်းနေပါ တော့တယ်။ ထားပါ အဲလိုလူတွေက အနည်းစုတွေပါ အဲ..အများစုက ဘယ်လိုဖြစ်နေကြ လဲဆိုတော့ အလုပ်သမား၊ကျောင်းသား အစရှိတဲ့လူတန်းစားမျိုးစုံတွေဟာ စစ်တပ်က အောက်တန်းကျနေတာကိုလည်းသိ၊ မြန်မာတွေလည်းကမ္ဘာ့အလယ်မှာ မျက်နှာငယ်နေ တာလည်း ကိုယ်တွေ့၊ အစစအရာတိုင်းပြည်ဆုတ်ယုတ်ပျက်စီးနေတာလည်းမျက်မြင် အထူးသဖြင့် ပြည်ပကိုရောက်နေတဲ့အတွက် ပြည်တွင်းထဲကလူတွေထက် အကြားအမြင် ပိုသာနေပါလျက်နဲ့ အေးတိအေးစက်ဖြစ်နေတာ ဘယ်လိုနားလည်ရမှန်းကိုမသိဖြစ်ရ ပါတယ်ဗျာ။
တချို့တွေကဘယ်လိုပြောတတ်ကြလဲဆိုတော့ ဒီမိုသမားတွေက နှစ်ယောက်သုံးပါတီတွေ နိုင်ငံ့အရေးထက် သူတို့ရှာစားနေတာပဲလုပ်နေကြတာ နှစ်နှစ်ဆယ်ရှိနေပြီ ခုထိဘာမှမဖြစ် မြောက်လာသေးဘူး...... အစရှိသဖြင့်မြည်တွန်ပြီး အဲဒါတွေကြောင့် စိတ်ပျက်ပါတယ်၊ ဒီပုံနဲ့ကတော့ ဘယ်လိုမှကောင်းဖို့မမြင် ........ နဲ့ပြောတတ်ကြပါတယ်။ တကယ်ဖြစ်သင့်တာကရှေ့ကလူတွေလုပ်လို့အချိုးမပြေရင် ကိုယ်ကိုယ်တိုင်က မှန်ကန်တဲ့၊ တိကျတဲ့၊ ထိရောက်တဲ့အလုပ်မျိုးကို အားသွန်ခွန်စိုက်မလုပ်သင့်ဘူးလားခင်ဗျာ။ ခုတော့သူများကိုအ ပြစ်ပြောပြီး ကိုယ်တိုင်ကတော့ ဘ၀တိုးတက်ရေးအတွက် အလုပ်တွေကောင်းသထက် ကောင်းတာတွေရှာ ဘ၀အာမခံချက်ရှိနိုင်မယ့်ပညာတွေသင်နဲ့ ကိုယ့်အတ္တအတွက်ပဲလုပ် နေကြတာပဲမဟုတ်လား။
ကိုယ့်ဟာကိုယ် တိုင်းပြည်အတွက်မစွန့်စားချင်တာကို သူများ အပြစ်ပုံချ အကြောင်းပြနေတာပဲလို့ မြင်မိပါတယ်။ အထက်ပါစိတ်ထားရှိတဲ့သူများကို တခုတော့လေးလေးနက်နက်ပြောချင်ပါတယ်၊ ကိုယ်တ ဦး ၊တမိသားစု ဘယ်လောက်ပဲကောင်းစားနေပါစေ တိုင်းပြည်နဲ့လူမျိုးနိမ့်ကျနေ သမျှတော့ ဘယ်တော့မှ စိတ်ချမ်းသာစွာနဲ့ ခေါင်းမော့နိုင်မှာမဟုတ်ပါဘူး။
ညစ်ပတ်ရွံရှာဖွယ်ဖြစ်နေတဲ့ အမှိုက်ပုံပေါ် မှာထိုင်ပြီး ဒန်ပေါက်နဲ့ကြက်သားထိုင်စားနေသလိုပဲဖြစ်နေမှာပါခင်ဗျာ။ ဒီတော့ကာ ကျွန်တော်တို့တိုင်းပြည် အာဏာရှင်လက်အောက်ကလွတ်မြောက်ဖို့ဆိုတာ လွယ်လွယ်နဲ့မရနိုင်ဘူးဆိုတာ အထူးပြောဖို့မလိုပါဘူးခင်ဗျာ။ လူတန်းစားပေါင်းစုံအသီးသီး ပါဝင်ပြီး ပုံစံမျိုးစုံနဲ့ စနစ်တကျဆောင်ရွက်မှသာ အောင်မြင်နိုင်ပါမယ်။ တခြားသူများကိုပါဝင်ဖို့မပြောမီ မိမိကိုယ်တိုင်က အရင်ဦးဆုံးလုပ်ဆောင်ရပါမယ်။ ဒီနေရာ မှာ ကျွန်တော်ယုံကြည်တဲ့အရာကိုတင်ပြချင်ပါတယ်။
နိုင်ငံရေးဆိုတာ ၀ုန်းကနဲ ထလုပ် တာထက် ကြိုတင်ပြင်ဆင်ပြီးမှ လုပ်ဆောင်ရမယ်လို့ထင်ပါတယ်။ ပထမဆုံးအနေနဲ့ ကိုယ့် ရဲ့စိတ်ပိုင်းဆိုင်ရာကို လေ့ကျင့်ပေးရမယ်လို့ထင်ပါတယ်။ အထူးသဖြင့်စိတ်လှုပ်ရှားလွယ် ဖြစ်တတ်တဲ့အကျင့်ကို ထိန်းချုပ်နိုင်ဖို့အရေးကြီးပါတယ်။ မတည်ငြိမ်တဲ့စိတ်ဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကိုချဖို့ တော်တော်ခက်ခဲမယ်လို့ထင်ပါတယ်။
ဒါကြောင့်စိတ်လေ့ကျင့်ခန်းတွေ လုပ်ကိုလုပ်ရမယ်လို့ထင်ပါတယ်။ ကမ္ဘာကျော် နိုင်ငံရေးခေါင်းဆောင်တွေ၊ စီးပွါးရေးသမား တွေ၊ တီထွင်ဖန်တီးရှင်တွေ ထိပ်ဆုံးရောက်အောင်တွန်းပို့ပေးခဲ့တာ ဒီစိတ်စွမ်းအားတွေပဲ လို့ ယုံကြည်ပါတယ်။ ပြင်းပြတဲ့စိတ်ဆန္ဒသာရှိနေမယ်ဆိုရင် အောင်မြင်မှုရဲ့လမ်းကြောင်းကို လွယ်လွယ်ရှာဖွေနိုင် မယ်လို့ထင်ပါတယ်။ ကျွန်တော်ပြောခဲ့တာတွေဟာ ဘာမှမထူးဆန်းဘူးလို့ ထင်ကောင်း ထင်နိုင်စရာပါ။
ကြိုက်သလိုလည်းထင်မြင်နိုင်ပါတယ်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းတို့က အစ လက်ရှိ ထောင်ထဲမှာဒုက္ခခံစားနေရတဲ့ ခေါင်းဆောင်တွေအဆုံး သူတို့အားလုံးဟာ အဲဒီပြင်းပြတဲ့တိုင်းချစ်ပြည်ချစ်စိတ်၊ ကိုယ့်တိုင်းပြည်ကို ကောင်းစားစေချင်တဲ့ဆန္ဒတွေနဲ့ပဲ အရာရာကိုစွန့်လွှတ်ပြီး ဆင်းရဲဒုက္ခတွေကိုရင်ဆိုင်ခဲ့ ရင်ဆိုင်နေကြဆဲပါပဲ။ အဲဒီပြင်းပြတဲ့ စိတ်ဆန္ဒတွေမရှိခဲ့ရင်တော့ လမ်းတ၀က်မှာအဖျားရှူး၊ အကြောင်းအမျိုးမျိုးပြ ခြေတလှမ်းမ ရှေ့မတိုးရဲတဲ့ လူတွေ ဖြစ်နေကြဦးမှာပါ။
ဒါကြောင့် နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ အမိနိုင်ငံတော်အတွက် စနစ်တကျနဲ့လုပ်ဆောင် တိုက်ပွဲဝင်ကြမယ်လို့ မျှော်မှန်းမိပါတယ်။ အကိုကြီးမင်းဒင်ရေးထားခဲ့သလို တိုက်တတ်ရင် အောင်ပွဲဖြစ်တယ် လို့ပဲ ထပ်လောင်းပြောကြားချင်ပါတယ်ခင်ဗျာ။