မုန်းတီးခြင်း၏သားကောင် ၎

မင်္ဂလာပါခင်ဗျာ။ အလုပ်နည်းနည်းရှုပ်သွားလို့ စာမရေးနိုင်ခဲ့ဘူး။ ကြိုးစားပြီးဆက်ရေးလိုက်ပါပြီ။ စီဘောက်မှာ မှတ်ချက်လေးတွေ ပေးသွားတဲ့ ဘလော့မိတ်ဆွေများနဲ့တကွ လာလည်သူအပေါင်းကို ကျေးဇူးတင်ပါတယ်။ ပြီးခဲ့တဲ့ ပို့စ်တုန်းက မြန်မာနိုင်ငံသားတွေ ထိုင်းထဲကိုလာရတဲ့ခရီးစဉ်အထိ ရေးခဲ့ပါတယ်။ အခက်ခဲအမျိုးမျိုးအကြောင်းလည်းပါ ၀င်ပြီးခဲ့ပါပြီ။ အဲဒါတွေကျော်ဖြတ်ပြီးတဲ့နောက် ထိုင်းထဲကိုရောက်လာပြီဆိုပါဆိုတော့။ လူခံဆွေမျိုးသားချင်းတွေရှိတဲ့ သူတွေအတွက် တော်တော်လေးအဆင်ပြေပါတယ်။ နေဖို့စားဖို့ကအစ အလုပ်အကိုင်တွေအတွက်ပါ ဘာမှစိတ်ပူစရာ မလိုပါဘူး။ ကိုယ့်လူခံတွေကပဲ စီစဉ်ပေးသွားပါတယ်။

သို့သော်အများစုက အလုပ်ရဖို့အတွက် အလုပ်သွင်းပေးတဲ့ ပွဲစားတွေကိုပဲမှီခိုရတာပါပဲ။ ဒီမှာ(အထူးသဖြင့် မဟာချိုင် စမွတ်စာခွန်)ကအင်မတန်ခေတ်စားတဲ့ စကားတစ်လုံးရှိပါတယ်။ “စမတ်ခ” ဆိုတဲ့စကားပါ။ အလုပ်သွင်းပေး ခ ပေါ့ဗျာ။ ၅၀၀ - ၁၃၀၀၀ ဘတ်အထိ ဈေးနှုန်းအမျိုးမျိုးရှိပါတယ်။ အဲဒါက အလုပ်သွင်းပေးခသတ်သတ်နော်၊ လမ်းစားရိတ်နဲ့မဆိုင်ဘူး။ ပျှမ်းမျှပေါက်ဈေးတွေကတော့ ၃၀၀၀-၅၀၀၀ ဘတ်လောက်ရှိပါတယ်။ အလုပ်ကောင်းရင် ကောင်းသလောက် ပွဲစားခတွေပေးရတတ်ပါတယ်။ အဲဒီပွဲစားခတွေကိုတော့ မြန်မာနိုင်ငံသားပွဲစားတွေနဲ့ အလုပ်ရုံထဲ က မန်နေဂျာ-စူပါဗိုက်စာ လိုလူတွေပူးပေါင်းပြီး ၀ါးစေဝေစားလုပ်ကြပါတယ်။ ဒါကလူခံရှိတဲ့သူတွေပါ။

လူခံမရှိပဲ ပွဲစားကအပြောကောင်းလို့၊ ဟိုမှာလည်းဆင်းရဲကျပ်တည်းလွန်းလို့ လာရတဲ့သူတွေကတော့ အများအားဖြင့် တဆင့်ခံရောင်းစားခံရပါတယ်။ ယောက်ျားလေးတွေဆို ငါးဖမ်းလှေထဲရောင်းတာခံရပါတယ်။ ငါးဖမ်း လှေဆိုလို့ ထိုင်းရေထဲမှာဆွဲတဲ့၊ တစ်လတခါ ကမ်းဝင်တတ်တဲ့လှေလိုမျိုးကို ပြောတာမဟုတ်ဘူး။ အင်ဒိုနီးရှားရေထဲ မှာသွားဆွဲတဲ့ သုံးနှစ်မှတခါ ထိုင်းပြန်ရောက်တဲ့ အင်ဒိုလှေကိုပြောတာပါ။ အဲဒီလှေတွေဟာ တော်ရုံနဲ့ကမ်းမကပ်ပါဘူး။ ပင်လယ်ထဲမှာပဲ ငါးတွေဆက်တိုက်ဖမ်းရပါတယ်။ ဖမ်းမိတဲ့ငါးတွေကိုသယ်ဖို့နဲ့ ဆီရိက္ခာပို့ဖို့အတွက် သီးသန့်ကဲ့လှေလို့ ခေါ်တဲ့လှေကရှိတော့ ကမ်းမမြင်လမ်းမမြင်နဲ့ ပင်လယ်ထောင်ကျ ပိုက်ဆံလည်းမရဆိုတော့ ဒယ်အိုးပူလို့ခုန်ချမှ မီးပုံနဲ့ တိုးဆိုတဲ့ စကားပုံလိုအဖြစ်မျိုးတွေပေါ့။

မိန်းကလေးတွေကတော့ ဟိုအရင်၉၀-၉၇ ခုနှစ်ပိုင်းတွေတုန်းက ပြည့်တန်ဆာရုံတွေမှာ ရောင်းစားတာတွေခံရ တတ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ လူတွေလည်းကြားဖူးနားဝတွေများလာလို့ အဲဒီနေရာတွေသိပ်မရောက်တော့ ပါဘူး။ ဒါပေမယ့် ရောင်းစားခံဘ၀ကတော့မလွတ်သေးဘူး။ ဘယ်သူတွေက၀ယ်လဲဆိုတော့ အလုပ်သမားအလွန်လို နေတဲ့အလုပ်ရှင်နဲ့ လူပွဲစားရဲ့ဆွေမျိုးအဆက်အနွယ်တွေက ၀ယ်ပါတယ်။ လူပွဲစားတွေအနေနဲ့ လမ်းစားရိတ်ကုန်ကျ ထားတာတွေကို အမြန်ဆုံးငွေပြန်ဖေါ်ချင်ကြပါတယ်။ ဒီတော့ခေါ်လာတဲ့သူတွေကို အလုပ်ရှင်တွေ ငွေလက်ငင်းပေး နိုင်တဲ့သူတွေဆီမှာပြန်ရောင်းချပါတော့တယ်။

အဲဒီလိုလူရောင်းစားတာတွေဟာ ၉၀-၂၀၀၂လောက်အထိ တော်တော်များများရှိနေခဲ့ပြီး ခုနောက်ပိုင်းမှာ လျော့ကျသွားပါတယ်။ လျော့ကျသွားတယ်ဆိုလို့ မရှိတော့ဘူးမဟုတ်ပါဘူး၊လွန်ခဲ့တဲ့ မတ်လ၂၀ရက်နေ့ကကို မဟာချိုင်က ပုစွန်ရုံတစ်ရုံမှာ အန်ဂျီအိုရဲ့တိုင်ကြားချက်နဲ့ ရဲဝင်ဖမ်းတော့ အဲဒီလိုရောင်းစားခံရတဲ့သူတွေ တွေ့ခဲ့ရပါ သေးတယ်။ ခေတ်ပြိုင်ထဲမှာလည်း သတင်းပါတာတွေ့ခဲ့ရတယ်။ အလုပ်ရှင်တွေက၀ယ်ထားရင် အ၀ယ်ခံရသူတွေကို ထွက်ပြေးမှာစိုးလို့ အလုပ်ဝင်းထဲကနေ အပြင်ကိုမပေးထွက်ပါဘူး။ ခြံဝင်းကိုလည်း သံဆူးကြိုးတွေနဲ့ကာ၊ ကင်မရာ တွေတပ် ပုံစံမျိုးစုံနဲ့ လှောင်ထားပါတယ်။ အခန်းကျဉ်းလေးတွေထဲမှာ ကျပ်ပိတ်သိပ်ပြီးနေရပါတယ်။

နေမကောင်းဖြစ်ရင်လည်းနားခွင်၊ ဆေးကုသခွင့်မရတဲ့အပြင် အလုပ်ပျင်းတယ်လို့စွပ်စွဲပြီး အဆူခံ၊အရိုက်ခံ ရ တတ်ပါတယ်။ ဒါကြောင့် အဲဒီလူတွေဟာ ကျန်းမာရေးတွေချို့ယွင်းပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ အထူးသဖြင့် တီဘီအဆုတ်ရောဂါတွေ ဖြစ်ကြ၊ကူးစက်ခံရနဲ့ ဖြစ်တတ်ပါတယ်။ အထက်ဖေါ်ပြပါအလုပ်ရုံထဲက အလုပ် သမားပေါင်း ၃၀၀ကျော်ထဲမှာ တီဘီဖြစ်နေသူ ၇၀ ယောက်ရှိနေတယ်လို့ သိရပါတယ်။ သူတို့တွေဖမ်းခံထိပြီးနောက် ဆေးကုသခွင့်ကို ဘယ်လောက်အတိုင်းအတာထိ ရကြမလဲမသိပါ။ အကယ်၍မြန်မာပြည်ပြန်ပို့ခဲ့ရင် အဲဒီတီဘီရောဂါ ကို ကုသနိုင်မယ့်လူတန်းစားမဟုတ်တာကြောင့် နီးစပ်သူတွေကို ရောဂါတွေထပ်ပျံ့ဦးမှာပဲလို တွေးမိပါသေးတယ်။

နောက်ထပ်အရောင်းစားခံအုပ်စုကတော့ ကိုယ့်နိုင်ငံသားအချင်းချင်းပါပဲ။ သူတို့ကဘာပိုထူးလဲဆိုတော့ နေစား ရိတ်၊ စားစားရိတ်တွေကိုပါ လခစားအမြတ်ယူခံရပါတယ်။ ၀ယ်ထားတဲ့သူက အ၀ယ်ခံထားရတဲ့သူတွေကို အလုပ်သွင်း ထားပေးပြီး နေထိုင်၊စား တာတွေကိုလည်း သူတို့ကပဲစီစဉ်ပေးပါတယ်။ သူတို့ကအခန်းတခန်းငှါးပြီး အဲဒီအခန်းမှာ အ၀ယ်ခံရသူတွေပေးနေ(ကျပ်ပိတ်သိပ်)၊ တနေ့ထမင်းနှစ်နပ်ကျွေး၊ အဲဒီအတွက်တစ်လကို ၁၅၀၀- ၁၈၀၀ လောက် လွတ်လွတ်ပေးရပါတယ်။ လစာထွက်ရင် ထမင်းဖိုးနဲ့ လမ်းစားရိတ်အကြွေးအတွက် အကုန်သိမ်းပါတယ်၊ ကိုယ်သုံးဖို့ အတွက်တော့ ၃၀၀-၄၀၀ လောက်ပဲပြန်ပေးတတ်ကြပါတယ်။ အဲဒီလိုတဆင့်ပြီးတဆင့်ရောင်းစားခံရသူတွေကတော့ လမ်းစားရိတ်အကြွေးကို ဆတိုးဆတိုးနဲ့ ဘတ်၂၅၀၀၀ ဆပ်ပေးရပါတယ်။

စာဖတ်သူများစဉ်းစားသာကြည့်ကြပါတော့ဗျာ။ တစ်လမှ ၅၀၀၀-၆၀၀၀ ဘတ်လောက်ပဲရတဲ့သူတွေက အဲဒီလို အမြတ်ကြီးစားတွေအတွက် ဘယ်လောက်ထိ ဘ၀တွေပေးဆပ်ခဲ့ရပါသလဲ၊ မျှော်လင့်ချက်တွေ တပုံတပင်နဲ့လာခဲ့ကြ ပေမယ့် လောကငရဲတွေနဲ့ပဲ ကြုံဆုံခဲ့ရတဲ့ဘ၀တွေအတွက် ဘယ်သူ့မှာအဓိကတာဝန်ရှိပါသလဲ။ စီးပွါးရေးပိတ်ဆို့မှု တွေကြောင့်လို့တော့ လာမပြောကြပါနဲ့။ ဒီမှာရှိနေတဲ့လူတွေ အတော်များများဟာ ကိုယ်ပိုင်လယ်၊ယာ၊ခြံ တွေရှိကြပါ တယ်။ ကိုယ့်မြေကိုယ့်ရေမှာ အေးချမ်းစွာနဲ့လုပ်စားချင်ကြပေမယ့် ရပ်တည်လို့မရနိုင်ခဲ့ကြပါဘူး။ ရေး-ထားဝယ်ရထား လမ်းကို ဘယ်သူတွေရဲ့လုပ်အားတွေနဲ့ဖေါက်ခဲ့ရပါသလဲ။ အင်မတန်ရင်နာစရာကောင်းလှပါတယ်။ အဲဒါကိုမှ သူတောင်းစား၊ဓါးမြကောင်တွေကို ကာဆီးကာဆီးလုပ်နေတဲ့သူတွေလည်းရှိနေကြသေးတယ်။

စာဖတ်သူတွေဘယ်လိုခံစားရသလဲတော့မသိပါ။ ကျွန်တော်ကတော့ ရေးရင်းနဲ့ကို ရင်ဆို့လာပါတယ်။ ရှေ့ဆက်ပြီး ဒီမြန်မာနိုင်ငံကအလုပ်သမားတွေအပေါ် ထားရှိတဲ့ထိုင်းနိုင်ငံရဲ့သဘောထားနဲ့ ဆက်ဆံပုံတွေကို ဆက်ပြီးရေးသွားပါမယ်။

ဆက်ရန်……..

1 Comentário:

mm thinker said...

ရေးသွားတဲ့ အချက်တွေဟာ အင်မတန်မှ ထိထိမိမိရှိလှပါတယ်။ ကျနော်ကတော့ ပြန် Paraphrase လုပ်ပြီး အင်္ဂလိပ်လိုတောင် ပြန်လိုက်ချင်ပါတယ်။
ထိုင်းတွေဟာ တူဖြစ်တုန်း စွတ်ထုနေတာမျိုးပါ။ သူတို့သာ ပေဖြစ်ရင် သမိုင်းက လှနိုင်မှာ မဟုတ်တော့ပါဘူး။
ကိုယ်လုပ်သမျှတွေအတွက် ပေဆပ်ရမယ့် နေ့ကို သူတို့ မေ့နေကြပါတယ်။
သင်ကာ

 

©2009 မောင်ကျည်ပွေ့ | Template Blue by TNB