ရင်းလိုက်ကြစို့ သူငယ်ချင်း

မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေကြောင်း စာဖတ်သူမိတ်ဆွေများနှင့် ဘလော်ဂါမိတ်ဆွေများ ကို နှုတ်ခွန်းဆက်လိုက်ပါတယ်ခင်ဗျာ။ တကူးတက လာရောက်နှုတ်ဆက်ဆုတောင်းပေး ကြသောမိတ်ဆွေများနဲ့ မှတ်ချက်လေးများချန်ပေးခဲ့သော မိတ်ဆွေများကိုလည်း ၀မ်းသာ စွာနဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ။

အခုဆိုရင် ၂၀၀၈ခုနှစ်ဟာ ကျွန်တော်တို့ကိုချန်ခဲ့ပြီး ၂၀၀၀၉ ခုနှစ်ကိုရောက်ပါတော့မယ်။ ပြန်ပြောင်းတွေးကြည့်ရင် ၂၀၀၈ခုနှစ်ထဲမှာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေဟာ နိုင်ငံ့အရေးနဲ့ပတ်သက်ပြီး ခံစားမှုပေါင်းစုံ ရရှိခံစား ခဲ့ကြရပါတယ်။ နှစ်အစပိုင်းမှာဆိုရင် ၂၀၀၈မှာ စစ်အာဏာရှင်တွေ ပြိုကွဲပျက်စီးတော့မယ် လို့ ကျွန်တော်နဲ့တကွ လူတော်တော်များများ မျှော်လင့်ယုံကြည်ခဲ့ကြပါတယ်။

အဲဒီနောက် ဗုတ်နိုး၊ နိုးဗုတ်တွေနဲ့ ငြင်းခုန်သံတွေ ဆူညံနေခဲ့ကြပါတယ်။သမိုင်းနဲ့ချီပြီးအကြီးအကျယ်ဆုံးသော မြန်မာနိုင်ငံရဲ့ထိခိုက်နစ်နာမှုဖြစ်တဲ့ နာဂစ်မုန်တိုင်း ကြီးရဲ့ဒဏ်ကိုလည်း ခံခဲ့ရပါတယ်။ သိန်းနဲ့ချီပြီးသေဆုံးခဲ့ရာသလို သန်းနဲ့ချီပြီး ဒုက္ခဆင်းရဲ မျိုးစုံခံစားခဲ့ရပြီး နောက်ဆက်တွဲစိတ်ဓါတ်ပိုင်းမှာလည်း အနာတရဖြစ်ခဲ့ရပါတယ်။ အဲဒီ နောက်မှာတော့ ကယ်ဆယ်လှူဒါန်းရေးလုပ်ငန်းတွေကို ပြည်တွင်းပြည်ပ လက်တွဲပြီး ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။

အဲဒီနောက်တော့ သွေးအေးသွားကြပြီး လှုပ်ရှားမှုတွေလည်း အချိန်တိုအတွင်းမှာပဲ ငြိမ်သက်သွားပါတယ်။ နောက်ထပ်ဖြစ်လာခဲ့တာကတော့ အဖမ်းဆီး ခံနေရတဲ့ ရဟန်းသံဃာတော်များ၊ ကျောင်းသားခေါင်းဆောင်များ အစရှိတဲ့အာဇာနည်များ ကို နှစ်ရှည်ထောင်ဒဏ်များချလို့ ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာကို ထိုးနှက်လာပါတော့တယ်။

နောက်ထပ်လှုပ်ရှားမယ့်၊ လှုပ်ရှားချင်တဲ့သူများကိုပါ တခါတည်း ခြောက်ပြီးသားဖြစ်သွား တာပေါ့လေ။၂၀၀၈ခုနှစ်ထဲမှာ အင်မတန်မှနစ်နာရတဲ့ဆုံးရှုံးမှုတခုကတော့ ခေါင်းဆောင်ကြီးဖဒိုမန်းရှာ လုပ်ကြံခံခဲ့ရခြင်းပါပဲ။ တိုင်းရင်းသားများနဲ့ဗမာလူမျိုးများအကြားက လူမျိုးရေးမုန်းတီးမှုတွေ ကို ရင်ကြားစေ့ပေးနိုင်မယ့် ထိန်းတန်းခေါင်းဆောင်ကြီးကို ဆုံးရှုံးခဲ့ရခြင်းဖြစ်ပါတယ်။အဲဒီ ဖြစ်ရပ်က ပြည်ပရောက်အတိုက်အခံတွေ၊ တော်လှန်ရေးသမားတွေဟာ ပျော့ကွက်ဟာ ကွက်တွေ များစွာရှိနေတယ်လို့ ပြလိုက်တာပဲဖြစ်ပါတယ်။

ပေးဆပ်လိုက်ရတဲ့တန်ဖိုးက အလွန်လည်းကြီးမားလှပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းက နယ်စပ်မှာရှိတဲ့ အတိုက်အခံ တော်လှန်ရေးလုပ်ငန်းတွေကို ဖျက်ဆီးဖို့ စစ်တပ်ကလူအယောက် ၂၀ စေလွှတ်ခဲ့ကြောင်း သတင်းပျံ့လွင့်လာခဲ့ပါတယ်။ တကယ်က ခုမှမဟုတ်ပါဘူး ကာလများစွာကတည်းက စစ်တပ်ကလူတွေဟာ နယ်ပယ်နေရာမျိုးစုံမှာ ၀င်ရောက်ပူးသတ်နေရာယူခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း ခေါင်းဆောင်ကြီးဖဒိုမန်းရှာကို လွယ်လွယ်နဲ့ လုပ်ကြံလို့ရသွားခဲ့တာပါ။ ခေါင်းဆောင်တဦးကို လုပ်ကြံဖို့ဆိုတာ ရက်ပိုင်းနဲ့စီစဉ်လို့မရပါဘူး။

အနည်းဆုံး လပိုင်းနဲ့ အထပ်ထပ်အခါခါ စီစဉ်ပြီးမှ အောင်မြင်အောင်လုပ်နိုင်မှာပါ။အဲဒီလိုခက်ခဲတဲ့အလုပ်ကိုအသာထားလို့ ဘလော့လောကမှာပဲကြည့်ဦးမယ်ဆိုရင် ရွှေဝါ ရောင်နောက်ပိုင်း ဘလော့တွေအပြိုင်းအရိုင်းပေါ်လာတဲ့အချိန်မှာ စစ်တပ်ဖက်က လူလွှတ် ဘလော့တွေထောင်လို့ အမျိုးမျိုးပူးသတ်ခဲ့ပါတယ်။

အမျိုးသမီးငယ်တွေလွှတ်ပြီး သူ့လူ ကိုယ့်ဘက်သားလုပ်ခိုင်းလို့ ခြေရှုပ်ခဲ့ပါတယ်။ ဘလော်ဂါတချို့လည်း အဲဒီဒဏ်ကို ခံခဲ့ရပါ တယ်။ ထိုင်းထဲမှာကို အဲဒီခြေရှုပ်အမျိုးသမီးတွေရှိနေပြီး အုပ်စုဖွဲ့လို့ သတင်းယူသတင်းပို့ နှောင့်ယှက်နေတုန်းပါပဲ။ အခုနောက်ပိုင်းမှာ ဖွတာတွေ၊ ပွတာတွေဟာ ဘလော့လောက မှာ များလာပါတယ်။ အဓိက ကတော့ ဘလော်ဂါတွေ အထူးသဖြင့် နိုင်ငံရေးဖက်ကို အားသန်တဲ့ဘလော်ဂါတွေကို စုစည်းမှုတွေပြိုကွဲအောင် ဘလော့လောကမှာလည်း အကွဲ အပြဲတွေပေါ်အောင် စိတ်အနှေင့်အယှက်ဖြစ်အောင် ထိုးနှက်နေတာပါပဲ။

အထူးသတိထား နိုင်ပါမှ တော်ကာကျပါမယ်။ (တချို့ကတော့သွေးရိုးသားရိုးဖြစ်နိုင်ပါတယ်)ကဲပါလေ.. အဲဒါတွေအသာထားလို့ ကျွန်တော်တို့ရဲ့ရည်မှန်းချက်အကြောင်းကို ပြန်သွား ကြည့်ရအောင်။ ကျွန်တော်တို့တွေအားလုံး ဘယ်လိုပင်မတူကွဲပြားနေကြပါစေ တူညီနေ ကြတာကတော့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးပါပဲ။

၂၀၀၈မှာ စစ်အာဏာရှင်တွေ ပြိုကွဲ ပျက်စီးရမယ်လို့ ယုံကြည်ယူဆခဲ့ပေမဲ့ အခုထိ ပန်းပန်းလျက်ပါဆိုသလိုဖြစ်နေပါတယ်။ ဒီတော့ ကျွန်တော်တို့ရှေ့ဆက်ရမယ့်ခရီးမှာ ရည်မှန်းချက်အောင်မြင်အောင် ဘယ်လိုဆက် လုပ်ကြမလဲဆိုတာ ပြောစရာဖြစ်လာပါပြီ။ သေချာတာကတော့ ကျွန်တော်တို့ လုပ်မြဲလုပ် စဉ် လမ်းစဉ်အတိုင်း လုပ်နေလို့ကတော့ စစ်တပ်က သူချမှတ်ထားတဲ့ လမ်းကြောင်းအ တိုင်း အခက်ခဲမရှိ လျှောက်လှမ်းသွားမယ်ဆိုတာပါပဲ။

စစ်တပ်မှာတိကျတဲ့လမ်းစဉ်ရှိပါ တယ်။ ဘယ်နှစ်ဘယ်လမှာ ဘာဖြစ်အောင်လုပ်ရမယ်၊ ဘယ်လိုလုပ်ကြမယ်ဆိုတာ ရှင်းလင်းပြတ်သားပါတယ်။ လုပ်လည်းလုပ်နေကြပါတယ်။ကျွန်တော်တို့မှာ ဘာလမ်းစဉ်တွေရှိပြီး ဘယ်လိုလုပ်ကြမယ်ဆိုတာ အခုထိတော့ မှုန်ဝါးနေ တုန်းပါပဲ။ အစည်းဝေးလုပ်လိုက်၊ အခမ်းအနားလေးကျင်းပလိုက်နဲ့ လုံးလည်ချာလည်လိုက် နေတာပဲလို့ပြောရင် လူကြီးမင်းအပေါင်းတို့စိတ်ဆိုးကြမလားမသိပါဘူး။

ပြည်တွင်းကလူ တွေ အသက်အိုးအိမ်စည်းစိမ်တွေရင်း၊ တန်ဖိုးဖြတ်မရနိုင်တဲ့ မိသားစုအနာဂတ်ဘ၀တွေ ရင်းပြီး တိုင်းပြည်အတွက်လုပ်နေရချိန်မှာ ကျွန်တော်တို့တွေ ဘာများရင်းပြီးပါသလဲဆိုတာ စဉ်းစားကြည့်ဖို့ကောင်းပါတယ်။ ဘေးကနေချီးကျူး၊ဂုဏ်ပြု လေးစားပါတယ် ရွှီးဖြောင်းဖြောင်း လုပ်နေရုံလောက်နဲ့ကတော့ ဘာမှမအောင်မြင်နိုင်ပါဘူးဆိုတာ ပြောဖို့တောင် မလိုဘူးလို့ ထင်ပါတယ်။ ကျွန်တော်နဲ့ရင်းနှီးတဲ့ အကိုတယောက်ကတော့ သူတို့မသိတာမဟုတ်ဘူး မသိချင်ယောင်ဆောင်နေတာကွလို့ ပြောဖူးပါတယ်။

ဝန်းသိုစော်ဘွားဦးအောင်မြတ်က စလို့ ဗိုလ်ချုပ်အောင်ဆန်းအလယ် ယနေ့အကျဉ်းစံခေါင်း ဆောင်တွေအဆုံး အားလုံးဟာ တိုင်ပြည်နဲ့လူမျိုးအတွက် ယုံကြည်ချက်အတွက် ရင်းပြီးခဲ့ ရင်းနေကြဆဲပါပဲ၊ ကျွန်တော်တို့ပဲကျန်ပါတော့တယ်။ အခုလက်ရှိခေတ် နိုင်ငံခြားရောက်နေ တဲ့ လူတွေဟာ အရင်အစဉ်အဆက်လူတွေထက် အားသာတာကတော့ နည်းပညာပိုင်း နိုင် ငံတကာအတွေ့အကြုံတွေရှိကြတာပါ။

အားနည်းချက်ကတော့ မရင်းရဲတာလို့ မြင်ပါတယ်။ အဲဒီလိုပြောရင် တချို့ကလည်း ငါတို့တော့ ဘယ်တုန်းက ဘယ်လိုရင်းခဲ့တာလို့ ပြောနိုင်ပါ တယ်။ ဟုတ်ကဲ့ ရင်းတယ်ဆိုတာက ခေတ္တခဏ မဟုတ်ပါဘူး၊ ပြီးဆုံးအောင်မြင်တဲ့အထိ ရင်းမှ ရမှာပါလို့ ပြန်ဖြေရပါမယ်။ အဲဒီလိုမှာမဟုတ်ရင် ကိုယ်ရင်းခဲ့တာဟာ တန်ဖိုးရှိသင့် သလောက်မရှိပဲ တခါတရံဆို သူက ဒါတွေမြင်လို့ရင်းခဲ့တာလို့ အများပြောစရာဖြစ်လာနိုင် ပါသေးတယ်။ဒါကြောင့် ကျွန်တော်တို့ရှေ့က နောင်တော်ကြီးများရဲ့ အတွေ့အကြုံတွေကို အခြေခံလို့ အတုယူစရာ၊ သင်ခန်းစာယူစရာတွေကိုကြည့်ရင်းနဲ့ တိကျခိုင်မာတဲ့လမ်းစဉ်၊ လုပ်ဆောင် ရမယ့်နည်းလမ်း၊ လုပ်ဆောင်ရမယ့်အချိန်ကာလ အစရှိသဖြင့် ချမှတ်ပြီး တတပ်တအား ပါဝင်လုပ်ဆောင်ရင်း ၂၀၀၉ခုနှစ်ကို ဖြတ်သန်းကြပါစို့လို့ ဆန္ဒပြုပါကြောင်း………

ဆက်ဖတ်ရန်ကျန်သေးသည်...

တဂ်စာ

ကျွန်ုပ်သည် ဘလော့လောကထဲသို့ ဆော်စာ ကလော်စာများရေးရင်း ၀င်ရောက်လာခဲ့ သည်။ အမြင်မတော်ဟုထင်လျှင် မည်သူမှမရွေး အားလုံးကိုဆော်ခဲ့ ကလော်ခဲ့သည်။

ယခု လည်း ဆော်ရ၊ ကလော်ရဦးပေမည်၊ အခြားသူမဟုတ် ကိုယ့်ကိုယ်ကို ပင်ဖြစ်သည်။ စာရေး သားခြင်းနှင့် အခြားအနုပညာအတတ်များတွင် ပညာရှင်အဆင့်ကျွမ်းကျင်နေသော ကျွန်ုပ် ကလေးစား အားကျရသော ဆရာ သစ်နက်ဆူး က ချစ်ခင်သောအားဖြင့် တဂ် လာသည့် မိမိကိုယ်မိမိ မုန်းနေသာ ၁၀ ချက်ကို ရေးရပေတော့မည်။

အခြားသူများကိုသာ အားမနာ လျှာကျိုးဝေဖန်ခဲ့သော ကျွန်ုပ် ယခုကိုယ့်ကိုယ်ကို ဝေဖန်သုံးသပ်လိုက်ပါသည်။ ၁။ အလုပ်ကို နေ့ရွှေ့ညရွှေ့လုပ်တတ်သောအကျင့်
၂။ လူမှုရေးဆက်ဆံမှုညံ့ခြင်း
၃။ မိမိ၏ရည်မှန်းချက်ကို မရမနေလုပ်မည့် ဇွဲမရှိခြင်း
၎။ အဆိုးမြင်တတ်မှုများနေခြင်း
၅။ သည်းခံနိုင်မှုနည်းခြင်း
၆။ အငြင်းသန်ခြင်း
၇။ ဖတ်ခဲ့သောစာများကို မေ့လွယ်ခြင်း
၈။ ယခုအသက်အရွယ်ထိ ဘာအတတ်ပညာတခုမှ မတတ်မြောက်သေးခြင်း
၉။ ဘာသာရေးနှင့်ပတ်သက်၍ ဆရာကောင်းများနှင့်ကြုံခဲ့သော်လည်း တိုးတက်မှုမရှိခြင်း
၁၀။ စာရေးရန်ပျင်းခြင်းထပ်ရေးရလျှင် နောက်ထပ်အချက်များစွာ ကျန်နေပါသေးသည်။ အခြားဘလော်ဂါများလို ဖတ်ချင်စဖွယ်ဖြစ်အောင် မရေးနိုင်သောကြောင့် ဤမျှသာ ရေးလိုက်ပါသည်။ ကျေနပ်ပါ ဆရာဆူးခင်ဗျား………

ဆက်ဖတ်ရန်ကျန်သေးသည်...

မိတ်အင်မြန်မာ

မောင်ကျည်ပွေ့၏ညီတယောက် ပုလိပ်ဖမ်းခံရသည်။ အလုပ်လုပ်ခွင့်လက်မှတ်(work permit) မပါသွား၍ ပုလိပ်ကစစ်သောအခါ မပြနိုင်သဖြင့် အချုပ်ထဲရောက်သွားခြင်းဖြစ် သည်။

သို့နှင့် သူ၏(work permit) ကိုယူ၍ ရဲစခန်းသို့လိုက်သွားပြီး ယူလာသော(work permit) ကို အချုပ်ခန်းအ၀တွင်တွေ့သော ပုလိပ်ကိုပြ၍ အကျိုး အကြောင်းမေးကြည့်ရာ ထိုပုလိပ်က တာဝန်ခံအရာရှိမလာသေး စောင့်ပါဟုပြောသည်။

ထိုင်စောင့်နေစဉ်တွင် ဘေးဘီငဲ့စောင်းကြည့်မိရာ ဤမြင်ကွင်းကိုတွေ့ခဲ့ရခြင်းဖြစ်သည်။ ယောက်ျား၊မိန်းမ အယောက်၄၀ခန့် အခန်းလွတ်တခုထဲတွင်ထိုင်နေကြသည်။ ကြည့်ရသည်မှာ လောလောလတ်လတ်ဖမ်းခံထိလာသည့် ပုံစံပင်။ သို့နှင့် တတ်သည့်ပညာ မနေသာ ဆိုသ လို စပ်စုမေးမြန်းမိရာ…“သမီးတို့အုပ်စုတစုလုံး မြန်မာပြည်ကရောက်လာတာ မကြာသေးဘူး။ တလလောက်ပဲရှိ သေးတယ်။ ပဲခူး၊သထုံ၊အပေါင် နယ်စုံကပါပဲ။

အားလုံးက ကိုယ့်အဆက်အသွယ်နဲ့ကိုယ် လာရင်း မဲဆောက်မှာ ကယ်ရီတယောက်ကစုပြီး အပေါ်တင်ပေးလိုက်တာ။“လမ်းစားရိတ်ဘာလောက်ပေးရလဲ”“တယောက်ကို ဘတ်ရှစ်ထောင်ပါ။ တချို့လည်း အိမ်ကမိဘက ပွဲစားကိုရှင်းပေးလိုက်တယ်၊ တချို့ကတော့ ဒီမှာရှိနေတဲ့ဆွေမျိုးတွေက စိုက်ထားပေးတာလေ”“အခုလမ်းစားရိတ်တွေကျေသွားပြီလား”“အမလေး..ဦးရယ် သမီးတို့တက်လာတာ လမ်းခရီးမှာကို တလနီးပါးလောက်ကြာတယ်။

တောတွေတောင်တွေထဲမှာ လမ်းလျှောက် ပြီး ဂိတ်တွေကို ကွေ့ပတ်ရှောင်လာရတာ၊ ဒီရောက်တော့လည်း အလုပ်မခေါ်သေးလို့ စောင့်နေရသေးတယ်။ အခုအလုပ်လုပ်ရတာလည်း ရက်နှစ်ဆယ်လောက်ပဲရှိသေးတာ။ ဘယ်လိုလုပ် လမ်းစားရိတ်ကျေဦးမှာလဲ.. အခု သမီးတို့အုပ်စုထဲမှာ တချို့လူတွေ လုပ်အား ခပိုက်ဆံတောင် မထုတ်ရသေးတာရှိတယ်။ အလုပ်ပိတ်ရက်ခံသွားလို့လေ၊ နယ်စပ်ပြန်ပို့ခံ ရပြီးရင် ဘယ်လိုဆက်စခန်းသွားရမှန်းကို မသိတော့ပါဘူးဦးရယ်” ဟုပြောရင်း သက်ပြင်းချ လိုက်သည်။

သူ့လိုပဲ မောင်ကျည်ပွေ့လည်း သက်ပြင်းချမိသည်။ ထိုင်နေကြသော သူတို့အုပ်စုကို အကဲ ခတ်ကြည့်ရာ အားလုံး ငူငူငိုင်ငိုင်ဖြစ်နေကြသည်၊ နံရံကိုအဓိပ္ပါယ်မဲ့ကြည့်သူကြည့် မိန်းက လေးအချို့လည်း မျက်ရည်ဝေ့နေသည်ကို တွေ့ခဲ့ရသည်။ မောင်ကျည်ပွေ့နှင့် စကားပြော သောမိန်းကလေးသည်လည်း မျက်ရည်ဝဲနေသည်။ သူ့မျက်ဝန်း၏အကြည့်က အကူညီ တောင်းခံနေသလို ခံစားရသည်။

မောင်ကျည်ပွေ့လည်း ဘာမှမတတ်နိုင်၊ ဆတ်ဆော့ပြီး သွားမေးမိသည်ကို နောင်တရသလိုဖြစ်နေရသည်။ ထိုစဉ်တွင်ပင် စောင့်နေသောပုလိပ်က တာဝန်ခံအရာရှိရောက်လာပြီဖြစ်ကြောင်း လာပြောသဖြင့် သွားတွေ့ရန် ထိုအခန်းရှေ့မှ လေးတွဲ့တွဲ့ခြေလှမ်းဖြင့် ထွက်လာခဲ့ရပေသည်။မောင်ကျည်ပွေ့၏ညီကိစ္စအတွက် ပုလိပ်ကအလုပ်ရှင်ကိုပါခေါ်လာရန် ရစ်နေသဖြင့် ဒဏ်ငွေမျှဖြင့်ပြီးပါရန် တောင်းပန်ရပြန်သည်။

မောင်မင်းကြီးသား၏ အဆူအငေါက်ကို မျက်နှာငယ်ဖြင့် ဆယ်မိနစ်ခန့်ခံပြီးနောက် ၎င်း၏အလွန်ကြီးမားသော ကရုဏာကိုခံယူကာ ဒဏ်ငွေဆောင်ပြီး ညီကိုအချုပ်ခန်းမှ ဆွဲထုတ်လာခဲ့သည်။ အပြန်လမ်းတွင် ထိုအုပ်စု၏ မျက်နှာများကို မျက်လုံးထဲမြင်ယောင်မိသောအခါ သက်ပြင်းအခါခါချရုံမှလွဲ၍ ဘာမှမတတ် နိုင်။ သူတို့သည် နိုင်ငံထဲခိုးဝင်မှုဖြင့် အဖမ်းခံရပြီးနောက် ချုပ်ရက်စေ့လျှင် နယ်စပ်ပြန်ပို့ခံရ မည်ဖြစ်သည်။

စိတ်လေးလံစွာဖြင့် ပြန်လာပြီးနောက် အလုပ်မရှိအလုပ်ရှာပြီး ကိုယ့်အခန်းကိုယ်ရှင်းနေမိ သည်။ ယခင်က ပျောက်သွားသည်ဟုထင်ထားသော မှတ်စုစာအုပ်လေးကို ပြန်တွေ့ရာ ထိုစာအုပ်ထဲတွင် ရေးမှတ်ထားသည်များကို ပြန်သတိရလာသည်။ ၁၂.၄.၀၈ ရက်စွဲထုတ် ဒေးလီးနယူးအမည်ရ ထိုင်းသတင်းစာမှ နှစ်စဉ် ထိုင်းနိုင်ငံတွင်းရှိဖမ်းဆီးအရေးယူခံရသော တောင်ကျော်အလုပ်သမား အရေအတွက်စာရင်းဖြစ်သည်။ ထိုစာရင်းထဲမှ ၉၀ရာခိုင်နှုန်း သည် မြန်မာပြည်သားများဖြစ်သည်။

မောင်ကျည်ပွေ့ရေးခဲ့သော “အနင်းခံမြေဇာမြက်များ” ပို့စ်တွင် ထိုဇယားကို ဖေါ်ပြရန်ဖြစ်သော်လည်း စာအုပ်ပျောက်သွား၍ မဖေါ်ပြနိုင်ဖြစ်ခဲ့ရာ ယခု ဖေါ်ပြလိုက်ပါပြီ။၂၀၀၃ ခုနှစ်တွင်ဖမ်းမိသောသူများ၁၆၇ ၄၅၅ ယောက်၁၂၂ ၂၃၀၉၉ ၄၀၃၉၉ ၈၈၃၁၇၇ ၈၃၅၂၀၀၈ ဇန်န၀ါရီလအတွင်းဤကဲ့သို့အဖြစ်များသည် ဘယ်ထိတိုင်အောင်ဆက်ဖြစ်ဦးမည်မသိပေ။ ………………ဘာကြောင့်ဖြစ်၍ ဘာတွေလုပ်ကြမလဲဟု မောင်ကျည်ပွေ့မပြောလိုတော့ပါ။ စာဖတ်သူတို့ လွတ်လပ်စွာတွေး၍ ကြိုက်သလိုဆုံးဖြတ်ပါဟုသာ……

ဆက်ဖတ်ရန်ကျန်သေးသည်...

ထွက်ပေါက်

ကမ္ဘာ့နှင့်အ၀ှမ်းတွင် စီးပွါးရေးကျဆင်းနေသောကြောင့် စက်ရုံအလုပ်ရုံများစွာတို့ ဆက် လက်မလည်ပတ်နိုင်ပဲ ပိတ်နေကြရသည်။ ပြည်ပတွင်ရောက်ရှိအလုပ်လုပ်နေကြသော မြန်မာနိုင်ငံသားများစွာတို့လည်း စီးပွါးရေးဂယက်ရိုက်ခြင်းကို အနည်းနှင့်အများ ခံကြရမည် ဖြစ်သည်။

ပြည်ပတွင်ရောက်ရှိနေကြသော မြန်မာပြည်သားအရည်အတွက် မည်မျှရှိသည် ဟုအတိအကျမသိနိုင်သော်လည်း ထိုင်းနိုင်ငံတွင် အလုပ်လာလုပ်နေသောမြန်မာပြည်သား များမှာ တစ်သန်းနှင့်အထက်ခန့်ရှိနိုင်သည်ဟု ကျွန်ုပ်ထင်သည်။

ထိုအလုပ်သမားတို့၏ ၀င်ငွေသည် ဘတ်လေးထောင်ဟု ပျှမ်းမျှခြင်းချပြီး ထိုအထဲမှ ဘတ်နှစ်ထောင်ကို မြန်မာနိုင်ငံတွင်းရှိ မိသားစုကို ပြန်လည်ထောက်ပံ့သည်ဟု တွက်ကြည့်လျှင် တစ်လတွင် ဘတ်သန်းပေါင်းနှစ်ထောင်(ဒေါ်လာသန်း၆၀ ၀န်းကျင်) မြန်မာပြည်ထဲကို စီးဆင်းနေသည်။

ထိုငွေများကြောင့် ရှမ်း၊မွန်၊ကရင်၊တနင်္သာရီတိုင်းနှင့်ပြည်နယ်တို့ရှိ ပြည်သူများ အသက်ရှူ ပေါက်ချောင်ကြရသည်။ ထိုဝင်ငွေများမရှိပါက ထိုဒေသရှိပြည်သူများ အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ရဖွယ်ရှိသည်။ ထို့အပြင် ထိုငွေများကြောင့် ထိုင်းမြန်မာနယ်စပ်ကုန်သွယ် ရေးကို ပြုလုပ်နေနိုင်ကြခြင်းဖြစ်သည်။

မြန်မာကုန်သည်များလက်ထဲတွင်ရှိသော ကျပ်ငွေ များသည် ထိုင်းတွင်ကုန်ဝယ်၍မရပါ။ ကျပ်ငွေကို ထိုင်းကလက်မခံ၊ ကုန်ဝယ်ရန်ဘတ်ငွေ ကို အလုပ်သမားများ ပြန်ပို့သောဘတ်ငွေမှ လဲလှယ်ရပေသည်။ အလုပ်သမားများပြန်ပို့ လိုသော ကျပ်ငွေကို ထိုကုန်သည်များမှရရှိနေသဖြင့် ကိုင်းကျွန်းမှီ၊ကျွန်းကိုင်းမှီ ဖြစ်နေပေ သည်။ထိုအချက်သည် ရှမ်း၊မွန်၊ကရင်၊တနင်္သာရီတိုင်းနှင့်ပြည်နယ်တို့ရှိ ပြည်သူများ၏ စားဝတ် နေရေးကို များစွာအထောက်ကူဖြစ်သောကြောင့် ထိုဒေသတွင် ဆူပူမှုမဖြစ်အောင် ထောက်ပံ့ပေးနေသည်။

ယခုစီးပွါးပျက်ကပ်ဖြစ်လာသောအခါတွင် အခြားနိုင်ငံရှိ မြန်မာနိုင် ငံသားများထက် ထိုင်းနိုင်ငံရောက် မြန်မာများက ပို၍အထိနာဖွယ်ရှိပေမည်။ မူလအခြေနေ အရ အခြားနိုင်ငံရှိမြန်မာအလုပ်သမားများသည် ထိုင်းရောက်မြန်မာများထက် လစာဝင်ငွေ ချင်း မယှဉ်သာအောင်ကွာခြားနေပြီးဖြစ်၍ ခုသာခံသာဖြစ်နိုင်နေသေးသည်။ ထိုင်းရှိမြန်မာ အလုပ်သမားများနှင့် မိသားစုများမှာမူ တလနှင့်တလ အလျင်မီအောင်ရုန်းကန်နေရသော ကြောင့်ဖြစ်သည်။

လာမည့်နှစ်တွင်ထိုင်းနိုင်ငံရှိစက်ရုံများစွာတို့ ပိတ်ရဖွယ်ရှိနေသည်။ ထိုအထဲတွင် မြန်မာ အလုပ်သမားများစွာအလုပ်လုပ်နေသော ချည်မျှင်နှင့်အထည်စက်ရုံများ၊ လူသုံးကုန်ပစ္စည်း စက်ရုံများ သေချာပေါက်ပိတ်ရဖွယ်ရှိသဖြင့် မည်သို့ထွက်ပေါက်ရှာကြဦးမည်မသိပေ။ စားသောက်ကုန်ထုတ်လုပ်ငန်းများတွင်လည်း မပိတ်ရသည့်တိုင် မူလအခြေအနေအောက် လျော့နည်းရဖွယ်ရှိသည်။ ထိုင်းနိုင်ငံ၏ခန့်မှန်းချက်အရ ထိုင်းအလုပ်သမား ၈-၉သိန်းခန့် အလုပ်ပြုတ်ဖွယ်ရှိနေ၍ ထိုသူတို့အလုပ်ရစေရန် မြန်မာအလုပ်သမားများ စတေးခံရ နိုင်သဖြင့် ရှေ့ရေးတို့ကား မကောင်းနိုင်။ လာမည့်နှစ်သည် မြန်မာနိုင်ငံတွင် အကျပ်အတည်းပေါင်းများစွာကျရောက်နိုင်သည်။

ထိုအကျပ်အတည်းကိုဖြေရှင်းရန် ဥာဏ်ကြီးရှင် နအဖ တို့ဘာလုပ်ဆောင်မှုမှရှိမည်မဟုတ်။ အမှန်စင်စစ် ကျွန်ုပ်တို့သည် မိမိတို့ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲကိုဖြေရှင်းနိုင်ရန် နည်းလမ်းများကိုရှာကြသည်။ ထိုသို့ရှာရာတွင် ပြဿနာကို တည့်တည့်ရင်ဆိုင်ဖြေရှင်း သည့်နည်းလမ်းထက် ပြဿနာကို ရင်မဆိုင်ပဲ အဝေးရှောင်ခြင်းနည်းလမ်းကိုသာ လုပ် ဆောင်၍ ပြည်ပသို့ နည်းလမ်းမျိုးစုံထွက်ပြီး နေနေကြသဖြင့် ပြဿနာကားပြေလည်ခြင်း မရှိပဲ တိုးတိုး၍သာများလာခြင်းဖြစ်သည်။

အထူးသဖြင့် မိမိ၏ပြဿနာကို သူတပါးကလာ ၍ဖြေရှင်းပေးရန် မျှော်လင့်တောင့်တနေမှု များနေသည်ဟုထင်မိပါသည်။ ကျွန်ုပ်တို့ကြုံတွေ့နေရသော အထွေထွေပြဿနာများ၏ အရင်းခံသည် နိုင်ငံရေးကြောင့် သာဖြစ်သည်။ လူတိုင်းလည်း ၎င်းအချက်ကို လက်ခံကြသည်၊ သို့သော်ရင်ဆိုင်ဖြေရှင်းဖို့ ရန်ကား ဟိုလူနိုးနိုး၊ ဒီလူနိုးနိုး၊ ယူအန်လိုလို၊ ယူအက်စ်လိုလိုနှင့် ရှောင်လွှဲနေမှု များနေ သည်။

ထို့ကြောင့် ဘာပြဿနာမှ မပြေလည်သည့်အပြင် အဆိုးဝါးဆုံးအနေအထားကိုပင် ရောက်နေကြရပြီဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ပြဿနာများကို ဖြေရှင်းနိုင်ရန် အခြားသူများကိုအားကိုးခြင်း၊ ရှောင်ထွက်နေခြင်းတို့မပြုလုပ်ပဲ မိမိတို့ကိုယ်တိုင် တိကျခိုင် မာသော လမ်းစဉ်ချမှတ်ပြီး ထိုလမ်းစဉ်ကိုဖေါ်ဆောင်ရာတွင်လည်း ကောက်ရိုးမီးလိုမလုပ် ပဲ စွဲစွဲမြဲမြဲဆောင်ရွက်သင့်ကြောင်း တင်ပြအပ်ပါသည်။ မှတ်ချက်။။

ဆရာကြီးလေသံပေါက်နေရင်တော့ ခွင့်လွှတ်ပါ။ မိမိ၏ယုံကြည်ယူဆ ထားသည့်အကြောင်းကို ရေးတတ်သလိုရေးလိုက်ခြင်းသာဖြစ်ပါကြောင်း

ဆက်ဖတ်ရန်ကျန်သေးသည်...

ဆက်မတွေးချင်တဲ့ အတွေး

ကျွန်ုပ်ဘလော့လောကနှင့် ရက်အတန်ကြာ အဆက်ပြတ်သွားခဲ့သည်။ ဤတွင် သူခိုးကိစ္စ ပေါ်လာခဲ့ပေရာ ဘလော့လောကတွင် ပွဲဆူစရာကိစ္စဖြစ်လာပေသည်။ ဘလော့ပေါ်တွင် ပွဲဆူစရာကိစ္စများမကြာခဏပေါ်တတ်သည်။

ကျွန်ုပ်သည်လည်း တခါက သေချာမသိ သောကိစ္စတခုတွင် ၀င်၍ကွန်မန့်ပေးဖူးသည်။ နောက်တော့မှသာ ထိုသူ၏ အပြုမူလုပ် ဆောင်ပုံကို မနှစ်သက်သလိုဖြစ်လာသောအခါ ပေးခဲ့ဖူးသော ကွန်မန့်အတွက် နောင်တ ဖြစ်မိပေတော့သည်။ ထိုအကြောင်းကို သင်ခန်းစာထားပြီး နောက်နောင်တွင် ကိုယ်မသိ သည့် သူတပါးကိစ္စတွင် ၀င်မပြောမိရန် သတိထားနေခဲ့သည်။ှ

ယခင်တခါကလည်း ထိုသို့သော ကော်ပီကူးမှုဖြင့်ပွဲဆူခဲ့ဖူးသည်။ မနေ့က ဘလော့လည်ဖတ်နေရင်း အမှတ်မထင် ထိုစဉ်ကအကြောင်းတွေပါ ဖတ်ဖြစ်သွား သည်။ ဘလော်ဂါတော်တော်များများ ထိုပွဲဆူသူဖက်မှရပ်တည်၍ ကွန်မန့်အတိုရှည်ပေါင်း များစွာပေးထားသည်ကို တွေ့ခဲ့ရပါသည်(၁၀၀၁ က အသုံးနှုန်းရိုင်းနေ၍လည်းဖြစ်နိုင်)။

ပွဲဆူသူသည်ထိုအခါကလည်း ကော်ပီကူးကြောင်းဝန်မခံခဲ့ပဲလှည့်ပတ်လိမ်ညာခဲ့သည်။ ယခုအခါ  ယခင်ကထက်တိုး၍ငါ့ဖါသာငါ လုပ်ချင်တာလုပ်မယ်၊ ငါကအကောင်ကြီးမျိုး ဘယ်ကောင်မှဂရုမစိုက်ဘူး၊ ထိရဲရင်ထိကြည့် စသည့်သဘောမျိုးဖြင့် စိန်ခေါ်နေတော့ သည်။ ဘလော့လောကတွင် ထိုပွဲဆူစေသူ၏လုပ်ရပ်ကို ရှုံ့ချရဲသူဟူ၍ များများစားစားမရှိ၊ လက်ချိုးရေလို့ပင်ရသည်။ အခြားအကြောင်းအရာများကိုအသာထားခိုးခြင်း၊လိမ်ခြင်း၊ စော်ကားခြင်း သုံးမျိုးကိုပင် ဘလော်ဂါများအနေဖြင့် လက်မခံသင့်ပဲ ပြောရဲရမည်ဖြစ်ပေ သည်။

အထူးသဖြင့် ယခင်အခါက ပွဲဆူသူ၏ဖက်မှ ရပ်တည်အားပေးခဲ့ကြသော ဘလော်ဂါ ကိုကိုမမတို့၏ အသံများတိတ်နေခြင်းသည် ဘာကြောင့်နည်းဟု ဆက်တွေးချင်စရာ ဖြစ်လာပေတော့သည်။ ကျွန်ုပ်ယခုကိစ္စကို ရေးနေရခြင်းသည် ပုဂ္ဂိုလ်ရေးကြောင့်မဟုတ်၊ အမှန်တရားကို ကျွန်ုပ်တို့ မည်သို့သဘောထားသည်ကိုသာ ဆန်းစစ်လိုရင်းဖြစ်သည်။ အမှန်တရားနှင့် ခင်မင်မှု၊ အမှန်တရားနှင့်ကြီးကြီးမာစတာ၊ အမှန်တရားနှင့် အကျိုးစီးပွါး၊ အမှန်တရားနှင့်စသဖြင့် အကြောင်းအရာများတွင် ကျွန်ုပ်တို့မည်သည့်အရာကို ရွေးချယ်ရပ်တည်ကြမည်ကို ကျွန်ုပ်အထူးစိတ်ဝင်စားပါသည်။

အထူးသဖြင့် ဘလော်ဂါများ ဆိုသည်မှာ သာမန်လူများထက် ခေတ်မီသော အတွေးအခေါ်ရှိသောသူများဟု ယေဘူယျ အားဖြင့်မှတ်ယူထားသည့် ကျွန်ုပ်မှာ ဤကိစ္စအပေါ် ဘလော်ဂါများ မည်သို့တုံ့ပြန်ကြမည် နည်းဟု စောင့်မျှော်ကြည့်မိပါသည်။ အမှားကို ၀န်ခံရဲသော၊ စကားကိုတာဝန်ယူရဲသော၊ အမှန်တရားကိုချစ်မြတ်နိုးသော စိတ်များ ရှိကြမည်ဟုလည်း ကျွန်ုပ်ယုံကြည်မိပါသည်။

အကယ်၍များ ကျွန်ုပ်ယုံကြည်သလိုမဟုတ်ပဲ ဆန့်ကျင်ဖက်ဖြစ်လာခဲ့သော်……………………………………………… ခေတ်မီဖွံ့ ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ရောက်လုနီးပါပြီဟု တွေးရင်း မချိပြုံးကိုကျေနပ်စွာ ဆက်ပြုံးနေမည်ဖြစ်ကြောင်း…………….

ဆက်ဖတ်ရန်ကျန်သေးသည်...

 

©2009 မောင်ကျည်ပွေ့ | Template Blue by TNB