၂၀၁၁/၂ ကျီးအာသီး.....

ကမ္ဘာ့အမြင်၊မြန်မာ့အမြင်တွင်ယေဘူယျအားဖြင့်တွင် ထိုင်းနိုင်ငံသည် ဒီမိုကရေစီစနစ်ထွန်းကားသော နိုင်ငံ အဖြစ်မြင်ကြမည်ဖြစ်သည်။ ကျွန်ုပ်သည်လည်း ယခင်အခါက ဤသို့ပင်မြင်ခဲ့သည်။ သို့သော် နောက်ပိုင်း တွင်မူ တရားမျှတမှု၊လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်၊တရားဥပဒေစိုးမိုးမှု စသောအခြေခံပြည်သူ့အခွင့်အအရေး ဆိုင်ရာတို့တွင် သံသယဖြစ်ဖွယ်များကို မြင်တွေ့လာရသည်။ အာဏာကိုချုပ်ကိုင်ထားနိုင်သော လူ နည်းစုက ဥပဒေ၏အထက်တွင်ရှိနေပြီး အာဏာနှင့်စီးပွါးရေးအခွင့်အလမ်းများ၊ နိုင်ငံတော်ဘဏ္ဍာငွေများ ကို စိတ်ကြိုက်ချယ်လှယ်နေကြသည့်အပြင် သာမန်ပြည်သူများအဖို့ မတရားမှုများနှင့်ကြုံလာပါက ဥပဒေ၏ စောင့်ရှောက်မှုကို ခံစားခွင့်ရနိုင်ရန် မလွယ်ကူကြဟု ထင်မြင်လာမိပါသည်။

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အဆင့်မီဥပဒေမျိုးစုံပြဌာန်းထားရှိသည်။ ပြည်သူများအနေဖြင့်ထိုဥပဒေများအရ တန်း တူအခွင့်အရေးများ စွာရှိသည်ဟု ဆိုနိုင်သော်လည်း အဆင့်ပေါင်းများစွာဖြတ်သန်းရခြင်း၊ နှစ်ပေါင်းများစွာ အချိန်ပေးရခြင်း၊ ဥပဒေကို လိုရာအဓိပ္ပါယ်ဖွင့်ဆို၍ရခြင်း စသောအခက်အခဲများကြုံရသည်မှာ တမင်ပင်ပြု လုပ်ထားသကဲ့သို့ တွေးယူနိုင်စရာပင်။ ဥပမာ- လုပ်ငန်းခွင်ကြောင့် အဆုတ်ရောဂါရ၍ နစ်နာခဲ့ရသော ထိုင်း အလုပ်သမားများသည် အလုပ်ရှင်ထံမှ နစ်နာကြေးတောင်းခံကြရာ သက်သေအထောက်အထားခိုင်မာ ပြည့်စုံကြပါလျှက် တရားရုံးတော်တွင် ၁၅နှစ်ကြာ တရားရင်ဆိုင်ခဲ့ကြရသည်။ ထိုတရားရင်ဆိုင်နေစဉ် ကာလအတွင်း အအချို့မှာလည်း ရောဂါကြောင့် ကွယ်လွန်ခဲ့ကြရသည်။ ၁၅နှစ်ကျော် တရားရင်ဆိုင်ပြီးမှ သာ တစ်ဦးလျှင် ဘတ်တစ်သိန်းကျော်ခံစားခွင့်ရစေဟု အမိန့်ချသည်။ ရရှိသောနစ်နာကြေးနှင့် တရားစား ရိတ်၊အချိန်ကာလ တို့မှာ ညီမျှမှုမရှိပေ။ နောင်တွင်လည်း အလားတူကိစ္စရပ်အပေါ် မည်သူမျှ တရားဥပဒေ လမ်းကြောင်းကို အသုံးချချင်စိတ် ရှိတော့မည်မဟုတ်ဟု ထင်မိပါသည်။

ထို့အတူ မြေယာပိုင်ဆိုင်ခွင့်ကိစ္စ ရပ်များတွင် အာဏာပိုင်နှင့်အရင်းရှင်တို့ ပူးပေါင်းမှုကြောင့် မိမိဘိုးဘွားပိုင် မြေပေါ်တွင် ဥယျာဉ်ခြံလုပ်စားနေ လျက်က ပိုင်နက်ကျူးကျော်မှုဖြင့် ထောင်ချခံရသောဖြစ်ရပ်များ ဖြစ်ပေါ် လျက်ရှိနေသည်။ အရင်းရှင်က ပိုင်ဆိုင်ကြောင်းစာရွက်စာတမ်းပြရာတွင် ထိုအရင်းရှင်ကို ရောင်းချပေးသူ ဟု လက်မှတ်ထိုးထားသူသည် ထိုကာလတွင် ကွယ်လွန်သွားပြီးသူဖြစ်နေခြင်း၊ မွေးပင်မမွေးသေးခြင်း စသော ကမောက်ကမနိုင်လှသည့် ဖြစ်ရပ်များနှင့်ကြုံတွေ့ကြရသည်။ သို့သော်လည်း သာမန်ဆင်းရဲသား ခြံသမားတို့မှာမူ ထောင်ကျစေဟု အမိန့်ချခံရသည့်အပြင် အာမခံလည်းထုတ်မရသည့်အဖြစ်နှင့် ကြုံ တွေ့ခဲ့ရသည်။ ထိုအထဲမှ တစ်ဦးသည် ထောင်ထဲမှာပင် သေဆုံးခဲ့ရသည်။ ဥပဒေစိုးမိုးမှုမှာ မေးခွန်းထုတ် စရာ သံသယ၀င်စရာပင်ဖြစ်တော့သည်။

အလားတူပင် လယ်မြေအများစုသည် အရင်းရှင်ကြီးများ၏လက်ထဲတွင်ကျရောက်နေပြီး လယ်လုပ်သူလယ် သမားတို့က သူရင်းငှားဘ၀နှင့်ရုန်းကန်နေရခြင်း၊ စပါးဈေးနှိမ်ခံရခြင်းတို့မှာ ကမ္ဘာပေါ်တွင် ဆန်တင်ပို့မှု၌ နံပါတ်တစ်ဟုဆိုသော ထိုင်းနိုင်ငံတွင်ဖြစ်ပွါးနေပြီး လယ်သမားတို့မှာ ဆင်းရဲတွင်းထဲတွင်သာ ရုန်းကန်နေ ကြရသည်။ အခြေခံလူတန်းစားနင်းပြားတို့၏ဘ၀ကား အာဏာရှင်စနစ်ဖြင့်အုပ်ချုပ်သောနိုင်ငံများနှင့် ကွာ ခြားမှု မရှိလှပေ။ ထိုင်းနိုင်ငံတွင် နိုင်ငံရေးအာဏာကို စစ်ဗိုလ်ချုပ်များနှင့်အရင်းရှင်များကသာ ချုပ်ကိုင်ထား သလိုဖြစ်နေသည်။ လက်ရှိနိုင်ငံရေးပဋ္ဋိပက္ခမှာလည်း စစ်ဗိုလ်ချုပ်များနှင့်အပေါင်းအပါများကတစ်ဖက်၊ အခြေခံလူတန်းစားကိုစည်းရုံးထားနိုင်သောအရင်းရှင်ဘူဇွာတို့ကတစ်ဖက် အာဏာရရန်လုနေကြခြင်းဟု သာ ယေဘူယျပြောနိုင်သည်။ အကယ်၍ ရှေးယခင်ကကဲ့သို့ ၎င်းတို့အချင်းချင်း သူ့စီးပွါးကိုယ့်စီးပွါးခြားပြီး အပေးအယူမျှတသွားပါက အခြေခံလူတန်းစားတို့ဘ၀မှာ အရေးလုပ်မခံရပဲ ဒုံရင်းသို့ပြန်ဆိုက် သွားရမည် သာဖြစ်သည်။

ကျွန်ုပ်တို့ ရွှေပြည်ကြီးတွင်လည်း လွှတ်တော်နိုင်ငံရေး၊ ဥပဒေပြဌာန်းခွင့် စသည်ဖြင့်အော်နေကြသော ပုဂ္ဂိုလ်များကိုကြည့်၍ ကျွန်ုပ်မှာ ရင်မောမိသည်။ တရားဥပဒေပြဌာန်းချက်များ မည်သို့ပင်ရှိနေ တရားဥပဒေ စိုးမိုးမှုမရှိလျှင် ကျီးအာသီးဥပဒေသာဖြစ်ပြီး ပြည်သူတို့အတွက် အနှစ်သာရမဲ့မည်ဖြစ်သလို နိုင်ငံ့အနာဂတ် မှာလည်း ကောင်းရန်အလားအလာမဲ့နေမည်သာ။ အမှန်တရားကိုချမပြရဲပဲ ပြည်သူကိုလိမ်ရင်း၊ကမ္ဘာကိုလိမ် ရင်း နောက်ဆုံးကိုယ့်ကိုယ်ကိုလည်းလိမ်ကြဦးမည်ဖြစ်သည်။ ကျွန်ုပ်နှင့်ရင်းနှီးသော ထိုင်းတစ်ဦး၏စကား တစ်ခွန်းမှာ ရွေးကောက်ပွဲမှာ မဲပေးတာ လူကောင်းကိုရွေးဖို့မဟုတ်ဘူး။ မကောင်းတဲ့လူတွေထဲက မကောင်းတာအနည်းဆုံးဖြစ်မယ်ထင်တဲ့သူကို ရွေးနေတာပဲဖြစ်တယ်။ ရွေးရင်းရွေးရင်းနဲ့ နောက်ဆုံးမှာ တော့ စားတာလဲစားကြပေါ့ကွာ ပြည်သူဖက်နဲနဲလေးတော့ပြည်ကြည့်ကြပါလို့ပဲ ပြောနိုင်တော့တယ်။ ဒါ ကြောင့် ဒို့ဟာ ဆန္ဒမဲပေးတာမဟုတ်တော့ဘူး၊ တောင်းပန်မဲပေးနေရတာ။ ဒို့ကိုလည်းပြန်ကြည့်ကြပေးပါလို့ တောင်းပန်ရင်း မဲပေးနေရတာကွဟူ၏။

ထိုင်းနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော၊ဖြစ်ပေါ်နေသော နိုင်ငံရေးဖြစ်စဉ်ကိုကြည့်ရင်း ထိုဖြစ်စဉ်အတိုင်း စစ်ဗိုလ်ချုပ် များနှင့်အပေါင်းအပါတို့က နိုင်ငံ့အာဏာ၊စီးပွါးရေးများ ကိုယ်ကျိုးအသုံးချမှုကို ပုံတူကူးနေသော ရွှေပြည်ကြီး မှ စစ်ဗိုလ်ချုပ်များကြောင့် အနာဂတ်အတွက် ရင်လေးမိပါသည်။ ထို့ပြင်တ၀ ထိုလမ်းစဉ်ကြီးကို အားပါးတရ ထောက်ခံသမှုပြုလုပ်ကြကုန်သော မိမိကိုယ်မိမိ တတိယအုပ်စုဟုခံယူကြကုန်သော ပညာရှိမင်းများကို ကြည့်ရင်း သက်ပြင်းပူကြီးချမိပါတော့သည်။ (နှစ်နှစ်ဆယ်ကျော် ဒီမိုကရေစီအကြောင်းပြ ကိုယ်ကျိုးရှာ သမားတို့အကြောင်းတော့ ထည့်မစဉ်းစားတော့ပါ)

1 Comentário:

ကလူသစ် said...

တောင်းပန်မဲတဲ့လား။ ကြိုက်သဗျာ။ ဒါပေမဲ့ မြန်မာက ထိုင်းလောက်ဖြစ်ရင်တောင် တော်တော်တိုးတက်လာပြီလို့ ပြောရမလိုပဲ။ ထိုင်းမှာက အနဲအကျဉ်းတော့ မကျေနပ်ရင် မကျေနပ်ဘူးအော်လို့ရသေးတယ်မဟုတ်လား။

 

©2009 မောင်ကျည်ပွေ့ | Template Blue by TNB