တန်ဖိုးနဲ့ရလာဒ်

ဘလော့တွင်စာမရေးဖြစ်သည်မှာ ၃-၄လခန့် ကြာခဲ့ပြီဖြစ်သည်။ အစပိုင်းတွင် သူငယ်ချင်း ဖြစ်သူ စောကျော်ခွိ က ဘလော့အသက်ဝင်စေရန် ကဗျာ၊ဓါတ်ပုံ စသည်တို့ကို လာလာ ထည့်ပေးနေခဲ့သည်။ ထို့အတူ မိတ်ဆွေများကလည်း စာဖြင့်တမျိုး စီဘောက်တွင်တသွယ် လာရောက် သတိပေးသည်။

နောက်ဆုံးတော့ အားလုံးကလက်လျော့လိုက်ဟန်ရှိသည်။ တကူးတက အားပေးသော မိတ်ဆွေများကို လူမှုရေးညံ့သော မောင်ကျည်ပွေ့က တောင်းပန်ပါသည်။ မိတ်ဆွေများ၏ စေတနာအတွက်လည်း ကျေးဇူးတင်ပါသည်။ ၂၀၀၉ ခုနှစ်တွင် မောင်ကျည်ပွေ့အနေဖြင့် စာရေးရန် အလွန်ကောင်းသော အတွေ့အကြုံများ၊ အတွေးအမြင်များ များစွာရသောနှစ်တနှစ်ဖြစ်ခဲ့သည်။


သို့သော်လည်း အကြောင်းကြောင်း ကြောင့် မရေးနိုင်ခဲ့။ တပိုင်းတစနှင့် ရပ်ရပ်ထားခဲ့ရသည်။ နဂိုမူလ ၀ါသနာဖြစ်သော ဘလော့လည်ခြင်း၊ စာဖတ်ခြင်းသာ လုပ်ခဲ့သည်။ ခုတလော သတင်းတချို့ဖတ်မိရချိန်တွင် လွန်စွာ စိတ်မကောင်းဖြစ်မိရသည်။

ထိုသတင်းမှာ လျှိ့ဝှက်ချက်ပေါက်ကြားမှုဖြင့် သေဒဏ်ပေးခံရသော ဗိုလ်မှူးအကြောင်းပင် ဖြစ်သည်။ တကယ်တော့ ထိုမှတ်တမ်းများသည် မြန်မာပြည်သူများထက် နိုင်ငံရေးကို ချိန်ဆ လှုပ်ရှားနေကြသော နိုင်ငံများတွင်သာ အကျိုးရှိသည်ဟု မြင်ပါသည်။ ဥပမာ- ထိုင်း၊ အမေရိကန်၊အိန္ဒိယ၊အနောက်အုပ်စု စသောနိုင်ငံများမှ ထောက်လှမ်းရေးများအတွက်သာ အသုံးဝင်ကောင်း ၀င်နိုင်ပါလိမ့်မည်။

မြန်မာပြည်သူများအတွက်တော့ အတင်းသာသာ သတင်းမျိုးဟု ထင်ပါသည်။ ထိုမှတ်တမ်းများကို အင်တာနက်တွင် လွှင့်တင်လိုက်ခြင်းဖြင့် အကျိုးထက် အပြစ်သာများခဲ့ရပြီဖြစ်သည်။ တကယ်တော့ တပ်ထဲတွင် ခေါင်းဆောင်တစု ကိုစိတ်ပျက်နေသော အရာရှိအရာခံများ များစွာရှိနေပါသည်။ ပြည်သူတို့၏အကျိုးကို လိုလားသော၊ အခွင့်ကောင်းကိုရှာဖွေနေသော ထိုအရာရှိများကို ယခုဖြစ်ရပ်က ဟန့်တား သလိုဖြစ်နေပါပြီ။ ကိုယ့်တုတ်နှင့် ကိုယ့်ကို ပြန်ရိုက်ခြင်းခံလိုက်ရသလို၊ တဖက်တွင်လည်း အချည်းနှီး ပျက်စီးရသည်ဟု မြင်ပါသည်။ နဂိုကတည်းက မယုံချင်စရာများနေသော ပြည်ပ ရောက်အင်အားစုများကို ထပ်မံစည်းတားလိုက်သလို ဖြစ်သွားရသည်။

ကာယကံရှင်နှင့်မိသားစုအတွက် အစားထိုးမရသော ဆုံးရှူံးခြင်းဖြစ်ရပြီး မြန်မာပြည်သူများ အတွက်လည်း ပြည်သူ့ဘက်တော်သားများ ဆုံးရှူံးခဲ့ရပါပြီ။ ရှိပြီးသားသူတွေပင် နောက်တွန့်သွားနိုင်ပါသည်။ ကျွန်ုပ်တို့သည် သင်ခန်းစာပေါင်းများစွာ ရခဲ့သည်ဆိုရာဝယ် တန်ဖိုးကြီးမားစွာ ပေးဆပ်ခဲ့ရသည်ကသာ များချေသည်။ ယခုထက်ပို၍ စနစ်တကျလုပ် ဆောင်နိုင်မှသာ ပြည်သူဘက်တော်သားများကျဆုံးမှု နည်းပါးနိုင်မည်ဟု တွေးမိပါသည်။ ထို့ကြောင့် ယခုကဲ့သို့သောဖြစ်ရပ်များ ထပ်မံမပေါ်ပေါက်စေရန် နှိုင်းနှိုင်းချိန်ချိန်လုပ်သင့် ကြောင်း လက်တို့လိုက်ပါတယ်ခင်ဗျာ။

1 Comentário:

ကလူသစ် said...

အင်တာဗျူးထဲမှာတော့ တရားခံရှာခံရတယ်ဆိုတာပဲဗျ။ ဘယ်ဟာယုံရမလဲမသိဘူး။ သတင်းဦး သတင်းထူးဆိုရင်တော့ တင်ချင်တဲ့မီဒီယာအများသားမဟုတ်လား။ သူတို့လဲ မီဒီယာအလုပ် မီဒီယာလုပ်တာပေါ့ဗျာ။ ကျန်တာကတော့ ကိုယ်ဖြစ် ကိုယ်ခံကြလို့များ ပြောမလားမသိဘူး။

 

©2009 မောင်ကျည်ပွေ့ | Template Blue by TNB