မုန်းတီးခြင်း၏သားကောင် ၃

ကျွန်တော့်ရဲ့ဘလော့ကို လာရောက်ဖတ်ရှုခံစားပေးတဲ့ မိတ်ဆွေတွေ တိုးပွါးလာတဲ့အတွက် ၀မ်းသာကြည်နူး မိပါတယ်။ တဆက်တည်းမှာပဲ တကူးတက အချိန်ကုန်ခံလာလည်ပေးခြင်းကို လေးစားတန်ဖိုးထားတဲ့အနေနဲ့ ပို့စ်တွေ အဆက်မပြတ်ရေးရတော့မှာဖြစ်တဲ့အတွက် နည်းနည်းတော့စိတ်လေးမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ဟာ အခြားဘလော့ဂါများလို စာရေးကျွမ်းကျင်တဲ့သူ မဟုတ်လို့ပါပဲ။ ကြိုးစားပြီးတော့ရေးလိုက်ပါပြီ။ တွေ့တဲ့အားနည်း ချက်ကို အားမနာတမ်း ထောက်ပြဝေဖန်ပေးပါခင်ဗျာ။ စီဘောက်ထဲမှာ အားပေးစကားထားခဲ့ပေးတဲ့ ဧည့်သည်တော် များကိုလည်း အထူးကျေးဇူးတင်ပါတယ်။

မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲဝင်လာမှုတွေကို ရေးပြီးခဲ့ပါပြီ။ အခုဆက်ရေးမှာက ၀င်လာတဲ့လမ်းကြောင်း တွေနဲ့ ၀င်လာပုံပါ။ ထိုင်းမှာလာပြီးအလုပ်လုပ်ဖို့အတွက် ဦးစွာအဆက်အသွယ်ရှာရပါတယ်။ အဆက်အသွယ်နှစ်မျိုးရှိ ပြီး ပထမတစ်မျိုးကတော့ ထိုင်းမှာရောက်နေပြီးအခြေကျနေတဲ့ ဆွေမျိုးမိတ်ဆွေနဲ့ နောက်တမျိုးကတော့ အကြွေးနဲ့ ခေါ်သွားမယ့် ပွဲစားပါ။ ဘာပဲဖြစ်ဖြစ် ပွဲစားနဲ့ပဲသွားရတာပါပဲ၊ လက်ငင်းကဈေးနည်းနည်းသက်သာပါတယ်။ ၉၀-၉၆ နှစ် တွေတုန်းက ပွဲစားတွေဟာ လက်ငင်းပေးတာတောင်လက်မခံတတ်ကြပါဘူး၊ အကြွေးနဲ့ပဲခေါ်ပါတယ်။ သူတို့အမြတ်ပို ရအောင်လို့ပါ။ အဲဒီအချိန်တုန်းက ပွဲစားတွေဟာ မြို့တွေရွာတွေမှာ တဆင့်ခံပွဲစားထားပြီး လူစုခေါ်ပါတယ်။ မစားရ၀ခ မန်းမက်လုံးတွေနဲ့ ထိုင်းနိုင်ငံဆိုတာ ပဒေသာပင်တွေပေါက်နေသလိုမျိုး လှည့်ဖျားခဲ့တာပါ။

ပွဲစားကအယုံသွင်းလို့ပဲဖြစ်ဖြစ်၊ အခြေကျနေတဲ့ဆွေမျိုးတွေကခေါ်လို့ပဲဖြစ်ဖြစ် ထိုင်းကိုလာတဲ့အခါ အိမ်ကစ ထွက်တာနဲ့ ဒုက္ခဆင်းရဲတွေ့ရပါပြီ။ သိတော်မူကြတဲ့အတိုင်း ရွှေမြန်မာနိုင်ငံတော်ကြီးက ယူနီဖေါင်းဝတ်သူတောင်းစား လိုလို အေးဓါးပြလိုလိုကောင်တွေ ညစ်ပတ်ငွေညှစ်ခြင်းနဲ့ တွေ့ရပါပြီ။ ဗမာစကားကောင်းကောင်းမတတ်တဲ့ တိုင်းရင်း သားတွေဆို ပိုပြီးဒင်းတို့ဒဏ်ခံရပါတယ်။ ကော့သောင်းလမ်းဆို လှေလမ်းကလာရတဲ့အတွက် ကော့သောင်းရောက်တဲ့ အခါ လှိုင်းမူးတဲ့ဒဏ်အပြင်၊ ဆိုင်ကယ်သမားတွေ၊ ရဲ၊ မီးသတ်တွေရဲ့ ငွေညှစ်ခြင်းကို တော်တော်ခံရပါတယ်။ လှေထဲ မှာလည်း လာရတဲ့သုံးလေးရက်အတွင်း မစားနိုင်၊မသောက်နိုင် လှိုင်းမူးပြီးအော့အန် မိုးရွာရွာနေပူပူငုတ်တုတ်ထိုင်(လူ နှစ်ရာလောက်သာဆန့်တဲ့လှေကို လူငါးရာ၊ခြောက်ရာလောက်တင်ထားလို့ ကျောချဖို့တောင်နေရာမရှိ) ပြီးလာရ၊ ကမ်း ရောက်တော့လည်း ဓါးပြတွေနဲ့တွေ့ ရင်နာစရာကောင်းလှပါတယ်။ မျှော်လင့်ချက်အတွက်ကြောင့်သာ သည်းခံပြီးလာ ခဲ့ရခြင်းဖြစ်ပါတယ်။

မွန်၊ ကရင်၊ တနင်္သာရီ ဒေသကနေ ထိုင်းထဲကိုဝင်တဲ့ အဓိကလမ်း သုံးလမ်းရှိပါတယ်။ ကော့သောင်း-ရနောင်း လမ်း၊ မြ၀တီ-မဲဆောက်လမ်း နဲ့ ဘုရားသုံးဆူလမ်းတို့ဖြစ်ပါတယ်။ ရှမ်းပြည်နယ်ကနေတဆင့် ၀င်တဲ့လမ်းကိုတော့ ကျွန်တော်သေချာစွာမသိပါခင်ဗျာ။ ထိုင်းနယ်စပ်ကိုရောက်တာနဲ့ မြန်မာပွဲစားက ထိုင်းပွဲစားကိုအပ်လိုက်ပါတယ်။ ထိုင်း ပွဲစားကပဲ သွားလာဖို့အတွက်စီစဉ်ရပါတယ်။ အဲဒီလူတွေကလည်း အများအားဖြင့် ထိုင်းရဲ(သို့) ရဲနဲ့ချိတ်ဆက်ထားသူ တွေပါ။ ဘုရားသုံးဆူနဲ့ မဲဆောက်လမ်းတွေမှာဆိုရင် ရဲဂိတ်တွေကို ကွေ့ပတ်ကျော်ဖို့အတွက် တောတွေဖြတ်၊ တောင် တွေတက်နဲ့ သွားရပါတယ်။ အဲဒီမှာနယ်ခံလူတွေက လမ်းပြလုပ်ပေးပါတယ်၊ နွားမှောင်ခိုခေတ်က နွားအုပ်တွေကို တောတောင်ဖြတ်မောင်းသလိုပါပဲ။

တချို့ဆိုအဲဒီတောတွေထဲမှာ ၁၀-၁၅ ရက်ကနေ ၁လ အထိကြာနေတတ်ပါတယ်။ စားစရာဆိုလို့ ကံကောင်း ရင် ခေါက်ဆွဲခြောက်အထုပ်ကို ဒီအတိုင်းချိုးဖဲ့ပြီးစားရပါတယ်။ ဘာမှမရှိရင် တောထဲမှာတွေ့ရာစားပါပဲ။ အဲဒီလိုတော ထဲမှာဖြတ်နေတဲ့အချိန်မှာ နယ်စောင့်တပ်တွေနဲ့တိုးရင်တော့ အပစ်ခံရတတ်ပါတယ်။ လူမသိသူမသိသေသွားသူတွေ မနည်းလှပါဘူး။ ဒါမှမဟုတ် ငှက်ဖျားမိတတ်ပါတယ်၊ အချို့နှလုံးရောဂါလို ရောဂါအခံရှိတဲ့သူတွေ အမောဆို့ပြီး အသက်ဆုံးခဲ့ရပါတယ်။ တောတောင်တွေဖြတ်တာ အများအားဖြင့် ညဘက်တွေမှာဖြတ်ရတာနော်။ နေ့ဘက်ဆိုရင် လှည့်ကင်းတွေနဲ့ တွေ့တတ်လို့ပါ။ ဟိုကောင်တွေကလည်း ပစ်ပြီးမှဘယ်သူလဲလို့မေးတတ်တဲ့ကောင်တွေလေ။ အဲဒီအ ဆင့်ကိုကျော်ပြီးရင် ကားလမ်းပေါ်ရောက် ကားစီးလို့ရပါပြီ။ ဇိမ်ရှိရှိစီးရမယ်လို့မထင်နဲ့၊ ဟိုင်းလပ်ကားတစ်စီးဆို လူ၁၀ ယောက်ကနေ အယောက်၂၀-၃၀ အထိတင်တတ်ကြတယ်။

ပစ္စည်းပါရင် လူနည်းပြီး၊ ပစ္စည်းမပါရင် လူများတတ်တယ်။ ပစ္စည်းဆိုတာ ဥပမာ- လူတွေကို သံလှောင်အိမ်ထဲ မှာထည့် အပြင်ကအုန်းသီး(သို့) ဟင်းသီးဟင်းရွက်တွေပိတ် အဲလိုမျိုးဗျ။ တချို့ကလဲ သစ်သားဗီဒိုတွေကို ထပ်ပြီးတင်၊ ဗီဒိုတစ်လုံး နှစ်ယောက်နှုန်းနဲ့ အိပ်ပြီးလိုက်ရတယ်။ ဗီဒိုထဲမှာ အသက်ရှူကျပ်ပြီး သေသွားတဲ့လူလည်းရှိပါတယ်။ အများအားဖြင့် မဲဆောက်လမ်းက အဲဒီလိုအခက်အခဲတွေ အများဆုံးကြုံရတယ်။ ဘုရားသုံးဆူလမ်းလည်း တော တောင်ဖြတ်ရတယ်။ ရနောင်းလမ်းဘက်ကတော့ အဲဒီလောက်မဆိုးတတ်ပါဘူး။ ဒါကြောင့်ထိုင်းကိုရောက်ပြီးရင် တော် ရုံနဲ့ မပြန်ချင်ကြတော့ဘူး။ အပြန်လွယ်ပြီးအလာခက်လွန်းလို့ပါ။ တချို့မိန်းကလေးတွေလည်း လမ်းထဲမှာ ပွဲစား(ထိုင်း၊ မြန်မာ) ကခြေတော်တင်တာ ခံရတတ်ပါတယ်။ ရှက်ပြီးရေငုံနှုတ်ပိတ်နေကြတာပဲများပါတယ်။ ကဲ..ဒီလိုအခက်အခဲ တွေကျော်လွန်ပြီး ထိုင်းထဲကိုရောက်ခဲ့ရပါပြီ။ ဘာတွေဆက်ကြုံဦးမှာလဲဆိုတာ နောက်အပိုင်းမှာဆက်ရေးသွားပါမယ်။ ဖတ်ရတာလဲ အတော်လေးရင်မောစရာကောင်းနေမှာပါ၊ နောက်နေ့အတွက်ချန်ထားလိုက်ပါဦးခင်ဗျာ…

ဆက်ရန်……..

0 comments:

 

©2009 မောင်ကျည်ပွေ့ | Template Blue by TNB