နမူနာပဲရှိသေးတယ်

ဒီနေ့မနက်ပဲ အလုပ်သမားတွေအကြောင်း ရေးတင်လိုက်တာ အခုကျွန်တော့်သူငယ်ချင်းက သတင်းတစ်ပုဒ်ပေး လာပါတယ်။ ကျွန်တော်လဲ တခြားဆိုဒ်တွေမှာ လိုက်ကြည့်ကြည့်တော့ ဘယ်သူမှရေးထားတာမတွေ့တာနဲ့ သူယူလာပေးတာကို တင်လိုက်ပါပြီ။

အဖြစ်အပျက်ကတော့...မောင်ဖွန်လို့အမည်ရတဲ့ကလေးငယ်ကို ၄.၂.၂၀၀၆ နေ့မှာ မိခင် မမိုးမိုးက ဘန်ကောက်အ နီး စမွတ်ပရာကန်ခရိုင်ဆေးရုံမှာမွေးခဲ့ပါတယ်။ မမိုးမိုးဟာအလုပ်လုပ်ခွင့်လက်မှတ်(ဘတ်) ရှိတဲ့အလုပ်သမားတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့သားကလေးကို ထိုင်းရဲတွေကဖမ်း သွားပြီး နိုင်ငံထဲခိုးဝင်တဲ့အမှုနဲ့ နယ်စပ်ကိုပြန်ပို့ဖို့လုပ်နေကြောင်းသိရပါတယ်။

ယခုအခါ အဲ ဒီကလေးကို ဘန်ကောက်အင်မီဂရေးရှင်းရုံးမှာ ချုပ်နှောင်ထားပါတယ်။ တကယ်တော့ဒီ ကလေးမှာ မွေးစာရင်းတွေလဲလုပ်ထားကြောင်းသိရပါတယ်။ အခုအခါမှာ ထိုင်းရှေ့နေများ ကောင်စီက ဒီအမှုကို လိုက်လံကူညီဆောင်ရွက်နေပြီး ဒီကလေးကိုအပြစ်ရှိကြောင်း ဘယ်သူကဆုံးဖြတ်တာလဲ၊ ဘာကြောင့်ဆုံးဖြတ်တာလဲဆိုတာကို အင်မီဂရေးရှင်းထံစာပို့ ထားပြီး ကလေးကိုပြန်လွှတ်ဖို့လည်း ဥပဒေဆိုင်ရာအချက်လက်နဲ့တကွ စာပို့ထားကြောင်း သိရပါတယ်။

ဒီအကြောင်းအသေးစိတ်ကို ထိုင်းဘာသာဆိုဒ်တခုဖြစ်တဲ့- လေ့လာနိုင်ပါတယ်ခင်ဗျား။ဘန်ကောက်ပို့စ်သတင်းစာမှာလည်း ရေးထားကြောင်းတွေ့လို့ လင့်ကိုကူးပေးလိုက်ပါတယ်။ အင်္ဂလိပ်လိုဆိုတော့ မိတ်ဆွေများဖတ်မဖို့ မခက်ခဲပါဘူးခင်ဗျား။

ဆက်ဖတ်ရန်ကျန်သေးသည်...

နိဒါန်း

မောင်ကျည်ပွေ့နေထိုင်ရာ မဟာချိုင်မည်သော ဘန်ကောက်အနီးရှိမြို့ကလေးတွင် မြန်မာ နိုင်ငံသား တောင်ကျော်အလုပ်သမားများ ၂-၃သိန်းခန့်ရှိသည်။ မြို့ကလေးကသေးငယ် သော်လည်း စက်ရုံအလုပ်ရုံပေါင်း ကြီးကြီးငယ်ငယ် ရှစ်ထောင်ခန့်ရှိ၍ အများအားဖြင့် ပင်လယ်အစားအစာစက်ရုံများဖြစ်ပြီး အခြားသော သံထည်စက်ရုံ၊ ပရိဘောဂစက်ရုံ၊ ဖိနပ်၊ အထည်ချုပ် စသောစက်မှုလက်မှုလုပ်ငန်းများလည်းရှိပေသည်။

မြေပုံပေါ်တွင် စမွတ်စာခွန် ခရိုင် ဟုခေါ်သောထိုမဟာချိုင်မြို့လေးမှ တစ်နှစ်လျှင်နိုင်ငံခြားထွက်ကုန်တန်ဖိုးဘတ်သန်း ပေါင်း သိန်းနှင့်ချီ၍ထုတ်လုပ်နေသည်။ ထိုထုတ်ကုန်အများစုမှာ ကျွန်ုပ်တို့ မြန်မာနိုင်ငံသား တောင်ကျော်အလုပ်သမားတို့၏ သွေးချွေးမှထွက်ပေါ်လာသည်ဟုဆိုလျှင်ရ၏။

ထိုင်းနိုင်ငံအနှံ့ မြန်မာအလုပ်သမားသန်းဂဏန်းခန့်ရှိရာတွင် မောင်ကျည်ပွေ့နေထိုင်ရာ မဟာချိုင်မြို့ကလေးသည် မြန်မာအလုပ်သမားအများဆုံးနေရာကို ဘန်ကောက်မြို့တော် နောက်မှကပ်၍ ဒုတိယနေရာ၌ရှိနေသည်။ သို့သော် ဘန်ကောက်မြို့သည် ကြီးများကျယ် ပြန့်ပြီး ဒေသခံထိုင်းလူမျိုးကလည်းများသည့်အတွက် မြန်မာအလုပ်သမားတို့သည် မထင် မရှားဖြစ်လျက်ရှိသည်။

မဟာချိုင်မြို့ကလေးတွင်မူ ဒေသခံထိုင်းလူမျိုးက သိန်းဂဏန်း အရေအတွက်မျှသာရှိသည့်အပြင် မြို့အကျယ်အ၀န်းကလည်း သေးငယ် သည့်အတွက် မြန်မာနိုင်ငံသားအလုပ်သမားများမှာ အစုလိုက်အပြုံလိုက်ဖြစ်နေသည်။ ချိုင်းနားတောင်းများရှိနေသကဲ့သို့ ဘားမားတောင်းဟုဆိုရလောက်အောင် မြန်မာလူမျိုးအ များစုနေထိုင်သော ရပ်ကွက်ကြီးများကို အပိုင်းလိုက်မြင်တွေ့နိုင်သည်။

နာမည်ကြီးသည့် ရပ်ကွက်ကြီးတခုမှာ တလတ်ကုန့်(ပုစွန်ဈေး) ဖြစ်ပြီး ထိုဈေးဝင်းကြီးတွင် လူဦးရေ ခြောက် ထောင်မှရှစ်ထောင်ခန့်ရှိ၍ ၉၉.၅%မှာ ကျွန်ုပ်တို့ ရွှေများဖြစ်ကြသည်။ ထိုကဲ့သို့သော ရပ်ကွက်ကြီးမျိုး မဟာချိုင်မြို့ကလေးတွင် ဆယ်ရပ်ကွက်ထက်မနည်းရှိနေပေသည်။ ကမ္ဘာအနှံ့ရှိ တရုတ်လူမျိုးများ၏ ချိုင်းနားတောင်းများတွင် လွတ်လပ်စွာလုပ်ကိုင်စား သောက်ခွင့်ရကြသော်လည်း ကျွန်ုပ်တို့ဘားမားတောင်းများတွင်ကား ဘာမှလုပ်ပိုင်ခွင့်မရ ရှိပေ။

ထိုင်းအစိုးရက မြန်မာအလုပ်သမားများကို အလုပ်ကြမ်းနှင့်အိမ်ဖေါ်သာလုပ်ခွင့်ပေး ထားသည့်အတွက် မြန်မာအလုပ်သမားများအနေဖြင့် ကိုယ်ပိုင်ဆိုင်ဖွင့်ခြင်း၊ အရောင်းအ ၀ယ်ပြုခြင်းတို့လုပ်ခွင့်မရှိဖြစ်နေသည်။ ယုတ်အဆွဆုံး ကွမ်းယာဆိုင်ဖွင့်လျှင်ပင် ရဲဖမ်း၍ ထောင်ချပြီးနယ်စပ်ပြန်ပို့ခံရနိုင်သည်။ သို့ဆိုလျှင် မြန်မာဈေးဆိုင်များမရှိဘူးလားဟု မေး သော် ရှိပေသည်ဟုဖြေရမည်။

နေရာတိုင်းတွင်ထွက်ပေါက်ရှိသည်ဆိုသကဲ့သို့ ဆက်ကြေး ပေးလျှင် ဈေးဆိုင်ဖွင့်၍ရပေသည်။ ထိုင်းရဲများသည် ၎င်းတို့ဘုရင်ကိုလွန်စွာချစ်မြတ်နိုး သဖြင့် ကျွန်ုပ်တို့သည် ဘုရင်ပုံပါသောဘတ်ငွေစက္ကူအရွက်ကြီးများကို ထိုင်းရဲများအားပေး ဆောင်ပြီး ဥပဒေအထက်ကနေနိုင်ပေသည်။ သူ့အရပ်နှင့်သူ့ဇာတ် လိုက်ဖက်စွာရပ်တည် နေသည်။

ကျွန်ုပ်တို့ မြန်မာလူမျိုးများကား လာဘ်ထိုးခြင်းအတတ်ကို ကျွမ်းကျင်အောင် လေ့ကျင့်ခဲ့ရသဖြင့် ဤမှာဘက်တွင် မပူရေးချမပူဟုဆိုနိုင်ရလောက်အောင် ဆို့တတ်ဖို့ တတ်နေသည်။ကျွန်ုပ်တို့အလုပ်သမားများသည် ထိုင်းဥပဒေအရ အလုပ်သမားအခွင့်အရေးကို တန်းတူရ ပိုင်ခွင့်ရှိသည်ဟု မည်သို့ပင်ပြဌာန်းထားသော်လည်း အလုပ်သမားအခွင့်အရေး လူ့အခွင့် အရေးတို့တွင် များစွာချိုးဖေါက်ခံနေကြရသည်။ နေရာတိုင်းတွင် အနှိမ်ခံဘ၀ဖြင့် နေနေကြ ရသည်။

သမိုင်းကြောင်းအရ ထိုင်းလူမျိုးများက မြန်မာကို မုန်းတီးနေသည့်အခံကရှိပြီးသား ဖြစ်သည့်အပြင် ယခုအခါသူတို့လက်အောက်ခံအလုပ်သမားဖြစ်နေကြရသဖြင့် မြေနိမ့်ရာ လှံစိုက်ခြင်းမှာ အထူးအဆန်းမဟုတ်သကဲ့သို့ဖြစ်နေသည်။ လက်ရှိအနေအထားအရလည်း ထိုင်းတို့၏ အခွင့်အရေးချိုးဖေါက်ခံရခြင်းမှာ ကျွန်ုပ်တို့အဖို့ ငရဲကလာသူပြာပူမကြောက် ဆိုသလိုလည်းဖြစ်နေ၍ မြန်မာအလုပ်သမားတို့အဖို့ ၀င်လာမစဲတသဲသဲဖြစ်နေသည်။

ဤမြို့တွင် ဆယ်စုနှစ်တခုအကြာနေထိုင်ခဲ့သည့်အတွေ့အကြုံအရ ကျွန်ုပ်တို့ မြန်မာပြည် သားများ အနှိမ်ခံဘ၀ဖြင့် တကူးတကလာရောက်လုပ်ကိုင်ရခြင်းအကြောင်းအရင်းမှာ မြန်မာပြည်တွင် အလုပ်အကိုင်ရှားပါးခြင်းဆိုသည်ထက် လုပ်စားကိုင်စားမဖြစ်ခြင်းကြောင့် ဟု ရဲရဲကြီးပြောနိုင်ပေသည်။ မဟာချိုင်တွင်လာရောက်အလုပ်လုပ်သူအများစုသည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းမှ အများစုဖြစ်ပြီး ၎င်းတို့သည်အများအားဖြင့် ကိုယ်ပိုင်လယ်၊ ယာ၊ ခြံ စသော အလုပ်များကိုလုပ်ကိုင်ခဲ့သူချည်းဖြစ်သည်။

ထို့သို့ကိုယ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း စသည်တို့ကိုလုပ်ကိုင်ခဲ့သော်လည်း ရရှိသောဝင်ငွေမှာ ရရစားစားဖြစ်နေသည့် အတွက် ပိုပိုလျှံလျှံရှိရန် ဤထိုင်းနိုင်ငံအတွင်းသို့ လာရောက်လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ၌ ရရှိရန်မလွယ်ကူသော လူနေမှုအဆင့်အတန်း၊ ကျန်းမာရေးခံစား ပိုင်ခွင့် အစရှိသော လူလူသူသူနေနိုင်ရခြင်းကလည်း အကြောင်းတချက်ဖြစ်သည်။

ဥပမာ- အလုပ်လုပ်ခွင့်လက်မှတ်(ဘတ်) ရှိသောအလုပ်သမားတစ်ဦးသည် ကျန်းမာရေးမကောင်း ပါက ဆေးကုသခွင့်ကို တစ်ကြိမ်လျှင် ၃၀ဘတ်(ကျပ်ငွေ၁၀၀၀) သာပေး၍ကုသမှုခံယူနိုင် သည်။ ဆေးကုသခွင့်ကို ထိုင်းနိုင်ငံသားနည်းတူ ခံစားနိုင်သည်။ အပေါက်စောင့်မှစ၍ ဆရာဝန်အဆုံး မည်သည့်ငွေကြေးမှပေးဆောင်ရန်မလိုပေ။ ထို့ကြောင့် မြန်မာအလုပ်သ မားများသည် ကလေးမွေးခြင်းမှအစ ငှက်ဖျား၊တီဘီ အစရှိသောရောဂါများကို ငွေကြေး ကုန်ကျမှုမများပဲ အာနိသင်ပြည့်ဝသော ဆေးဝါးများဖြင့် ကောင်းမွန်စွာကုသခံယူခဲ့ကြရ သည်။

မွန်၊ကရင်၊တနင်္သာရီဒေသများမှ မြန်မာနိုင်ငံသားများ တဖွဲဖွဲဝင်ရောက်လာရခြင်း၏ နောက် ထပ်အကြောင်းတစ်ခုမှာ အဆိုပါဒေသများရှိကျေးရွာများတွင် သက်ကြီးရွယ်အိုနှင့် အရွယ် မရောက်သေးသောကလေးငယ်များသာ အများစုကျန်ရှိနေပြီး ဆယ်ကျော်သက်မှစ၍ လူငယ်လူလတ်ပိုင်းအများစုသည် ထိုင်းနိုင်ငံထဲတွင် အလုပ်လုပ်လာလုပ်နေကြသည်။

ထို့ကြောင့် အချို့လူငယ်များသည် မိဘကအဆင်ပြေငွေကြေးမရှားသော်လည်း အပေါင်း အဖေါ်များရှိရာ စုဝေးရာ ဤထိုင်းနိုင်သို့ စီးပွါးရေးထက် အပျော်သဘောမျိုး လာရောက် နေကြခြင်းဖြစ်သည်။ အရွယ်ရောက်လျှင်ရှမ်းပြည်(ထိုင်း)သွား ဆိုသည်မှာ ယဉ်ကျေးမှုသ ဖွယ်၊ ခေတ်ရေစီးကြောင်းသဖွယ်ဖြစ်နေပြီး ထိုင်းကိုမှမရောက်ဖူးလျှင် ခေတ်မမီသကဲ့သို့ လည်းဖြစ်နေပေတော့သည်။

ဖေါ်ပြပါအကြောင်းအရာတို့သည်အမှန်တကယ်ဖြစ်ပျက်နေပေသည်။ ကျွန်ုပ်ဤအကြောင်း ကိုရေးနေခြင်းမှာ အစပျိုးနေခြင်းသာဖြစ်သည်။ ယခုအခါ ဒေါ်စုဦးဆောင်သော အတိုက်အ ခံများက စီးပွါးရေးပိတ်ဆို့သဖြင့် တိုင်းပြည်နိမ့်ကျနေရကြောင်း တွင်တွင်ဝါဒဖြန့်နေမှုကို တွေ့မြင်နေရသဖြင့် ကျွန်ုပ်၏ အမြင်ရှုထောင့် ဘလော့တကာမှဖတ်မှတ်ခဲ့သော အမြင်များ ကိုပေါင်းစပ်ရေးရန် စဉ်းစားမိသဖြင့် အစပျိုးနေခြင်းမျှသာဖြစ်ပါသည်။

နောက်အပိုင်းများ တွင် ထိုအကြောင်းအရာများနှင့်တကွ မြန်မာ့နိုင်ငံရေးကို ကျွန်ုပ်မြင်သလို ထပ်မံရေးသွား ပါမည်။ ကျွန်ုပ်၏မိတ်ဆွေများ အတွေးတစ်စရလျှင်ပင် ကျေနပ်ပါကြောင်းပါခင်ဗျားးးးး

ဆက်ဖတ်ရန်ကျန်သေးသည်...

အပူရှောင်ကြသူများ

မောင်ကျည်ပွေ့တယောက် ရေမြေခြားမှာကျင်လည်နေတာ ဆယ်စုနှစ်ကျော်ခဲ့ပါပြီ။ မကြာ ခဏ တခြားသူတွေက လာလာမေးတတ်ကြတဲ့မေးခွန်းတခုက “ဘယ်တော့မြန်မာပြည် ပြန်မလဲ”ဆိုတာပါပဲ။

ဒီအမေး မေးခံရတဲ့အခါတိုင်း ပြန်ဖြေဖြစ်တာ က “အဆင်ပြေတဲ့တနေ့နေ့ပေါ့” ။ “ဘယ်တော့အဆင်ပြေမှာလဲ”လို့ ဆက်မမေးကြတာကို ကျေးဇူးတင်မိပါရဲ့ဗျာ။ နို့မို့ဆို ဆက်ဖြေဖို့ရာ အဖြေမရှိတော့ပါဘူး။ ဘယ်တော့လောက်မှ မွေးရပ်မြေမှာ မိဘဆွေမျိုးတွေနဲ့ ငြိမ်းချမ်းလုံခြုံတဲ့ဘ၀ကို ရရှိမလဲဆိုတာေ၀၀ါးနေဆဲပါပဲ။

မိဘတွေကလည်း အသက်ကြီးလွန်းလှပါပြီ။ ကျွန်တော့်အနေနဲ့ မွေးရပ်မြေမှာ ပြန်ပြီးအခြေ ချဖို့ ကြိုးစားခဲ့ပါတယ်။ လုပ်ကိုင်စားသောက်လို့မရဘူးရယ်လို့တော့ မဟုတ်ပါဘူး။ တ၀မ်း တခါးအတွက်ကတော့ ရှာရလွယ်ပါရဲ့၊ သို့သော် မိသားစုတခုလုံးအတွက်ဆိုတာကတော့ ဘယ်လိုမှကို မဖြစ်နိုင်ဘူးဖြစ်နေပါတယ်။

ကိုယ့်အိမ်ထောင်ကို လောက်ငှအောင်စီမံရမှာ ဖြစ်သလို သူ့ဘက်ကိုယ့်ဘက်မိဘတွေကိုထောက်ပံ့နိုင်ဖို့ဆိုရင်တော့ အင်းးးးးး ဒါတောင် မိဘတွေကို လုံးဝတာဝန်ယူဖို့အဆင့် မတွေးရသေးဘူးနော်။ ကျွန်တော့်ဘလော့မှာ ကိုယ်ရေးကိုယ်တာတွေကို သိပ်ရေးလေ့ရေးထ မရှိပါဘူး။

အခုရေး နေတာက ထိုင်းနိုင်ငံရောက်အလုပ်သမားတွေထဲက တယောက်ရဲ့ဘ၀ကိုရေးပြတဲ့ သဘောလောက်ပါပဲ။ ကျွန်တော့်လိုမျိုးမဟုတ်တာတောင် ဆင်တူရိုးမှားလေးတွေ အများ ကြီးဖြစ်နေပါတယ်။ အထူးသဖြင့် အခြေခံလူတန်းစားဖြစ်တဲ့ ကျွန်တော်တို့အလုပ်သမား တွေရဲ့ဘ၀တွေဟာ ထိုနည်းနှင်နှင်လို့ပြောလို့ရသလို ဒီ့ထက်တောင်ပိုဆိုးသူတွေလည်း ဒုနဲ့ဒေးပါပဲ။

ကျွန်တော်တို့ရဲ့သားသမီးအနာဂတ်ကို ထပ်မထည့်တော့ပါဘူး။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ဟာ မွေးရပ်မြေမှာ လုပ်စားကိုင်စား လို့ အဆင်မပြေတာကြောင့် ထွက်ပေါက်ရှာတဲ့အနေနဲ့ ထိုင်းနိုင်ငံကို ရောက်လာပြီး တ၀ဲလည်လည်နဲ့ လုပ်ကိုင်စားသောက်နေရတုန်းပါပဲ။ ကိုယ့်ဘ၀ရဲ့အပူမီးတွေကို ငြိမ်းနိုင် ဖို့ရည်ရွယ်ချက်နဲ့ သူများနိုင်ငံမှာ အောက်တန်းကျ၊အနှိမ်ခံပြီး အလုပ်လာလုပ်နေရကြရပါ တယ်။

အဲဒီလိုလာလုပ်လို့ အပူမီးတွေငြိမ်းမသွားပေမဲ့ ထိန်းတော့ထိန်းနိုင်ပါတယ်။ဒါကြောင့်လည်း မောင်ကြီးမပြန်နိုင် ဆိုသလို ကြိတ်မှိတ်ပြီး နေနေကြတာ ဆယ်စုနှစ်ကျော်လို့ တချို့ဆို ဒုတိယမျိုးဆက်တွေကိုပါခေါ်လာပြီး အလုပ်လုပ်နေကြပါတယ်။ ဘယ်လိုပဲဖြစ်ပါစေသေချာ တာကတော့ ကျွန်တော်တို့အားလုံးဟာ ကိုယ့်နိုင်ငံကို ပြန်ကြမယ်ဆိုတဲ့ ဆန္ဒကတော့ အားလုံးရဲ့ရင်ထဲမှာ ကိုယ်စီကိုယ်စီရှိနေကြပါတယ်။

သူများနိုင်ငံထဲမှာ ခိုးဝင်သူဘ၀နဲ့ အလုပ်လာလုပ်နေကြရတဲ့ အဓိကအကြောင်းအရင်းဟာ ကိုယ့်နိုင်ငံက ငတ်မွတ်ခေါင်းပါး လို့၊ သယံဇာတချို့တဲ့လို့၊ ရာသီဥတုမမျှတလို့၊ လူဦးရေများလို့၊ အလုပ်အကိုင်ရှားပါးလို့..... အစရှိတဲ့ အခြားနိုင်ငံတွေမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကြောင့် မဟုတ်ပါဘူး။ဒီလို နိုင်ငံခြားကို တဖွဲဖွဲနဲ့ ထွက်လာနေကြတဲ့ အကြောင်းအရာတွေ အများကြီးထဲက အား လုံး ၀ိဝါဒမကွဲပဲ လက်ခံနိုင်ကြမယ့်ဟာကတော့ ဘ၀တိုးတက်မှုကိုလိုချင်လို့ ဆိုတာပါပဲ။

အရင်တုန်းကဆိုရင် နိုင်ငံခြားကို အစုလိုက်အပြုံလိုက်ထွက်ပြီးအလုပ်လုပ်ကြတာဟာ အခြေခံလူတန်းစားတွေ အထူးသဖြင့် တိုင်းရင်းသားတွေအများစုဖြစ်ပါတယ်။ အခုနောက် ပိုင်းမှာတော့ တောရောမြို့ပါ လူတန်းစားပေါင်းစုံဖြစ်နေပါပြီ။ အထူးသဖြင့် လူငယ်တွေဟာ တိုင်းပြည်ထဲမှာ မနေနိုင် မနေချင်ကြတော့ပါဘူး။

အတန်းပညာမမြင့်တဲ့လူတွေက အလုပ် လုပ်ဖို့ အတန်းပညာမြင့်တဲ့လူတွေက အဆင့်မြင့်ပညာသင်ဖို့ စသည်ဖြင့် ဖြစ်လာပါပြီ။ အခုလက်ရှိမှာ ဘယ်လိုအကြောင်းကြောင့်ပဲ နိုင်ငံခြားကိုထွက်ထွက် သေချာတာကတော့ ကိုယ့်နိုင်ငံကို တော်ရုံနဲ့ပြန်ဖြစ်ဖို့မလွယ်ကြတာ ကိုယ့်တွေ့အရ၊ မြင်နေကြားနေချက်အရ ဖြစ်နေကြပါပြီ။ ကျွန်တော်တို့လို အလုပ်လာလုပ်နေတဲ့သူတွေကလည်း ပြည်တွင်းမှာ အလုပ်ပြန်လုပ်ဖို့ တော်ရုံနဲ့မဆုံးဖြတ်ရဲပါဘူး။

ဝင်ငွေချင်းက တော်တော်လေးကွာပါတယ်။ နေရထိုင်လုပ်ကိုင်ရတဲ့ အဆင့်အတန်းချင်းကလည်းကွာနေပါတယ်။ ထို့အတူပဲ နိုင်ငံခြားမှာပညာသင်နေတဲ့လူတွေကလည်း ပညာသင်ပြီးရင် ကိုယ့်တိုင်းပြည် ပြန်ဖို့ဆိုတာမလွယ်ပါဘူး။ သင်ထားတဲ့ပညာနဲ့ကိုက်ညီမယ့်အလုပ်၊ ၀င်ငွေအဆင့်အတန်း စတာတွေက ဘယ်လိုမှမယှဉ်သာတဲ့အတွက် နိုင်ငံခြားမှာပဲ ရပ်တည်နေကြပါတယ်။

အခု ဆိုရင် ပိုက်ဆံရှိတဲ့အသိုင်းအ၀ိုင်းကလည်း သားသမီးတွေကို နိုင်ငံခြားလွှတ်ကျောင်းတက် ဆိုတာတွေက ထုံးစံလိုဖြစ်နေပါပြီ။ ကျွန်တော်မြင်နေတာကတော့ အဲဒီလူတွေဟာလည်း တော်ရုံနဲ့ မြန်မာပြည်ပြန်ဖို့ မလွယ်တော့ပါဘူး။ အထက်မှာ ကျွန်တော်ပြောခဲ့သလို ဖြစ်နေ ကြဦးမှာပါ။ ဒါတောင် ပြည်တွင်းက ထွက်လာချင်လျက်နဲ့ အဆင်မပြေလို့ မလာနိုင်တဲ့သူ တွေကို ထည့်မတွက်ထားသေးပါဘူး။

အကျဉ်းချုပ်အနေနဲ့ဆိုရင်တော့ ကျွန်တော်တို့ဟာ ရင်ဆိုင်နေရတဲ့ အပူအမျိုးမျိုးကြောင့် နိုင်ငံခြားကို ထွက်လာနေကြပါတယ်။ အဲဒီအတွက် ကြောင့်လည်း အပူတွေကနေသက်သာခွင့်တွေ ရနေကြပါတယ်။ ဒါပေမဲ့ သေချာတာက တော့ ကျွန်တော်တို့ရဲ့အပူတွေ မငြိမ်းသွားပါဘူး။ ဒါဆိုရင် ကျွန်တော်တို့အပူတွေကို ငြိမ်းသွားအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ မေးစရာ ဖြစ်လာပါပြီ။

ကျွန်တော်တို့ အခုလိုပဲ နိုင်ငံခြားကို နည်းမျိုးစုံနဲ့ ထွက်နေကြတာဟာ အမှန်ဆုံးနည်းလမ်းပဲလား...၊ တခြားဘာနည်းလမ်းတွေရှိသေးသလဲ... နောက်လာမယ့် မျိုးဆက်တွေအတွက် ကျွန်တော်တို့ ခင်းထားတဲ့လမ်းက အဆင်ပြေနိုင်မလား.... ကျွန်တော်ကတော့ အဲဒီ လား..ပေါင်းများစွာနဲ့ ပတ်လည်ရိုက်နေပါတယ်။ မိတ်ဆွေများ လည်း ကျွန်တော်နဲ့ အတွေးတိုက်ဆိုင်ခဲ့ရင် ၀ိုင်းစဉ်းစားကြပါဦးခင်ဗျာ။ အဖြေတခုခုတော့ ရနိုင်ကောင်းမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျားးးးးးးးးးးး။

ဆက်ဖတ်ရန်ကျန်သေးသည်...

မြင်ကွင်းများ

ကျွန်ုပ်အမိမြန်မာပြည်သို့ပြန်သောအခါ ထိုင်းနိုင်ငံရောက်တောင်ကျော်အလုပ်သမားတို့ ထုံးစံအတိုင်း ကိစ္စအ၀၀ကို ပွဲစားထံဆက်သွယ်ပြီး ယင်း၏စီစဉ်ပေးမှုဖြင့် နယ်စပ်မဲဆောက် သို့ရောက်ရှိခဲ့သည်။

ထိုမှတဆင့်မွေးရပ်မြေသို့ ဆက်လက်ထွက်ခွါလာရာ လမ်းတလျှောက် တွင် ဂိတ်ကြီးဂိတ်ငယ်အသွယ်သွယ်ကို ခြသေ့င်္တထောင်တန်အားကိုးဖြင့် အခက်အခဲမရှိ ဖြတ်သန်းခဲ့ပေသည်။ ကားလမ်းတလျှောက် ၀ါးလုံးတန်းဖြင့် တားထားသော ၀ါးတားဂိတ် များစွာကိုတွေ့ရသည့်အခါ မဆီမဆိုင် အမေရိကန်သမ္မတတဦးကို သတိရမိသေးသည်။ ၀ါးတားဂိတ်အရေးကြောင့်ထိုသူပြုတ်သွားခဲ့သည်မဟုတ်လော။

ဒီဝါးတားဂိတ်ကတော့ အာဏာရူးတို့ သက်ဆိုးရှည်ရန် ထောက်ပံ့ပေးနေသေးသည်။ သံတူကြောင်းကွဲပေမင့် ကိုယ့်ဖါသာကိုယ်တွေးရင်း ပြုံးမိချေသည်။သို့ကလို့ အိမ်သို့ရောက်ပြီးသည့်နောက်တွင် ဦးစွာလုပ်ရသည်မှာကား အိမ်ထောင်စုစာရင်း ဖြစ်ပေသည်။

ကျွန်ုပ်၏သက်ထားကို အိမ်ထောင်စုစာရင်းထဲသွင်းရန်အတွက် မူလ အိမ်ထောင်စုစာရင်းကိုတောင်းကြည့်သောအခါ “ဟဲ့ပလုတ်တုတ် ဒါကဘယ်လိုဖြစ်တာ တုန်း” ဟုမေးရပြန်တော့သည်။ ကျွန်ုပ်တို့မိသားစုအားလုံး မွေးကင်းစကလေးပါမကျန် ကြံ့ဖွတ်အသင်းဝင်ဖြစ်နေပြန်သည်။ ကျွန်ုပ်၏မိခင်ကြီးက “သိပါဘူးကွယ် ဟိုတလောက စာရွက်အသစ်လဲရမယ်ဆိုပြီးနောက်ပိုင်း ဒီလိုဖြစ်ရတာပဲ” ဟုပြန်ဖြေလေသည်။

ကျွန်ုပ်မှာ မိမိမုန်းနေသောအဖွဲ့ထဲတွင် အမည်စာရင်းပါနေသည်ကိုကြည့်၍ ဘာပြန်ပြောရမှန်းမသိ အောင်ဖြစ်နေရပေသည်။ ယခုအခါ ကျွန်ုပ်အား မည်သည့်အဖွဲ့တွင် ပါဝင်သလဲဟုမေးလာ မည်ဆိုပါက ကြံ့ဖွတ်ဟေ့ ကြံ့ဖွတ်တဲ့ကွ ဟူ၍ပြန်ဖြေရပေတော့မည်။ သင်တို့သည်လည်း ကျွန်ုပ်နှင့်စကားပြောမည်ဆိုပါက ဆင်ခြင်ပြောရန် သတိပေးလိုသည်။ (ကြံ့ဖွတ်တဲ့နော် သိတယ်မဟုတ်လား... ၆၅နှစ်ဖြစ်သွားမယ် ဟင်းဟင်းဟင်းးးးးးးးး)ကျွန်ုပ်ပြန်ရောက်နေပြီဟု ကြားသိကြသောအပေါင်းသင်းများသည်လည်း လာရောက်နှုတ် ဆက်ကြလေသည်။

ထိုအပေါင်းအသင်းများကိုတွေ့ရသောအခါ များစွာချွတ်ခြုံကျနေသည် စိတ်မကောင်းစွာတွေ့ရပေသည်။ လွန်ခဲ့သော ၂၀၀၂ခုနှစ် ကျွန်ုပ်ပြန်သွားစဉ်က တောက် တောက်ပြောင်ပြောင်ရှိခဲ့သလောက် ယခုအခါ တခြားစီဖြစ်နေပေသည်။ အလုပ်အကိုင်က လည်းရှားပါးကြောင်း လွန်စွာညည်းနေကြသည်။ တချိန်က နှစ်လုံးဂဏန်းဖြင့် စီးပွါးရှာ ၀င်ငွေဖြောင့်၍ သိန်းရာချီရှိခဲ့ရာက ယခုအခါ ဆိုင်ကယ်အစုတ်လေးတစီးနှင့် လိုင်းဆွဲကာ ရုန်းကန်နေကြရသည်။

တနေ့သုံးထောင်ကျပ်ခန့်ရမှသာ သူတို့မိသားစုအဆင်ပြေကြမည် ဖြစ်ရာ သူတို့မှာ ခရီးသည်ရရန် ဆိုက္ကားဆရာတို့နှင့်အပြိုင် ဈေးလျော့လုဆွဲနေကြရသည်။ တခါတရံခရီးသည်လုရင်း စကားများထိုးကြိတ်ပွဲများဖြစ်ကြကြောင်းလည်း စိတ်မကောင်း စွာကြားသိရသည်။ ထိုသို့တနေ့တနေ့ စားဖို့စားရိတ်ရရန်သာလုံးပန်းနေကြရသဖြင့် တခြားအရေးကိစ္စမပေါ်စေ ရန် သူတို့မှာဆုတောင်းနေကြရသည်။ ဥပမာ- မိသားစုထဲတွင် တစုံတဦးနေထိုင်မကောင်း ဖြစ်လာမည်ဆိုပါက ဆေးကုသရန်စားရိတ်မတတ်နိုင် မရှာနိုင်ဖြစ်နေကြရကြောင်းသိရပေ သည်။

အနာဂတ်အရေးဆိုသည်ကား သူတို့အတွက်ဘာမှမရှိသလိုဖြစ်နေရပေသည်။ သူတို့၏ထွက်ပေါက်ကား အရက်ဖြစ်ပေသည်။ နိုင်ငံတော်၏စေတနာကြောင့် မြန်မာပြည် တွင် အရက်ဘီယာဆေးလိပ်တို့ လွန်စွာဈေးပေါပေသည်။ အရက်တစ်ပုလင်း သုံးရာကျပ် ဆေးပေါ့လိပ်တစ်ရာဖိုးလေးလိပ် အချဉ်ထုပ်နှစ်ထုပ်တစ်ရာ ငွေငါးရာကျပ်ရှိလျှင်ပင် လူသုံးယောက်ကောင်းစွာမူး၍ ရပြီဖြစ်သည်။ သူတို့အတွက်ဘာမှထွက်ပေါက်မရှိသလိုဖြစ်နေသဖြင့် ကျွန်ုပ်မှာ ဘာပြန်ပြောရမှန်းမသိ ဖြစ်နေရသည်။

နိုင်ငံခြားထွက်အလုပ်လုပ်ရန်လည်း အဆက်အသွယ် အရင်းအနှီးလိုပြန် သည်။ ကျွန်ုပ်အနေနှင့်ကလည်း ကိုယ့်ဟာကိုယ် မနည်းရုန်းကန်နေရသဖြင့် ဘာမှမကူညီ နိုင်၊ နောက်ဆုံး သူတို့ကိုနှစ်သိမ့်ရန် တခွက်လျှင် ငါးရာနှုန်းဖြင့်ရောင်းနေသော မြန်မာတို့၏ မြန်မာဘီယာကိုသာ အ၀တိုက်လွှတ်လိုက်ရပေတော့သည်။ ဘီယာဖြင့်ဝိုင်းဖွဲ့ စကားစမြည် ပြောကြရာတွင် စကြနောက်ကြရင်း သူငယ်ချင်းတဦး၏ ညီမအပျိုလေးအကြောင်း ရောက် သွား၍ အခြားသူများက ယောက်ဖဘာညာဖြင့် ၀ိုင်းပြောကြရာ ထိုသူငယ်ချင်းကလည်း စကားတခွန်းဖြင့်တုံ့ပြန်ပြောဆိုလေသည်။

ထိုစကားမှာ “မင်းတို့ကောင်တွေ စကားပြောရင် ကောင်းကောင်းပြောကြလေ နိုင်ငံရေးအကြောင်းတွေမပြောကြနဲ့” ဟူ၏။ ထို့ကြောင့် ကျွန်ုပ်မှာ “သြော်..ဒို့နိုင်ငံမှာ နိုင်ငံရေးဆိုတာ မကောင်းတဲ့စကား တားမြစ်တဲ့စကား ဖြစ်နေ ပါပေါ့လား” ဟုအတွေးဝင်မိသည်။ကျွန်ုပ်၏သူငယ်ချင်းအများစုမှာ လူပျိုဟိုင်းစာရင်းများသို့ဝင်နေကြပြီဖြစ်သဖြင့် ကျွန်ုပ်က “မင်းတို့ အိမ်ထောင်ပြုဖို့ဘာဖို့ မလုပ်တော့ဘူးလား”ဟု စပ်စုမိပြန်သည်။

ထိုအခါသူတို့က “ကိုယ့်ဟာကိုယ်တောင် မနည်းရုန်းကန်နေရတာကွာ ပြီးတော့ ဒီခေတ်က စိတ်ကူးယဉ်အ ချစ်ဘာညာတွေနည်းကုန်ပြီ။ မီးမီးတို့အကြိုက် ဖိုးတီးဖိုက်ကွ ၊ ကောင်မလေးတွေက ငါတို့ လိုဆင်းရဲသားတွေထက် ငွေရှိတဲ့ လေးဆယ်ကျော်ငါးဆယ်အရွယ်အဖိုးကြီးတွေကို ပိုစိတ် ၀င်စားနေကြတာကွ” ဟုပြန်ပြောလေသည်။ ကျွန်ုပ်မှာ ဘာပြန်ပြောရမှန်းမသိ ဖြစ်ခဲ့ရပြန် သည်။ နှလုံးသားရေးကိစ္စများပြောဆိုနေရာမှ နှစ်လုံးဂဏန်းကိစ္စသို့ စကားဦးရောက်သွား ပြန်သည်။

ဟိုယခင်က တစ်လလျှင် ခွန်နစ်ရက်သာ လောင်းကစားလုပ်ကြသော်လည်း ယခုအခါ တပတ်လျှင်ငါးရက် တစ်ရက်လျှင်နှစ်ကြိမ် ချဲထွက်ကြောင်းသိရသည်။ စနေ တနင်္ဂနွေသာနားကြောင်း ထိုနားရက်တွင်လည်း ဘော်လုံးပွဲလောင်းခြင်းသို့ အလှည့်ပေး ကြောင်းသိရသည်။ ယခုအခါ ထိုးသားဖက်မှ အထိုးနည်းလာသဖြင့် ဒိုင်က နှစ်လုံးတိုက်ကို ၈၅ဆလျော်ကြောင်းသိရရာ ကျွန်ုပ်မှာ များစွာထိတ်လန့်မိလေသည်။ ပုံမှန်အားဖြင့် ၆၅ဆ သာလျော်လေ့ရှိရာမှ ၈၅ဆ အထိလျော်ပေးသည်ဆိုရာတွင် ထိုးသားများမည်မျှ အရှုံးပေါ် နေသည်ကို သိနိုင်ပေသည်။ ကျွန်ုပ်မှာ ကျယ်လောင်ဖေါင်ပွစွာပြောဆိုနေကြသော သူငယ်ချင်းများကို တိတ်တဆိတ်နား ထောင်ရင်း အကဲခတ်နေမိသည်။

သူတို့ပြောနေသောအကြောင်းများထဲတွင် အတိတ်က မည်သို့ပျော်ရွှင်စွာ နေထိုင်လုပ်ကိုင်ခဲ့ကြသည် ဆိုသည်ချည်းဖြစ်နေသည်။ အနာဂတ်အ ကြောင်း တစိုးတစိမှမပါ၊ ယုတ်အဆွဆုံး လက်ရှိအနေအထားအကြောင်းပင် ဟဟမပြော ချင်ကြ။ ယောင်ဝါးနေသောအနာဂတ်၊ တည်ရာမဲ့လက်ရှိအခြေအနေကို တမင်မေ့ထားသ လိုနေနေသည်ဟု ကျွန်ုပ်ထင်မိသည်။ ကျွန်ုပ်ကိုယ်တိုင်ကလည်း သူတို့နှင့်ဘာမှမထူးသူ သာဖြစ်သည်။

လက်ရှိမှာ သူတို့ထက် စာရေးသောက်ရေးနည်းနည်းသာသည်မှလွဲ၍ အနာဂတ်မဲ့နေသူသာဖြစ်သည်။ တခါတခါ သူတို့လိုပဲ ဘာမှမတွေးမိအောင်နေထိုင်ရင်း ကြုံသလိုပျော်သလိုနေရင် ကောင်းမလားဟုပင် တွေးမိချေသည်။ တခါက နိုင်ငံခြားသားတဦးနှင့် စကားပြောဖြစ်ရာ ထိုသူက “မင်းတို့မြန်မာတွေ အလုပ်လုပ်၊ ငွေရှာ၊ စားသောက် ဒါနဲ့ပဲလည်နေကြတာများတယ်။

နိမ့်ကျနေတဲ့ဘ၀ကို မြင့်ဖို့ဘာမှလုပ် တာမတွေ့ရဘူး” ဟု သူမြင်သလို ဝေဖန်သွားသည်။ ထိုစဉ်ကကျွန်ုပ်ဘာမှပြန်မဖြေနိုင်ခဲ့၊ ယခုထိလည်းဖြေရန်အဖြေမရှိသေး။ အဖြေမရသေးသောပုစ္ဆာကို တွေးရင်းတွေးရင်းးးးးးးးးးး ဘာများတတ်နိုင်ဦးမှာမည်နည်းးးးးးးးးး

ဆက်ဖတ်ရန်ကျန်သေးသည်...

 

©2009 မောင်ကျည်ပွေ့ | Template Blue by TNB