တွေးမိခဲ့သော အတွေးများ

ဘာလိုလိုနဲ့မေလရောက်ပါတော့မယ်။ နိုင်ငံဖျက်ဥပဒေကိုလည်း စစ်တပ်က မရမက အတည်ပြုကြပါတော့မယ်။ လွတ်လပ်ရေးအတွက် နည်းမျိုးစုံနဲ့ တိုက်ပွဲဝင်နေကြတဲ့ ကျွန်တော်တို့တတွေ ဘာတွေလုပ်ခဲ့ကြပြီးပါသလဲ၊ ဘာတွေဆက်လုပ်ကြဦးမှာလဲ၊ ဘယ်လောက်ထိလုပ်ကြမှာလဲ၊ စသည်ဖြင့် ကျွန်တော့်ခေါင်းထဲမှာ အတွေးတွေနဲ့ ရှုပ်ထွေးနေပါတော့တယ်။ စစ်တပ်က သူတို့လိုချင်တဲ့ပုံစံရအောင် ပြတ်ပြတ်သားသားလုပ်ဆောင်နေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဖက်ကတော့ သူတပေါက် ကိုယ်တပေါက်နဲ့ ဖြစ်နေတုန်းပဲလို့ ထင်မိပါတယ်။ စက်တင်ဘာ တော်လှန်ရေးနောက်ပိုင်းမှာ အတိုက်အခံနိုင်ငံရေးသမားတွေရော နိုင်ငံရေးနဲ့ဘယ်တုန်းကမှ မပတ်သက်ခဲ့ဖူးတဲ့ သာမန်လူတွေကပါ စစ်တပ်ကို ပြင်းပြင်းထန်ထန်မုန်းတီးဆန့်ကျင်လာခဲ့ကြပါ။ လှုပ်ရှားမှုတွေအမျိုးမျိုးနဲ့ စစ်တပ်ကို ကန့်ကွက်တိုက်ခိုက်ခဲ့ကြပါတယ်။

လှုပ်ရှားမှုတွေဟာ ပုံစံနည်းနာတွေကွဲပြားနေကြပေမယ့် ဦးတည်ချက်ကတော့ စစ်တပ်ပြုတ်ကျသွားရေးတခုတည်း ပါပဲ။ သို့သော်စားနေကြကြောင်ပါးဖြစ်တဲ့ စစ်တပ်က လူထုဆန္ဒခံယူပွဲလို့ ကြေငြာချက်ထုတ် တိုက်ကွက်တခုဆင် လိုက်တော့ ရုတ်ရုတ်သဲသဲနဲ့ ဗုတ်နိုးတွေ၊ နိုးဗုတ်တွေနဲ့ ရှုပ်ယှက်ခတ်ပြီး မူလဦးတည်ချက်ဖြစ်တဲ့ စစ်တပ်ပြုတ်ကျ ရေးဆိုတဲ့ ဦးတည်ချက်ဟာ မှေးမှိန်လျော့နည်းသွားပါတော့တယ်။ စစ်တပ်ကချိုးထားပေးတဲ့ လမ်းကြောင်းအတိုင်း လိုက်ပြီးတော့ ဆွေးနွေးကြ၊ ငြင်းခုန်ကြနဲ့ ညီညွတ်မှုတွေ ယိမ်းယိုင်သွားတယ်လို့ ကျွန်တော်ထင်ပါတယ်။ တကယ် ဆိုရင် ဒီဥပဒေအတည်ပြုပြု၊ မပြုပြု စစ်တပ်ကပဲ နဂိုအတိုင်း အာဏာကို ဆက်လက်အုပ်စိုးသွားပါမယ်။ ဒီအချက်ဟာ လူတိုင်းခန့်မှန်းသိနိုင်တဲ့အချက်ပါပဲ။ အရေးကြီးတာက မူလရည်မှန်းချက်ဖြစ်တဲ့ စစ်တပ်ပြုတ်ကြရေး အတွက် ဘယ်လိုနည်းလမ်းတွေနဲ့ စဉ်ဆက်မပြတ်လုပ်ဆောင်ကြမလဲဆိုတာပါပဲ။

ဒီစစ်တပ်ဟာ ဘယ်တော့မှမပြုတ်ကျနိုင်ဘူး၊ အင်မတန်မှခိုင်မာတယ်လို့ ပြောလာမယ်ဆိုရင်တော့ ကျွန်တော် ကန့်ကွက်ပါတယ်။ လုံးဝလက်မခံနိုင်ပါဘူး၊ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေဟာ ထိရောက်မှုအားနည်းနေသေးလို့ ဆိုတာသာ အဓိကအကြောင်းအရာဖြစ်ပါတယ်။ ဘယ်လောက်အထိအားနည်းနေသလဲဆိုရင် ဖဒိုမန်းရှာကစလို့ နောက်ဆုံး ပြည်တွင်းက တက်ကြွလှုပ်ရှားနေသူတွေပါ တစ်ယောက်ပြီးတစ်ယောက် လုပ်ကြံတိုက်ခိုက်ခံရပြီး တိုင်းပြည်နဲ့လူမျိုးအတွက် မတန်တဆ ပေးဆပ်သွားခဲ့ရပါတယ်။ တကယ်ကဒီလို တနိုင်တပိုင် ချောင်းမြောင်း တိုက်ခိုက်နည်းကို ကျွန်တော်တို့ တော်လှန်ရေးသမားတွေက အသုံးပြုရမှာဖြစ်ပါတယ်။ လူစိတ်မရှိတဲ့ စစ်ခွေးတွေ နဲ့ တူတူတန်တန်လုပ်ပြီး စေ့စပ်ဆွေးနွေးတာတို့ ဆန္ဒပြကန့်ကွက်ကြေငြာချက်တို့ စတဲ့အပျော့ဆွဲနည်းလမ်းတွေနဲ့ လုပ်လို့မရဘူးလို့ထင်ပါတယ်။

စစ်အာဏာရှင်တွေ တိုင်းပြည်ကိုချုပ်ကိုင်ထားတာဟာ ရပ်ကွက်၊ကျေးရွာ၊မြို့နယ် အဆင့်ဆင့်နဲ့ ဆင့်ကဲဆင့်ကဲ ချုပ်ကိုင်ထားတာဖြစ်ပြီး ဧည့်စာရင်းစနစ်ဟာ သူတို့ရဲ့အဓိကကျတဲ့ စနစ်ဖြစ်နေပါတယ်။ စစ်တပ်က စစ်သား၊ စစ်ဗိုလ်တွေဟာ ရပ်ကွက်နယ်မြေကလူတွေရဲ့ အခြေအနေကို ဘာမှမသိကြပဲ ရပ်ကွက်ကျေးရွာဥက္ကဌ စသူတို့က သာ ကိုယ့်ရပ်ရွာအကြောင်း ဘယ်သူကဘာဆိုတာ သိကြပါတယ်။ ဘယ်နေရာမှာ ဘာဖြစ်ရင် ဘယ်သူ့လက်ချက် ဆိုတာ သူတို့ပဲသိပါတယ်။ သူတို့အကြောင်းကြားမှ စစ်တပ်က သိရတာ၊ လာဖမ်းလို့ရတာဖြစ်ပါတယ်။ ထင်ရှား တဲ့ဥပမာပြရရင် စစ်တပ်ကပြေးလာတဲ့ စစ်ပြေးတွေက သာဓကဖြစ်ပါတယ်။ ရပ်ကွက်လူကြီးနဲ့မပြေလည်ရင် သူတို့ရဲ့သတင်းပေးမှုနဲ့ စစ်တပ်ကလာဖမ်းတာခံရပါတယ်။ ရပ်ကွက်လူကြီးနဲ့ပြေလည်ရင်တော့ ဘာပြဿနာမှ မပေါ်ပါဘူး။

အဲဒီတော့ စစ်အာဏာရဲ့အဓိကဒေါက်တိုင်ဟာ ရပ်ကွက်နယ်မြေက သတင်းပေးတွေဖြစ်ပါတယ်။ အဲဒီဒေါက်တိုင် တွေကိုဖြုတ်ချနိုင်ရင် အဲဒီနယ်မြေဟာ စစ်တပ်ရဲ့အာဏာအောက်က ကင်းလွတ်နေမှာဖြစ်ပါတယ်။ အဲဒီလိုမျိုး များများဖြစ်လာရင် စစ်တပ်ရဲ့ရပ်တည်မှုဟာ မခိုင်မာတော့ပဲ ယိမ်းယိုင်လာပါတော့မယ်။ ဒေါက်တိုင်တွေကို ဖြုတ်ချဖို့အတွက် သေနတ်တွေဗုံးတွေမလိုပါဘူး၊ ဓါး၊လေးခွ၊ဂျင်ဂလိ၊ဓါတ်ဆီပုလင်းလောင်နဲ့တင်ပြီးပါတယ်။ မြန်မာနိုင်ငံအနှံ့ကမြို့ကြီးတွေမှာ ကြံ့ဖွတ်၊စွမ်းအားရှင်ကစလို့ မြို့နယ်ဥက္ကဌ၊ အတွင်းရေးမှူး စတဲ့သူတွေရဲ့ အသက်၊ စည်းစိမ်တွေကို တပြိုင်တည်းဆက်တိုက် ဖျက်ဆီးချေမှုန်းကြည့်ပါ။ ဘာတွေဖြစ်လာမလဲဆိုတာ တွေးကြည့်ရုံနဲ့တင် ရင်ခုန်စရာကောင်းပါတယ်။

နောက်ထပ်ဘယ်သူကမှ စစ်တပ်ကိုဆက်ဆံရဲမှာမဟုတ်တော့ပါဘူး။ စစ်တပ်ရဲ့အာဏာယိမ်းယိုင်လာမှသာ စစ်တပ်အတွင်းက ပြည်သူဖက်ကိုပါချင်တဲ့သူတွေ ပေါ်ထွက်လာမှာဖြစ်ပါတယ်။ တိုင်းပြည်မှာ လှုပ်လှုပ်ရှားရှား ဖြစ်လာရင် အရင်ဆုံးကြောက်ပြီးပြေးကြတာ ထိပ်ပိုင်းကကောင်တွေ၊ သူတို့မိသားစုတွေဖြစ်တယ်ဆိုတာ မမေ့ကြ ပါနဲ့။ သူတို့လိပ်ပြာ သူတို့မလုံကြပါဘူး၊ ကျွန်တော်တို့ဖက်က လှုပ်ရှားဖို့ပဲလိုပါတယ်။ လှုပ်ရှားတဲ့နေရာမှာ၊ ပြည်းတွင်းထဲက လူအားကို အဓိကထားပြီး၊ ပြည်ပက ငွေအား၊ တတ်နိုင်ရင်လူအား တွေနဲ့ ပေါင်းစည်းကြရပါမယ်။ ကိုယ်ကျွမ်းကျင်တဲ့နယ်မြေမှာ တနိုင်တပိုင်လှုပ်ရှားကြဖို့ကောင်းပါတယ်။ ဖြစ်နိုင်ရင် နယ်မြေခံလူကသတင်းပေး တခြားနယ်ကလူက လာဝင်လုပ် ပြီးရင်ထွက်သွား ၊ အဲဒီလိုပဲ တခြားနယ်မြေကသတင်းပေး ကိုယ်ကသွားလုပ် စသည်ဖြင့် ပြေးတမ်းလိုက်တမ်းကစားသလိုလုပ်ရင် စစ်ခွေးတွေအရူးမီးဝိုင်းကြမှာ မြင်ယောင်ပါသေးတယ်။

ပြည်ပကလူတွေအနေနဲ့လည်း ဘယ်သူဟာ စစ်ခွေးအသိုင်းအ၀ိုင်း၊ ဒေါက်တိုင် စသည်ဖြင့်သိနေကြတာဖြစ်တယ်။ ဒီတော့ သူတို့ကို ဖုန်း၊အီးမေးလ်၊ဖက်စ် စသည်ဖြင့်ရှုတ်ချ၊ သတင်းဌါနတွေကလည်း အနောက်က တကောက်ကောက်လိုက်၊ အင်တာဗျူး စသည်ဖြင့် အလှည့်ကျ တာဝန်ယူလှုပ်ရှား၊ အခွင့်သာရင် အနည်းဆုံး လေးခွ၊တုတ် စတာနဲ့ဆော် အဲဒီလိုသာလုပ်၊ ဘယ်ပြေးမလဲ မိချိုသဲ ဇာတ်လမ်းတောင်ရိုက်လို့ရပါတယ်။ တိုင်းပြည်အတွက်တကယ်လိုအပ်နေတာကတော့ အထက်ကဖေါ်ပြပါလုပ်ငန်းတွေလုပ်မယ့် တော်လှန်ရေးသမား စစ်စစ်တွေလိုနေပါတယ်။ မြန်မာ့အရေးကျွမ်းကျင်သူတို့၊ ဘာတို့ညာတို့ မလိုတော့ပါဘူး။ ဒီအကြောင်းအရာတွေ ဟာ ကျွန်တော်ရဲ့အမြင်သာဖြစ်ပြီး မှန်တာ၊မှားတာကတော့ စာဖတ်သူတွေဆုံးဖြတ်ပါ။ နှစ်သက်ရင် အကောင်ထည်ဖေါ်ပါ(တနိုင်တပိုင်)။ ကျွန်တော်တို့အတွက် မျိုးချစ်စိတ်ပဲလိုပါတယ်၊ လူသိများဖို့ နာမည်ကြီးဖို့ မလိုပါဘူး။

နိုင်ငံရေးနဲ့ပတ်သက်ပြီး ကျွန်တော်သိပ်မရေးချင်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ လက်တွေ့မလုပ်ပဲ အာများနေ တဲ့သူလို့ ကိုယ့်ကိုယ်ကို အထင်မသေးချင်တော့လို့ပါ။ ဖေါ်ပြပါတွေကတော့ ကျွန်တော့်ရဲ့အတွေးအမြင် တစိတ်တပိုင်းသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးပန်းတိုင်အတွက် ကိုယ်စီကိုယ်ငှ ပိုပြီးလှုပ်ရှားနိုင် ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ မင်္ဂလာပါခင်ဗျား

ဆက်ဖတ်ရန်ကျန်သေးသည်...

အနင်းခံမြေဇာမြက်များ

အလည်လာသူမိတ်ဆွေအပေါင်း မင်္ဂလာနှစ်သစ်ဖြစ်ပါစေလို့ ဦးစွာပဏာမ နှုတ်ခွန်းဆက်ပါတယ်။ နှစ်သစ်ကူး တဲ့သင်္ကြန်အတွင်းမှာ ကိုယ်နှစ်သက်သလို ပျော်ရွှင်ခဲ့ကြမယ်လို့ယုံကြည်ပါတယ်။ သင်္ကြန်မတိုင်ခင်ကတည်း က သင်္ကြန်တွင်းမှာ စာတွေဖိရေးမယ်လို့ စိတ်ကူးထားပေမယ့် တကယ်တမ်းကျတော့ မရေးဖြစ်ခဲ့ပါဘူး။ နား အေးပါးအေး နေရာမှာ သင်္ကြန်တွင်းကို ကုန်ဆုံးစေခဲ့ပေမယ်လို့ စာရေးဖို့အတွက် အခွင့်မသာခဲ့ပါ။ ထိုင်းနိုင်ငံ ရနောင်းမြို့မှာ ဖြစ်ပွါးခဲ့တဲ့ မြန်မာအလုပ်သမား ၅၄ ယောက်သေဆုံးမှုနဲ့ပတ်သက်ပြီး စဉ်းစားမိတာလေးတွေကို အခုမှပဲ ရေးဖြစ်ပါတော့တယ်။

မြန်မာပြည်သား အထူးသဖြင့် မွန်၊ကရင်၊တနင်္သာရီဒေသက ပြည်သူတွေထိုင်းနိုင်ငံထဲကို ၀င်ရောက်လုပ်ကိုင် တဲ့အကြောင်းအရာတွေ အရင်ပို့စ်တွေမှာ ဖေါ်ပြခဲ့ပြီးပါပြီ။ ၀င်လာပုံတွေ၊ တွေ့ရတဲ့အခက်အခဲတွေအကြောင်း လည်းဖေါ်ပြခဲ့ပါသေးတယ်။ ကျွန်တော်တွေ့ကြုံခဲ့ရတဲ့အဖြစ်မှန်ထက် လျော့ပြီးရေးခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဇာတ်နာအောင်လုပ်ရေးတယ်လို့ ထင်မှာစိုးလို့ပါ။ အခုအဖြစ်အပျက်ကတော့ ဘ၀မှန်တွေကို ဆုံးရှုံးမှု ပေါင်းများစွာနဲ့ အများပြည်သူသိအောင် ဖွင့်ပြလိုက်သလိုဖြစ်နေပါတော့တယ်။

သေဆုံးသွားသူတွေထဲမှာ ကျွန်တော့်မိတ်ဆွေတွေရဲ့ တစ်ရွာတည်းသားတွေ ပါဝင်နေပါတယ်။ သူတို့ရွာသား အများစုတွေဟာ ငွေကြေးချောင်လည်သူ အများစုဖြစ်ကြပြီး ကိုယ်ပိုင်လယ်ယာတွေရှိကြပါတယ်။ ဒါပေမယ့် အနာဂတ်မဲ့နေတဲ့ ကိုယ့်ရပ်ကိုယ့်ရွာမှာ မနေချင်ကြပါဘူး။ လူမှုအဆင့်အတန်း၊ကျန်းမာရေးအဆင့်အတန်း နိမ့် ကျနေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ ရှမ်း၊ကယား၊ကရင်၊မွန်၊တနင်္သာရီ ဒေသကပြည်သူတွေအများစုဟာ ထိုင်းနိုင်ငံထဲကို ခိုးဝင်ပြီးလာရောက်အလုပ်လုပ်ကိုင်နေကြတာဟာ အဲဒီပြည်တွင်းကအခြေနေနိမ့်ကျခြင်း၊ ထိုင်းနိုင်ငံရဲ့အလုပ်သမားလိုအပ်ခြင်း စတဲ့အဓိကအကြောင်းနှစ်ချက်ကြောင့်ဖြစ်ပါတယ်။

အဲဒီလိုမြန်မာပြည်သားတွေအလုပ်လာလုပ်တဲ့အတွက်ကြောင့် ထိုင်းနိုင်ငံကို များစွာအကျိုးဖြစ်ထွန်းစေတယ် ဆိုတာတော့ အထူးရှင်းပြနေစရာမလိုတော့ပါဘူး။ လူတွေသိပ်မသိကြသေးတာကတော့ မြန်မာစစ်အာဏာရှင် အတွက်လည်းများစွာအထောက်အကူဖြစ်နေတယ်ဆိုတာပါပဲ။ ဘယ်လိုအထောက်အကူဖြစ်လဲဆိုတော့ အထက်ဖေါ်ပြပါဒေသက ပြည်သူအများစုဟာ ထိုင်းမှာရှိနေတဲ့အလုပ်သမားတွေက ထောက်ပံ့တဲ့ငွေနဲ့ပဲ စားဝတ်နေရေးပြေလည်နေကြပါတယ်(ကိုယ်တွေ့ပါ)။ အဲဒီအတွက် ဆူပူအုံကြွမှုဖြစ်နိုင်တဲ့ အငတ်ပြဿနာ တွေ မဖြစ်တော့ပါဘူး။ စစ်ခွေးတွေသက်ဆိုးရှည်နေရတဲ့အကြောင်းအရင်းတွေထဲမှာ ဒီအချက်လည်းပါဝင်ပါ တယ်။ ထိုင်းအစိုးရက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ငွေဝယ်ကျွန်တွေလိုပဲသဘောထားခဲ့ပါတယ်။ (ပါးစပ်ကဘယ်လိုပဲအသံကောင်းဟစ်ဟစ်) မြန်မာအလုပ်သမားတွေဟာ နိုင်ငံထဲကိုခိုးဝင်တဲ့အတွက်အပြစ်ရှိ တယ်။ သို့သော်ငဲ့ညှာထောက်ထားသောအားဖြင့် အရေးမယူခင်စပ်ကြား ခေတ္တခဏနေထိုင်လုပ်ကိုင်ခွင့်ပေး ထားခြင်းသာဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်လုပ်ခွင့်ပြုထားတဲ့ဥပဒေထဲမှာ ထည့်သွင်း ဖေါ်ပြထားပါတယ်။

အလုပ်သမားတစ်ယောက်ဟာ အလုပ်ရှင်ကခွင့်မပြုပဲ နောက်ထပ်အလုပ်သစ်ပြောင်းပိုင်ခွင့်မရှိပါဘူး။ ဆိုလိုတာကတော့ အလုပ်ရှင်ကောင်း၊မကောင်း အဲဒီအလုပ်ရှင်မှာပဲ ပေးတာယူ၊ကြွေးတာစား၊ခိုင်းတာလုပ်ဆို တဲ့သဘောပါပဲ။ (ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလကမှ အလုပ်ပြောင်းရင် အလုပ်ရှင်ရဲ့ခွင့်ပြုချက်ယူစရာမလိုတော့ဘူးလို့ ပြင်ဆင်ချက်ကို တိုးတိုးတိတ်တိတ်ပဲထုတ်ပြန်ပါတယ်။ ဘယ်လောက်အထိတိုးတိုးတိတ်တိတ်ဖြစ်လဲဆိုရင် ချင်းမိုင်ခရိုင်အလုပ်ရှာဖွေရေးဌါနက အခုထိအဲဒီဥပဒေကို မသိသေးပါဘူးလို့ မနေ့ကပဲဖုန်းဆက်မေးလို့ ပြန်ဖြေ ခဲ့ပါတယ်) ကဲစဉ်းစားကြည့်ပါ။ နောက်တခုက ထိုင်းတွေကိုတော့ထားပါတော့ မြန်မာသတင်းဌါနတွေအနေနဲ့ ဒီသတင်းကို ကျယ်ပြန့်အောင်လုပ်ဆောင်သင့်တယ်လို့ထင်ပါတယ်။ ပြောမယ့်သာပြောရတာပါ၊ သတင်းဌါန တွေမှာလည်း ဖုန်းဆက်ပြီးသတင်းရေးစားတဲ့ သတင်းသမားတွေကလည်းများနေတယ်လို့ထင်ပါတယ်။ (ကျွန်တော့်တစ်ဦးတည်းရဲ့ကိုယ်ပိုင်အမြင်ပါ၊ အမှန်အကန်သမားတွေလည်း အနည်းနဲ့အများရှိနိုင်ပါတယ်)

စကားတွေကတော့ဘေးရောက်ကုန်ပြီ။ ထိုင်းအစိုးရအနေနဲ့ အထူးအစီအစဉ်အဖြစ် (MOU) လို့ခေါ်တဲ့ ယာယီပတ်စ်ပို့ကို လောနဲ့ကမ်ပူးချားအစိုးရတွေနဲ့ သဘောတူလက်မှတ်ရေးထိုးပြီး လုပ်ခဲ့ပါတယ်။ ပြုလုပ်ပုံက တော့ သက်ဆိုင်ရာနိုင်ငံကအရာရှိတွေက ထိုင်းကိုလာပြီး ဒီမှာရှိနေတဲ့ မိမိနိုင်ငံသားကို စီစစ်မှုတွေပြုလုပ်ပြီး မိမိနိုင်ငံသားဖြစ်ကြောင်းထောက်ခံပေးလိုက်ရုံနဲ့ နှစ်နှစ်သက်တမ်းရှိတဲ့ ယာယီပတ်စ်ပို့ကို အလုပ်သမားကရပါ တယ်။ အဲဒီပတ်စ်ပို့က ထိုင်းတစ်နိုင်ငံလုံးကို သွားပိုင်ခွင့်ရှိပါတယ်။ ကြိုက်ရာအလုပ်ကိုလည်း ရွေးလုပ်ပိုင်ခွင့် ရှိပါတယ်။ ရွှေမြန်မာတွေကိုလည်းအဲဒီအစီအစဉ်အတိုင်းလုပ်ဖို့ ထိုင်းအစိုးရကသွားညှိတဲ့အခါမှာ စစ်ခွေးတွေ က ဒီမှာရှိတဲ့လူတွေဟာ မြန်မာနိုင်ငံသားတွေမဟုတ်ပါဘူးတဲ့၊ နယ်စပ်ကသူပုန်တွေ ရာဇ၀တ်မှုတွေနဲ့ထွက် ပြေးတဲ့သူတွေပါတဲ့ ဆိုပြီးအရှက်မရှိပြောပါတယ်။

သဘောကတော့ နိုင်ငံမကောင်းလို့ပြည်သူတွေအပြင်ရောက်နေတာကိုဝန်မခံချင်တဲ့သဘောပါပဲ၊ ဘယ်တုန်း ကမှ မရှိခဲ့ဘူးတဲ့သိက္ခာကျမှာကိုလည်းကြောက်ပုံရပါတယ်။ ဘာပဲဖြစ်ဖြစ်နောက်ဆုံးမှာတော့ ၀န်ခံရတာပါပဲ၊ ဒါပေမယ့်လည်း ဘာပြောသေးလဲဆိုတော့ ဒီမှာရှိတဲ့အလုပ်သမားတွေကို မြန်မာပြည်ပြန်ပို့ပေးပါ၊ နိုင်ငံသားစီ စစ်ဖို့ကို ဟိုမှာပြန်လုပ်ပြီးမှ ဒီကိုပြန်ပို့ပေးမယ်လို့ ဦးဏှောက်မရှိတဲ့စကားပြောပါတယ်။ (ငဇော်မျိုး၊ ငစွေစောင်း၊ ငတုတ်ကြီးတို့ အဘတွေများ အဲဒီလောက်ကို ရွှေဥာဏ်တော်စူးရောက်ပါတယ်) သန်းချီရှိတဲ့လူတွေ မြန်မာပြည်ပြန်ပို့တာနဲ့ ရာဂဏန်းလောက်စစ်ခွေးတွေ ဒီကိုလာဖို့က ပိုပြီးခက်တယ်လို့ပြောချင်ပုံရပါတယ်။ တိုတိုပြောရရင်တော့ နောက်ဆုံးမှာ ကော့သောင်း၊မြ၀တီ၊တာချီလိတ် မြို့တွေမှာ စီစစ်ရေးစခန်းတွေဖွင့်မယ်၊ ထိုင်းက ကွန်ပျူတာ၊ နည်းပညာနဲ့ လူအင်အားပါကူညီမယ်လို့ သဘောတူညီချက်ရခဲ့ပါတယ်။ ထက်ဆင်လက် ထက်ကပါ၊ ရနောင်း-ကော့သောင်းမှာ စတင်ပြီး အကောင်အထည်ဖေါ်ခဲ့တာ လူဦးရေတစ်ထောင်ကျော် လောက်လုပ်အပြီးမှာ ထိုင်းစစ်တပ်အာဏာသိမ်းလိုက်တော့ အဲဒီကိစ္စလည်းရပ်ဆိုင်းသွားခဲ့တာ အခုထိပါပဲ။

တကယ်တော့မြန်မာအလုပ်သမားတွေရဲ့ဘ၀တွေဟာ တွေးကြည့်လေ၊ရင်နာစရာကောင်းလေပါပဲ။ မြန်မာ အလုပ်သမားတွေရဲ့လုပ်အားတွေကနေ အကျိုးအမြတ်များစွာပေါ်ထွက်နေပြီး လူ့အသိုင်းအ၀ိုင်းကို များစွာ အကျိုးပြုနေပေမယ့် လူ့အသိုင်းဝိုင်းကတော့ အမှန်တကယ်ထိရောက်တဲ့ ကောင်းမွန်သောတုန့်ပြန်မှုတွေမရှိ သေးဘူးလို့ထင်ပါတယ်။ နိုင်ငံရေးဆရာကြီးတွေကလည်း အလုပ်သမားတွေရဲ့စွမ်းအားတွေကို ထက်မြက်တဲ့ လက်နက်အဖြစ် မပြောင်းလဲနိုင်သေးပါဘူး။ စက်တင်ဘာအရေးအခင်းမတိုင်ခင်တုန်းကတော့ ကျွန်တော်နဲ့ မိတ်ဆွေတစုက အလုပ်သမားတွေနှစ်လသုံးလလောက် မြန်မာပြည်ကိုငွေပြန်မပို့ပဲနေရင် စစ်ခွေးတွေအထိနာ နိုင်တယ်လို့စဉ်းစားမိဘူးပါတယ်။ ရည်ရွယ်ချက်က လူထုအုံကြွမှုဖြစ်စေဖို့ပါ၊ စိတ်ကူးယဉ်မိတာပါပဲ။ ဒါပေမယ့် တကယ်လုပ်နိုင်မယ့်လမ်းစတွေလည်းရှိပါတယ်။ စစ်ခွေးတွေမပြုတ်ကျသရွေ့ကတော့ ကျွန်တော်တို့ရဲ့ဘ၀ တွေ ၊ မျိုးဆက်တွေရဲ့ဘ၀တွေဟာ အညွှန်တုံးနင်းပြားဘ၀၊ ကမ္ဘာ့ကျွန်ဘ၀ဆက်ဖြစ်နေဦးမှာပါပဲ။
ကျွန်တော်ဒစ်စကာဗာရီအစီအစဉ်မှာ အာဖရိကနွားရိုင်းတွေရဲ့ဘ၀ကိုကြည့်ဖူးပါတယ်။ ကုန်းပေါ်မှာနေတော့ လည်း ခြင်္သေ့ကအစ တောခွေးပါမကျန် လာရောက်သတ်စားတာကိုခံနေကြရပါတယ်။ တကယ်တော့နွားရိုင်း တွေဟာ အကောင်ရေအုပ်စုအလွန်များပါတယ်။ ခြင်္သေ့၊တောခွေးစတဲ့ရန်သူတွေကတော့ အကောင်ရေအလွန် နည်းပါတယ်၊ ဒါပေမယ့်ရန်သူလာရင် ထွက်ပြေးဖို့ကလွဲပြီး ဘာမှမစဉ်းစားပါဘူး။ နည်းနည်းလေးတောင်မှ ပြန်ခုခံတာမတွေ့ရပါဘူး။ တခါတလေ တောခွေးတကောင်နှစ်ကောင်လောက်က နွားရိုင်းတစ်ကောင်ကိုလာဆွဲ နေရင် ကျန်တဲ့ကောင်တွေက မြက်စားနေရာကနေ တချက်လောက်ခေါင်းထောင်ကြည့်ပြီး အိနြေ္ဒမပျက် မြက် ဆက်စားနေကြပါတယ်။ ချောင်းကူးတဲ့အခါမှာလည်း မိကျောင်းကလာဆွဲရင် ကျန်တဲ့အကောင်တွေက ကိုယ် လွတ်ဖို့အရေးနဲ့ ချောင်းကမ်းပါးကို လုယက်တက်ပြေးကြတာ မိကျောင်းဆွဲလို့သေတာတစ်ကောင်တည်း အချင်းချင်းနင်းလို့သေတာကအများကြီးဖြစ်နေပါတယ်။ ရန်သူကိုသာမတိုက်ရဲတာ အချင်းချင်းဗိုလ်လုကြရင် တော့ အသေအကျေတိုက်ကြခတ်ကြပါတယ်။ အဲဒီအစီအစဉ်ကိုကြည့်ရင်းနဲ့ ကျွန်တော်တော့ မြန်မာပြည်သူ တွေရဲ့ဘ၀ကိုမြင်ယောင်မိပါတော့တယ်။

စစ်တပ်ကပစ်ရင်လည်းခံရ၊ ဘာမှမဟုတ်တဲ့ကြံ့ဖွတ်ကရိုက်ရင်လည်းခံရနဲ့ ။ တောကျွဲတွေကတော့ စည်းလုံး ကြပါတယ်၊ တောခွေးတွေလောက်ကတော့သနားတယ် တောဘုရင်လို့တင်စားရတဲ့ ခြင်္သေ့တွေတောင်မှ မသက်သာပါဘူး။ အနားကပ်လာတာနဲ့ အကောင်ငယ်လေးတွေကိုအထဲမှာထား အမတွေကတထပ်ရံ၊ အထီး တွေကနောက်တထပ်ရံလို့ စက်ဝိုင်းပုံစံစုစည်းပြီး အနားကပ်လာတဲ့ခြင်္သေ့တွေကို ခံခတ်ပါတယ်။ အပြေးညံ့တဲ့ ခြသေ့င်္ကတော့ နံကြားပေါက်ပြီသာမှတ်ပေတော့ပါပဲ။ စာရေးတာလည်း ရှည်သွားပါပြီ။ မိတ်ဆွေတို့အတွက် စဉ်းစားစရာလေးတွေ တခုခုရခဲ့မယ်ဆိုရင်ကျေနပ်ပါပြီ။ မင်္ဂလာပါခင်ဗျာ..

အလုပ်ပြောင်းခွင့်နဲ့ပတ်သက်ပြီး ကျွန်တော်အထက်မှာရေးခဲ့တဲ့ အမိန့်စာကို အောက်မှာဖေါ်ပြထားပါတယ်

(ထိုင်းနိုင်ငံထဲမှာ မြန်မာအလုပ်သမားတွေ တစ်နှစ်ကိုသိန်းဂဏန်းနဲ့အဖမ်းခံနေရပါတယ်။ ၂၀၀၄ ခုနှစ်ကစပြီး အခု ၂၀၀၈ထိ ဖမ်းတဲ့စာရင်းကို ဒေလီးနယူးအမည်ရ ထိုင်းဘာသာထုတ် ၁၂.၄.၀၈ နေ့စွဲသတင်းစာမှာ ၅၄ယောက်သေတဲ့ အမှုနဲ့အတူဖေါ်ပြထားပါတယ်။ ကိန်းဂဏန်းတွေကို ရေးမှတ်ထားပေမယ့် ခရီးသွားရင်း အဲဒီစာအုပ်က တနေရာမှာကျန်ခဲ့တော့ အတိအကျစာရင်းကိုမဖေါ်ပြနိုင်တော့ပါဘူး.။ မှတ်မိသလောက်က တော့ တစ်နှစ်ကို တစ်သိန်းကျော်ဖမ်းမိပါတယ်။ ဒီနှစ်ဇန်န၀ါရီလထဲမှာကို နှစ်သောင်းကျော်သွားပြီး။ အလုပ်သမားတွေရဲ့ဒုက္ခကိုတွေးကြည့်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။)
အလုပ်သမားဝန်ကြီးဌါနအမိန့်စာကို ပီဒီအက်ဖ်ဖိုင်အဖြစ်တင်တာမတင်တတ်လို့ သူငယ်ချင်းကိုပဲ သီးသန့်တင်ခိုင်းပါတော့မယ်။

ဆက်ဖတ်ရန်ကျန်သေးသည်...

အပိုင်းအစ

မင်္ဂလာပါခင်ဗျာ. သင်္ကြန်တွင်းနဲ့ သင်္ကြန်နောက်ပိုင်းမှာ အလုပ်တွေ အရမ်းရှုပ်နေလို့ ဘလော့ဖက်ကိုမလှည့် နိုင်ခဲ့ပါဘူး။ ကိုယ်ပိုင်ကွန်ပျူတာ၊ အင်တာနက်ကလည်းမရှိတော့ ဘလော့နဲ့ပိုကင်းကွာသွားတာပေါ့လေ။ နောက်အကြောင်းတခုကတော့ လုပ်စရာရှိတာကို အချိန်ဆွဲပြီး လုပ်တတ်တဲ့အကျင့်ဆိုးကြောင့်လည်း ပါပါတယ်။ အဲဒီအကျင့်ဆိုးကြောင့် ကျွန်တော့်ဘ၀မှာ ဆုံးရှုံးမှုတွေ အများကြီးတွေ့ခဲ့ရပေမယ့်လည်း အခုထိမ ပြင်နိုင်ဖြစ်နေတယ်။

အင်တာနက်သတင်းတွေနဲ့ ကင်းကွာတဲ့နေရာမှာ ကျွန်တော်ရောက်နေခဲ့တော့ အက်ဖ်အမ်ရေဒီယိုလိုင်း ကိုပဲနားထောင်ဖြစ်ပါတော့တယ်။ အဲဒီမှာ အိုလံပစ်မီးရှုးတိုင်နဲ့ပတ်သက်ပြီး တွေးစရာ၊ ပြောစရာဖြစ်လာပါတယ်။ ထိုင်းမှာအိုလံပစ်မီးရှုးတိုင်လှည့်မယ့် အစီအစဉ်နဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်နဲ့ မီဒီယာတွေက ဆန္ဒပြမဲ့သူတွေ ကို အပစ်တင်ပြောဆိုကြပြီး ဒီအစီအစဉ်ကိုအကြောင်းပြုလို့ ထိုင်း-တရုတ်ဆက်ဆံရေးတိုးတက်အောင် အားထုတ်ကြိုးစားကြတာ နားထောင်လိုက်ရပါတယ်။ တရုတ်နိုင်ငံကလည်း ဒီမီးရှုးတိုင်နဲ့ပတ်သက်ပြီး ဘယ်သူ တွေက တရုတ်ရဲ့မိတ်ဆွေတု/စစ်ဆိုတာ ပေါ်လွင်ထင်ရှားမယ်လို့ ခြိမ်းခြောက်သလို၊ အပြစ်တင်သလို စကား ခင်းလာပါတယ်။

တချို့ကလည်း အားကစားနဲ့နိုင်ငံရေး ဘာမှမဆိုင်ကြောင်း၊ ခွဲခြားထားသင့်ကြောင်း ပြောကြဆိုကြပါ တယ်။ ဒီတော့ ကျွန်တော့်အနေနဲ့စဉ်းစားမိတာက အားကစားနဲ့နိုင်ငံရေးဟာ တကယ်ပဲဘာမှမဆိုင်ကြဘူးလား.. အစိုးရတွေအနေနဲ့ (ငွေတွေအများကြီးကုန်ကျခံပြီး)အားကစားပွဲတွေ ကျင်းပပြုလုပ်တဲ့ရည်ရွယ်ချက်ဟာ တကယ်ပဲ နိုင်ငံရေးနဲ့မပတ်သက်ဘူးလားဆိုတာ မေးစရာဖြစ်လာပါတယ်။ ထိုင်းနိုင်ငံရဲ့ရပ်တည်ချက်ကို ကြည့် မယ်ဆိုရင် စက်တင်ဘာအရေးအခင်းကစပြီး ပြန်ဆန်းစစ်ကြည့်ဖို့လိုပါတယ်။ ဗုဒ္ဓဘာသာ အထူးသဖြင့် ထေရ၀ါဒဗုဒ္ဓဘာသာ ကိုးကွယ်တာချင်းလည်းတူတာတောင်မှ အထွဋ်မြတ်ထားရတဲ့ သံဃာတော်တွေ ရိုက်နှက် စော်ကားခံရတာကို ဘာမှအရေးယူဆောင်ရွက်ခြင်းမရှိခဲ့ပါဘူး။ သာသနာထက် ဓါတ်ငွေ့စီးပွါးရေးက ပိုပြီးအရေး ကြီးတယ်လို့ ခံယူကြသလားမသိပါ။

ထိုင်းအပြင်တခြားထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံတွေကလည်း သိပ်ပြောပလောက်အောင် လှုပ်ရှားမှုတွေ မရှိခဲ့ကြပါဘူး။ အခြားဘာသာ ကိုးကွယ်တဲ့သူတွေကတော့ ကိုယ်ကျိုးစီးပွါးထက် ဘာသာရေးကို အလေးထားပါ တယ်။ ဘာသာရေးနဲ့ပတ်သက်လာရင် ဖါသိဖါသာနေလေ့မရှိကြပဲနဲ့ စည်းလုံးညီညွတ်မှုများစွာ ရှိကြပါတယ်။ အနာဂတ်ကာလအတွက် စဉ်းစားစရာတွေအများကြီးပါပဲ။ တိဗက်အရးအခင်းနဲ့ပတ်သက်ပြီး ဘယ်ဗုဒ္ဓဘာသာ နိုင်ငံကမှ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ခြင်းလည်းမရှိကြပါဘူး။ အခုဆန္ဒပြကြတာဟာလည်း အိုလံပစ် ပွဲထက် တရုတ်အစိုးရရဲ့ မတရားမှုတွေကို တရုတ်ပြည်သူတွေသိအောင် လုပ်ဆောင်နေကြတယ်လို့ပဲယူဆမိပါ တယ်။ ကျွန်တော်တို့ရဲ့ကမ္ဘာကြီးမှာ တရားမျှတမှုဆိုတာထက် ကိုယ်ကျိုးစီးပွါးတွေက ရှေ့တန်းရောက်ပြီး ကိုယ် ကျင့်တရားတွေ နိမ့်ကျခေါင်းပါးနေကြတာ(အထူးသဖြင့်) နိုင်ငံ့ခေါင်းဆောင်ဆိုတဲ့ပုဂ္ဂိုလ်တွေ ကိုယ်ကျင့်တရား ဖြူစင်ရိုးသားမှုတွေ နည်းပါးနေကြတာတွေဟာ လူသားမျိုးနွယ်တခုလုံးအတွက် အလွန်ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်လာကြလိမ့်မယ်လို့ ထင်မြင်မိပါတယ်။

ကျွန်တော့်ရေးသားချက်တွေဟာ ဆရာကြီးလုပ်ချင်တဲ့ပုံစံမျိုးဖြစ်ခဲ့ရင်တော့ သည်းခံခွင့်လွှတ်ပါခင်ဗျာ။ ကျွန်တော်ရိုးသားစွာတွေးမိတာကိုပဲ မိတ်ဆွေများဝေဖန်သုံးသပ်နိုင်ဖို့တင်ပြခြင်းဖြစ်ပါတယ်။ လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါတယ်။ ကျွန်တော့်စိတ်ထဲမှာ တရုတ်အပါအ၀င် အာစီယံနိုင်ငံတွေ(ခေါင်းဆောင်တွေ) ကို ချဉ်နေမိပါတယ်။ ကျွန်တော်တို့ရဲ့ သားစဉ်မြေးဆက်အထိ လက်ဆင့်ကမ်းသင့်တဲ့ အကြောင်းအရာတွေပဲလို့ယူဆမိကြောင်းပါခင်ဗျား။ မင်္ဂလာပါ..

ဆက်ဖတ်ရန်ကျန်သေးသည်...

အထူးသတင်း

ယနေ့ထုတ်ဝဘ်ဆိုဒ်သတင်း(မန်နေဂျာအွန်လိုင်း) တွင်ဖေါ်ပြထားသည်မှာ ရနောင်းမြို့မှ ဖူကတ်မြို့သို့ ဦးတည်လာသော ဆယ်ဘီးကား ကွန်တိန်နာထဲတွင် မြန်မာနိုင်ငံသားအလုပ်သမား ၁၁၉ ဦးတင်ဆောင်လာရာ
ရနောင်းခရိုင် စုခ်စန်းလန်မြို့အရောက်တွင် ကွန်တိန်နာထဲမှ နံရံကို အချက်ပေးထုရိုက်သောကြောင့် ကားမောင်းသူမှ ကားရပ်ပေးခဲ့သည်။ တံခါးကိုဖွင့်ကြည့်ရာ၌ အသက်ရှုကျပ်မှုကြောင့် သေဆုံးသူ ၅၄ဦး (ကျား၁၇၊ မ ၃၇)ရှိနေသည်ကို တွေ့သည်နှင့် ထွက်ပြေးသွားခဲ့ပါသည်။ ဒဏ်ရာရသူ ၂၁ ဦးရှိပြီး စုခ်စန်းလန်ဆေးရုံသို့ ပို့ဆောင်ကုသ၍ ကျန်သော ၄၄ ဦးကို ရဲမှ နိုင်ငံအတွင်းခိုးဝင်မှုဖြင့် ထိန်းသိန်းထားပါသည်။ ကားနံပါတ်မှာ ၁၀.၇၀၀၆၁၉(ရနောင်း) အီးစူဇူးအမျိုးအစားဖြစ်ပြီး ပိုင်ရှင်မှာ ရုန့်ရီးယန်း(ရသံဖြင့်ဖတ်ရန်)ကုမ္ပဏီပိုင်ဖြစ်သည်။
တတ်နိုင်သူများ ၀ိုင်းဝန်းအရေးယူလှုပ်ရှားပေးပါရန် တင်ပြအပ်ပါသည်။ လူကယ်ရီပွဲစားကိုစုံစမ်းအရေးယူပေးပါ ရန်တင်ပြအပ်ပါသည်။

ဆက်ဖတ်ရန်ကျန်သေးသည်...

မျှဝေခံစားခြင်း

ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများရဲ့ ရင်ဖွင့်သံများကို အလုပ်သမားတွေ စုပေါင်းရေးသားထားတဲ့ ကြိုးမဲ့စွန် အမည်ရစာအုပ်တစ်အုပ် လာပေးဖတ်ပါတယ်။ အဲဒီထဲမှာ ကျွန်တော်နှစ်သက်မိတဲ့ ကဗျာလေးတစ်ပုဒ်ကို မိတ်ဆွေများလည်းခံစားနိုင်ဖို့ အတွက် မျှဝေပေးလိုက် ပါတယ်။ ရေးသားသူကတော့ မောင်ရုန်းကန် အမည်ရ ကလောင်ရှင်ဖြစ်ပါတယ်။

အသံကြား တရားနာမိသူများ

တချိန်တခါက ကျိန်စာသင့်ဘ၀ကိုခုတုံးလုပ်
ဘ၀အစုတ်ကို ကျွတ်ကျွတ်အိတ်နဲ့ထုပ်
လွှင့်ပစ်ခဲ့ပြီးနောက်ပိုင်း ……..
လိုတာဖြစ်နိုင်တဲ့ငွေနောက်
ကောက်ကောက်ပါအောင်လိုက်ဖို့
ဆုံးဖြတ်ချက်ချ
ရှိတာလေးပေါင်နှံ
ပွဲစားထံစရန်အပ်လို့
အများပြောတဲ့ ယိုးဒယားကို
အဖိုးအခများစွာနဲ့ ကြိုးစားလို့ခိုးဝင်
ခြေချလို့မမြဲသေးခင်မှာ
ပုလိပ်နဲ့ပက်ပင်းတိုး
လက်ငင်းအကျိုးကဆုံးရှုံး
သူလည်းငါ့လို ငါလည်းသူ့လိုဆိုတော့
ဘယ်သူကူနိုင်မှာလဲ
ရှိစုမဲ့စု ရင်းနှီးမှုပြုခဲ့သမျှ
အားလုံးဟာ သဲထဲရေသွန်ဖြစ်ခဲ့ပြီ
အသံကြားတရားနာမိသမျှ
လှလှပပကြီးခံခဲ့ရပြီလေ
အဲဒီတော့…….
ဟော…စောစောက
ကျွတ်ကျွတ်အိတ်နဲ့ထုပ်
လွှင့်ပစ်ခဲ့တဲ့ဘ၀အစုတ်က
ပုပ်သိုးသိုးနဲ့ ထပ်အရုပ်ဆိုးပြန်ပြီပေါ့
အရုပ်ဆိုးပြန်ပြီပေါ့ ……….

မောင်ရုန်းကန်

ဆက်ဖတ်ရန်ကျန်သေးသည်...

အတွေးများနှင့် လွင့်မျောခြင်း

မင်္ဂလာပါခင်ဗျား… ခေါင်းစဉ်က နဲနဲကဗျာဆန်ချင်ပေမဲ့ အရေးအသားကတော့ ကဗျာဆန်မှာမဟုတ်ပါဘူး။ ကျွန်တော့်ဘလော့လေးကို အချိန်ကုန်ခံပြီး လာရောက်ဖတ်ရှုပေးတဲ့ မိတ်ဆွေများကို ၀မ်းမြောက်စွာကြိုဆိုပါတယ်။ မှတ်ချက်လေးတွေ ထားခဲ့တဲ့မိတ်ဆွေများကိုလည်း အထူးပဲကျေးဇူးတင်ပါကြောင်း ထပ်လောင်းပြောချင်ပါတယ်။ ခံစားချက်တွေ နီးစပ်ကြလို့ လာရောက်ဖတ်ရှုကြတယ်လို့ ထင်မြင်မိပါတယ်။ ကျွန်တော်ဆိုရင်လည်း အမြင်သိပ်မတူ တဲ့ဘလော့ အထူးသဖြင့် စစ်အာဏာရူးတွေကို ကာကွယ်ဖေါ်လံဖါးတဲ့ဘလော့တွေကို အချိန်ကုန်ခံပြီး ၀င်မကြည့်ပါ ဘူး။ တခါတလေများ မျက်စိလည်လမ်းမှားပြီး ရောက်သွားခဲ့လို့ ဒေါသထွက်ခဲ့ရပါသေးတယ်။ ဘယ်လိုခံယူချက် အတွေးတွေနဲ့ လူလာဖြစ်နေလဲလို့ စဉ်းစားရွံရှာမိပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံဟာ အင်မတန်မှအရေးကြီးတဲ့ အနေအထားကိုရောက်နေပါပြီ။ စစ်ဖိနပ်ရဲ့အောက်မှာ နှစ်ပေါင်းများစွာ ပြားပြားမှောက်ခဲ့ရလို့ ဒုက္ခဆင်းရဲပေါင်းများစွာ၊ သွေးကွဲမှုပေါင်းများစွာလည်း ဖြစ်ခဲ့ရပါပြီ။ ဆင်းရဲလို့ သွေးကွဲ၊ သွေးကွဲလို့ဆင်းရဲ ဆိုတဲ့သံသရာကြီးထဲမှာ နှစ်ပေါင်းများစွာကျင်လည်ခဲ့ရပြီးနောက် ဗမာများနဲ့ တိုင်းရင်းသား လူမျိုးစုတွေလည်း အမြင်မကြည်လင်မှုတွေ၊ သံသယတွေနဲ့ ဆက်ဆံ၊ စစ်အာဏာရှင်ကို စုစည်းညီညွတ်မှုမရှိပဲ တော်လှန်ခဲ့တာ ဆယ်စုနှစ်များစွာရှိခဲ့ပါပြီ။ စစ်အာဏာရှင်အတွက်ကလွဲလို့ ဘယ်သူ့ကိုမှ အကျိုးမဖြစ်ထွန်းခဲ့ပါဘူး။ ကျွန်တော်တို့ သင်ခန်းစာယူပြီး ပြန်လည်သုံးသပ်ကြဖို့သင့်ပါပြီ(ဆရာကြီးလုပ်ခြင်းမဟုတ်ပါ)

အရေးအခင်းတခုခုပေါ်ပေါက်လာပြီဆိုရင် အချို့သောတိုင်းရင်းသားတွေက ဗမာအချင်းချင်းတော့ ချကုန်ကြပြီ လို့ တွေးတတ်ပါတယ်။ ဗမာနဲ့ စစ်အာဏာရှင်ကို ခွဲခြားမတွေးတတ်သေးတာ ၀မ်းနည်းဖွယ်တွေ့မြင်ခဲ့ရပါတယ်။ ဒါဟာ အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့အတွက် အနှုတ်လက္ခဏာဆောင်တယ်လို့ပဲ တွေးမိပါတယ်။ တိုင်းရင်း သားအားလုံးကိုမဆိုလိုပါဘူး။ သို့သော်အချို့သောပုဂ္ဂိုလ်တွေကတော့ အထက်ဖေါ်ပြပါအတိုင်းပဲ တွေးတတ်ကြပါ တယ်။ အချို့သော တိုင်းရင်းသားတွေကလည်း မဟာဗမာလူမျိုးကြီးဝါဒလို့ စွပ်စွဲချက်တွေ တော်တော်များများ ပြောကြ ရေးကြတာ ကြုံဖူးပါတယ်။ ကျွန်တော့်အနေနဲ့ ဒါဟာနည်းနည်းတော့ အစွန်းရောက်နေတယ်လို့ ရိုးသားစွာထင်မိပါ တယ်။(ကျွန်တော်ဟာ ဗမာသွေး တမတ်သားသာပါကြောင်း ပြောခဲ့ပြီးပါပြီ)

ဗမာတွေဘက်က ရှေ့နေလိုက်ပေးနေတယ်လို့ မယူဆစေချင်ပါဘူး။ ဘာပဲဖြစ်ဖြစ်ဒီလိုအချိန်မျိုးမှာ စည်းလုံး ညီညာစွာနဲ့ စစ်အာဏာရှင်ကို စုပေါင်းတော်လှန်စေချင်တာပါ။ အားလုံးဟာ စစ်အာဏာရှင်ရဲ့ သားကောင်ဘ၀ချင်း အတူတူပဲဆိုတာ သိစေချင်တာပါ။ ကျွန်တော်တို့ဒီလိုဘ၀တွေဖြစ်နေရတာဟာလည်း ကျွန်တော်တို့တွေမှာ အားနည်း ချက်တွေရှိနေခဲ့လို့ ဆိုတာကိုလည်း သတိပြုစေချင်တာပါ။ အာဏာရှင်စနစ်ကျရှုံးမှသာ တန်းတူညီမျှငြိမ်းချမ်းစွာ နေနိုင်ဖို့ ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦးပြစ်တင်ပုတ်ခတ်နေရုံနဲ့ ဘာကောင်းကျိုးမှ မဖြစ်ပေါ်လာနိုင်ပါဘူး။ ဆရာကြီးလေသံမျိုးဖြစ်နေခဲ့ရင် ခွင့်လွှတ်ပါခင်ဗျား။ စည်းလုံးညီညွတ်စေဖို့ ရည်ရွယ်ပြီးရေးလိုက်ခြင်းသာဖြစ်ပါတယ်။ ထင်မြင်ချက်လေးတွေကိုလည်း ပေးခဲ့ပါ။ မင်္ဂလာပါခင်ဗျား……

ဆက်ဖတ်ရန်ကျန်သေးသည်...

 

©2009 မောင်ကျည်ပွေ့ | Template Blue by TNB