ကမ္ဘာကျော်ဟာသ

ကျွန်ုပ်တို့၏ရွှေမြန်မာပြည်ကြီးမှနေ၍ အလွန်စေတနာကောင်းသော အုပ်စုတစ်စုသည် ကမ္ဘာသူကမ္ဘာသားများ စိတ်အပန်းပြေစေရန် ဟာဒယရွှင်ဆေး တိုက်ကြွေးလျက်ရှိသည်။ နာဂစ်မုန် တိုင်းကြောင့် သေဆုံးသွားရသော ကျွဲကောင်ရေ၊ နွားကောင်ရေ၊ ဘဲကောင်ရေ၊ ကြက်ကောင်ရေ မည်ရွေ့မည်မျှရှိကြောင်း ကို အစည်းအဝေးအလယ်၌ပြောဆိုတင်ပြ၍ ဒေါ်လာတောင်းသော ကျက်သရေတုံးများ၏ စကားကြောင့် ကမ္ဘာ့ပြည်သူများက မပြုံးပဲဝါးလုံးကွဲရယ် ဟူသောစကားအတိုင်း ပင် ဖြစ်နေတော့သည်။ ထို့အတူ စာရင်းအတိအကျကောက်နိုင်စွမ်းသော ခေတ်လွန်နည်းပညာတစ်ရပ် မြန်မာပြည်၌ရှိနေကြောင်းလည်း ကမ္ဘာ့ပြည်သူများသိလိုက်ရပါသည်။ ဂုဏ်ယူဖွယ်ကောင်းလေစွ…. (ဒါတောင် ဆူတာမိဗုံးအကြောင်းမသိသေးလို့ ၊သိများသိသွားရင် သိပ္ပံဆိုင်ရာနိုဗယ်ဆုတွေပေးကြဦး မယ်ထင်တယ်) ထိုအစည်းအဝေးသို့ တက်ရောက်ခဲ့သော ပုဂ္ဂိုလ်တစ်ဦးက မုန်တိုင်းဒဏ်ကြောင့် သေဆုံး၊ ပျောက်ဆုံး၊ ပြောင်းရွှေ့ သွားသော ငါးများစာရင်းကိုပါ ကြေငြာချက်ထုတ်သင့်ကြောင်း မချင့်မရဲနှင့် ပြောသွားပါသည်။ ကျွန်ုပ်ကဲ့သို့ အကြောင်းသိသူများက တိရိစ္ဆာန်စာရင်းကို တိရိစ္ဆာန်များ ကောက်ယူခြင်းသာဖြစ်၍ တိကျစွာ စာရင်းထွက်လာခြင်းကို မအံ့သြတော့ပါ။

ထို့အတူ ကယ်ဆယ်ရေးလုပ်ငန်းတွေပြီးဆုံးလို့ ထူထောင်ရေးလုပ်ငန်းတွေ စတင်နေပြီဖြစ် ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သေးသည်။ (ပေါရဲပေစွ) အနှီကဲ့သို့ ကမ္ဘာ့ပြည်သူများကို မျက်လှည့်ပြ ဟာသပြောနေသော ဂျိုကုပ်များကို အားကျပြီးသကာလ နောက်လိုက်ဂျိုထောင်အပေါင်းတို့ကလည်း အင်တာနက်စာမျက်နှာများမှနေ၍ မအိပ်မနေ ၀ိုင်းဟောင်လျက်ရှိပေသည်။ စွေစောင်းနှင့်အပေါင်းအပါ များ၊ ငကြောင်မျိုး၊အခြောက်မြေ အစရှိသဖြင့် ဂုဏ်သရေမရှိ အဲလေ ရှိ ဘလော့များမှတသွယ် စီဘောက်တကာတို့တွင် နာမည်မျိုးစုံတို့နှင့်တဖုံ အများပြည်သူ မျက်စိနောက်ရန် အားထုတ်နေကြပေ သည်။ ထို့ကြောင့် အများပြည်သူစိတ်ချမ်းသာရေးအတွက် နေနတ်နွယ်၊ ကိုလျှာရှည်တို့မှ တာဝန်ယူ၍ ခွေးနှာနုရိုက်ခြင်းကို လုပ်ဆောင်နေကြပေသည်။ သာဓုပါခင်ဗျာ။

နောက်ဆုံးသတင်းအနေဖြင့် ယခုအခါတွင် ယမမင်းကြီးသည် အထူးစပါရှယ်ငရဲအိုးများပြုလုပ် ၍ အထူးစပါယ်ရှယ်ငရဲထိန်းသင်တန်းများသင်ကြားပေးလျက်ရှိနေပါသည်။ အကြောင်းမှာ သံဃာသတ်ခြင်းစော်ကားခြင်း၊ ပြည်သူသတ်ခြင်းစော်ကားခြင်းတို့ကို ကျူးလွန်ခဲ့ကြသော ငသန်းရွှေ နှင့် အပေါင်းအပါဂျိုကုပ်များ ရမ်းကားရှင်များအား ကြိုဆိုနေရာချထားရန်ဖြစ်ကြောင်း နတ်သဘင်တွင် ပြောကြားခဲ့သည်ဟု သိရပါသည်။

0 comments:

 

©2009 မောင်ကျည်ပွေ့ | Template Blue by TNB