ပြီးခဲ့သည်ပို့စ်တွင် မြန်မာနိုင်ငံသားတို့ ထိုင်းနိုင်ငံသို့ဝင်လာရခြင်းအကြောင်းကိုရေးခဲ့သည်။ ယခင်ကလည်း မုန်းတီးခြင်း၏သားကောင်အတွဲထဲတွင် အလုပ်သမားတို့ဝင်ရောက်လာ သည့်လမ်းကြောင်း၊ ကြုံတွေ့ခဲ့ရသည်များကို ကျွန်ုပ်ရေးခဲ့ဖူးသည်။
မြန်မာနိုင်ငံသားတို့ ထိုင်းနိုင်ငံထဲဝင်လာရခြင်းအကြောင်းအရင်းနှင့် ၀င်ရောက်လာပုံများသေချာကွဲပြားစွာ သိစေလို၍ဖြစ်သည်။ ကျွန်ုပ်ကိုယ်တိုင်လည်း ထိုသို့ပင် ဖြတ်သန်းလာခဲ့ပြီးဖြစ်သည်။ ကျွန်ုပ် ၏အတွေ့အကြုံကိုအခြေခံပြီး လက်ရှိမြန်မာ့နိုင်ငံရေးထင်မြင်ယူဆချက်များကို ဆက်လက် တင်ပြသွားပါမည်။
ယခုမျက်မှောက်မြန်မာ့နိုင်ငံရေးတွင် နအဖနှင့်နောက်လိုက်များအုပ်စု၊ အတိုက်အခံအုပ်စု၊ တတိယအုပ်စု၊အုပ်စုကြီး သုံးစုရှိသည်ဟု ယေဘူယျအားဖြင့်တွေ့မြင်နိုင်သည်။ သို့သော် လက်ရှိအနေအထားအရ နအဖနှင့်တတိယအုပ်စုတို့သည် ၎င်းတို့၏ ၂၀၀၈ အခြေခံဥပဒေ ကိုအသက်သွင်းရန်ကြိုးပမ်းနေပြီး ၂၀၁၀ရွေးကောက်ပွဲအောင်မြင်ရန် ပူးပေါင်းအားထုတ် နေကြသဖြင့် တစ်ဖွဲ့တည်းလိုဖြစ်နေသည်။ ၎င်းတို့နှစ်ဖွဲ့သည် အမြင်မတူမှုများရှိနေသော် လည်း ယာယီမဟာမိတ်ဖွဲ့လျက် ၎င်းတို့၏ရည်မှန်းချက်ပြည့်ဝစေရန် ၀ါဒဖြန့်နေမှုများကို စနစ်တကျပူးပေါင်းလုပ်ဆောင်နေကြသည်ဟု ကျွန်ုပ်မြင်ပါသည်။ အထူးသဖြင့် ဒေါ်စုကို အဓိကပစ်မှတ်ထားပြီး ဒီချုပ်နှင့် အတိုက်အခံအဖွဲ့များမကောင်းကြောင်း၊ တိုင်းပြည်ဆင်းရဲ နေရခြင်းမှာ ဒေါ်စုကစီးပွါးရေးပိတ်ထားခြင်းကြောင့်ဖြစ်ကြောင်း၊ ဒေါ်စုကိုယုံကြည်နေသူ များသည် စိတ်ကူးယဉ်သမားများ၊ အစွန်းရောက်များဖြစ်ကြောင်းနှင့် ၎င်းတို့၏ ၂၀၁၀ ရွေးကောက်ပွဲသည်သာ လက်တွေ့ကျပြီး ငြိမ်းချမ်းစွာကူးပြောင်းခြင်းဖြစ်ကြောင်းတို့ကို နည်းမျိုးစုံသုံး၍ ၀ါဒဖြန့်နေကြသည်။စီးပွါးရေးပိတ်ဆို့ခြင်းကြောင့် တိုင်းပြည်ဆင်းရဲရသည်ဟု ၎င်းတို့တွင်တွင်အော် နေမှုများကို ကြည့်၍ ကျွန်ုပ်မှာစိတ်မသက်သာဖြစ်ရသည်။ (ဒေါ်စုကိုအပုပ်ချရန် ဤအချက်သာရှိပုံရ၏) မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွါးရေးဟုအော်ပြီး နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများကိုဖိတ်ခေါ်ခဲ့ရာ ၁၉၉၀ခုနှစ်အစောပိုင်းကာလများတွင် နိုင်ငံပေါင်းစုံမှ ကုမ္ပဏီပေါင်းစုံတို့ လာရောက်ရင်းနှီး မြှပ်နှံခဲ့ကြသည်။ သို့သော်မြန်မာနိုင်ငံတွင် ယခုအချိန်အထိ တိကျခိုင်မာသော ရင်းနှီးမြှပ်နှံ မှုဆိုင်ရာဥပဒေသတ်မှတ်ချက်များမရှိပဲ မလိုတစ်မျိုး၊ လိုတစ်မျိုး ထင်ရာစိုင်း လုပ်ချင်သလို လုပ်နေကြသည့်အပြင် အလွန်အရေးကြီးသည့် ငွေလဲလှယ်နှုန်းကို မပြဌာန်းနိုင်ပေ။ မှောင် ခိုငွေဈေးကိုသာ အားထားနေရသည်။ ထိုသို့သောနိုင်ငံမျိုးတွင် အဘယ်ကုမ္ပဏီသည် ကြာရှည်ရပ်တည်ဖြစ်မည်နည်း။ ဤအချက်မှာ အဓိကအကျဆုံးပင်ဖြစ်သည်။ မြန်မာတို့၏နောက်မှ တံခါးဖွင့်သောဗီယက်နမ်နိုင်ငံသည် တိကျခိုင်မာသော ရင်းနှီးမြှပ်နှံမှု ဆိုင်ရာဥပဒေများပြဌာန်းထားသဖြင့် နိုင်ငံအများအပြားက လာရောက်ရင်းနှီးမြှပ်နှံကြရ သည်။ ထို့ကြောင့်လည်း ထိုင်းနိုင်ငံကို ပုခုန်းချင်းယှဉ်လာနိုင်သည်အထိ စီးပွါးရေးတက်လာ သည်။ ထိုသို့တိကျခိုင်မာသည့် ဥပဒေကိုမူတည်ပြီးအလုပ်လုပ်နေသဖြင့် နိုင်ငံခြားကုမ္ပဏီ များကလည်း ယုံကြည်စိတ်ချမှုရှိသည်။ မြန်မာနိုင်ငံတွင်မူ ပေါက်ဖေါ်တရုတ်၊ဂျပန်၊အိန္ဒိယ၊ ကိုးရီးယား၊ အာဆီယံ မည်သူမှ ကုမ္ပဏီလာမဖွင့်ကြပေ။ လာဖွင့်ပြီးသားသူတွေပင် နောက်ဆုတ်သွားကြသည်။ မဆုတ်လည်းမခံနိုင်၊ အရူးချီးပန်း ခုတစ်မျိုး၊ တော်ကြာတစ်မျိုး လုပ်သည့်ဒဏ်ကို မည်သူက သည်းခံနိုင်မည်နည်း။ ထို့ကြောင့် ဒေါ်စုကို အပြစ်တင်နေခြင်း သည် အလွန်ရယ်စရာကောင်းသော ကလေးကလားပျက်လုံးသဖွယ်ဖြစ်နေသည်။မြန်မာနိုင်ငံတွင် ဥရောပအမေရိကန်တို့ကို လုံးလုံးဂရုစိုက်စရာမလိုအောင် နေနိုင်သည့် အခြေအနေရှိသည်။ နိုင်ငံ့စီးပွါးရေးသည် ထိုဥရောပအမေရိကန်များကို အားထားနေရခြင်း မရှိ။ မြန်မာ့ထွက်ကုန်များသည် ထိုနိုင်ငံများကိုတင်ပို့နေရခြင်းလည်းမဟုတ်ပေ။ အဓိက ထွက်ကုန်ဖြစ်သော စိုက်ပျိုးရေးမှရသည့် ဆန်စပါး၊ပဲပြောင်းနှမ်းဝါ၊ရာဘာ အစရှိသည်တို့ သည် တရုတ်၊ဂျပန်၊အိန္ဒိယ၊အာဆီယံသို့ ကောင်းစွာတင်ပို့နိုင်လျှင်ပင် စီးပွါးရေးတိုးတက် လာမည်ဖြစ်သည်။ သို့သော် လက်တွေ့တွင်မူ စိုက်ပျိုးရေးကိုအခြေခံ၍ အခြားစီးပွါးရေးများ ကိုလည်းတိုးမြှင့်လုပ်ဆောင်ရေးဟု နေ့စဉ်နှင့်အမျှ ရေဒီယိုတီဗွီ၊ဗွီစီဒီ၊စာအုပ်များပါမကျန် ၀ါဒဖြန့်နေသော်လည်း စိုက်ပျိုးရေးထွက်ကုန်များ နိုင်ငံတကာအဆင့်မီအောင်လုပ်ဆောင် ခြင်း ဘာမှမရှိ။ ခေတ်မီနည်းပညာများကိုလည်း ဟုတ်တိပတ်တိမဖြန့်ဖြူးနိုင်၊ သီးထပ်သီး ညှပ်စိုက်ဖို့အော်နေသော်လည်း ထိုသို့စိုက်နိုင်ရန် ထောက်ပံ့ကူညီပေးမှုမရှိပေ။စိုက်ပျိုးမှုကအစ ထုတ်လုပ်မှုအဆုံး နိုင်ငံတကာလက်ခံနိုင်သည့်အရည်အသွေးမရှိသဖြင့် မြန်မာ့ထွက်ကုန်များသည် ဈေးကွက်လည်းမရ ဈေးကောင်းလည်းမရဖြစ်နေရသည်။ တစ်ချိန်က အာရှတိုက်၏စပါးကျီဟု တင်စားခံခဲ့ရခြင်းမှာ အိပ်မက်သဖွယ်ပျောက်ကွယ်ခဲ့ ပြီဖြစ်သည်။ ဗီယက်နမ်ဆိုလျှင် ယခုအခါ ဆန်တင်ပို့မှု၌ ထိုးဖေါက်ဝင်ရောက်လာသဖြင့် ထိုင်းတို့ပင်ထိတ်လန့်နေရပြီဖြစ်သည်။ ဈေးကွက်ကိုလဲ ခွဲဝေပေးလိုက်ရပြီဖြစ်သည်။ တလောကပင် ဖိလစ်ပိုင်သို့ ဗီယက်နမ်ဆန်တန်ချိန်သိန်းချီ၍ သွင်းခွင့်ရသွားသဖြင့် ထိုင်းတို့ မခံချိမခံသာဖြစ်နေရကြောင်း ထိုင်းစာစောင်တစ်ခုတွင်ဖတ်လိုက်ရသည်။ ထိုအ ဖြစ်အပျက်သည် အာဏာရှင်ချင်းတူတူ စေတနာချင်းကွာခြားပုံကို မီးမောင်းထိုးပြနေသကဲ့ သို့ဖြစ်နေသည်။ မြန်မာနိုင်ငံတွင် ဗီယက်နမ်ထက်သာသောအခြေနေလည်း ရှိနေသည်။ သဘာဝသံယံဇာတများ တိုင်းပြည်အတွက် ထောက်ပံ့အားဖြစ်နေသည်။အတ္တကြီးမားသော နအဖတို့သည် မြန်မာ့သံယံဇာတကို ပြည်သူများအတွက်အသုံးပြုခြင်း မရှိပဲ ၎င်းတို့၏ဘိုးဘွားပိုင်ပစ္စည်းကဲ့သို့ ကိုယ်ကျိုးရှာ မတရားယူငင်နေကြသည်။ ပြည်သူ များ၏ကျန်းမာရေး၊ ပညာရေးများကို လျစ်လျူရှုထားသဖြင့် မြန်မာပြည်သူများသည် ဆေးဝါးမရှိသောဆေးရုံ၊ သင်ကြားမှုညံ့ဖျင်းသောစာသင်ကျောင်းများကိုသာ အားထားနေရ သည်။ စာရိတ္တအနေဖြင့်လည်း ၀န်ထမ်းများကို ခိုးစားမှသာ ၀မ်းဝမည့်အခြေအနေဖြစ်စေ ရန်လုပ်ဆောင်ထားလေသည်။ ထိုသို့သောအကြောင်းများဖြစ်နေခြင်းသည် စီးပွါးရေးပိတ် ဆို့ထားမှုနှင့် မည်သို့ပတ်သက်နေသနည်း။ ထိုပိတ်ဆို့မှုကိုရုပ်သိမ်းရန် ပူဆာနေခြင်းသည် ၎င်းတို့အကျိုးကို တိုက်ရိုက်ထိခိုက်နေခြင်းကြောင့်သာဖြစ်သည်။ အနောက်အုပ်စုက ပိတ် ဆို့ရခြင်းအဓိကအကြောင်းအရင်းမှာလည်း ၎င်းတို့လူမဆန်သောကြောင့်သာဖြစ်သည်။ထိုဖြစ်အင်ကို ၀န်မခံရဲ၊ မပြုပြင်ရဲပဲ ဒေါ်စုအပေါ်သာ ပုံချနေခြင်းသည် အရှက်နည်းခြင်းပင် ဖြစ်သည်။ ဒေါ်စုသည် အနောက်အုပ်စုကို ပိတ်စေ၊ဖွင့်စေ မလုပ်နိုင်။ ထို့အတူ အနောက် အုပ်စုကလည်း ဒေါ်စုကိုကြိုးဆွဲနေသည်ဆိုခြင်းမှာ အလွန်အဓိပ္ပါယ်မဲ့သော စကားသာဖြစ် သည်။ ဖြစ်စဉ်ကိုပြန်ကြည့်လျှင် ဒေါ်စုသည် မရည်ရွယ်ပဲ စော်ကဲမင်းဖြစ်ဆိုသလို ခေတ်၏ တောင်းဆိုချက်အရ ပေါ်ပေါက်လာရခြင်းသာဖြစ်သည်။ ထို့အတူ တဖြေးဖြေးချင်းပေါ်လွင် လာရခြင်းသာဖြစ်သည်။ ၈၈အရေးအခင်းတွင် ဦးနု၊ဦးအောင်ကြီး၊ဦးတင်ဦး၊ကိုမင်းကိုနိုင် အစရှိသော ခေါင်းဆောင်များထဲမှ ပြည်သူ၏လေးစားကြည်ညိုမှုကို တစစ တိုးတက်ရရှိ လာခဲ့ခြင်းဖြစ်သည်။ ထိုသို့ထင်ရှားကျော်ကြားလာပြီးနောက်လည်း ပြင်ပတွင် လွတ်လပ်စွာ ရှိမနေပဲ အကျယ်ချုပ်ချည်းကျခံနေရသူကို မည်သူက လာရောက်ကြိုးကိုင်ညွှန်ကြားနိုင် မည်နည်း။ သို့သော် နအဖတို့သည် ပြည်သူများကို မျက်စိပိတ်၊နားပိတ်လုပ်ထားလျှင် သူတို့ပြောသလိုဖြစ်နိုင်သည်ဟု အထင်သေးနေခြင်းသာဖြစ်သည်။ထို့ကြောင့် စီးပွါးရေးပိတ်ဆို့၍ တိုင်းပြည်ဆင်းရဲနေရသည်၊ အလုပ်အကိုင်အခွင့်အလမ်း နည်းရသည်၊ ဒေါ်စုကလုပ်ထားသည် ဟုဆိုခြင်းမှာ ဟုတ်၊ မဟုတ် စာဖတ်သူများဝေခွဲနိုင် ပါသည်။ တရုတ်၊အိန္ဒိယ၊ကိုးရီးယား၊အာဆီယံ တို့သည် မြန်မာနိုင်ငံတွင် မည်သည့်အတွက် ကြောင့် စက်ရုံများ လာမတည်သည်ကို စာဖတ်သူများကောင်းစွာ ခွဲခြားနိုင်မည်ဟုထင်ပါ သည်။ အဆိုပါနိုင်ငံများသည် ဂတ်စ်ငွေ့တူးဖေါ်ရေးနှင့် ရောင်းဝယ်ရေးများတွင်တော့ ဒေါ်လာသန်းထောင်ချီ ရင်းနှီးမြှပ်နှံခဲ့ပြီးဖြစ်သည်။ ထို့အတူ စိုက်ပျိုးရေးကို အခြေခံအသက် မွေးနေသော ပြည်သူများ ဘာကြောင့် တိုင်းပြည်မှာမနေနိုင်ပဲ အပြင်သို့တဖွဲဖွဲထွက်နေကြ ခြင်းကိုလည်း စာဖတ်သူများသုံးသပ်နိုင်ပေမည်။ ကျွန်ုပ်၏ စာရေးသားမှု အားနည်းချက် ကြောင့် တိုတိုထိထိမရေးနိုင်ပဲ အပိုင်းခွဲ၍ ကျန်ရှိသည်များကို ဆက်ရေးသွားပါဦးမည်။ စာဖတ်သူများအတွက် နှိုင်းယှဉ်တွေးရန် အတွေးစများရလျှင်ပင် ကျေနပ်ပါကြောင်းးးးးးး
သူ့အမြင်နဲ့ ကိုယ့်အမြင်
နမူနာပဲရှိသေးတယ်
ဒီနေ့မနက်ပဲ အလုပ်သမားတွေအကြောင်း ရေးတင်လိုက်တာ အခုကျွန်တော့်သူငယ်ချင်းက သတင်းတစ်ပုဒ်ပေး လာပါတယ်။ ကျွန်တော်လဲ တခြားဆိုဒ်တွေမှာ လိုက်ကြည့်ကြည့်တော့ ဘယ်သူမှရေးထားတာမတွေ့တာနဲ့ သူယူလာပေးတာကို တင်လိုက်ပါပြီ။
အဖြစ်အပျက်ကတော့...မောင်ဖွန်လို့အမည်ရတဲ့ကလေးငယ်ကို ၄.၂.၂၀၀၆ နေ့မှာ မိခင် မမိုးမိုးက ဘန်ကောက်အ နီး စမွတ်ပရာကန်ခရိုင်ဆေးရုံမှာမွေးခဲ့ပါတယ်။ မမိုးမိုးဟာအလုပ်လုပ်ခွင့်လက်မှတ်(ဘတ်) ရှိတဲ့အလုပ်သမားတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့သားကလေးကို ထိုင်းရဲတွေကဖမ်း သွားပြီး နိုင်ငံထဲခိုးဝင်တဲ့အမှုနဲ့ နယ်စပ်ကိုပြန်ပို့ဖို့လုပ်နေကြောင်းသိရပါတယ်။
ယခုအခါ အဲ ဒီကလေးကို ဘန်ကောက်အင်မီဂရေးရှင်းရုံးမှာ ချုပ်နှောင်ထားပါတယ်။ တကယ်တော့ဒီ ကလေးမှာ မွေးစာရင်းတွေလဲလုပ်ထားကြောင်းသိရပါတယ်။ အခုအခါမှာ ထိုင်းရှေ့နေများ ကောင်စီက ဒီအမှုကို လိုက်လံကူညီဆောင်ရွက်နေပြီး ဒီကလေးကိုအပြစ်ရှိကြောင်း ဘယ်သူကဆုံးဖြတ်တာလဲ၊ ဘာကြောင့်ဆုံးဖြတ်တာလဲဆိုတာကို အင်မီဂရေးရှင်းထံစာပို့ ထားပြီး ကလေးကိုပြန်လွှတ်ဖို့လည်း ဥပဒေဆိုင်ရာအချက်လက်နဲ့တကွ စာပို့ထားကြောင်း သိရပါတယ်။
ဒီအကြောင်းအသေးစိတ်ကို ထိုင်းဘာသာဆိုဒ်တခုဖြစ်တဲ့- လေ့လာနိုင်ပါတယ်ခင်ဗျား။ဘန်ကောက်ပို့စ်သတင်းစာမှာလည်း ရေးထားကြောင်းတွေ့လို့ လင့်ကိုကူးပေးလိုက်ပါတယ်။ အင်္ဂလိပ်လိုဆိုတော့ မိတ်ဆွေများဖတ်မဖို့ မခက်ခဲပါဘူးခင်ဗျား။
နိဒါန်း
မောင်ကျည်ပွေ့နေထိုင်ရာ မဟာချိုင်မည်သော ဘန်ကောက်အနီးရှိမြို့ကလေးတွင် မြန်မာ နိုင်ငံသား တောင်ကျော်အလုပ်သမားများ ၂-၃သိန်းခန့်ရှိသည်။ မြို့ကလေးကသေးငယ် သော်လည်း စက်ရုံအလုပ်ရုံပေါင်း ကြီးကြီးငယ်ငယ် ရှစ်ထောင်ခန့်ရှိ၍ အများအားဖြင့် ပင်လယ်အစားအစာစက်ရုံများဖြစ်ပြီး အခြားသော သံထည်စက်ရုံ၊ ပရိဘောဂစက်ရုံ၊ ဖိနပ်၊ အထည်ချုပ် စသောစက်မှုလက်မှုလုပ်ငန်းများလည်းရှိပေသည်။
မြေပုံပေါ်တွင် စမွတ်စာခွန် ခရိုင် ဟုခေါ်သောထိုမဟာချိုင်မြို့လေးမှ တစ်နှစ်လျှင်နိုင်ငံခြားထွက်ကုန်တန်ဖိုးဘတ်သန်း ပေါင်း သိန်းနှင့်ချီ၍ထုတ်လုပ်နေသည်။ ထိုထုတ်ကုန်အများစုမှာ ကျွန်ုပ်တို့ မြန်မာနိုင်ငံသား တောင်ကျော်အလုပ်သမားတို့၏ သွေးချွေးမှထွက်ပေါ်လာသည်ဟုဆိုလျှင်ရ၏။
ထိုင်းနိုင်ငံအနှံ့ မြန်မာအလုပ်သမားသန်းဂဏန်းခန့်ရှိရာတွင် မောင်ကျည်ပွေ့နေထိုင်ရာ မဟာချိုင်မြို့ကလေးသည် မြန်မာအလုပ်သမားအများဆုံးနေရာကို ဘန်ကောက်မြို့တော် နောက်မှကပ်၍ ဒုတိယနေရာ၌ရှိနေသည်။ သို့သော် ဘန်ကောက်မြို့သည် ကြီးများကျယ် ပြန့်ပြီး ဒေသခံထိုင်းလူမျိုးကလည်းများသည့်အတွက် မြန်မာအလုပ်သမားတို့သည် မထင် မရှားဖြစ်လျက်ရှိသည်။
မဟာချိုင်မြို့ကလေးတွင်မူ ဒေသခံထိုင်းလူမျိုးက သိန်းဂဏန်း အရေအတွက်မျှသာရှိသည့်အပြင် မြို့အကျယ်အ၀န်းကလည်း သေးငယ် သည့်အတွက် မြန်မာနိုင်ငံသားအလုပ်သမားများမှာ အစုလိုက်အပြုံလိုက်ဖြစ်နေသည်။ ချိုင်းနားတောင်းများရှိနေသကဲ့သို့ ဘားမားတောင်းဟုဆိုရလောက်အောင် မြန်မာလူမျိုးအ များစုနေထိုင်သော ရပ်ကွက်ကြီးများကို အပိုင်းလိုက်မြင်တွေ့နိုင်သည်။
နာမည်ကြီးသည့် ရပ်ကွက်ကြီးတခုမှာ တလတ်ကုန့်(ပုစွန်ဈေး) ဖြစ်ပြီး ထိုဈေးဝင်းကြီးတွင် လူဦးရေ ခြောက် ထောင်မှရှစ်ထောင်ခန့်ရှိ၍ ၉၉.၅%မှာ ကျွန်ုပ်တို့ ရွှေများဖြစ်ကြသည်။ ထိုကဲ့သို့သော ရပ်ကွက်ကြီးမျိုး မဟာချိုင်မြို့ကလေးတွင် ဆယ်ရပ်ကွက်ထက်မနည်းရှိနေပေသည်။ ကမ္ဘာအနှံ့ရှိ တရုတ်လူမျိုးများ၏ ချိုင်းနားတောင်းများတွင် လွတ်လပ်စွာလုပ်ကိုင်စား သောက်ခွင့်ရကြသော်လည်း ကျွန်ုပ်တို့ဘားမားတောင်းများတွင်ကား ဘာမှလုပ်ပိုင်ခွင့်မရ ရှိပေ။
ထိုင်းအစိုးရက မြန်မာအလုပ်သမားများကို အလုပ်ကြမ်းနှင့်အိမ်ဖေါ်သာလုပ်ခွင့်ပေး ထားသည့်အတွက် မြန်မာအလုပ်သမားများအနေဖြင့် ကိုယ်ပိုင်ဆိုင်ဖွင့်ခြင်း၊ အရောင်းအ ၀ယ်ပြုခြင်းတို့လုပ်ခွင့်မရှိဖြစ်နေသည်။ ယုတ်အဆွဆုံး ကွမ်းယာဆိုင်ဖွင့်လျှင်ပင် ရဲဖမ်း၍ ထောင်ချပြီးနယ်စပ်ပြန်ပို့ခံရနိုင်သည်။ သို့ဆိုလျှင် မြန်မာဈေးဆိုင်များမရှိဘူးလားဟု မေး သော် ရှိပေသည်ဟုဖြေရမည်။
နေရာတိုင်းတွင်ထွက်ပေါက်ရှိသည်ဆိုသကဲ့သို့ ဆက်ကြေး ပေးလျှင် ဈေးဆိုင်ဖွင့်၍ရပေသည်။ ထိုင်းရဲများသည် ၎င်းတို့ဘုရင်ကိုလွန်စွာချစ်မြတ်နိုး သဖြင့် ကျွန်ုပ်တို့သည် ဘုရင်ပုံပါသောဘတ်ငွေစက္ကူအရွက်ကြီးများကို ထိုင်းရဲများအားပေး ဆောင်ပြီး ဥပဒေအထက်ကနေနိုင်ပေသည်။ သူ့အရပ်နှင့်သူ့ဇာတ် လိုက်ဖက်စွာရပ်တည် နေသည်။
ကျွန်ုပ်တို့ မြန်မာလူမျိုးများကား လာဘ်ထိုးခြင်းအတတ်ကို ကျွမ်းကျင်အောင် လေ့ကျင့်ခဲ့ရသဖြင့် ဤမှာဘက်တွင် မပူရေးချမပူဟုဆိုနိုင်ရလောက်အောင် ဆို့တတ်ဖို့ တတ်နေသည်။ကျွန်ုပ်တို့အလုပ်သမားများသည် ထိုင်းဥပဒေအရ အလုပ်သမားအခွင့်အရေးကို တန်းတူရ ပိုင်ခွင့်ရှိသည်ဟု မည်သို့ပင်ပြဌာန်းထားသော်လည်း အလုပ်သမားအခွင့်အရေး လူ့အခွင့် အရေးတို့တွင် များစွာချိုးဖေါက်ခံနေကြရသည်။ နေရာတိုင်းတွင် အနှိမ်ခံဘ၀ဖြင့် နေနေကြ ရသည်။
သမိုင်းကြောင်းအရ ထိုင်းလူမျိုးများက မြန်မာကို မုန်းတီးနေသည့်အခံကရှိပြီးသား ဖြစ်သည့်အပြင် ယခုအခါသူတို့လက်အောက်ခံအလုပ်သမားဖြစ်နေကြရသဖြင့် မြေနိမ့်ရာ လှံစိုက်ခြင်းမှာ အထူးအဆန်းမဟုတ်သကဲ့သို့ဖြစ်နေသည်။ လက်ရှိအနေအထားအရလည်း ထိုင်းတို့၏ အခွင့်အရေးချိုးဖေါက်ခံရခြင်းမှာ ကျွန်ုပ်တို့အဖို့ ငရဲကလာသူပြာပူမကြောက် ဆိုသလိုလည်းဖြစ်နေ၍ မြန်မာအလုပ်သမားတို့အဖို့ ၀င်လာမစဲတသဲသဲဖြစ်နေသည်။
ဤမြို့တွင် ဆယ်စုနှစ်တခုအကြာနေထိုင်ခဲ့သည့်အတွေ့အကြုံအရ ကျွန်ုပ်တို့ မြန်မာပြည် သားများ အနှိမ်ခံဘ၀ဖြင့် တကူးတကလာရောက်လုပ်ကိုင်ရခြင်းအကြောင်းအရင်းမှာ မြန်မာပြည်တွင် အလုပ်အကိုင်ရှားပါးခြင်းဆိုသည်ထက် လုပ်စားကိုင်စားမဖြစ်ခြင်းကြောင့် ဟု ရဲရဲကြီးပြောနိုင်ပေသည်။ မဟာချိုင်တွင်လာရောက်အလုပ်လုပ်သူအများစုသည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းမှ အများစုဖြစ်ပြီး ၎င်းတို့သည်အများအားဖြင့် ကိုယ်ပိုင်လယ်၊ ယာ၊ ခြံ စသော အလုပ်များကိုလုပ်ကိုင်ခဲ့သူချည်းဖြစ်သည်။
ထို့သို့ကိုယ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း စသည်တို့ကိုလုပ်ကိုင်ခဲ့သော်လည်း ရရှိသောဝင်ငွေမှာ ရရစားစားဖြစ်နေသည့် အတွက် ပိုပိုလျှံလျှံရှိရန် ဤထိုင်းနိုင်ငံအတွင်းသို့ လာရောက်လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ၌ ရရှိရန်မလွယ်ကူသော လူနေမှုအဆင့်အတန်း၊ ကျန်းမာရေးခံစား ပိုင်ခွင့် အစရှိသော လူလူသူသူနေနိုင်ရခြင်းကလည်း အကြောင်းတချက်ဖြစ်သည်။
ဥပမာ- အလုပ်လုပ်ခွင့်လက်မှတ်(ဘတ်) ရှိသောအလုပ်သမားတစ်ဦးသည် ကျန်းမာရေးမကောင်း ပါက ဆေးကုသခွင့်ကို တစ်ကြိမ်လျှင် ၃၀ဘတ်(ကျပ်ငွေ၁၀၀၀) သာပေး၍ကုသမှုခံယူနိုင် သည်။ ဆေးကုသခွင့်ကို ထိုင်းနိုင်ငံသားနည်းတူ ခံစားနိုင်သည်။ အပေါက်စောင့်မှစ၍ ဆရာဝန်အဆုံး မည်သည့်ငွေကြေးမှပေးဆောင်ရန်မလိုပေ။ ထို့ကြောင့် မြန်မာအလုပ်သ မားများသည် ကလေးမွေးခြင်းမှအစ ငှက်ဖျား၊တီဘီ အစရှိသောရောဂါများကို ငွေကြေး ကုန်ကျမှုမများပဲ အာနိသင်ပြည့်ဝသော ဆေးဝါးများဖြင့် ကောင်းမွန်စွာကုသခံယူခဲ့ကြရ သည်။
မွန်၊ကရင်၊တနင်္သာရီဒေသများမှ မြန်မာနိုင်ငံသားများ တဖွဲဖွဲဝင်ရောက်လာရခြင်း၏ နောက် ထပ်အကြောင်းတစ်ခုမှာ အဆိုပါဒေသများရှိကျေးရွာများတွင် သက်ကြီးရွယ်အိုနှင့် အရွယ် မရောက်သေးသောကလေးငယ်များသာ အများစုကျန်ရှိနေပြီး ဆယ်ကျော်သက်မှစ၍ လူငယ်လူလတ်ပိုင်းအများစုသည် ထိုင်းနိုင်ငံထဲတွင် အလုပ်လုပ်လာလုပ်နေကြသည်။
ထို့ကြောင့် အချို့လူငယ်များသည် မိဘကအဆင်ပြေငွေကြေးမရှားသော်လည်း အပေါင်း အဖေါ်များရှိရာ စုဝေးရာ ဤထိုင်းနိုင်သို့ စီးပွါးရေးထက် အပျော်သဘောမျိုး လာရောက် နေကြခြင်းဖြစ်သည်။ အရွယ်ရောက်လျှင်ရှမ်းပြည်(ထိုင်း)သွား ဆိုသည်မှာ ယဉ်ကျေးမှုသ ဖွယ်၊ ခေတ်ရေစီးကြောင်းသဖွယ်ဖြစ်နေပြီး ထိုင်းကိုမှမရောက်ဖူးလျှင် ခေတ်မမီသကဲ့သို့ လည်းဖြစ်နေပေတော့သည်။
ဖေါ်ပြပါအကြောင်းအရာတို့သည်အမှန်တကယ်ဖြစ်ပျက်နေပေသည်။ ကျွန်ုပ်ဤအကြောင်း ကိုရေးနေခြင်းမှာ အစပျိုးနေခြင်းသာဖြစ်သည်။ ယခုအခါ ဒေါ်စုဦးဆောင်သော အတိုက်အ ခံများက စီးပွါးရေးပိတ်ဆို့သဖြင့် တိုင်းပြည်နိမ့်ကျနေရကြောင်း တွင်တွင်ဝါဒဖြန့်နေမှုကို တွေ့မြင်နေရသဖြင့် ကျွန်ုပ်၏ အမြင်ရှုထောင့် ဘလော့တကာမှဖတ်မှတ်ခဲ့သော အမြင်များ ကိုပေါင်းစပ်ရေးရန် စဉ်းစားမိသဖြင့် အစပျိုးနေခြင်းမျှသာဖြစ်ပါသည်။
နောက်အပိုင်းများ တွင် ထိုအကြောင်းအရာများနှင့်တကွ မြန်မာ့နိုင်ငံရေးကို ကျွန်ုပ်မြင်သလို ထပ်မံရေးသွား ပါမည်။ ကျွန်ုပ်၏မိတ်ဆွေများ အတွေးတစ်စရလျှင်ပင် ကျေနပ်ပါကြောင်းပါခင်ဗျားးးးး
အပူရှောင်ကြသူများ
မောင်ကျည်ပွေ့တယောက် ရေမြေခြားမှာကျင်လည်နေတာ ဆယ်စုနှစ်ကျော်ခဲ့ပါပြီ။ မကြာ ခဏ တခြားသူတွေက လာလာမေးတတ်ကြတဲ့မေးခွန်းတခုက “ဘယ်တော့မြန်မာပြည် ပြန်မလဲ”ဆိုတာပါပဲ။
ဒီအမေး မေးခံရတဲ့အခါတိုင်း ပြန်ဖြေဖြစ်တာ က “အဆင်ပြေတဲ့တနေ့နေ့ပေါ့” ။ “ဘယ်တော့အဆင်ပြေမှာလဲ”လို့ ဆက်မမေးကြတာကို ကျေးဇူးတင်မိပါရဲ့ဗျာ။ နို့မို့ဆို ဆက်ဖြေဖို့ရာ အဖြေမရှိတော့ပါဘူး။ ဘယ်တော့လောက်မှ မွေးရပ်မြေမှာ မိဘဆွေမျိုးတွေနဲ့ ငြိမ်းချမ်းလုံခြုံတဲ့ဘ၀ကို ရရှိမလဲဆိုတာေ၀၀ါးနေဆဲပါပဲ။
မိဘတွေကလည်း အသက်ကြီးလွန်းလှပါပြီ။ ကျွန်တော့်အနေနဲ့ မွေးရပ်မြေမှာ ပြန်ပြီးအခြေ ချဖို့ ကြိုးစားခဲ့ပါတယ်။ လုပ်ကိုင်စားသောက်လို့မရဘူးရယ်လို့တော့ မဟုတ်ပါဘူး။ တ၀မ်း တခါးအတွက်ကတော့ ရှာရလွယ်ပါရဲ့၊ သို့သော် မိသားစုတခုလုံးအတွက်ဆိုတာကတော့ ဘယ်လိုမှကို မဖြစ်နိုင်ဘူးဖြစ်နေပါတယ်။
ကိုယ့်အိမ်ထောင်ကို လောက်ငှအောင်စီမံရမှာ ဖြစ်သလို သူ့ဘက်ကိုယ့်ဘက်မိဘတွေကိုထောက်ပံ့နိုင်ဖို့ဆိုရင်တော့ အင်းးးးးး ဒါတောင် မိဘတွေကို လုံးဝတာဝန်ယူဖို့အဆင့် မတွေးရသေးဘူးနော်။ ကျွန်တော့်ဘလော့မှာ ကိုယ်ရေးကိုယ်တာတွေကို သိပ်ရေးလေ့ရေးထ မရှိပါဘူး။
အခုရေး နေတာက ထိုင်းနိုင်ငံရောက်အလုပ်သမားတွေထဲက တယောက်ရဲ့ဘ၀ကိုရေးပြတဲ့ သဘောလောက်ပါပဲ။ ကျွန်တော့်လိုမျိုးမဟုတ်တာတောင် ဆင်တူရိုးမှားလေးတွေ အများ ကြီးဖြစ်နေပါတယ်။ အထူးသဖြင့် အခြေခံလူတန်းစားဖြစ်တဲ့ ကျွန်တော်တို့အလုပ်သမား တွေရဲ့ဘ၀တွေဟာ ထိုနည်းနှင်နှင်လို့ပြောလို့ရသလို ဒီ့ထက်တောင်ပိုဆိုးသူတွေလည်း ဒုနဲ့ဒေးပါပဲ။
ကျွန်တော်တို့ရဲ့သားသမီးအနာဂတ်ကို ထပ်မထည့်တော့ပါဘူး။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ဟာ မွေးရပ်မြေမှာ လုပ်စားကိုင်စား လို့ အဆင်မပြေတာကြောင့် ထွက်ပေါက်ရှာတဲ့အနေနဲ့ ထိုင်းနိုင်ငံကို ရောက်လာပြီး တ၀ဲလည်လည်နဲ့ လုပ်ကိုင်စားသောက်နေရတုန်းပါပဲ။ ကိုယ့်ဘ၀ရဲ့အပူမီးတွေကို ငြိမ်းနိုင် ဖို့ရည်ရွယ်ချက်နဲ့ သူများနိုင်ငံမှာ အောက်တန်းကျ၊အနှိမ်ခံပြီး အလုပ်လာလုပ်နေရကြရပါ တယ်။
အဲဒီလိုလာလုပ်လို့ အပူမီးတွေငြိမ်းမသွားပေမဲ့ ထိန်းတော့ထိန်းနိုင်ပါတယ်။ဒါကြောင့်လည်း မောင်ကြီးမပြန်နိုင် ဆိုသလို ကြိတ်မှိတ်ပြီး နေနေကြတာ ဆယ်စုနှစ်ကျော်လို့ တချို့ဆို ဒုတိယမျိုးဆက်တွေကိုပါခေါ်လာပြီး အလုပ်လုပ်နေကြပါတယ်။ ဘယ်လိုပဲဖြစ်ပါစေသေချာ တာကတော့ ကျွန်တော်တို့အားလုံးဟာ ကိုယ့်နိုင်ငံကို ပြန်ကြမယ်ဆိုတဲ့ ဆန္ဒကတော့ အားလုံးရဲ့ရင်ထဲမှာ ကိုယ်စီကိုယ်စီရှိနေကြပါတယ်။
သူများနိုင်ငံထဲမှာ ခိုးဝင်သူဘ၀နဲ့ အလုပ်လာလုပ်နေကြရတဲ့ အဓိကအကြောင်းအရင်းဟာ ကိုယ့်နိုင်ငံက ငတ်မွတ်ခေါင်းပါး လို့၊ သယံဇာတချို့တဲ့လို့၊ ရာသီဥတုမမျှတလို့၊ လူဦးရေများလို့၊ အလုပ်အကိုင်ရှားပါးလို့..... အစရှိတဲ့ အခြားနိုင်ငံတွေမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကြောင့် မဟုတ်ပါဘူး။ဒီလို နိုင်ငံခြားကို တဖွဲဖွဲနဲ့ ထွက်လာနေကြတဲ့ အကြောင်းအရာတွေ အများကြီးထဲက အား လုံး ၀ိဝါဒမကွဲပဲ လက်ခံနိုင်ကြမယ့်ဟာကတော့ ဘ၀တိုးတက်မှုကိုလိုချင်လို့ ဆိုတာပါပဲ။
အရင်တုန်းကဆိုရင် နိုင်ငံခြားကို အစုလိုက်အပြုံလိုက်ထွက်ပြီးအလုပ်လုပ်ကြတာဟာ အခြေခံလူတန်းစားတွေ အထူးသဖြင့် တိုင်းရင်းသားတွေအများစုဖြစ်ပါတယ်။ အခုနောက် ပိုင်းမှာတော့ တောရောမြို့ပါ လူတန်းစားပေါင်းစုံဖြစ်နေပါပြီ။ အထူးသဖြင့် လူငယ်တွေဟာ တိုင်းပြည်ထဲမှာ မနေနိုင် မနေချင်ကြတော့ပါဘူး။
အတန်းပညာမမြင့်တဲ့လူတွေက အလုပ် လုပ်ဖို့ အတန်းပညာမြင့်တဲ့လူတွေက အဆင့်မြင့်ပညာသင်ဖို့ စသည်ဖြင့် ဖြစ်လာပါပြီ။ အခုလက်ရှိမှာ ဘယ်လိုအကြောင်းကြောင့်ပဲ နိုင်ငံခြားကိုထွက်ထွက် သေချာတာကတော့ ကိုယ့်နိုင်ငံကို တော်ရုံနဲ့ပြန်ဖြစ်ဖို့မလွယ်ကြတာ ကိုယ့်တွေ့အရ၊ မြင်နေကြားနေချက်အရ ဖြစ်နေကြပါပြီ။ ကျွန်တော်တို့လို အလုပ်လာလုပ်နေတဲ့သူတွေကလည်း ပြည်တွင်းမှာ အလုပ်ပြန်လုပ်ဖို့ တော်ရုံနဲ့မဆုံးဖြတ်ရဲပါဘူး။
ဝင်ငွေချင်းက တော်တော်လေးကွာပါတယ်။ နေရထိုင်လုပ်ကိုင်ရတဲ့ အဆင့်အတန်းချင်းကလည်းကွာနေပါတယ်။ ထို့အတူပဲ နိုင်ငံခြားမှာပညာသင်နေတဲ့လူတွေကလည်း ပညာသင်ပြီးရင် ကိုယ့်တိုင်းပြည် ပြန်ဖို့ဆိုတာမလွယ်ပါဘူး။ သင်ထားတဲ့ပညာနဲ့ကိုက်ညီမယ့်အလုပ်၊ ၀င်ငွေအဆင့်အတန်း စတာတွေက ဘယ်လိုမှမယှဉ်သာတဲ့အတွက် နိုင်ငံခြားမှာပဲ ရပ်တည်နေကြပါတယ်။
အခု ဆိုရင် ပိုက်ဆံရှိတဲ့အသိုင်းအ၀ိုင်းကလည်း သားသမီးတွေကို နိုင်ငံခြားလွှတ်ကျောင်းတက် ဆိုတာတွေက ထုံးစံလိုဖြစ်နေပါပြီ။ ကျွန်တော်မြင်နေတာကတော့ အဲဒီလူတွေဟာလည်း တော်ရုံနဲ့ မြန်မာပြည်ပြန်ဖို့ မလွယ်တော့ပါဘူး။ အထက်မှာ ကျွန်တော်ပြောခဲ့သလို ဖြစ်နေ ကြဦးမှာပါ။ ဒါတောင် ပြည်တွင်းက ထွက်လာချင်လျက်နဲ့ အဆင်မပြေလို့ မလာနိုင်တဲ့သူ တွေကို ထည့်မတွက်ထားသေးပါဘူး။
အကျဉ်းချုပ်အနေနဲ့ဆိုရင်တော့ ကျွန်တော်တို့ဟာ ရင်ဆိုင်နေရတဲ့ အပူအမျိုးမျိုးကြောင့် နိုင်ငံခြားကို ထွက်လာနေကြပါတယ်။ အဲဒီအတွက် ကြောင့်လည်း အပူတွေကနေသက်သာခွင့်တွေ ရနေကြပါတယ်။ ဒါပေမဲ့ သေချာတာက တော့ ကျွန်တော်တို့ရဲ့အပူတွေ မငြိမ်းသွားပါဘူး။ ဒါဆိုရင် ကျွန်တော်တို့အပူတွေကို ငြိမ်းသွားအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ မေးစရာ ဖြစ်လာပါပြီ။
ကျွန်တော်တို့ အခုလိုပဲ နိုင်ငံခြားကို နည်းမျိုးစုံနဲ့ ထွက်နေကြတာဟာ အမှန်ဆုံးနည်းလမ်းပဲလား...၊ တခြားဘာနည်းလမ်းတွေရှိသေးသလဲ... နောက်လာမယ့် မျိုးဆက်တွေအတွက် ကျွန်တော်တို့ ခင်းထားတဲ့လမ်းက အဆင်ပြေနိုင်မလား.... ကျွန်တော်ကတော့ အဲဒီ လား..ပေါင်းများစွာနဲ့ ပတ်လည်ရိုက်နေပါတယ်။ မိတ်ဆွေများ လည်း ကျွန်တော်နဲ့ အတွေးတိုက်ဆိုင်ခဲ့ရင် ၀ိုင်းစဉ်းစားကြပါဦးခင်ဗျာ။ အဖြေတခုခုတော့ ရနိုင်ကောင်းမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျားးးးးးးးးးးး။
မြင်ကွင်းများ
ကျွန်ုပ်အမိမြန်မာပြည်သို့ပြန်သောအခါ ထိုင်းနိုင်ငံရောက်တောင်ကျော်အလုပ်သမားတို့ ထုံးစံအတိုင်း ကိစ္စအ၀၀ကို ပွဲစားထံဆက်သွယ်ပြီး ယင်း၏စီစဉ်ပေးမှုဖြင့် နယ်စပ်မဲဆောက် သို့ရောက်ရှိခဲ့သည်။
ထိုမှတဆင့်မွေးရပ်မြေသို့ ဆက်လက်ထွက်ခွါလာရာ လမ်းတလျှောက် တွင် ဂိတ်ကြီးဂိတ်ငယ်အသွယ်သွယ်ကို ခြသေ့င်္တထောင်တန်အားကိုးဖြင့် အခက်အခဲမရှိ ဖြတ်သန်းခဲ့ပေသည်။ ကားလမ်းတလျှောက် ၀ါးလုံးတန်းဖြင့် တားထားသော ၀ါးတားဂိတ် များစွာကိုတွေ့ရသည့်အခါ မဆီမဆိုင် အမေရိကန်သမ္မတတဦးကို သတိရမိသေးသည်။ ၀ါးတားဂိတ်အရေးကြောင့်ထိုသူပြုတ်သွားခဲ့သည်မဟုတ်လော။
ဒီဝါးတားဂိတ်ကတော့ အာဏာရူးတို့ သက်ဆိုးရှည်ရန် ထောက်ပံ့ပေးနေသေးသည်။ သံတူကြောင်းကွဲပေမင့် ကိုယ့်ဖါသာကိုယ်တွေးရင်း ပြုံးမိချေသည်။သို့ကလို့ အိမ်သို့ရောက်ပြီးသည့်နောက်တွင် ဦးစွာလုပ်ရသည်မှာကား အိမ်ထောင်စုစာရင်း ဖြစ်ပေသည်။
ကျွန်ုပ်၏သက်ထားကို အိမ်ထောင်စုစာရင်းထဲသွင်းရန်အတွက် မူလ အိမ်ထောင်စုစာရင်းကိုတောင်းကြည့်သောအခါ “ဟဲ့ပလုတ်တုတ် ဒါကဘယ်လိုဖြစ်တာ တုန်း” ဟုမေးရပြန်တော့သည်။ ကျွန်ုပ်တို့မိသားစုအားလုံး မွေးကင်းစကလေးပါမကျန် ကြံ့ဖွတ်အသင်းဝင်ဖြစ်နေပြန်သည်။ ကျွန်ုပ်၏မိခင်ကြီးက “သိပါဘူးကွယ် ဟိုတလောက စာရွက်အသစ်လဲရမယ်ဆိုပြီးနောက်ပိုင်း ဒီလိုဖြစ်ရတာပဲ” ဟုပြန်ဖြေလေသည်။
ကျွန်ုပ်မှာ မိမိမုန်းနေသောအဖွဲ့ထဲတွင် အမည်စာရင်းပါနေသည်ကိုကြည့်၍ ဘာပြန်ပြောရမှန်းမသိ အောင်ဖြစ်နေရပေသည်။ ယခုအခါ ကျွန်ုပ်အား မည်သည့်အဖွဲ့တွင် ပါဝင်သလဲဟုမေးလာ မည်ဆိုပါက ကြံ့ဖွတ်ဟေ့ ကြံ့ဖွတ်တဲ့ကွ ဟူ၍ပြန်ဖြေရပေတော့မည်။ သင်တို့သည်လည်း ကျွန်ုပ်နှင့်စကားပြောမည်ဆိုပါက ဆင်ခြင်ပြောရန် သတိပေးလိုသည်။ (ကြံ့ဖွတ်တဲ့နော် သိတယ်မဟုတ်လား... ၆၅နှစ်ဖြစ်သွားမယ် ဟင်းဟင်းဟင်းးးးးးးးး)ကျွန်ုပ်ပြန်ရောက်နေပြီဟု ကြားသိကြသောအပေါင်းသင်းများသည်လည်း လာရောက်နှုတ် ဆက်ကြလေသည်။
ထိုအပေါင်းအသင်းများကိုတွေ့ရသောအခါ များစွာချွတ်ခြုံကျနေသည် စိတ်မကောင်းစွာတွေ့ရပေသည်။ လွန်ခဲ့သော ၂၀၀၂ခုနှစ် ကျွန်ုပ်ပြန်သွားစဉ်က တောက် တောက်ပြောင်ပြောင်ရှိခဲ့သလောက် ယခုအခါ တခြားစီဖြစ်နေပေသည်။ အလုပ်အကိုင်က လည်းရှားပါးကြောင်း လွန်စွာညည်းနေကြသည်။ တချိန်က နှစ်လုံးဂဏန်းဖြင့် စီးပွါးရှာ ၀င်ငွေဖြောင့်၍ သိန်းရာချီရှိခဲ့ရာက ယခုအခါ ဆိုင်ကယ်အစုတ်လေးတစီးနှင့် လိုင်းဆွဲကာ ရုန်းကန်နေကြရသည်။
တနေ့သုံးထောင်ကျပ်ခန့်ရမှသာ သူတို့မိသားစုအဆင်ပြေကြမည် ဖြစ်ရာ သူတို့မှာ ခရီးသည်ရရန် ဆိုက္ကားဆရာတို့နှင့်အပြိုင် ဈေးလျော့လုဆွဲနေကြရသည်။ တခါတရံခရီးသည်လုရင်း စကားများထိုးကြိတ်ပွဲများဖြစ်ကြကြောင်းလည်း စိတ်မကောင်း စွာကြားသိရသည်။ ထိုသို့တနေ့တနေ့ စားဖို့စားရိတ်ရရန်သာလုံးပန်းနေကြရသဖြင့် တခြားအရေးကိစ္စမပေါ်စေ ရန် သူတို့မှာဆုတောင်းနေကြရသည်။ ဥပမာ- မိသားစုထဲတွင် တစုံတဦးနေထိုင်မကောင်း ဖြစ်လာမည်ဆိုပါက ဆေးကုသရန်စားရိတ်မတတ်နိုင် မရှာနိုင်ဖြစ်နေကြရကြောင်းသိရပေ သည်။
အနာဂတ်အရေးဆိုသည်ကား သူတို့အတွက်ဘာမှမရှိသလိုဖြစ်နေရပေသည်။ သူတို့၏ထွက်ပေါက်ကား အရက်ဖြစ်ပေသည်။ နိုင်ငံတော်၏စေတနာကြောင့် မြန်မာပြည် တွင် အရက်ဘီယာဆေးလိပ်တို့ လွန်စွာဈေးပေါပေသည်။ အရက်တစ်ပုလင်း သုံးရာကျပ် ဆေးပေါ့လိပ်တစ်ရာဖိုးလေးလိပ် အချဉ်ထုပ်နှစ်ထုပ်တစ်ရာ ငွေငါးရာကျပ်ရှိလျှင်ပင် လူသုံးယောက်ကောင်းစွာမူး၍ ရပြီဖြစ်သည်။ သူတို့အတွက်ဘာမှထွက်ပေါက်မရှိသလိုဖြစ်နေသဖြင့် ကျွန်ုပ်မှာ ဘာပြန်ပြောရမှန်းမသိ ဖြစ်နေရသည်။
နိုင်ငံခြားထွက်အလုပ်လုပ်ရန်လည်း အဆက်အသွယ် အရင်းအနှီးလိုပြန် သည်။ ကျွန်ုပ်အနေနှင့်ကလည်း ကိုယ့်ဟာကိုယ် မနည်းရုန်းကန်နေရသဖြင့် ဘာမှမကူညီ နိုင်၊ နောက်ဆုံး သူတို့ကိုနှစ်သိမ့်ရန် တခွက်လျှင် ငါးရာနှုန်းဖြင့်ရောင်းနေသော မြန်မာတို့၏ မြန်မာဘီယာကိုသာ အ၀တိုက်လွှတ်လိုက်ရပေတော့သည်။ ဘီယာဖြင့်ဝိုင်းဖွဲ့ စကားစမြည် ပြောကြရာတွင် စကြနောက်ကြရင်း သူငယ်ချင်းတဦး၏ ညီမအပျိုလေးအကြောင်း ရောက် သွား၍ အခြားသူများက ယောက်ဖဘာညာဖြင့် ၀ိုင်းပြောကြရာ ထိုသူငယ်ချင်းကလည်း စကားတခွန်းဖြင့်တုံ့ပြန်ပြောဆိုလေသည်။
ထိုစကားမှာ “မင်းတို့ကောင်တွေ စကားပြောရင် ကောင်းကောင်းပြောကြလေ နိုင်ငံရေးအကြောင်းတွေမပြောကြနဲ့” ဟူ၏။ ထို့ကြောင့် ကျွန်ုပ်မှာ “သြော်..ဒို့နိုင်ငံမှာ နိုင်ငံရေးဆိုတာ မကောင်းတဲ့စကား တားမြစ်တဲ့စကား ဖြစ်နေ ပါပေါ့လား” ဟုအတွေးဝင်မိသည်။ကျွန်ုပ်၏သူငယ်ချင်းအများစုမှာ လူပျိုဟိုင်းစာရင်းများသို့ဝင်နေကြပြီဖြစ်သဖြင့် ကျွန်ုပ်က “မင်းတို့ အိမ်ထောင်ပြုဖို့ဘာဖို့ မလုပ်တော့ဘူးလား”ဟု စပ်စုမိပြန်သည်။
ထိုအခါသူတို့က “ကိုယ့်ဟာကိုယ်တောင် မနည်းရုန်းကန်နေရတာကွာ ပြီးတော့ ဒီခေတ်က စိတ်ကူးယဉ်အ ချစ်ဘာညာတွေနည်းကုန်ပြီ။ မီးမီးတို့အကြိုက် ဖိုးတီးဖိုက်ကွ ၊ ကောင်မလေးတွေက ငါတို့ လိုဆင်းရဲသားတွေထက် ငွေရှိတဲ့ လေးဆယ်ကျော်ငါးဆယ်အရွယ်အဖိုးကြီးတွေကို ပိုစိတ် ၀င်စားနေကြတာကွ” ဟုပြန်ပြောလေသည်။ ကျွန်ုပ်မှာ ဘာပြန်ပြောရမှန်းမသိ ဖြစ်ခဲ့ရပြန် သည်။ နှလုံးသားရေးကိစ္စများပြောဆိုနေရာမှ နှစ်လုံးဂဏန်းကိစ္စသို့ စကားဦးရောက်သွား ပြန်သည်။
ဟိုယခင်က တစ်လလျှင် ခွန်နစ်ရက်သာ လောင်းကစားလုပ်ကြသော်လည်း ယခုအခါ တပတ်လျှင်ငါးရက် တစ်ရက်လျှင်နှစ်ကြိမ် ချဲထွက်ကြောင်းသိရသည်။ စနေ တနင်္ဂနွေသာနားကြောင်း ထိုနားရက်တွင်လည်း ဘော်လုံးပွဲလောင်းခြင်းသို့ အလှည့်ပေး ကြောင်းသိရသည်။ ယခုအခါ ထိုးသားဖက်မှ အထိုးနည်းလာသဖြင့် ဒိုင်က နှစ်လုံးတိုက်ကို ၈၅ဆလျော်ကြောင်းသိရရာ ကျွန်ုပ်မှာ များစွာထိတ်လန့်မိလေသည်။ ပုံမှန်အားဖြင့် ၆၅ဆ သာလျော်လေ့ရှိရာမှ ၈၅ဆ အထိလျော်ပေးသည်ဆိုရာတွင် ထိုးသားများမည်မျှ အရှုံးပေါ် နေသည်ကို သိနိုင်ပေသည်။ ကျွန်ုပ်မှာ ကျယ်လောင်ဖေါင်ပွစွာပြောဆိုနေကြသော သူငယ်ချင်းများကို တိတ်တဆိတ်နား ထောင်ရင်း အကဲခတ်နေမိသည်။
သူတို့ပြောနေသောအကြောင်းများထဲတွင် အတိတ်က မည်သို့ပျော်ရွှင်စွာ နေထိုင်လုပ်ကိုင်ခဲ့ကြသည် ဆိုသည်ချည်းဖြစ်နေသည်။ အနာဂတ်အ ကြောင်း တစိုးတစိမှမပါ၊ ယုတ်အဆွဆုံး လက်ရှိအနေအထားအကြောင်းပင် ဟဟမပြော ချင်ကြ။ ယောင်ဝါးနေသောအနာဂတ်၊ တည်ရာမဲ့လက်ရှိအခြေအနေကို တမင်မေ့ထားသ လိုနေနေသည်ဟု ကျွန်ုပ်ထင်မိသည်။ ကျွန်ုပ်ကိုယ်တိုင်ကလည်း သူတို့နှင့်ဘာမှမထူးသူ သာဖြစ်သည်။
လက်ရှိမှာ သူတို့ထက် စာရေးသောက်ရေးနည်းနည်းသာသည်မှလွဲ၍ အနာဂတ်မဲ့နေသူသာဖြစ်သည်။ တခါတခါ သူတို့လိုပဲ ဘာမှမတွေးမိအောင်နေထိုင်ရင်း ကြုံသလိုပျော်သလိုနေရင် ကောင်းမလားဟုပင် တွေးမိချေသည်။ တခါက နိုင်ငံခြားသားတဦးနှင့် စကားပြောဖြစ်ရာ ထိုသူက “မင်းတို့မြန်မာတွေ အလုပ်လုပ်၊ ငွေရှာ၊ စားသောက် ဒါနဲ့ပဲလည်နေကြတာများတယ်။
နိမ့်ကျနေတဲ့ဘ၀ကို မြင့်ဖို့ဘာမှလုပ် တာမတွေ့ရဘူး” ဟု သူမြင်သလို ဝေဖန်သွားသည်။ ထိုစဉ်ကကျွန်ုပ်ဘာမှပြန်မဖြေနိုင်ခဲ့၊ ယခုထိလည်းဖြေရန်အဖြေမရှိသေး။ အဖြေမရသေးသောပုစ္ဆာကို တွေးရင်းတွေးရင်းးးးးးးးးးး ဘာများတတ်နိုင်ဦးမှာမည်နည်းးးးးးးးးး
ချဲသမားနဲ့ဘုန်းကြီးတစ္ဆေများ ၃
ရဲ့အနားစွန်းနှစ်ဖက်ဟာ ရှည်ရှည်ဆွဲလေ ပိုဝေးလေဖြစ်တယ်။ ဘယ်တော့မှပေါင်းဆုံ နိုင်မှာမဟုတ်ဘူး။ အဲဒါဟာ စစ်တပ်နဲ့ဒီမိုတွေဖြစ်နေတဲ့အခြေအနေပဲ။ ငါတို့က Y လိုမျိုး အဲ ဒီမပေါင်းဆုံတာကို ဆွဲယူပြီး လမ်းကြောင်းတခုတည်းဖြစ်အောင်လုပ်မယ်”အထက်ပါစကားစုဟာ ကျွန်တော်မြန်မာပြည်ပြန်သွားတုန်းက တတိယအုပ်စုလို့ ကိုယ့် ကိုယ်ကို ခံယူတဲ့ သူငယ်ချင်းတယောက်ရဲ့စကားဖြစ်ပါတယ်။
ကျွန်တော့်သူငယ်ချင်းနဲ့ နိုင် ငံရေးအကြောင်းကို သူ့အမြင်ကိုယ့်အမြင် တော်တော်လေးဖလှယ်ဖြစ်ခဲ့ပါတယ်။ အစပိုင်း မှာ သူကကျွန်တော့်ကို အစွန်းရောက်တဲ့ သဘောထားတင်းမာတဲ့လူလို့ထင်နေပါတယ်။ ပြောဆိုငြင်းခုန်ရင်းနဲ့ နောက်ပိုင်းမှာ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ သူမသိထားတဲ့ သူမသိ လိုက်ရတဲ့ အချက်အလက်တွေအများကြီးရှိနေသေးတယ်လို့ ၀န်ခံပါတယ်။
ဘာကြောင့်လဲ ဆိုတော့ မျက်စိပိတ်နားပိတ်ခံနေရတဲ့ အနေအထားမှာ သူ့အနေနဲ့ ထိတွေ့ခွင့်ရတဲ့ ပြည် တွင်းမီဒီယာက အချက်အလက်တွေကိုအခြေခံပြီး လမ်းကြောင်းရှာထားရလို့ပဲဖြစ်ပါတယ်။သူ့အမြင်ရဲ့အကျဉ်းချုပ်ကတော့ စိတ်ရှည်သည်းခံပြီး ကိုယ်လိုချင်တဲ့လမ်းကြောင်းပေါ်ကို တဖြေးဖြေးနဲ့ဆွဲဆောင်သွားရမယ် ဆိုတာပါပဲ။ ကျွန်တော်က မင်းရဲ့ယုံကြည်ချက်တွေ အကောင်အထည်ဖေါ်ဖို့ အချိန်ဘယ်လောက်ကြာမလဲလို့ မေးတဲ့အခါ သူတိတိကျကျ မပြောနိုင်ပါဘူး။ အနဲဆုံးတော့ အနှစ်၂၀ လောက်ဖြစ်ကောင်းဖြစ်နိုင်မယ်လို့ပြောပါတယ်။
ဒါက တတိယအုပ်စုလို့ခံယူနေတဲ့သူတွေထဲက တယောက်ရဲ့အတွေးအမြင်တွေပါ။ အဲဒီတတိယအုပ်စုလို့ခံယူနေကြသူတွေထဲမှာလဲ ပုံစံကွဲတွေအမျိုးမျိုးရှိပါတယ်။ ကျွန်တော် မြင်သလောက်ဆို အကြမ်းဖျင်းအရ သုံးမျိုးလောက်ရှိပါတယ်။ အဖြူထည်အုပ်စု၊ ရောင်စုံ အုပ်စုနဲ့ ၀ါဒဖြန့်အုပ်စုတို့ပါပဲ။ အဖြူထည်အုပ်စုဆိုတာက ခုနကကျွန်တော့်သူငယ်ချင်းလို တိုင်းပြည်ကိုတိုးတက်စေချင်တဲ့ စေတနာအရင်းခံအုပ်စုပါ။ သူတို့တွေထဲမှာ ပညာတတ်လူ ငယ်တွေ ဘာသာရေးကိုစိတ်ဝင်စားတဲ့လူတွေအများစုပါဝင်ပြီး အရာရာကိုငြိမ်းချမ်းစွာနဲ့ ဖြေရှင်းဖို့ လိုလားပါတယ်။
နောက်ပြီး ဒီမိုအရေးလှုပ်ရှားနေသူတွေကို သိပ်အယုံကြည်မရှိ တဲ့လူတွေများပါတယ်(များဆို...ဆရာသမားတွေကလဲ နှစ်နှစ်ဆယ်ကြာတာတောင် ဘာမှ လောက်လောက်လားလားမလုပ်နိုင်ခဲ့ဘူးမဟုတ်လား) ။ရောင်စုံအုပ်စုကတော့ လူကောင်းနည်းပြီး လူခပ်ရှုပ်ရှုပ်တွေများပါတယ်။ ဒီအုပ်စုထဲမှာ ငါးမင်းဆွေတို့အေးလွင်တို့လို ဒီမိုထွက်တွေကအစ ပညာရှင်ယောင်ယောင်လူတွေအဆုံး အမျိုးမျိုးပါဝင်နေကြပြီး စစ်တပ်နဲ့ပေါင်းလုပ်ဖို့ကို တော်တော်လေးစိတ်အားထက်သန်ပါ တယ်။
(အထူးသဖြင့် စီးပွါးရေးတွေမှာပေါ့လေ) သူတို့က ဒီမိုသမိုင်းကြောင်းတွေရှိနေတော့ စစ်တပ်က သူတို့ကိုယုံအောင် ဒေါ်စုနဲ့ဒီချုပ်ကို အဓိကထားတိုက်ခိုက်ပြနေကြတယ်။ သူတို့ ကသာလျှင် တိုင်းပြည်ငြိမ်းချမ်းဖို့တိုးတက်ဖို့ လုပ်ဆောင်နိုင်သလိုလိုအပေါက်မျိုးချိုးကြပါ တယ်။ သူတို့အုပ်စုထဲမှာ တိုင်းပြည်အပေါ်စေတနာထားတာထက် ကိုယ့်အတ္တကို တည်ဆောက်နေသူက အများစုလို့ယူဆပါတယ်။ ဒါကြောင့်လည်း သူတို့အုပ်စုက နည်း နည်းရင်း များများမြတ်နိုင်တဲ့ လမ်းကြောင်းကိုရှာနေတာပါ။
လောလောဆယ်တော့၂၀၁၀ ရွေးကောက်ပွဲပေါ့လေ။နောက်တအုပ်စုဖြစ်တဲ့ ၀ါဒဖြန့်အုပ်စုကိုတော့ အထူးပြောစရာမရှိပါဘူး နဂိုကတည်းက စစ် တပ်အတွက်ဝါဒဖြန့်နေတာပါ။ သူတို့မှာ ခံယူချက်တွေ ယုံကြည်ချက်တွေ ဘာမှလောက် လောက်လားလားမရှိပါဘူး။ စားကောင်းသောက်ကောင်းအောင် ထထအော်နေတာသာဖြစ် ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီလိုအုပ်စုတွေခွဲပြီးတဲ့နောက်မှာ နောက်ထပ် သူတို့နဲ့ ပတ်သက်လို့ မြင်သလောက်ပြောရမယ်ဆိုရင် ပထမဆုံးအဖြူထည်အုပ်စုကို အရင်ဆုံး ပြောချင်တာက မြန်မာ့နိုင်ငံရေးဟာ နက်ရှိုင်းရှုပ်ထွေးပါတယ်။
စာအုပ်ကြီးတွေထဲက ပုံသေ နည်းတွေ နှိုင်းယှဉ်ချက်တွေကို တရားသေသုံးလို့မရပါဘူး။ အထူးသဖြင့် မျိုးဆက်သစ်လူ ငယ်တွေဟာ တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီး ဘာမှမသိကြသေးတာ များပါတယ်။ တိုင်း ရင်းသားတွေဟာ ဗမာတွေကို ဘယ်လိုသဘောထားတယ်၊ သူတို့ဘာကိုလိုချင်သလဲ၊ ဘယ်လိုဖြေရှင်းရမလဲ အစရှိတဲ့ စိန်ခေါ်မှုတွေကို ရှင်းနိုင်ဖို့လိုအပ်ပါတယ်။
နောက်တခုကတော့ ဒီအဖြူထည်အုပ်စုက အာဏာရှင်တွေရဲ့ယုံကြည်မှုကို ရလိမ့်မယ်လို့ သူတို့မျှော်မှန်းနေပါတယ်။ တကယ်တော့ အာဏာရှင်ဆိုတာ ကိုယ့်ကိုယ်ကိုကလွဲရင် ဘယ်သူ့ကိုမှ မယုံကြည်တတ်ပါဘူး။ တခြားလူဆိုတာခဏထား အမြဲတမ်းလက်တွဲလာတဲ့ ကိုယ်လုပ်ဖေါ်ကိုင်ဖက်ကိုတောင် မယုံကြည်ပါဘူး။ ယုံနေသလိုဟန်ဆောင်တာပဲရှိပါတယ်။ ဒါကြောင့်လည်း အဏာရှင်ရယ်လို့ဖြစ်နေတာပါ။ အာဏာရှင်စနစ်ကိုချုပ်ငြိမ်းစေချင်ရင် အာဏာရှင်ကိုဖြုတ်ချရပါမယ်။
အဲဒီလိုမှမဟုတ် ပေါင်းလုပ်ရင်းနဲ့တဖြေးဖြေးပြောင်းယူမယ် ဆိုတာက မြန်မာ့နိုင်ငံရေးလမ်းဟောင်းကြီးကို လိုက်နေတာပဲဖြစ်ပါတယ်။ ဘိုနေ၀င်းအာ ဏာသိမ်းထားတုန်းကလည်း အဲဒီခေတ်က ပုဂ္ဂိုလ်တော်တော်များများလုပ်ခဲ့ဖူးပါတယ်။ သူတို့က ဘိုနေ၀င်းကို သိမ်းသွင်းဖို့ဆိုတာထက် သူတို့ကို ဘိုနေ၀င်းကပဲ သိမ်းသွင်းပြီး အသုံးချတာတွေ ကန်ထုတ်တာတွေခံလိုက်ရပါတယ်။ နာမည်ကြီးခဲ့တဲ့ကြွေးကြော်သံတခု တောင်ကျန်ခဲ့ပါသေးတယ်။
ဘာတဲ့ ဆိုရှယ်လစ်စနစ်တည်ဆောက်မယ်ဆိုရင် ခွေးကတက် ကပဲနေရနေရပူးပေါင်းပါဝင်မယ် ဆိုတာပါပဲ။ အဖြူထည်အုပ်စုတော်တော်များများဟာ လူလတ်တန်းစားပညာတတ်အများစုဖြစ်ပါတယ်။ အတွေးအခေါ်ရှိတဲ့လူတွေဆိုတော့ တိုင်းပြည်ကိုတခုခုလုပ်ပေးချင်တဲ့စိတ်တွေရှိပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံမှာက ကောင်းတာလုပ်ဖို့မလွယ်ပါဘူး (ဘုန်းကြီးတရားဟော တာတောင် ၀န်ခံချက်လက်မှတ်ထိုးရတယ်မဟုတ်လား)။ ဒီတော့ ကောင်းတာလုပ်တဲ့သူ တွေဟာ ခက်ခက်ခဲခဲလုပ်ရမယ်၊ ပြဿနာတွေတက်နိုင်တယ်ဆိုတာ သူတို့သိထားပါတယ်။
မလုပ်ပဲနေဖို့ကလည်း စဉ်းစားဥာဏ်ရှိတဲ့လူတွေဖြစ်တော့ ကိုယ့်လိပ်ပြာကိုယ်မလုံဘူးပေါ့ လေ။ဒါနဲ့ပဲ ကိုယ့်လိပ်ပြာလည်းလုံ ပြဿနာလည်းမတက်နိုင်တဲ့ ၂၀၁၀ကြီးကိုရွေးပြီး ဒါဟာလက်တွေ့ကျတယ် ဘာတယ်ညာတယ်ပေါ့လေ ထအော်ကြတာပဲလို့မြင်ပါတယ်။ ကိုယ့်လူတွေကို အာမနာတမ်းပြောရရင် သားသမီးလည်းရချင်တယ် ဟ၀ှာပြုရမှာလည်း ကြောက်တယ်ဆိုတဲ့ အပျိုကြီးတွေလိုပဲလို့ မြင်ပါတယ်။ စစ်တပ်ကို ဆန့်ကျင်တိုက်ပွဲဝင်ရင် ပြည်သူတွေ သေကျေပျက်စီးတာတွေ ဘာတွေဖြစ်မှာ ဘာညာနဲ့လည်းပြောတတ်ကြပါ တယ်။
အခုလည်းဘာထူးလို့တုန်း လူတွေမသေသေးတာကလွဲရင် ကျေပြီးပျက်စီးနေကြ တာပဲမဟုတ်လား။စစ်တပ်ကလိုက်လျောမှုတွေ ပူးပေါင်းမှုတွေရဖို့ဆိုရင် သူတို့လေးစား(သို့)ကြောက်နိုင် လောက်တဲ့ အနေအထားမျိုး ကိုယ့်ဖက်မှာရှိဖို့လိုပါတယ်။ အထူးသဖြင့် မြန်မာအာဏာရှင် တွေဟာ လေးစားတယ်ဆိုတဲ့ဝေါဟာရ သူတို့မှာမရှိပါဘူး။ သူတို့မှာကြောက်တာပဲရှိပါ တယ်။ သူတို့ရပ်တည်ချက်ကို ကိုင်လှုပ်နိုင်မယ့်သူမျိုးသာ သူတို့ကပူးပေါင်းဖို့ လိုက်လျော ဖို့ လုပ်တတ်တာပါ။
ဒီအချက်ကို အလေးနက်ထားပြီး စဉ်းစားရမှာဖြစ်ပါတယ်၊ တတိယ အုပ်စုလို့အမည်ခံနေကြသူများကို စစ်တပ်က ဘယ်လောက်အလေးထား နေရာပေးမလဲဆို တာ ကိုယ့်ဟာကိုယ်ပဲ ဆန်းစစ်ပါ။ ရောင်စုံအုပ်စုကိုတော့ သိပ်ရှည်ရှည်ဝေးဝေး ပြောမနေတော့ပါဘူး။ လက်ရှိမြန်မာစစ်တပ် မှာ ဗိုလ်မှူးကြီးနဲ့အထက်ပုဂ္ဂိုလ်များဟာ တပ်ထဲကို တိုင်းပြည်ချစ်စိတ်အခြေခံလို့ ၀င်ရောက် ခဲ့ကြသူ အများစုပါ။ သို့သော်လည်း ဒီနေ့ဒီအချိန်မှာကျတော့ ပြည်သူ့အကျိုးဆိုတာထက် ရာထူးစည်းစိမ်လေး မပျောက်ဖို့ပဲ လုပ်နေကြတာတွေ့ရမှာပါ။
စည်းစိမ်အာဏာဆိုတာ လူ တွေကို ဖေါက်ပြန်ရူးသွပ်စေပါတယ်။ စည်းစိမ်အာဏာကြောင့်ပဲ လွတ်လပ်ရေးရကာစ မြန်မာနိုင်ငံမှာ သွေးသောက်ရဲဘော် လုပ်ဖေါ်ကိုင်ဖက်အချင်းချင်း တိုက်ခိုက်သတ်ဖြတ်နှိပ် စက်ခဲ့ကြတာ မကြာခဲ့သေးပါဘူး။ ဒီရောင်စုံအုပ်စုကရော အထက်ပါပုဂ္ဂိုလ်တွေထက် ထူး ခြားမြင့်မြတ်တဲ့ ကိုယ်ခံအားတွေရှိလား၊ လုပ်ပိုင်ခွင့်လေးရလာရင် ပြည်သူ့အကျိုးကို ပြန် ကြည့်နိုင်မလားဆိုတာ ကိုယ့်ဟာကိုယ်မေးကြည့်ကြပါ။
ဒီမိုတွေကရော မဖေါက်ပြန်ဘူးလားလို့ ပြန်မေးနိုင်ပါတယ်။ ဒီမိုတွေလည်း ဖေါက်ပြန်တတ် ကြတာပါပဲ။ သို့သော် အရေးယူနိုင်မှုနဲ့ စနစ်ကပြန်ထိန်းထားပါတယ်။ လွတ်လပ်တဲ့တရား စီရင်ခွင့်တွေ ထုတ်ဖေါ်ပြောဆိုခွင့်တွေရှိတဲ့အတွက် အကျင့်ပျက်မှုက ခေါင်းမထောင်နိုင်ပါ ဘူး။ လက်ရှိမှာ ရပ်ကွက်ဆယ်အိမ်ခေါင်းလောက်ကိုတောင် ဘာမှပြန်ပြောလို့မရတဲ့ခေတ် နောက်လည်း ဒီလူတွေပဲဆက်အုပ်ချုပ်ရင် ဘာမှပြန်ပြောလို့မရတာတွေပဲလာမှာပါ။
အဲဒါကို ပေါင်းလုပ်မယ် ပေါင်းလုပ်မယ်လို့ အော်နေကြတော့ ကိုယ့်ဟာကိုယ်ပဲ အမြီးအ မောက်တည့်အောင် စဉ်းစားကြည့်ကြဖို့ မဟာပညာကျော်များကို ပြောချင်ပါတယ်။ဝါဒဖြန့်တဲ့အုပ်စုကိုဘာမှတော့ ဝေဖန်လောက်စရာမရှိပါဘူး။ အစကတည်းကကျွန်တော် ဒီလောက် ရှည်ရှည်ရေးဖို့မရည်ရွယ်ထားပါ။ ရေးရင်းနဲ့ စာအရေးအသား မပိုင်နိုင်လို့ ရှည် လာတာ ၃ပိုင်းခွဲရတဲ့အဆင့်ရောက်သွားပါတယ်။ တကယ်ရေးချင်တဲ့ တခြားဟာလေးတွေ ရှိပါတယ်။ ပြည်တော်ပြန်အတွေ့အကြုံတွေ အတွေးအမြင်တွေ ၊ နောက်ပို့စ်မှာ ဆက်ရေးပါ မယ်။ မိတ်ဆွေများ.. မင်္ဂလာပါခင်ဗျားးးးးးးးးးးးးးးးးးးးးး
ချဲသမားနဲ့ဘုန်းကြီးတစ္ဆေများ ၂
မြန်မာပြည်ရဲ့နိုင်ငံရေးဟာ တခြားဘယ်နိုင်ငံနဲ့မှမတူပါဘူး။ အတိုက်အခံထဲမှာကို ကွဲပြား ခြားနားတဲ့အမြင်တွေနဲ့ အုပ်စုကွဲတွေအများကြီးရှိပါတယ်။ အဲဒီလိုကွဲနေတာက စစ်တပ်ဝါဒ ဖြန့်ဖြူးရေးအတွက် အခွင့်ကောင်းတခုပါ။
ဝါဒဖြန့်တဲ့နေရာမှာလည်း သူတို့ကိုယ်တိုင်ဝါဒ ဖြန့်သလို ဖါးတပိုင်းငါးတပိုင်းတွေကိုလည်း မြောက်ပေးပြီး ၀ါဒဖြန့်ခိုင်းပါတယ်။ သူတို့ဝါဒဖြန့်တာတွေက ဘယ်သူမှ စိတ်ဝင်စားမှုမရှိလို့ မအောင်မြင်ပေမဲ့ ဖါးတပိုင်း ငါးတပိုင်းတွေဝါဒဖြန့်တာကတော့ လူတွေကို ဟုတ်နိုးနိုးနဲ့ ထင်ယောင်မှား ဖြစ်စေနိုင်ပါ တယ်။
သူတို့က ပြည်သူ့ဘက်တော်သားလိုလို ဘာလိုလို အရေခြုံထားသလို၊ တချို့ကလည်း ယခင်လွတ်မြောက်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်ခဲ့ဖူးတာကြောင့် လူတွေနဲနဲ ထင်ယောင်မှားဖြစ်နေရတာပါ။ဖါးတပိုင်းငါးတပိုင်းလုပ်နေတဲ့အုပ်စုကို ပြန်ဆန်းစစ်ကြည့်မယ်ဆိုရင် ဒီမိုထွက်တွေနဲ့ ခေတ်ပညာတတ်လို့ခေါ်နေတဲ့ စာအုပ်အလွတ်ကျက်ထားတဲ့သူတွေချည်းဖြစ်ပါတယ်။
သူတို့ရဲ့တောင်စဉ်ရေမရာလျှောက်ပြောနေတာဘေးဖယ်ပြီး အနှစ်ချုပ်ဝါဒကို ကြည့်လိုက် မယ်ဆိုရင် စစ်တပ်နဲ့ပူးပေါင်း ရွေးကောက်ပွဲဝင် အမတ်တက်လုပ် ပြီးမှကိုယ်လိုသလိုပြုပြင် ဒီလိုပဲ အဓိပ္ပါယ်ထွက်ပါတယ်။ နောက်ပြီး သူတို့ကို နအဖ ဘက်တော်သားတွေလို့ပြောရင် သူတို့က မကြိုက်ပါဘူး၊ မဟုတ်ကြောင်းကို ဖင်ပိတ်ငြင်းကြပါတယ်။ ဒါမှလည်း လူတွေကို အယုံသွင်းလို့ ရမယ် မဟုတ်လား။
ပါးစပ်က ဘယ်လိုပင်ငြင်းနေပါစေ သူတို့ရဲ့ အယူဝါဒက ရှင်းရှင်းကြီး သက်သေခံနေပါတယ်။ သူတို့ပြောနေတဲ့အထဲမှာ အများဆုံးပါနေတာက ဒီချုပ်မကောင်းကြောင်းနဲ့ ဒေါ်စုမကောင်း ကြောင်းတွေပါပဲ။ ဒီချုပ်က ဘယ်လိုညံ့တယ်၊ ဒီချုပ်ခေါင်းဆောင်တွေက ဘယ်လိုဆိုးတယ်၊ ကွန်မြူနစ်တွေ ... အစရှိသဖြင့်ရေးကြပါတယ်။ အထူးသဖြင့် ဒီချုပ်ဟာ မြန်မာ့နိုင်ငံရေးကို နှစ် နှစ်ဆယ်နီးပါးလုပ်လာပေမဲ့ ဘာမှတိုးတက်မလာဘူး..ပြည်သူတွေမဲပေးထားတာ အလကားပဲ...အစရှိသဖြင့် ဒီလိုပဲအဓိပ္ပါယ်ထွက်တဲ့ အကြောင်းတွေရေးပြီး ၀ါဒဖြန့်ပါတယ်။
အပေါ်ယံတွေးရင် ဟုတ်သလိုလိုရှိနေပေမဲ့ သေချာစဉ်စားသင့်တဲ့အကြောင်းအရာက ဒီချုပ် မှာပါဝင်လှုပ်ရှားလို့ ထောင်ကျသွားသူတွေ၊ ဘ၀ပျက်သွားသူတွေ ဘယ်လောက်ရှိသွားပြီ လဲ၊ လက်ရှိနိုင်ငံရေးအကျဉ်းသားတွေထဲမှာ ဒီချုပ်က ဘယ်နှရာခိုင်နှုန်းပါနေလဲဆိုတာ ဆန်းစစ်ကြည့်ရင် ဒီချုပ်က အလုပ်လုပ်/ မလုပ် ဆိုတာပေါ်လာမှာပါ။
အဲ.. အလုပ်ဖြစ် မဖြစ်ဆိုတာက နောက်တပိုင်းသွားမှာပါ။ ဒီချုပ်မှာလည်း အားနည်းချက် တွေရှိနိုင်သလို အမှားအယွင်းတွေလဲ ရှိကောင်းရှိမှာပါ။ နိုင်ငံရေးပါတီတခုအနေနဲ့ ဘာမှ လုပ်ဆောင်လို့မရအောင်လည်း စစ်တပ်က ရိုက်ချိုးထားတာကို ဆရာကြီးတွေက ထည့်မ ရေးတာကတော့ မသိလို့ ထည့်မရေးတာလား တမင်မရေးကြတာလား ဆိုတာ စာဖတ်သူတွေပဲ စဉ်းစားကြည့်ပါ။
ဒီချုပ်နဲ့ပတ်သက်ရင် ထိပ်ပိုင်း အလယ်ပိုင်း အောက်ခြေပိုင်း အကုန်လုံး ဟာ နှိပ်ကွပ်ခံနေရပါတယ်။ သတင်းတွေမှာတော့ ထိပ်ပိုင်းနဲ့ အလယ်ပိုင်းကလူ လောက်သာ အဖမ်းဆီးခံရ၊ ထောင်ချခံရ ဆိုတာတွေလောက်ပဲ ရေးနိုင်ကြတာပါ။ အောက်ပိုင်းက ပါတီဝင်တွေ ဖြစ်ရင် လူမသိ သူမသိ ပါပဲ။ နမူနာတခုအနေနဲ့ မေးခွန်းတခု ကို ကိုယ့်ကိုယ်ကို မေးကြည့်ပါတယ်။ မြန်မာပြည်မှာရှိစဉ်က ဒီချုပ်ကို ဘယ်လိုဆက်သွယ်၊ ဆက်နွယ်ဘူးလဲ ဆိုတာပါပဲ။
အဖြေကတော့ နိုး... ဘာကြောင့်လဲဆိုတော့ ထိမှာကြောက် လို့ လို့ ရပါတယ်။ စာဖတ်သူများလည်း ကျွန်တော့်လိုပဲ အဲဒီမေးခွန်းကို ဖြေကြည့်ပါ။ နိုး..လို့ ဖြေသူ ဘယ်နှယောက် ရက်စ်လို့ဖြေနိုင်သူ ဘယ်နှယောက်ထွက်လာမယ်၊ ဒီချုပ်ကို လှုပ်ရှားမရအောင် ဘယ်သူတွေက ဘယ်လို ချုပ်ထားတယ်ဆိုတာ အဖြေထွက်လာပါမယ်။ ဒေါ်စုနဲ့ပတ်သက်ရင်လည်း သူတို့ပြောပုံဆိုပုံက တော်တော်လေး ပညာပါတာကို တွေ့ရပါ တယ်။ ပထမဆုံးဒေါ်စုကို စောင်းမြောင်းတိုက်ခိုက်တာတွေ မလုပ်သေးဘူး။ ဒေါ်စုတော် တယ် ကောင်းတယ်ဆိုတာလောက်နဲ့ပဲ အစပျိုးလာပါတယ်။
တဖြေးဖြေးနဲ့မှ ကွန်မန့်တွေက တဆင့် ပို့စ်တွေအထိ တိုက်ခိုက်လာပါတယ်။ အခုနောက်ဆုံး ဒေါ်စုဟာ လူထုခေါင်းဆောင် လုပ်ပြီး ဒါလေးတောင်မှ မသိဘူးလား ဘာလားနဲ့ရေးလာပါတယ်။ သူပြောချင်တာက နအဖကလွှတ်ပေးခါနီးမှာ ယက်တောကို လက်ခံလို့ မလွတ်တော့ဘူး၊ ဒါလေးတောင် မစဉ်း စားတတ်ဘူးလားပေါ့ဗျာ။
အဲဒီထက် ဆိုးတာက မြန်မာ့နိုင်ငံရေးဟာ ဒေါ်စုရှုပ်နေလို့ မတိုး တက်တာ၊ အခုဒေါ်စုကိစ္စက သာမည တိုင်းပြည်က အဓိက ဆိုပြီးလုပ်လာပါတယ်။ ကွန်မန့်တွေမှာလဲ ဒေါ်စုဆန်ရှင်ချလို့ တိုင်းပြည်ဆင်းရဲတာတို့၊ ဒေါ်စုက တိုင်းပြည်အကျိုး ဘာတွေလုပ်ပေးဖူးလဲနဲ့ ၀ိုင်းအူကြတဲ့အပြင် သူ့အဖေကဂျပန်တွေခေါ်လာလို့ တိုင်းပြည်နာ ခဲ့ရပြီးပြီး၊ အခုသူက အမေရိကန်ခေါ်ဖို့လုပ်နေတယ်လို့ အင်မတန်အောက်တန်းကျတဲ့ စကားတွေနဲ့ တိုက်ခိုက်လာပါတယ်။
ပြည်သူတွေလွတ်မြောက်ဖို့ လှုပ်ရှားဆောင်ရွက်နေကြတဲ့ လူပုဂ္ဂိုလ်အသီးသီးထဲမှာ စစ်အာဏာရူးတွေအကြောက်ဆုံး နံပါတ်(၁)ကတော့ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒေါ်စုကိုဖြိုဖို့နည်းလမ်းအမျိုးမျိုးနဲ့ နှစ်ရှည်လများကြိုးစားနေတာပါ။ ဒီပဲယင်းမှာ အပြတ်ရှင်းဖို့မအောင်မြင်တော့ အကျယ်ချုပ်နဲ့ ဘာမှလှုပ်ရှားလို့မရအောင် ထိန်းထားပါတယ်။ အဲဒီကာလမှာ သူတို့အာဏာတည်မြဲဖို့အတွက် တက်သုတ်ရိုက်ပြီး ရွေး ကောက်ပွဲလုပ်ဖို့နဲ့ စစ်တပ်အသွင်ပြောင်းရုပ်သေးအစိုးရပေါ်ပေါက်ဖို့ အသည်းအသန် လုံး ပန်းနေပါတယ်။
ဒီအချိန်မှာ ဒေါ်စုကိုလွှတ်လိုက်ရင် သူတို့လိမ်ထားတဲ့၉၂%ကြီး ဘူးပေါ် လာမယ့်အပြင် ဟန်ဆောင်ရွေးကောက်ပွဲဟာလည်း ပျက်စီးသွားပါလိမ့်မယ်။ ဒါကြောင့် ယက်တော မယက်တော ဘာဖြစ်ဖြစ် ဒေါ်စုကို လွှတ်မှာမဟုတ်ပါဘူး။ အဆုံးစွန် မတတ် သာလို့လွှတ်လိုက်ရရင်တောင် ဘာမှမလုပ်နိုင်ခင်မှာ အကြောင်းတခုခုပြပြီး အမြန်ဆုံး ထပ်ဖမ်းဦးမှာပါ။
ကိုမင်းကိုနိုင်တို့လို ခေါင်းဆောင်မျိုးတောင် လုပ်ခဲ့သေးတာပဲ။ ဒေါ်စုလို ခေါင်းဆောင်ကို သူတို့ ဘယ်လိုသတ္တိမျိုးနဲ့လွှတ်ပေးရဲမလဲဆိုတာ ကျွန်တော်တောသား ကတောင်စဉ်းစားတတ်ပါတယ်။ တကယ်က မြန်မာ့နိုင်ငံရေးမှာ ဒေါ်စုရှိနေလို့သာ အဆိုးဆုံးအခြေအနေမဖြစ်သွားတာပါ။ ဒေါ်စုသာမရှိရင် အမြင်ကွဲပြားနေတဲ့အုပ်စုတွေ ပြေပြေလည်လည်ဖြစ်လာဖို့ ညိနှိုင်းဆွေး နွေးဖို့ဆိုတာ ဘယ်သူမှဦးဆောင်နိုင်မှာမဟုတ်ပါဘူး။
တိုင်းရင်းသားတွေအပါအ၀င် အုပ်စု ကွဲတွေက တညီတညွတ်တည်း လေးစားနေကြတာ ဒေါ်စုကလွဲရင် ဘယ်သူမှလည်း အခု မျက်မှောက်ခေတ်မှာ မရှိသေးပါဘူး။ ဒါကြောင့် နအဖရော သူ့ရဲ့သံတူကြောင်းကွဲ ငကြောင်တွေကပါ မြန်မာ့နိုင်ငံရေးမှာ ဒေါ်စုကိုမရှိစေချင်တာပါ။ ဒါမှလည်း ကျန်တဲ့သူတွေ ကို ခြောက်တန်ခြောက် မြှောက်တန်မြှောက်ပြီး သူတို့စိတ်ကြိုက်လုပ်လို့ရမှာလေ။ တခြား မကြည့်ပါနဲ့ အခုပြည်ပမှာ အကွဲကွဲအပြားပြားဖြစ်နေတဲ့ အဖွဲ့တွေပုဂ္ဂိုလ်တွေပဲကြည့်ပါ။ သူတို့အားလုံး မျက်နှာစုံညီ ဆွေးနွေးဖို့ ဘယ်သူကဦးဆောင်စုစည်းနိုင်ပါသလဲ။
ဖြစ်နိုင် မယ်လို့ထင်ပါသလားခင်ဗျာ။ တကယ်လို့ ဒေါ်စုကသာ အထက်ပါအဖွဲ့တွေကို မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးဖို့ စုစည်းမယ်ဆိုရင် ငြင်းဆန်ကြမယ်လို့ထင်ပါသလား။ ဒါဟာ လက်ရှိ အခြေအနေမှာ ဒေါ်စုရဲ့အရေးပါမှု တစိတ်တပိုင်းမျှသာ ရှိပါသေးတယ်။ တခြား ကျွန်တော် မစဉ်းစားမိတဲ့ ဥာဏ်မမီတဲ့ အကြောင်းအရာတွေ အများကြီးရှိနေဦးမှာပါ။
စီးပွါးရေးပိတ်ဆို့တယ်ဆိုတာက နအဖနဲ့ ငကြောင်တွေကတော့ ခဏခဏ ခလုတ်လာလာ တိုက်ပါတယ်။ ဒေါ်စုက စီးပွါးရေးပိတ်ဆို့ခိုင်းလို့ပဲ အနောက်အုပ်စုက လိုက်လုပ်သလိုလို စီးပွါးရေးပိတ်ဆို့လို့ပဲ မြန်မာပြည်သူတွေဆင်းရဲနေရသလိုလို အမြဲတမ်းပြောတတ်ပါတယ်။ ရိုးရိုးလေးတွေးကြည့်မယ်ဆိုရင် မြန်မာပြည်မှာ လယ်ယာစိုက်ပျိုးနေသူတွေ၊ ၀န်ထမ်းတွေ စားဝတ်နေရေး မပြေလည်တာ အဲဒီစီးပွါးရေးပိတ်ဆို့မှုကြောင့်မပြေလည်ကြတာလား စီမံ ခန့်ခွဲမှုညံ့လို့မပြေလည်ကြတာလားဆိုတာ ရှင်းရှင်းလေးပါ။
မြန်မာပြည်ကဆန်စပါးနဲ့ အခြားသီးနှံတွေဟာ အနောက်နိုင်ငံတွေကို တင်ပို့ရတာမဟုတ်ပါဘူး။ မြန်မာပြည်က ၀န်ထမ်းတွေရဲ့လစာငွေတွေ ဒေါ်လာငါးဆယ်အောက်ရနေတာဟာ စီးပွါးရေးပိတ်ဆို့လို့ မဟုတ်ပါဘူးဗျာ။ တကယ်က စီးပွါးရေးပိတ်ဆို့ထားတယ်သာပြောနေတာပါ အမေရိကန် ရေနံကုမ္ပဏီနဲ့ ပြင်သစ်ရေနံကုမ္ပဏီတို့ အခုထိမြန်မာပြည်မှာရှိနေပါသေးတယ်။
ထို့အတူပဲ အာဆီယံနဲ့ဂျပန်တွေက စီးပွါးရေးပိတ်ဆို့မှုမှာမပါဝင်ကြပါဘူး။ အဲဒီနိုင်ငံက မြန်မာပြည်မှာ စက်ရုံတွေလာမဖွင့်ကြတာဟာ ဒေါ်စုကြောင့်လား၊ ဘာမှတိကျခိုင်မာမှုမရှိ တဲ့ စစ်အာဏာရူးတွေကိုမယုံလို့လား စဉ်းစားကြည့်ပါ။ ထို့အတူပဲ အနောက်အုပ်စုက စီးပွါး ရေးပိတ်ဆို့တာဟာ စစ်အုပ်စုကတိုင်းသူပြည်သားကိုဖိနှိပ်ရက်စက်လို့လားဒေါ်စုပြောလို့ လိုက်လုပ်တာလား ရှင်းပါတယ်။
ဒေါ်စုသာအနောက်အုပ်စုကို စေလိုရာစေခိုင်းနိုင်ရင် စစ် အုပ်စုပြေးရတာကြာပါပြီ။ တိုင်းသူပြည်သားတွေဆင်းရဲရခြင်းရဲ့အကြောင်းအရင်းဟာ စီးပွါးရေးပိတ်ဆို့လို့ ကျားကျားမီးယပ်အော်နေမဲ့အစား ကိုယ့်အဘတွေ အသုံးမကျလို့ စီမံ ခန့်ခွဲမှုညံ့ဖျင်းလို့ အမှန်အတိုင်းဝန်ခံရဲတဲ့သတ္တိမွေးသင့်ပါတယ်။ ဒေါ်စုက တိုင်းပြည် အတွက် ဘာတွေလုပ်ပေးဖူးသလဲဆိုတာထက် မောင်သန်းရွှေတို့စစ်အုပ်စုက တိုင်းပြည် ကောင်းကျိုးဘာတွေလုပ်ပေးဖူးသလဲဆိုတာကို အရင်ဆုံးပြောကြပါလို့ ငကြောင်များကို ပြောချင်ပါတယ်။ စာလဲတော်တော်ရှည်သွားပါပြီ။
ငကြောင်တွေရဲ့အတွေးအခေါ်နဲ့လမ်းစဉ်တွေအကြောင်းကို နောက်တပုဒ်မှာ အပြီးသတ်ရေးပါမယ်။ စာဖတ်သူမိတ်ဆွေများ.. မင်္ဂလာပါခင်ဗျာ။