တောင်းပန်ပါရစေ

ကျွန်တော်ဟာ ဘာကောင်မှမဟုတ်ပါဘူး။ သာမန် မြန်မာနိုင်ငံသားတစ်ယောက်ပါပဲ။ ခင်ဗျားတို့လိုပဲ ကျွန်တော်လည်း တိုင်းပြည်နဲ့လူမျိုးကို ချစ်တတ်ပါတယ်။

မြန်မာနိုင်ငံသား တော်တော်များများလိုပဲ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းတို့ ကို လေးစားကြည်ညိုပါတယ်။ ခုတလောကြားရမြင်ရတာတွေကြောင့် ရင့်ထဲမှာအောင့် အောင့်လာလို့ ဒီစာကိုရေးရတာပဲဖြစ်တယ်။

ကျွန်တော်အခုပြောချင်တာကဘလော့တွေမှာ လူပြောများနေတဲ့ ဟစ်ဟော့အကြောင်းနဲ့ တိုင်းရင်းသားတချို့ရေးတင်ထားတဲ့ စာတပုဒ် အကြောင်းပါပဲ။ အဓိက ကတောင်းပန်ချင်လို့ပါ၊ ဘယ်လိုတောင်းပန်ချင်လဲဆိုတော့ ခင်ဗျား တို့ယုံကြည်ယူဆထားတဲ့အကြောင်းတွေ၊ ပြောချင်တာတွေကို လွပ်လွပ်လပ်လပ်နဲ့ပြောကြ ပါဗျာ။

ကျွန်တော်တို့ခေါင်းဆောင်ကြီးတွေကို နှိုင်းယှဉ်ဆွဲထည့်ပြီး မလုပ်ကြပါနဲ့။ပထမဆုံး ဗိုလ်ချုပ်ရဲ့မိန့်ခွန်းနဲ့နှိုင်းယှဉ်ထားတဲ့ ဟစ်ဟော့ကိစ္စကို နဲနဲပြောချင်တယ်။ အဲဒီ လိုနှိုင်းယှဉ်ပြီးရေးတဲ့သူတွေကိုယ်တိုင်လည်း ကျွန်တော်လိုပဲ ဗိုလ်ချုပ်ကိုလေးစားကြည်ညို တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

ဒါပေမဲ့ ခင်ဗျားတို့ကိုးကားတာ နေရာလွဲနေတယ်လို့ ကျွန်တော်ခံစားရတယ်။ ခင်ဗျားတို့သိတဲ့အတိုင်း ဗိုလ်ချုပ်ဟာ သူ့ဘ၀တလျှောက်လုံး နိုင်ငံ နဲ့လူမျိုးအတွက် ပေးဆပ်ခဲ့တယ်။ အခုအငြင်းပွါးနေတဲ့လူငယ်တွေရဲ့အသက်အရွယ်မှာကို ပဲ အဲဒီလူငယ်တွေဘ၀မှာရနိုင်တဲ့ ပျော်ရွှင်မှုတွေဘေးချိတ်လို့ နိုင်ငံနဲ့လူမျိုးအရေးအတွက် သူ့အနာဂတ်ကို စတေးခဲ့ပါတယ်။ နောင်လာနောက်သားတွေအတွက် အတူယူစရာတွေ စံထားစရာတွေလည်း အများကြီးလုပ်ပြခဲ့ပါတယ်။ သူလိုနိုင်ငံ့ခေါင်းဆောင်မျိုး လွယ်လွယ် နဲ့မပေါ်နိုင်ပါဘူးဗျာ။

အဲဒါကို ဘာမဟုတ်တဲ့အကြောင်းအရာမှာ ဘာမဟုတ်တဲ့ လူတွေနဲ့ နှိုင်းရေးတာဖတ်လိုက်ရတော့ ကျွန်တော့်ရင်ထဲမှာတော်တော်အောင့်သွားပါတယ်။ရေးတဲ့လူတွေကိုယ်တိုင်ကလည်း ရုတ်တရက်အမှတ်မထင် ရေးမိတယ်လို့ပဲ နားလည်ပေး ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့လည်း ကျွန်တော့်လိုပဲ ဗိုလ်ချုပ်ကို လေးစား ကြည်ညိုပြီးသားလို့ ယုံကြည်ထားလို့ပါပဲ။

ဒါကြောင့်မို့လို့ နောက်ကို ဘာမဟုတ်တဲ့အ ကြောင်းအရာတွေမှာ ဘာမဟုတ်တဲ့လူတွေနဲ့ ဗိုလ်ချုပ်ကို မနှိုင်းပါနဲ့လို့ တောင်းပန်ပါတယ်။ ဗိုလ်ချုပ်ဟာအနှိုင်းမဲ့လူသားမဟုတ်ပေမဲ့ တော်ရုံတန်ရုံလောက်နဲ့တော့ မနှိုင်းကောင်းဘူး၊ မနှိုင်းအပ်ဘူးလို့တော့ ရိုးသားစွာယုံကြည်ပါတယ်။ ဟုတ်ကဲ့ ကျွန်တော်တို့ဗိုလ်ချုပ်ကို မပြောပလောက်တဲ့လူတွေနဲ့ ထပ်တူနှိုင်းတာမျိုး မလုပ်ဖို့ ထပ်ပြီးတောင်းပန်ပါတယ်။နောက်ထပ်တောင်းပန်ချင်သေးတဲ့လူတွေရှိပါသေးတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကို ရေးသားထားတဲ့အကြောင်းလေးပါ။ ကျွန်တော်ဘလော့တွေလည်ရင်းနဲ့ တိုင်းရင်းသား တွေရေးတဲ့ စာမျက်နှာတခုကို ရောက်သွားပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်ရင် တိုင်းရင်းသား တွေရဲ့သဘောထားတွေ လုပ်ဆောင်ချက်တွေကလည်း အင်မတန်အရေးကြီးတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

ကျွန်တော်လည်းအလျှင်းသင့်သလို လေ့လာခဲ့ပါတယ်။ တချို့ နေရာတွေမှာ အမြင်ချင်းဆန့်ကျင်နေပေမဲ့ ဒီနေ့ဒီအချိန်မှာ မပြောသင့်သေးဘူး၊ မပြောအပ် သေးဘူးလို့ ယူဆထားတာကြောင့် တခါတလေရင်နာစရာတွေနဲ့ကြုံရင်တောင်မှ မျိုသိပ် ထားခဲ့ပါတယ်။ အဓိကကတော့ ဒီနေ့ဒီအချိန်မှာ အင်မတန်အရေးတကြီးလိုအပ်နေတဲ့ စည်းလုံညီညွတ်မှု ကို အလေးထားလို့ပါပဲ။

စစ်ကျွန်ဘ၀ကလွတ်မြောက်ဖို့ဆိုရင် စည်းလုံးညီညွတ်မှု ပူးပေါင်း ဆောင်ရွက်မှုတွေမရှိဘဲနဲ့ မဖြစ်မြောက် မအောင်မြင်နိုင်ဘူးလို့ယုံကြည်ထားလို့ပါပဲ။ တော် ရုံတန်ရုံကိစ္စတွေလောက်ဆို ဘာမှမပြောချင်ပေမဲ့ အခု ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ပုတ်ခတ်ထားတဲ့ဟာက စည်းလုံးမှုကိုထိခိုက်နိုင်တာကြောင့် တောင်းပန်တဲ့အနေနဲ့ ရေးရ တာပါ။

အဲဒီဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ပုတ်ခတ်ရေးလိုက်ရင် ခင်ဗျားတို့အတွက် ဘာတွေအကျိုးထူးသွားမှာလဲဗျာ၊ နောက်ပြီးအဲဒီအကြောင်းအရာဟာ အမှန်တကယ်ပဲလား ဆိုတာ ခင်ဗျားတို့ကိုယ်တိုင်လည်း သေချာမသိဘူး။ အထောက်အထားလည်းမရှိဘူး၊ ခင်ဗျားတို့ကိုယ်တိုင်လည်း တခြားတိုင်းရင်းသားဝဘ်ဆိုဒ်မှာတွေ့လို့ ကူးလာတာလို့ပဲဆို ထားတော့ ဒီအခြေအမြစ်မရှိတဲ့ဟာက ဘာတွေများအကျိုးပြုသွားလို့ ခင်ဗျားတို့ရေးတင် ထားတာလဲဗျာ။

အဲဒီလိုတင်ထားရင် ဖြစ်လာနိုင်တာက စစ်ကျွန်ဘ၀ရောက်နေတဲ့လူတွေအချင်းချင်း မုန်း တီးမှုတွေများလာမယ်၊ ညီညွတ်မှုတွေပြိုကွဲမယ်၊ စစ်တပ်ကတော့ပြုံးပြုံးကြီးကြည့်နေမယ်၊ ဒါတွေပဲဖြစ်လာတော့မှာပေါ့ဗျာ။ ခင်ဗျားတို့ ကျွန်တော်တို့လိုချင်နေတဲ့ လွတ်လပ်ခွင့်တွေ တန်းတူညီမျှခွင့်တွေရဖို့ ဘယ်လိုနည်းလမ်းတွေရှာကြံပြီးလုပ်ကြမယ်၊ ပူးပေါင်းဆောင်ကြ မယ်ဆိုတာတွေရေးရင် ပိုမကောင်းဘူးလားဗျာ။

တကယ်တော့ တိုင်းရင်းသားတွေထဲမှာ လည်း စစ်ကျွန်ဘ၀ရောက်နေတဲ့သူအချင်းချင်း ကိုယ်ချင်းစာပေးတဲ့၊ အမြင်ကျယ်တဲ့လူ တွေအများကြီးရှိပါတယ်။ အစွန်းရောက်တဲ့လူဆိုတာ တိုင်းရင်းသားမှမဟုတ်ဘူး ဗမာတွေ ထဲမှာလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ ဒီချိန်မှာကတော့ ညီညွတ်မှုတွေလိုနေတာ အားလုံးအသိပဲမဟုတ်လား။ အဲဒါကြောင့် ကျွန်တော်တောင်းပန်ချင်တာကတော့ ဘုံရန်သူကိုချေမှုန်းဖို့ပဲ အာရုံစိုက်ကြ ပါ၊ လုပ်ဆောင်ကြပါဗျာ။

ရန်သူအားပေးဖြစ်မယ့် လုပ်ဆောင်ချက်တွေ ပြုမူချက်တွေကို အတတ်နိုင်ဆုံး ရှောင်ကြပါလို့ တောင်းပန်ချင်ပါတယ်။ အခုကျွန်တော်တို့ခင်ဗျားတို့ဟာ စစ်ကျွန်ဘ၀တောင်မက ကမ္ဘာ့ကျွန်ဘ၀အထိဖြစ်နေပြီ။ ဒါကြောင့် ဒီလိုဘုံကျွန်ဘ၀တွေ ကို နောင်လာမယ့်မျိုးဆက်ထိမရောက်အောင်ကိုပဲ ခင်ဗျားတို့ကျွန်တော်တို့ အာရုံစိုက်သင့် ပါတယ်။

ခုချိန်မှာ စစ်တပ်ကကောင်တွေက ကျွန်တော်တို့အချင်းချင်း သွေးကွဲအောင် အာရုံလွဲအောင် နည်းမျိုးစုံသုံးပြီး လိုက်ဖွနေချိန်မှာ ကျွန်တော်တို့တွေ အရင်ကထက်ပိုပြီး သတိထား အာရုံစိုက်သင့်ပါတယ်။ ဒီစာကိုရေးဖို့ ကျွန်တော်တော်တော်စဉ်းစားခဲ့ပါတယ်။ ပေါ့စေလိုလို့ ကြောင်ဆေးထိုးကာမှ ဆေးအတွက်ပိုလေးရတယ် ဆိုသလိုမဖြစ်စေချင်ပါဘူး။

ဒီစာကိုဖတ်ပြီးရင် တခြားဘာ အကြောင်းအရာကိုမှ အာရုံမထားပဲ ညီညီညွတ်ညွတ်နဲ့ ဘယ်လိုဆက်လက်လုပ်ဆောင်ကြ မယ်ဆိုတာကိုပဲ အဓိကထားဖို့ တောင်းပန်ပါတယ်ခင်ဗျာ။ မှားတာပဲဖြစ်ဖြစ် မှန်တာပဲဖြစ် ဖြစ် အတိတ်သမိုင်းဆိုတာ သင်ခန်းစာယူရုံမျှသာလို့ပဲ ပြောပါရစေတော့ခင်ဗျာ။ ဟုတ်ကဲ့ .. ........................................................တောင်းပန်ပါတယ်။ 

4 comments:

ကလူသစ် said...

ဒီလိုပါပဲ မောင်ကျည်ပွေ့ရေ..... မမြင်ချင်ရင်တော့လဲ ကျော်ဖတ်လိုက်တာပါပဲ....လွတ်လပ်ခွင့်ခေါင်းစဉ်အောက်မှာကိုးကွဲ့

ကလိုစေးထူး said...

လူတိုင်းတော့ အမြင်က လုံးဝဥဿုံတူနိုင်ဖို့ဆိုတာက ခဲယဉ်းသားကလား ကိုကျည်ပွေ့ရေ။ ကိုလူသစ်ပြောသလို မမြင်ချင်ရင် ကျော်ဖတ်ရတော့မယ် ထင်ပါရဲ့ဗျာ။

သစ်နက်ဆူး said...

ကိုပွေ့ ...
တောင်းပန်မှုကို သေချာဖတ်သွားပါတယ်...။
ဘာမှကို မပြောချင်ဘူးဗျာ...
ကျနော် စောင်းမတီးတတ်ဘူးဗျ..။

moethee.blogspot.com said...

ကိုကျည်ပွေ့ ရေ
တိုင်းရင်းသားBlogg တွေမှာ ဘာတွေရေးတယ်ဆိုတာမဖတ်ရပေမဲ့၊
ဒါနဲ့ပတ်သက်ပြီး ဖတ်ဖူးတဲ့ ဗိုလ်ချုပ်ပြောခဲ့တဲ့စကားတစ်ခွန်းကိုပြန်သတိရတယ်ဗျာ၊ ပင်လုံစာချုပ် ထဲမှာ တိုင်းရင်းသားတွေကို နောင်၁၀ နှစ်ကြာရင်ပြည်မကနေခွဲထွက်ချင်ရင် ထွက်နိုင်တယ်ဆိုတဲ့အချက် ကိုထည့်ပေးဖို့ ဗိုလ်ချုပ် ကသဘောတူလိုက်တာနဲ့ ပတ်သက်ပြီး သဘောမတူစိုးရိမ်ကြတဲ့သူတွေကို ဗိုလ်ချုပ် က " နောင် ၁၀ နှစ် ကြာတဲ့အတွင်း တိုင်းရင်းသားတွေကို ပြည်မထဲမှာနေဖို့မစည်းရုံးနိုင်ရင်၊ ကျွန်တော်တို့ဗမာတွေညံ့ လို့ ပေါ့ဗျာ" လို့ ပြောခဲ့ဘူးပါတယ်၊
ဗိုလ်ချုပ်တို့ ကျဆုံးပြီးနောက် မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ ကြတဲ့ အဆက်ဆက် သော အစိုးရတွေရဲ့ ညံ့ဖျင်းမှု့ က အဓိက ကျတယ်လို့ထင်ပါတယ်၊

 

©2009 မောင်ကျည်ပွေ့ | Template Blue by TNB