အမှတ်တရ

သူ့ကိုစတွေ့စဉ်က အမှတ်တမဲ့သာဖြစ်သည်။ သေချာပင်သတိမထားမိခဲ့၊ သူငယ်ချင်းတစ် ယောက်ကမိတ်ဆက်ပေးခဲ့၍ သိကျွမ်းရသည့်တိုင် ဖါသိဖါသာပင်နေခဲ့မိသည်။ သို့သော် နောက်ပိုင်းတွင် မြင်ရတွေ့ရဖန်များလာသည့်အခါ စိတ်ဝင်စားမှုဖြစ်လာသည်။ ထို့နောက် သူ့ဆီသို့ အသွားအလာများလာသည်။ အပေါင်းအသင်း၊ မိတ်ဆွေနည်းသောမိမိအဖို့ သူ သည် မိတ်ဆွေကောင်းသဖွယ်ဖြစ်လာသည်။ နှုတ်ဆက်စကားပြောရင်း အတွေးအမြင် ဖလှယ်ရင်း သူနှင့်ပတ်သက်၍ မိမိမှာ မိတ်ဆွေအသစ်များပင်ထပ်၍တိုးလာသည်။ ထို့နောက်တွင် သူနှင့် ထဲထဲဝင်ဝင် ပတ်သက်မိတော့သည်။


သူ့ကြောင့်မိမိမှာ စိတ်ကြည်နူးခဲ့ရသလို စိတ်မကောင်းဖြစ်စရာများလည်းကြုံခဲ့ရသည်။ တစ်ခါတစ်ရံ ဒေါသပေါက်ကွဲမိသလို၊ ပျော်ရွှင်စရာများနှင့်လည်းဆုံခဲ့ရသည်။ သူ့ဆီကတ ဆင့် ထူးဆန်းအံ့သြစရာများကိုလည်းကြားတတ်ရသလို သင်ခန်းစာဖြစ်ဖွယ်၊ အတုယူဖွယ် တို့ကိုလည်း မှတ်သားခဲ့ရသည်။ မိမိ၏အချိန်များစွာကို သူကစိုးမိုးစပြုလာခဲ့သည်။ အချိန်တော်တော်များများ သူနှင့်ပတ်သက်ရာပတ်သက်ကြောင်းများကိုသာ တွေးနေ မိတော့သည်။ အမှန်တော့ မိမိ၏အနေအထားမှာ သူနှင့်နီးစပ်မှုသိပ်မရှိ၊ အရိုးခံဖြစ်သော မိမိအဖို့ ဆန်းပြားလှသောသူ့အသိုင်းအ၀ိုင်းတွင် ၀င်ဆန့်ရန်မလွယ်။ သို့သော် သူ့မှာ ခွဲခြားဆက်ဆံတတ်သောအလေ့ ရှိပုံမရ။ မိမိ၏ အဆီအငေါ်မတည့်သည့် စကားများ၊ ကြမ်းတမ်းရိုင်းစိုင်းသည့်စကားများကိုလည်း မငြင်းဆန်ခဲ့။

သူ့အပေါ်စွဲလမ်းတွယ်တာမှုသည် နေ့စဉ်တိုးပွါးလာခဲ့သည်။ သူ့ဆီမရောက်ဖြစ်သည့်နေ့မျိုး တွင် ဟာတာတာနှင့် နေမထိထိုင်မထိ၊ ဤသို့ဖြင့် နေ့ရက်များစွာတို့ကုန်လွန်သွားသည့် နောက်တွင် သူနှင့်ဆက်ဆံရေးမှာ ယခင်ကလိုမဟုတ်ပဲ ပြတ်တောင်းပြတ်တောင်းဖြစ်လာ ခဲ့သည်။ အဓိက မိမိကိုယ်တိုင်က သူ့ဆီသိပ်မရောက်ဖြစ်တော့။ ပြောနေသည့်စကားများ က အက်ကြောင်းထပ်နေသဖြင့် မိမိကိုယ်တိုင်ပင် ငြီးငွေ့သလိုဖြစ်လာသည်။ ခါတိုင်း တစ်နေ့မမြင်ရလျှင် စိတ်ထဲဟာသလိုရှိနေရာမှ နောက်ပိုင်း လနှင့်ချီ၍ သူ့ထံအ၀င် အထွက်ပင် မလုပ်ဖြစ်တော့ပေ။ ကိုယ့်ကို လာနှုတ်ဆက်သောမိတ်ဆွေများကိုလည်း တုန့်ပြန်စကားမဆိုမိသည့်အကြိမ်များလာသည်။ မိမိ၏လျော့တိလျော့ရဲနိုင်မှုကို မိမိဖါသာ ပင် စိတ်ပျက်မိသည်။ သူနှင့်ဆက်ဆံနေမှုကို အပြတ်ဖြတ်ပြစ်ရန်စဉ်းစားမိသော်လည်း တွယ်တာမိသည် သံယောဇဉ်က ကျွံနေခဲ့ပြီဖြစ်သည်။

သြော်..... ဘလော့ ဘလော့ ဘာလိုလိုနဲ့ နှစ်နှစ်တောင် ပြည့်ခဲ့ပြီပဲ။ ကဘောက်တိ ကဘောက်ချာ ပြတ်တောင်းပြတ်တောင်း စာတွေရေးရင်းနဲ့၊ စိတ်အစာကျွေးရင်းနဲ့...........ဘာပဲဖြစ်ဖြစ် ဘလော့ဖွင့်၊ရေးခဲ့သည့်အတွက် အဖိုးမဖြတ်နိုင်သော မိတ်ဆွေများ၊ညီအစ်ကို များနှင့် အသိအကျွမ်းဖြစ်ရသည်က မိမိအတွက် ကျေနပ်စရာပင်။ ဘလော့ကိုအမှီပြုပြီး အတွေးအမြင်များကို ပြောဆိုဖလှယ်နေရခြင်းသည်လည်း တစ်စုံတစ်ခုသော အတိုင်း အတာ အကျိုးရှိမည်ဟု ယုံကြည်နေမိသည်။ ဘလော့လောက၏ ယဉ်ကျေးမှုဓလေ့ထုံး စံကို ဒရွတ်တိုက်လွင့်မျောရင်း ဘလော့လောကထဲ ဆက်လက်စီးမျောနိုင်ဖို့ ကြိုးစားသွား ဦးမည်ဖြစ်ပါသည်။ လူရိုင်းလေးတစ်ယောက်ကို အားပေးဆက်သွယ်ခဲ့သော မိတ်ဆွေများ ကို လေးစားဦးညွတ်ကျေးဇူးတင်ကြောင်းပါခင်ဗျာ...

ဆက်ဖတ်ရန်ကျန်သေးသည်...

 

©2009 မောင်ကျည်ပွေ့ | Template Blue by TNB