စွဲမြဲခိုင်မာ ပြည်သာယာ

နောက် ၃ ရက်ဆိုလျှင် မြန်မာနိုင်ငံကို နာဂစ်မုန်တိုင်းတိုက်ခတ်ခံရခြင်း ၅ လ ပြည့်မည်ဖြစ် သည်။ စဖြစ်ကာစက သတင်းတွေပလူပျံ၊ နှိုးဆော်ချက်တွေ၊ အလှူခံတွေ၊ ၀မ်းနည်းခြင်းတွေ ထောင်းလမောင်းထခဲ့ကြသည်။ ဘာမှမကြာသေးသည့် ယနေ့အချိန်တွင်မတော့ ထိုကိစ္စတွေ ကို အရေးတယူပြောဆိုသူ၊ လှူဒါန်းသူအရေအတွက်၊ လှူဒါန်းမှုပမာဏ စသည်တို့သည် လွန်စွာ ကျဆင်းသွားပေတော့သည်။ သို့သော် မုန်တိုင်းဒဏ်ခံ လူထုတွေ၏အငတ်ဘေးကတော့ ကျဆင်းသွားခြင်းမရှိပေ။ ယခင်ကကဲ့သို့ ငတ်မြဲတိုင်းငတ်နေကြဆဲပင်။


ဤသည်မှာ သိသာထင်ရှားသော ဥပမာပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ရာတွင် စဉ်ဆက်မပြတ် စွဲမြဲစွာ ထိရောက်အောင်လုပ်နိုင်မှု၌ လွန်စွာအားနည်းနေကြသည်ဟု ထင်မိ သည်။ စိတ်ဓါတ်ရေချိန်ကို ကြာရှည်တည်တံ့အောင် မထိန်းထားနိုင်ကြပေ။ မည်သည့်အရေး ကိစ္စမဆို ထိုသို့ပင်ကောက်ရိုးမီးပမာ ခေတ္တအရှိန်နှင့်သာ ဆောင်ရွက်သည်ကများနေပေသည်။ ကျွန်ုပ်၏မိတ်ဆွေတစ်ဦးက“ကိုယ့်နဲ့တန်တဲ့အစိုးရကိုသာရလိမ့်မယ်” လို့စာအုပ်တအုပ်ထဲတွင် ဖတ်ဖူးကြောင်းပြောလာသည့်အခါ ကျွန်ုပ်က လက်မခံချင်ဖြစ်ခဲ့သည်။ ကျွန်ုပ်တို့သည် ယခု အနေအထားထက်ပိုကောင်းမွန်သော အခြေအနေနှင့်ထိုက်တန်ကြောင်း ရိုးရိုးသားသား ယုံကြည်မိခဲ့သည်။ ယခုတော့ ကိုယ့်ကိုယ်ကိုပင် သံသယ၀င်တွေဝေမိနေတော့သည်။


ပြန်စဉ်းစားကြည့်ပါလျှင် ယနေ့လူထုသည် စစ်အာဏာရှင်စနစ်ကို မနှစ်သက်မကြိုက်သည့် အပြင် မုန်းတီးနေသည့်ဘက်သို့ပင် ရောက်နေပေသည်။ သို့သော် ထိုစနစ်ပြုတ်ကျသွားအောင် ဘာတွေလုပ်ခဲ့လဲ၊ ဘာတွေလုပ်နေလဲ၊ ဘာဆက်လုပ်ဦးမလဲ ဟူ၍တွက်စစ်ကြည့်လျှင် အဖြေ မှာ ကျေနပ်ဖွယ်နည်းနေပေလိမ့်မည်။ လက်ရှိ အသက် ၃၅ နှစ် အောက်လူငယ်များသည် အများအားဖြင့် ပြောပလောက်အောင်လုပ်ဆောင်ခဲ့ခြင်းမျိုးမရှိခဲ့ကြပေ။ လုပ်ဆောင်ခဲ့လျှင် လည်း ခေတ္တခဏ အသွင်ဆောင်နေပေလိမ့်မည်။ ထိုအထဲတွင် အခွင့်အရေးတချို့အတွက် ဓါတ်ပုံပါချင်ရုံသက်သက် လုပ်ဆောင်ခဲ့သူများလည်း ရှိခဲ့ပေမည်။


ထို့အတူပင် လက်ရှိ အသက်၄၀ ကျော်ပုဂ္ဂိုလ်များ အများစုသည်လည်း ဟိုယခင်က ကာလအနည်းငယ် လုပ်ဆောင်ခဲ့ပြီးနောက် ယခုအခါ ဘေးထိုင်နေသူများ၊ စီးပွါးရေးဖက် ဦးလှည့်သွားသူများ၊ တနှစ်တခါလောက် အထိမ်းအမှတ်သဖွယ်သာပြုလုပ်နေသူများ အများစု ဖြစ်နေတော့သည်။ ထို့ထက်ဆိုးသည်မှာ ဒီမိုကရေစီအကြောင်းပြ ရိုက်စားလုပ်နေသည့် လူတန်းစားများ ရှိနေပြီး၊ ငွေရဖို့အတွက်ဆို ရဲဘော်အချင်းချင်းကိုပင် ရောင်းစားသည်အထိ အောက်တန်းကျသူများ ဖေါင်းပွလာနေခြင်းဖြစ်သည်။


ထိုသို့သောအနေအထားတွေကြောင့်လည်း ယခုကဲ့သို့ အခြေအနေများဖြစ်ပေါ်နေရခြင်းဖြစ်ပေ သည်။ ကျွန်ုပ်တို့၏အဓိကအားနည်းချက်ဖြစ်သော စဉ်ဆက်မပြတ်စွဲမြဲမလုပ်နိုင်ခြင်းကိုသာ ပြင်ဆင်လိုက်လျှင် ရည်မှန်းချက်ပန်းတိုင်သို့ လျှင်မြန်စွာရောက်ရပေမည်။ ဤနေရာတွင် အလျဉ်းသင့်၍ ကျွန်ုပ်၏စိတ်ထဲတွင် ယားကျိကျိဖြစ်နေသောအကြောင်းအရာကို အနည်းငယ် ရေးသားလိုသည်။ အင်တာနက်သတင်းများထဲတွင် မြန်မာများဦးစီး၍လုပ်ကိုင်နေသော အတိုက်အခံ သတင်းဌါနများရှိနေပေရာ စနေ၊တနင်္ဂနွေနေ့များတွင် ထိုဌါနများမှ သတင်း မတင်ပဲနားနေကြသည်ကို မြင်တွေ့နေရသည်။ ကမ္ဘာပေါ်တွင် အလွန်ရှားသော သတင်းဌါနဟု သတ်မှတ်ရပေတော့မည်။ ကျွန်ုပ်နားလည်ထားသည်မှာ သတင်းဌါန၊ဆေးရုံ၊ရဲစခန်း၊ စသည်တို့ သည်ပိတ်ရက်မရှိ၊ ယခုတော့…အထူးသဖြင့် မြန်မာနိုင်ငံတော်အတွက် ရည်ရွယ်လုပ်ဆောင် နေပြီးမှ…။ အပြစ်တင်ခြင်းမဟုတ်ပါ၊ ထိုသတင်းဌါနတို့၏လုပ်ဆောင်ချက်များ ထိရောက်မှု များစွာရှိခဲ့သည်မှာ ကျွန်ုပ်ကိုယ်တွေ့ပင်၊ သို့သော်ဤတချက်မှာတော့ ပြင်ဆင်သင့်သည်ဟု ခံစားမိခြင်းသာဖြစ်သည်။


ကျွန်ုပ်တို့သည် ရှုထောင့်အမြင်မျိုးစုံ၊ အတွေးမျိုးစုံဖြင့် သန်ရာသန်ရာလုပ်ဆောင်နေကြပေ သည်။ အချို့သောလုပ်ဆောင်မှုများသည် အလွန်ပင်အကျိုးသက်ရောက်မှုရှိခဲ့ပေသည်။ ဥပမာ- စိန်စီသောည ဗွီစီဒီဖြန့်ချိခဲ့နိုင်ခြင်းသည် ပြည်သူထဲတွင်သာမက စစ်တပ်ထဲထိပါ ထိုးဖေါက်ဝင်ရောက်နိုင်ခဲ့ပါသည်။ ထိုသို့သော လှုပ်ရှားမှုမျိုး စဉ်ဆက်မပြတ်လုပ်နိုင်ဖို့လည်း အထူးလိုအပ်နေသည်ဟုထင်မိသည်။ အဘယ်ကြောင့်ဆိုသော် စစ်တပ်ထဲတွင်သာမက ပြည်သူထဲတွင်လည်း စစ်အာဏာရှင်များ၏ မျက်စိနားပိတ်ထားခြင်းကို များစွာခံနေရရာ နောက်ထပ်လှုပ်ရှားမှုအနေဖြင့် နှိုင်းယှဉ်ပြသည့် ဗွီစီဒီမျိုးထပ်မံ၍ ဖြန့်ချိသင့်ပေသည်။ အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံနှင့်မြန်မာနိုင်ငံ၏ စစ်တပ် စစ်တပ်ချင်း၊ ပြည်သူ ပြည်သူချင်း စားဝတ်နေရေး လူနေမှုအဆင့်အတန်း ရပိုင်ခွင့်စသည်တို့ နှိုင်းယှဉ်ပြထားချက်များကို ရိုက်ကူးဖြန့်ချိသင့်ပေသည်။


ပြည်တွင်းမှ ဆရာတော်ကြီးတပါးနှင့်ဖူးတွေ့ခဲ့ရရာတွင် မိန့်ကြားသွားသည်မှာ “ငါက ငါ့ကျောင်းနဲ့ င့ါစာသင်တိုက်ကို ကြီးကျယ်လှပြီ၊ ဟုတ်လှပြီလို့ထင်ထားတာ၊ ချူလာလောင်ကွန် ထဲရောက်သွားတော့မှ ကိုယ့်ကျောင်းဟာ သူ့အိမ်သာလောက်အဆင့်ပဲရှိတာပါလား”လို့ မိန့်ကြားသွားခဲ့ပါတော့သည်။ အချုပ်အားဖြင့် ပြောလိုသည်မှာ မိမိတို့နိုင်ငံ၏အခြေအနေကို ပြုပြင်ပြောင်းလဲစေလိုလျှင် မိမိတို့ကိုယ်တိုင်က မိမိတို့ယုံကြည်သလို စွဲကိုင်ထားသည့် လမ်းကြောင်းအတိုင်း အပျော်တမ်းသဘောမျိုးမဟုတ်ပဲ စဉ်ဆက်မပြတ်လုပ်ကိုင်သွားသင့်ပါ ကြောင်း ရေးသားတင်ပြလိုက်ပါသည်။


အထူးမှတ်ချက်။ ။ အထက်ပါအကြောင်းအရာများကို ပြည်ပရောက်မြန်မာများအတွက် ရည်စူးရေးသားပါသည်။ တိုက်ဆိုင်မှုရှိလျှင် ကြိုက်သလိုထင်မြင်နိုင်ပါသည်။ စိတ်ဆိုးမှာကို မကြောက်ပါ၊ ဇာတ်မျောဖြစ်နေခြင်းကိုသာ စိတ်ပျက်ပါသည်။ ထို့ကြောင့် လူမုန်းခံရလျှင် လည်း နည်းတဲ့ကုသိုလ်မဟုတ်ဟု ယူဆ၍ ရေးသားလိုက်ပါကြောင်း”

ဆက်ဖတ်ရန်ကျန်သေးသည်...

အာဏာ..ရှင်

မြန်မာနိုင်ငံနှင့်မြန်မာလူမျိုးဟူ၍ ဖြစ်ပေါ်လာခဲ့သည်မှာ နှစ်ပေါင်းရာထောင်ချီနေပြီဖြစ်သည်။ ထို့အတူ အာဏာရှင်စနစ်သည်လည်း နိုင်ငံစပေါ်စဉ်ကပင် ယနေ့ထိတိုင်အောင် ဒွန်တွဲပါလာ ခဲ့ပေသည်။ ကမ္ဘာပေါ်ရှိနိုင်ငံများသည်လည်း အာဏာရှင်စနစ်နှင့်ပင် စတင်ဖြစ်ထွန်းလာခဲ့ သော်လည်း ယနေ့အချိန်တွင် အများစုမှာ ထိုအာဏာရှင်စနစ်ကိုစွန့်၍ အများသဘောတူ အုပ်ချုပ်သော၊ လူအများ၏ဆန္ဒကိုအလေးထားသော စနစ်သစ်ကို မိမိတို့နိုင်ငံအလိုက် လျော်ညီစွာကျင့်သုံးနေကြပြီဖြစ်သည်။ ထို့အတွက်ကြောင့်လည်း အများသဘောတူအုပ်ချုပ် သောနိုင်ငံများသည် အာဏာရှင်စနစ်ဖြင့်အုပ်ချုပ်သောနိုင်ငံများထက် လူမှုရေး၊စီးပွါးရေး စသည်တို့၌ အဖက်ဖက်က သာလွန်တိုးတက်နေကြသည်ကို တွေ့မြင်နိုင်ကြပေသည်။


မြန်မာတို့၏ယဉ်ကျေးမှုတွင် အာဏာရှင်စနစ်ကို အခြေခံသော အတွေးအခေါ်အယူအဆများ တို့သည် အတော်ပင်အခြေခိုင်နေကြပြီး ကျွန်ုပ်တို့သည်လည်း ထိုယဉ်ကျေးမှုနှင့်ပင် ကြီးပြင်း လာခဲ့ရပေသည်။ ဥပမာအားဖြင့် မိဘစကားကိုနားထောင်ရမည်၊ သားသမီးသည် မိဘကို ပြန်လှန်ဆွေးနွေးခွင့်မရှိ၊ ငါကမွေးထားတာ ငါခိုင်းသလိုလုပ် စသည်ဖြင့် အိမ်တွင်းအာဏာရှင် စနစ်ကို ငယ်စဉ်ကပင်ရိုက်သွင်းခံရသည်။ အကျိုးအကြောင်းပြဆုံးမခြင်းမျိုး နည်းပါးသည်ကို အများအားဖြင့်တွေ့မြင်နိုင်သည်။ ထိုမှတဆင့် ကျောင်းနေစဉ်အရွယ်တွင်လည်း ဆရာများ၏ သင်ကြားမှုကို ၏သည်မလွဲ ပြန်ဖြေနိုင်မှ အမှတ်ပြည့်ရသည်။ မိမိ၏တီထွင် ထိုးထွင်းဥာဏ်ဖြင့် ဘာမှမလုပ်နိုင်အောင် ကန့်သတ်ထားပေတော့သည်။


ထိတ်လန့်ဖွယ်အကောင်းဆုံးမှာ ဗုဒ္ဓဘာသာကိုခုတုံးလုပ်၍ အာဏာရှင်ယဉ်ကျေးမှုကို ဘုရားဟောသယောင်ယောင် လုပ်ထားခြင်းပင်ဖြစ်သည်။ မိဘ၊ဆရာကို ဘုရားနှင့် တဂိုဏ်းတည်းထားခြင်းမှာ ဘုရားဟောမဟုတ်ပေ။ ဘုရားရှင်ကိုယ်တော်တိုင် မိဘစကားနား ထောင်ခဲ့လျှင် ဘုရားပင်ဖြစ်ဦးမည်မဟုတ်။ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဟောကြားခဲ့သော “ကာလာမသုတ်”ကို ဗုဒ္ဓဘာသာခံယူသူတို့မကျင့်သုံးကြပဲ “ပထမအရွယ်ပညာရှာ၊ ဒုတိယအရွယ်စီးပွါးရှာ၊ တတိယအရွယ် ဘာဝနာရှာ” စသည့် ဘယ်ကလာမှန်းလည်းမသိသည့် အဆိုအမိန့်ကို အဟုတ်ကြီးထင်၍ တနိုင်ငံလုံးအတိုင်းအတာဖြင့် ယုံကြည်ကျင့်သုံးနေသည်။


အထက်ပါအဆိုအမိန့်သည် နက်နဲစွာမတွေးလျှင် သင့်တော်ကောင်းမွန်သည်ဟု ထင်နိုင်ဖွယ် ရှိပေသည်။ သို့သော်တကယ်တမ်းတွင် မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သော မမြဲခြင်း၊ သင်္ခါရတရားကို မျက်ကွယ်ပြု၍ ကောင်းမွန်မြင့်မြတ်သည့်လုပ်ဆောင်ချက်တို့ကို နောက်ဆုံး အိုမင်းမစွမ်းသည့်အချိန်မှ လုပ်ခိုင်းထားခြင်းဖြစ်နေတော့သည်။ ထို့အတွက်ကြောင့် လူငယ်များစွာတို့သည် သီလစောင့်ထိန်းခြင်း၊ တရားနာခြင်း၊ ကောင်းမှုပြုခြင်း စသည်တို့မှာ အသက်ကြီးမှလုပ်ရသည့်အလုပ်၊ လူကြီးမှလုပ်ရသည့်အလုပ်ဟု လွဲမှားစွာယုံကြည်သွားခြင်း ဖြစ်စေတော့သည်။ ဘုရားရှင်လက်ထက်တော်က ခုနှစ်နှစ်အရွယ် ကလေးများပင် သီလ၊ ဘာဝနာများလုပ်ခဲ့ကြသည့် အစဉ်အလာကောင်းများကို ရိုက်ချိုးပြစ်လိုက်ခြင်းဟုပင် ခေါ်ဆိုထိုက်ပေတော့သည်။


အလှူဒါနပြုလုပ်ရာတွင်လည်း ပစ္စည်းဥစ္စာတို့ကို တွယ်တာတပ်မက်မှုနည်းရန်၊ မိမိစွန့်လွှတ်မှု ကြောင့် လောကလူများချမ်းသာရန် စသည့် ကောင်းမြတ်သော၊ ဘုရားရှင်နှစ်သက်သော လှူဒါန်းခြင်းမျိုးထက်၊ တလှည်းစာလောက်ဝင်ရန် တဆုပ်လောက်တော့ကျဲလိုက်မည်၊ နောင်အနာဂတ်တွင် ချမ်းသာရန်အတွက်စွန့်ထားမည် စသည့်လောဘနှင့်ယှဉ်သော မိမိအတ္တ အကျိုးစီးပွါးကို ဦးတည်သော ရင်းနှီးမြှပ်နှံခြင်းမျိုးပုံစံသာဖြစ်နေတော့သည်။ ထို့ကြောင့် မိဘမဲ့ကလေးအတွက်၊ ဘိုးဘွားရိပ်သာအတွက်၊ ပညာရေးအတွက်၊ နောက်ဆုံးအများပြည်သူ အကျိုးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံသူများထောက်ပံ့ရန်အတွက် စသည်တို့ထက်စာလျှင် ဘုရားတည်၊ရဟန်းခံ၊ကျောင်းဆောက် အလုပ်မျိုးတွင် ကိုယ်ကျိုးကြည့်ပြီး ပကာသနအတွက် လှူဒါန်းမှုများပြုနေကြပေတော့သည်။


ထိုသို့သောအတွေးအခေါ်၊ ယဉ်ကျေးမှုကို ဘုရားဟောသယောင်ပြုလုပ်ထားသည်မှာ ရာစုနှစ် ပေါင်းများစွာ ကြာမြင့်လာပြီဖြစ်သည်။ ထိုအာဏာရှင်စနစ်ကို တွန်းလှန်မှုပြုနေသည်ကတော့ နှစ်ပေါင်းငါးဆယ်ပင်မပြည့်သေးပေ။ ထို့ကြောင့် အောင်မြင်မှုမရသေးသည်မှာ စိတ်ဓါတ်ကျ ဖွယ်၊ စိတ်ပျက်ဖွယ် ဟုမထင်သင့်ပေ။ ကျွန်ုပ်တို့ယခင်ကထက်ပို၍ ကြိုးစားအားထုတ်မှုပြုသင့် ကြောင်းသာဖြစ်သင့်ပေသည်။ အလျှင်းသင့်၍ ဆရာတော်ကြီးတစ်ပါးက ဤသို့မိန့်ကြားခဲ့သည် မှာ ကနောင်မင်းသားကြီးက အင်္ဂလိပ်စသောဥရောပသားတို့ တိုးတက်ကြီးပွါးခြင်းမှာ
၁။ သတ္တိရှိခြင်း
၂။ ပညာရှိခြင်း
၃။ စည်းကမ်းရှိခြင်း

၎။ ဇွဲရှိခြင်း စသည့်အချက် (၄) ချက်နှင့်ပြည့်စုံခြင်းကြောင့်ဟုယုံကြည်ယူဆခဲ့သည်။
မြန်မာတို့သည် အချက်(၄)ချက်အနက် ၁၊၂ တို့သာပြည့်စုံပြီး ၃၊၄ တို့တွင် အားနည်းသော ကြောင့် တိုးတက်ကြီးပွါးခြင်း၌ နောက်ကျနေရခြင်းဖြစ်ကြောင်း မိန့်ခဲ့ပေသည်ဟု မှတ်သားခဲ့ရ ဖူးသည်။


ထို့အပြင်လည်း မိဘကဖြစ်စေ၊ အထက်လူကြီးဆိုသူများကဖြစ်စေ ပြောဆိုပြုမူချက်များ မှားယွင်းနေသည်ကိုသိသော်လည်း၊ ပြန်လှန်ဆွေးနွေးခွင့်မရှိခြင်း၊ မရဲခြင်း၊ အများမိုးခါးရေ သောက် ဆိုသောစကားကို ရင်ဝယ်ပိုက်ထားခြင်း စသည်တို့ကြောင့်လည်း အာဏာရှင်စနစ် တည်မြဲနေသေးခြင်းဖြစ်ပေသည်။ ထို့အတူ ဤသည်တို့ကား ငါတို့အလုပ်မဟုတ် ငါတို့အရွယ် သည် ဤသည်တို့ကိုဆောင်ရွက်ရမည့်အရွယ်မဟုတ် စသည်ဖြင့် ရှောင်လွှဲနေကြခြင်းသည် လည်း အကြောင်းတခုဖြစ်ပေတော့သည်။ အရာရာကို ကိုယ်ကျိုးရှေ့တန်းတင်၍ ဒါလုပ်လိုက်ရင် ငါ့အတွက် ဘာပြန်ရမလဲဟု တွက်နေခြင်းသည်လည်း အကြောင်းတခုဖြစ် နေတော့သည်။


အထက်ပါတို့သည် ကျွန်ုပ်၏ထင်မြင်ယူဆချက်များသာဖြစ်သည်။ မိတ်ဆွေများအနေဖြင့် လွတ်လပ်စွာ ကွဲလွဲနိုင်ပါကြောင်း………….

ဆက်ဖတ်ရန်ကျန်သေးသည်...

....ကြောက်....

ထိုင်းလူမျိုးများအကြောင်းကို တစေ့တစောင်းလေ့လာကြည့်သည့်အခါ ထိုင်းလူမျိုးများသည် သရဲတစ္ဆေ အလွန်ကြောက်တတ်သည့်အပြင် သုမင်္ဂလ ဒုမင်္ဂလ အယူအဆများကို လွန်စွာ ယုံကြည်စွဲလမ်းကြသည်ကို တွေ့မြင်ရသည်။ တခါတရံတွင် ယုံကြည်မှုများသည် အစွန်း ရောက်ဖြစ်နေသည်။ ဥပမာ ရဟန်းသံဃာတော်များ လေးပါး၊ ရှစ်ပါး အစရှိသဖြင့် စုံဂဏန်းဖြစ် နေပါက အိမ်ထဲသို့ မပေးဝင်ပဲ မောင်းထုတ်တတ်သည်။ ထို့အပြင် တက္ကစီမောင်းသူမျာက လည်း ဘုန်းကြီးလေးပါးဖြစ်နေပါက အငှါးမလိုက်ပေ။ အဘယ်ကြောင့်ဆိုသော် အသုဘ အခမ်းအနားများတွင် သပိတ်သွတ်၊ ပရိတ်ရွတ်ခြင်းကို ရဟန်းသံဃာ စုံဂဏန်းဖြင့်သာ ပြုလုပ် ရသောကြောင့် ရဟန်းသံဃာ စုံဂဏန်းသည် နမိတ်မကောင်းဟု စွဲမြဲစွာ ယုံကြည်နေခြင်း ဖြစ်သည်။ သရဲတစ္ဆေ စသည်တို့နှင့်ပတ်သက်သော ပုံပြင်ဇာတ်လမ်း ရုပ်ရှင် စသည်တို့သည်လည်း ပေါများစွာရှိနေခြင်း၊ ခွင့်ပြုထားခြင်းကြောင့် မူရင်းဗုဒ္ဓဘာသာ ဆုံးမသွန် သင်မှုများပျောက်ကွယ်ပြီး ၀ိညာဉ်၊ လိပ်ပြာ စသည့် ဗုဒ္ဓဘာသာမဟုတ်သော အယူအဆများ သည် တကယ့်အမှန်တရားကဲ့သို့ တိုးတက်များပြား နေပေသည်။


ကျွန်ုပ်တို့ မြန်မာပြည်သားများမှာမူ ဤသရဲတစ္ဆေဖက်တွင် ထိုင်းလူမျိုးများလောက် အယူမသည်းကြပေ။ သို့သော် နိုင်ငံရေးဟူသည်ကို တစ္ဆေသရဲထက်ပင် ကြောက်စရာကောင်း သည်ဟု အများစုက ယုံကြည်နေကြတော့သည်။ နိုင်ငံရေးနှင့် ပတ်သက်ဆက်စပ်ရမည်ကို လွန်စွာကြောက်ရွံ့နေတတ်ကြသည်။ အဘယ်ကြောင့်နည်း.. ကျွန်ုပ်တို့ ငယ်စဉ်အခါကပင် နိုင်ငံရေးဆိုသည်မှာ ရာဇ၀တ်မှုဖြစ်၍ လုပ်မိလျှင် ဆွေစဉ်မျိုးဆက် အပြစ်ခံရသည်၊ နိုင်ငံရေးသမားဆိုသည်မှာ နယ်ချဲ့လက်ဝေခံသမားများဖြစ်၍ ကိုယ်ကျိုးအတွက် လုပ်စားနေ ကြသည်၊ နိုင်ငံရေးသမားတို့မည်သည် တဦးနှင့်တဦး စားမာန်ခုတ်၍ စည်းလုံးမှုလည်း မရှိကြ ထို့အပြင် ပြည်သူတို့ကို လက်ညှိုးထိုး ရောင်းစားနေကြသည် စသည်ဖြင့် ၀ါဒမှိုင်းတိုက် ရိုက်သွင်းခြင်းကို ခံခဲ့ရသောကြောင့်ဖြစ်ပေသည်။ ထိုသို့ အကြောက်တရားများကြီးထွားနေကြ သောကြောင့် အမှန်တရားကိုလည်း မျက်ကွယ်ပြုရဲလာသည်၊ ဘာသာတရားကိုလည်း ပြစ်ပယ်ရဲလာသည်၊ အနာခံရတာကငါတို့ ကောင်းစားမှာကသူတို့ ငါတို့ကငတုံးတွေမဟုတ်ဟု တွေးလာကြသည်၊ ကိုယ်လုပ်မှကိုယ်စားရတာ ဒါတွေလုပ်နေလို့ဘယ်သူမှထမင်းလာမကျွေး ဟူသော တိရိစ္ဆာန်ကဲ့သို့စဉ်းစားခြင်းများ ပေါ်ထွန်းလာကြပေတော့သည်။


ထိုသို့ကောင်းမြတ်ခြင်းများကို ပြုလုပ်ရန်ကြောက်ရွံ့နေကြသော်လည်း ခိုးခြင်း၊လိမ်ခြင်း စသည့် မကောင်းမှုများကိုပြုလုပ်ရန်ကား လုံးဝမကြောက်သည့်အပြင် ဘုရားဟောသကဲ့သို့ တနိုင်ငံလုံးကျင့်သုံးနေကြပေသည်။ တံခါးပေါက်စောင့်မှအစ ထိပ်ဆုံးအထိ လာဘ်စားနေကြသည် မှာ နိုင်ငံတော်အခြေခံဥပဒေကဲ့သို့ ဖြစ်နေပေတော့သည်။ ရုံးဌါန နေရာတိုင်းတွင် ပိုက်ဆံပေးမှ သာလျှင်ကိစ္စပြီးသည်။ ကျောင်းဆရာဖြစ်ရန်လည်း ပိုက်ဆံပေးရသည်၊ စစ်ဗိုလ်လုပ်ရန်လည်း ပိုက်ဆံပေးရသည်၊ စာရေးလုပ်ရန်လည်း ပိုက်ဆံပေးရသည်။ နောက်ဆုံး ဘုန်းကြီးဘွဲ့အတွက် လည်းပိုက်ဆံပေးရသည်။ ၀န်ထမ်းဆိုသည်မှာ ပြည်သူလူထု၏အစေခံဖြစ်သည် ဟူသော မူလအဓိပ္ပါယ်ပျောက်၍ ပြည်သူလူထုဆိုသည်မှာ ၀န်ထမ်းများ၏အစေခံဖြစ်သည် ဟု ပြောင်းပြန်လှန်ခြင်းကို ပြုလုပ်ခံနေရသည်။ အကြောက်တရားကိုဖြစ်စေရန် မျက်စိနားပိတ် ခြိမ်းခြောက်၍ အကြောက်တရားဖြင့် လူများကိုမပုန်ကန်နိုင်ရန် ဖိနှိပ်ထားခြင်းခံနေရတော့ သည်။


ကျွန်ုပ်၏ကိုယ်တွေ့အရ ထိုင်းနိုင်ငံသို့ရောက်နေသော တောင်ကျော်အလုပ်သမားများကို နိုင်ငံရေးနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးကြည့်ရာတွင် အများစုသည် နိုင်ငံရေးဆိုသည်ကို မပတ်သက်ချင်ကြပေ။ အကြောက်တရား၏ခြောက်လှန့်မှုကို နိုင်ငံခြား နေသော်လည်း ခံစားနေရဆဲဖြစ်နေတော့သည်။ အထက်ပါအကြောင်းအရာတို့သည် မှန်ကန်သည်၊ ယနေ့ဖြစ်ပျက်နေသည်ဟု သင်လည်းယုံကြည်နေသည်ဆိုပါစို့… ကျွန်ုပ်တို့ ဘာဆက်လုပ်သင့် သည်ဟု သင်ထင်မြင်ယူဆပါသနည်း။ ထိုသို့လုပ်ရန် မည်မျှပြင်ဆင်ထားပါသနည်း။ မည်မျှပြုလုပ်ပြီးပါသနည်း။ မည်သည့် အချိန်အထိ ဆက်လုပ်သွားပါမည်နည်……


ဟုတ်ကဲ့.. ဘာရယ်ညာရယ်မဟုတ်ပါဘူး စဉ်းစားမိတာလေး ချရေးကြည့်တာပါ။ ကိုယ်မေးတဲ့မေးခွန်း ကိုယ့်ဟာကိုယ်ဖြေဖို့ ခေါင်းစားနေရတုန်းပဲဗျ။ စာဖတ်သူများလည်း မောင်ကျည်ပွေ့လို အချိန်ရရင် နဲနဲလောက်ဖြစ်ဖြစ် စားးးးးး ကြည့်ပါခင်ဗျား………း-)





ဆက်ဖတ်ရန်ကျန်သေးသည်...

အရေးပေါ်အခြေအနေ (၃)

အပိုင်း(၂) နဲ့ အပိုင်း(၃) ကြားထဲမှာ အဆက်ပြတ်သွားတာ တော်တော်ကြာသွားပါတယ်။ စိတ်ထဲမှာ မကျေမလည်ဖြစ်နေတာတွေကို ချရေးလိုက်ချင်ပေမဲ့ ဘာကြောင့်မှန်းမသိ ရေးရတာ အဆင်မပြေ၊ ကိုယ့်စာကိုယ်ပြန်ဖတ်ပြီး ဘ၀င်မကျဖြစ်နေတာနဲ့ပဲ ရေးလိုက် ပြန်ဖျက်လိုက်ဖြစ်နေပါတော့တယ်။ အခုဆိုရင် ရွှေဝါရောင်တော်လှန်ရေး တစ်နှစ်ပြည့်ပါတော့ မယ်။ စ စဖြစ်ခြင်း မောင်ကျည်ပွေ့အပါအ၀င် မြန်မာပြည်သားတော်တော်များများတို့ဟာ တောက်တခေါက်ခေါက်နဲ့ မတရားမှုကို တိုက်ဖျက်ချင်တဲ့စိတ်တွေ အုံကြွလာပြီး စစ်ခွေးတွေကို ပြန်လည်တိုက်ခိုက်တွန်းလှန်လိုစိတ် တဖွါးဖွါးပေါ်ခဲ့ကြပါတယ်။


အင်တာနက်သတင်းမီဒီယာတွေ၊ ဘလော့စာမျက်နှာတွေကြောင့် မြန်မာပြည်သားတွေဟာ အရင်ခေတ်ကထက် အသိအကြားတွေပိုတိုးတက်လာပြီး ခံစားချက်တွေကိုလည်း ဖွင့်ထုတ်တာတွေ ၊ပေါက်ကွဲတာတွေ၊ အမြင်ဖလှယ်တာတွေ တိုးတက်များပြားလာပါတယ်။ အထူးသဖြင့် ဘလော်ဂါတွေ တိုးတက်များပြားလာခဲ့ပါတယ်။ အဲဒီထဲမှာ မောင်ကျည်ပွေ့လည်း အပါအ၀င်ပါပဲ။ အဲဒီအချိန်က စိတ်အားတက်ကြွဖွယ် ကြုံးဝါးသံတွေဟာ အင်တာနက်ပေါ်မှာ ထောင်းလမောင်းထနေခဲ့ပါတယ်။ အထူးသဖြင့် နိုင်ငံရေးကို စိတ်မ၀င်စားခဲ့တဲ့ ပြည်ပရောက် ပညာသင်တွေ၊ အလုပ်သမားတွေ တညီတညွတ်ထဲ စစ်တပ်ကိုမုန်းတီးဆန့်ကျင်လိုမှုတွေ များပြားလာခဲ့ပါတယ်။ အဲဒါတွေမြင်တွေ့လိုက်ရတော့ မောင်ကျည်ပွေ့လည်း တော်တော်လေး စိတ်အားတက်ကြွခဲ့ပါတယ်။


သို့သော်လည်း သို့သော်လည်းပေါ့လေ…. နောက်ပိုင်းမှာတော့ ရွှေမြန်မာတို့ထုံးစံအတိုင်း ကောက်ရိုးမီးတွေလည်းငြိမ်း၊ စုစည်းနိုင်မှုတွေလဲကွဲပြဲဖြစ်ခဲ့ရတယ်လို့ မောင်ကျည်ပွေ့ထင် ပါတယ်။ အဲဒီအပြင်ကို စစ်ခွေးတွေကလည်း တိုက်ရိုက်တမျိုး၊ သွယ်ဝိုက်တဖုံနဲ့ ၀ါဒဖြန့်လှုံ့ ဆော်လာပါတယ်။ အထူးသဖြင့် သူတို့အသိုင်းအ၀ိုင်းကလူတွေကို ဘလော်ဂါတွေကြားထဲ ၀င်ဆန့်အောင်လုပ်စေပြီးမှ နိုင်ငံရေးကို စိတ်ပျက်အောင် တွေဝေအောင် ပူးသတ်နည်းပေါင်း စုံသုံးပြီး လှုပ်ရှားစေခဲ့ပါတော့တယ်။


အခုချိန်မှာတော့ နိုင်ငံရေးကို စိတ်ဝင်စားသူတွေ တဖြေးဖြေးလျော့နည်းလာပြီလို့ မောင်ကျည်ပွေ့ထင်ပါတယ်။ ဘလော့တော်တော်များများကို အကဲခတ်ကြည့်လိုက်ရင် နိုင်ငံရေးအကြောင်းရေးတဲ့သူထက် ကဗျာလိုလို၊ စာလိုလို ဒါမှမဟုတ် မာကြောင်းသာကြောင်း နိုင်ငံခြားမှာ အနေချောင်အစားချောင်ကြောင်း အစရှိတဲ့ ဘလော့တွေသာ များနေတာကိုတွေ့ ရပါတယ်။ နိုင်ငံရေးအကြောင်းရေးသူတွေကတော့ အကြောင်းအမျိုးမျိုးကြောင့် တနေ့တခြား လျော့နည်းသွားတယ်လို့ထင်ပါတယ်။


ကဗျာတွေ၊စာတွေရေးနေကြတာကို အပြစ်တင်တဲ့သဘောမျိုးပြောနေတာတော့မဟုတ်ပါဘူး။ သို့သော်လည်း မြန်မာပြည်ကြီးဟာ သမိုင်းတလျောက်မှာ အဖက်ဖက်က အဆိုးဝါးဆုံးအချိန် ဖြစ်နေပြီဆိုတာရယ်၊ ဒီလိုဖြစ်နေတာကို ပြုပြင်ပြောင်းလဲပစ်ဖို့ အားလုံးမှာတာဝန်ရှိတယ်ဆိုတာ ကို မေ့နေကြမှာစိုးလို့ပြောရခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ ကဗျာလေးစာလေး နဲနဲပါးပါးရေးပြီး နိုင်ငံရေးဆိုတာကို မစင်လိုသဘောထားတဲ့ အရေးသားမျိုးတွေ့လာရတာကတော့ တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ်။ အခုဘလော့လောကမှာ နဲနဲဟော့နေတဲ့ MBS ဆိုတာ ကို နဲနဲပြောချင်ပါတယ်။ ကြားရသလောက်ကတော့ နိုင်ငံရေးနဲ့မပတ်သက်ရ လို့ စည်းကမ်းထုတ်ထားတယ်ကြားရပါတယ်။ တကယ်လို့ အဲဒီအချက်သာ အမှန်တကယ်ဆိုရင် တော်တော်စိတ်ဓါတ်အောက်တန်းကျသူတွေလို့ မောင်ကျည်ပွေ့ကမှတ်ယူပါမယ်။


တကယ်တော့ ဘလော်ဂါအများစုဟာ ပြည်ပမှာ အကြောင်းအမျိုးမျိုးနဲ့ရောက်နေကြတာဖြစ် ပါတယ်။ ပြည်ပမှာရှိနေချိန်၊ လွတ်လပ်မှုတွေရနေချိန်မှာတောင် နိုင်ငံအတွက် မစဉ်းစားချင်ဘူး မလုပ်ချင်ကြဘူးဆိုရင် လူမျိုးနာပါတယ်။ စကားအသုံးအနှုံးရင့်ကောင်းရင့်နေပါမယ်။ တကယ်က ဒီထက်ကိုပိုပြောချင်ပါသေးတယ်။ ဒီနေ့ခေတ်အခြေအနေမှာ ပြတ်ပြတ်သားသား စဉ်းစား၊ ပြတ်ပြတ်သားသားလုပ်ဆောင်ရမယ့် အချိန်အခါဖြစ်ပါတယ်။ ပြတ်ပြတ်သားသား မလုပ်နိုင်ရင် ပူးသတ်တာခံသွားရပြီး အင်အားတွေဖရိုဖရဲထပ်ဖြစ်ပါဦးမယ်။


နအဖစစ်ခွေးတွေဟာ တခြားနေရာတွေမှာသာ မတော်မကောင်းရင်ရှိမယ်၊ ကောက်ကျစ်တဲ့ နေရာမှာတော့ ပြိုင်စံရှားပါပဲ။ ဘလော့လောကမှာလဲ သူ့လူတွေနဲ့ပူးသတ်၊ နောက်ဆုံး မိန်းကလေးတွေမွေးပြီး သတင်းနှိုက်၊ နည်းမျိုးစုံနဲ့ ယုတ်မာခဲ့ပါတယ်။ နိုင်ငံရေးလောကမှာ လည်း သူ့လူတွေလွှတ်ပြီး နိုင်ငံရေးလုပ်နေသူတွေထဲဝင်ရောက်၊ ပြီးရင် နာမည်ပျက်အောင် လုပ်နဲ့ ခြေရှုပ်ပြီး ပြည်သူတွေအမြင်မှားအောင် လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့် သတိရှိရှိ၊ အသိရှိရှိနဲ့ ရုန်းကန်တိုက်ခိုက်ကြဖို့နှိုးဆော်လိုက်ပါတယ်။ တကယ်တော့ မောင်ကျည်ပွေ့ အများကြီးရေးချင်ပါသေးတယ်။ သို့သော်လည်း ပြောချင်တာတွေများပြီး အစီစဉ်မကျဖြစ်နေပါ တယ်။ မောင်ကျည်ပွေ့ပြောချင်တာနဲ့ ကိုက်ညီတဲ့ ၊ စာအရေးအသားလဲကောင်းတဲ့ ဘလော့တခုကို ညွှန်းလိုက်ပါမယ်။ မိတ်ဆွေများ မရောက်သေးရင် သွားဖတ်ကြည့်ပါ။ ယနေ့ခေတ်အခြေအနေနဲ့ကိုက်ညီတဲ့ အရေးအသားပါ။ လိပ်စာကတော့ http//www.sooner-is-better.blogspot.com ပဲဖြစ်ပါတယ်။ ဖတ်ဖြစ်အောင်ဖတ်ဖို့တိုက်တွန်းလိုက်ကြောင်းပါခင်ဗျား…

ဆက်ဖတ်ရန်ကျန်သေးသည်...

 

©2009 မောင်ကျည်ပွေ့ | Template Blue by TNB