မုန်းတီးခြင်း၏သားကောင် ၅

ထိုင်းနိုင်ငံထဲမှာ မြန်မာနိုင်ငံသားတွေ ၀င်ရောက်လုပ်ကိုင်ပုံနဲ့ပတ်သက်ပြီး တော်တော်များများရေးပြီးခဲ့ပါပြီ။ မပြည့်စုံသေးပေမယ်လို့ ပုံဖေါ်မှန်းဆနိုင်ကြပါလိမ့်မယ်။ နည်းလမ်းအမျိုးမျိုးနဲ့လာခဲ့ရတဲ့ မြန်မာနိုင်ငံသား အလုပ်သမား တွေအပေါ်မှာ ထိုင်းတွေဘယ်လိုသဘောထားသလဲဆိုတာ ဆက်ပြီးတင်ပြသွားပါမယ်။ ထိုင်းအစိုးရအဆက်ဆက်က မြန်မာနိုင်ငံသားအလုပ်သမားတွေကို အကောင်းမြင်ဝါဒရေးရာနဲ့ ပြောဆိုဆက်ဆံခဲ့ခြင်းဆိုတာ မရှိခဲ့ဘူးလို့ထင်ပါ တယ်။ အပြစ်တင်အဆိုးမြင်ဝါဒတွေနဲ့တော့ အစိုးရအဆက်ဆက်က ပြောဆိုဆက်ဆံခဲ့ပါတယ်။ တရားမ၀င်ခိုးဝင်လာ တဲ့ မြန်မာနိုင်ငံသားတွေကြောင့် ထိုင်းနိုင်ငံမှာ ရောဂါဘယတွေပျံ့ပွါးစေတယ်၊ ထိုင်းတွေရဲ့အလုပ်ကိုလုတယ်၊ မူးယစ် ဆေးဝါးတွေကို ဖြန့်ဖြူးတယ်၊ ဒုစရိုက်မှုခင်းတွေဖြစ်တယ်၊ နိုင်ငံတော်လုံခြုံရေးကိုထိခိုက်တယ်၊ နိုင်ငံမဲ့ကလေးတွေမွေး ဖွါးပေါများတယ်၊ အစရှိသဖြင့် ရေးပြလို့မကုန်နိုင်အောင် စွပ်စွဲချက်တွေများပြားလှပါတယ်။

အမှန်တကယ်ဆန်းစစ်ကြည့်မယ်ဆိုရင် မြန်မာတွေကြောင့်၊ မြန်မာကိုအမှီပြုပြီး ထိုင်းတွေကြီးပွါးလာတယ်လို့ တောင်ပြောနိုင်ပါသေးတယ်။ ထိုင်းနဲ့မြန်မာအလုပ်သမားကိစ္စမှာ ထိုင်းတွေဟာ ခြင်နဲ့ပုံစံတူပါတယ်၊ ခြင်တွေဟာ လူ့ သွေးကိုလည်းစုပ်သေးတယ်၊ နား နားမှာလည်း သူဟာအင်မတန်မှ အနစ်နာခံပြီး သွေးစုပ်ရခြင်းဖြစ်ကြောင်းလည်း အော်နေသေးတယ်။ ထိုင်းလည်းအဲဒီလိုပဲ၊ သူတို့လည်းအသာစီးရသေးတယ်၊ မြန်မာအလုပ်သမားတွေကိုလည်း မရှိမ ဖြစ်လိုအပ်နေသေးတယ်၊ ဒါတောင်မှ ကျေးဇူးမတင်တဲ့အပြင် အပြန်အလှန်မှီခိုမှုလို့တောင် အသိအမှတ်မပြုချင်ကြပါ ဘူး။ တကယ်လို့ မြန်မာအလုပ်သမားတွေသာ ကိုယ့်အိမ်ကိုယ်ပြန်သွားကြရင် ထိုင်းတွေအတွက် နိုင်ငံနဲ့ချီပြီး ထိခိုက် ဆုံးရှူံးမှုတွေဖြစ်ကိုဖြစ်ရမယ်လို့ ကျွန်တော်ပြောရဲပါတယ်။

ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံသားတွေလုပ်ပေးနေတဲ့တန်ဖိုးတွေဟာ ထိုင်းဂျီဒီပီရဲ့ ၅-၆.၂% (သို့) ဒေါ်လာသန်းပေါင်း တစ်သောင်းတစ်ထောင်အထိရှိတယ်လို့ ပညာရှင်တွေတွက်ချက်ထားတာရှိပါတယ်။ မြန်မာအလုပ် သမားတွေရဲ့ လုပ်အားခတွေဟာ တစ်နှစ်မှာ ဒေါ်လာသန်းနှစ်ထောင်လောက်ရှိပြီး အဲဒီအထဲက အနည်းဆုံး ၅၀%ဟာ ထိုင်းထဲမှာပဲ အသုံးစားရိတ်တွေဖြစ်နေပါတယ်။ ကဲ.. စဉ်းစားသာကြည့်ပေတော့ ၊ မြန်မာအလုပ်သမားတွေရဲ့တန်ဖိုး ဘယ်လောက်ရှိနေလဲ၊ ဘယ်သူတွေကရနေလဲဆိုတာ။ တန်ဖိုးမသိတဲ့နွားတွေကြောင့် ကိုယ့်တန်ဖိုးတွေ သူများအသုံး ချခံနေရတာဖြစ်ပါတယ်။ ဒါတောင်မှ အကောင်းပြောဖေါ်မရပါဘူး။

ထိုင်းတွေစွပ်စွဲနေတဲ့ အချက်တွေကို ကျွန်တော့်လိုဘာမှမဟုတ်တဲ့ သာမန်အတွေးလေးနဲ့ပဲ ပြန်ချေပပါမယ်။ မြန်မာတွေကြောင့် ဆင်ခြေထောက်၊တီဘီ၊ငှက်ဖျားတွေ ပျံ့ပွါးတယ်လို့ သူတို့ကပြောပါတယ်။ အဲဒီရောဂါတွေဟာ ဆင်းရဲသားရောဂါလို့တောင် ပြောလို့ရပါတယ်၊ဘာကြောင့်လဲဆိုတော့ လူနေမှုအဆင့်အတန်းရှိနေရင် အဲဒီရောဂါတွေ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်ဒီရောဂါတွေဟာ ထိုင်းကိုကူးစက်တာအလွန်နည်းပြီး မြန်မာအချင်းချင်းတွေမှာပဲ ကူးစက်နေ ပါတယ်။ ဒါကလည်း ခိုင်းရရင်ပြီးရော မင်းတို့ဘယ်လိုနေနေဆိုတဲ့ လစ်လျူရှု တာဝန်မယူတတ်တဲ့ ထိုင်းတွေကြောင့် မြန်မာအလုပ်သမားတွေ လူနေမှုနိမ့်ကျပြီး အခန်းကျဉ်းလေးထဲမှာ ဖြစ်သလိုနေရလို့ ဒီလိုဖြစ်ရတာပါ။ ကောင်းကောင်း နေရ၊ စားရတဲ့အလုပ်သမားတွေမှာ ဒီလိုမဖြစ်ပါဘူး။ အဲ သူ့နိုင်ငံကနေ မြန်မာအလုပ်သမား အေ့ဒ်စ်ရောဂါတွေကူးစက် ခံရတာကျတော့ သူတို့ဘာသံမှမထွက်ပါဘူး။ ဘယ်သူကပိုနစ်နာပါသလဲ…

မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ကတော့ ရာဇ၀င်နဲ့ချီပြီးတောင်ပြောလို့ရပါတယ်။ ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ အတ္ထုပ္ပတ္တိထဲမှာ ထိုင်းစစ်ဗိုလ်ချုပ်တွေနဲ့ တရုတ်ဖြူတွေဘိန်းကုန်ကူးတာရေးထားပါတယ်။ နောက်ပြီး ကမ္ဘာအရပ်ရပ် ကို မူးယစ်ဆေးဝါးဖြန့်ဖို့အတွက် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ သင်္ဘောဆိပ်တွေ ဘယ်နိုင်ငံမှာရှိလဲဆိုတာ ကလေး တွေးတွေးလို့တောင်ရပါတယ်။ မူးယစ်ဆေးထုတ်ဖို့နည်းပညာ၊ ဓါတုပစ္စည်းကုန်ကြမ်းတွေ မြန်မာနိုင်ငံမှာလည်းမရှိပါ ဘူး၊ ဘယ်ကလာပါသလဲ။ ခွန်ဆာသေတုန်းက အပတ်စဉ်ထုတ် မတိချွန်(သို့)နေရှင်း သတင်းမဂ္ဂဇင်းထဲမှာ ဗိုလ်မှူး ရွက်ဆစ်နဲ့ အင်တာဗျူးလုပ်ထားတာ ဖတ်လိုက်ရပါတယ်။ အကုန်လုံးမမှတ်မိပေမယ့် မှတ်မိနေတာကတော့ ခွန်ဆာဟာ ထိုင်းက အကောင်ကြီးအမြီးရှည်တွေနဲ့ အဆက်အသွယ်ရှိပြီးရင်းနှီးပါတယ်။ ခွန်ဆာအလင်းဝင်ဖို့ ထိုင်းကို ကမ်းလှမ်းခဲ့ပေမယ့် ထိုင်းကလက်မခံတာကြောင့် မြန်မာဘက်ကို မသွားချင်ပဲသွားခဲ့ရတဲ့အကြောင်း၊ ဒီလိုဖြစ်ရတာ ထိုင်းမှာတာဝန်ရှိကြောင်း ဗိုလ်မှူးရွက်ဆစ်ကပြောခဲ့ပါတယ်။ ကဲ မူးယစ်ဆေးနဲ့ပတ်သက်ရင် ဘယ်သူက ဘယ်သူ့ကို အပြစ်တင်သင့်ပါသလဲ.. ၀ိုင်းစဉ်းစားပေးကြပါဦး။

ထိုင်းတွေရဲ့အလုပ်တွေကို မြန်မာအလုပ်သမားတွေက လာလုတယ်ဆိုတာကတော့ မြန်မာတွေလုပ်နေရတဲ့ အလုပ်ဟာ သရီးဒီလို့ခေါ်တဲ့ ညစ်ပတ်၊ခက်ခဲ၊အန္တရာယ်ရှိတဲ့ ထိုင်းမလုပ်ချင်တဲ့အလုပ်တွေပါ။ မြန်မာတွေဟာ ဈေးဆိုင် လေးဖွင့်ရောင်းခွင့်တောင်မရှိပါဘူး။ သိပ်ပြီးရှင်းနေစရာတောင်မလိုပါ။ ဒုစရိုက်အမှုလို့ဆိုရာမှာလည်း မြန်မာတွေကျူး လွန်တာနဲ့စာရင် မြန်မာတွေကပဲ နေ့စဉ်နဲ့အမျှကျူးလွန်ခံနေရပါတယ်။ ဒါလည်းသိပ်ပြောနေစရာမလိုပါဘူး၊ အထင် အရှားပါပဲ။ နို်င်ငံမဲ့ကလေးတွေလို့ မြန်မာအလုပ်သမားတွေရဲ့ သားသမီးတွေကို ခေါ်ဝေါ်သုံးစွဲနေတာကလည်း စော်ကားရာရောက်ပါတယ်။ ဘယ်သူမှ သူ့နိုင်ငံထဲမှာတသက်လုံးမနေပါဘူး။ အခုလာနေတယ်ဆိုတာ သူတို့ကိုယ် တိုင်ကိုက လက်ခံထားလို့ပါ၊ ဒါရှင်းနေတာပါပဲ။ အိမ်ရှင်လက်မခံပဲနဲ့ ဘယ်ဧည့်သည်မှနေလို့မရပါဘူး။ ထိုင်းမြန်မာ နယ်စပ်ဟာ မိုင်ပေါင်းထောင်ချီပြီး ရှည်လျားထိစပ်နေလို့ မြန်မာတွေခိုးဝင်တာကို မတားဆီးနိုင်ပါဘူးလို့ ရဲမှူးတွေက အသံကောင်းဟစ်နေပါတယ်။

နယ်စပ်ကနေဘယ်လိုပဲ ခိုးဝင်ဝင် နောက်ဆုံးကားလမ်းတွေကိုပဲအသုံးပြုရတာပါ။ မိန်းလမ်းတွေမှာ ဒူးနှံ့ပြီး စောင့်နေရုံပါပဲ။ နောက်ပြီးလက်ခံအလုပ်ပေးမယ့်သူမရှိရင် ဘယ်သူမှဝင်လာလို့မရပါဘူး၊ ဒီမှာနေရတာရေကအစ ၀ယ်သောက်ရတာပါ။ ရွာမှာလို လမ်းဘေးရေအိုးစင်မှာသောက်၊ အလှူအိမ်မှာလိုက်စား၊ ဇရပ်မှာအိပ်လုပ်လို့မရပါဘူး။ သူတို့ကလက်ခံနေလို့သာ ၀င်လာလို့ရကြတာပါ။ လမ်းခရီးမှာခေါ်လာတဲ့သူတွေကရော ဘယ်သူတွေလဲ၊ ယူနီဖေါင်း ၀တ်တွေမပါပဲနဲ့ ဘယ်သူမှခေါ်သွားခေါ်လာလုပ်လို့ရတာမဟုတ်ပါဘူး။

အမှန်တကယ်တော့ ကျွန်တော်တို့တတွေဟာ ကိုယ့်အိမ်ကိုယ့်ယာရှိလျက်နဲ့ သူများအဆဲခံပြီးမှီခိုနေရတဲ့ဘ၀ တွေဖြစ်နေရတယ်။ မြန်မာလို့ပြောလိုက်တာနဲ့ အထင်သေးနှိမ်ချနေကြတာကို ခံနေရပါတယ်။ ထိုင်းမှာမှမဟုတ်ပါဘူး၊ တခြားနိုင်ငံတွေမှာ ဘယ်လိုပုံစံနဲ့ပဲအလုပ်လုပ်နေရပစေ ဒီလိုပဲအနှိမ်ခံကြရမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီလိုဘ၀ တွေကလွတ်မြောက်အောင်ဘာတွေ ဘယ်လိုလုပ်သင့်သလဲဆိုတာ အမြန်ဆုံးဆုံးဖြတ်လုပ်ကိုင်သင့်ကြပြီလို့ ယူဆပါ တယ်။ ရဖို့နဲ့ ၀ဖို့လောက်ပဲလုပ်နေကြတယ်ဆိုရင် ကျွန်တော်တို့လည်း န.အ.ဖ နဲ့ ထူးမခြားနားသာ ဖြစ်နေမယ်လို့ ထင်ပါကြောင်း ပြောလိုပါတယ်။ အခုလိုမြန်မာအလုပ်သမားတွေရဲ့ အဖြစ်အပျက်များကို တင်ပြရာမှာ ကျွန်တော့်ရဲ့ စာအရေးအသား ညံ့မှုကြောင့် အကြောင်းအရာတွေ ပေါ်လွင်သင့်သလောက်မပေါ်လွင်ခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် လုပ်စရာ လမ်းစလေးတွေ တွေ့မြင်မိလာမယ်ဆိုရင် ကြိုးစားရေးရကျိုးနပ်ပါပြီ။ ထင်မြင်ယူဆချက်တွေကို ကွန်မန့်၊စီဘောက်မှာ ချန်ထားခဲ့ပေးကြပါခင်ဗျား။ မင်္ဂလာပါ….

ဆက်ဖတ်ရန်ကျန်သေးသည်...

မုန်းတီးခြင်း၏သားကောင် ၎

မင်္ဂလာပါခင်ဗျာ။ အလုပ်နည်းနည်းရှုပ်သွားလို့ စာမရေးနိုင်ခဲ့ဘူး။ ကြိုးစားပြီးဆက်ရေးလိုက်ပါပြီ။ စီဘောက်မှာ မှတ်ချက်လေးတွေ ပေးသွားတဲ့ ဘလော့မိတ်ဆွေများနဲ့တကွ လာလည်သူအပေါင်းကို ကျေးဇူးတင်ပါတယ်။ ပြီးခဲ့တဲ့ ပို့စ်တုန်းက မြန်မာနိုင်ငံသားတွေ ထိုင်းထဲကိုလာရတဲ့ခရီးစဉ်အထိ ရေးခဲ့ပါတယ်။ အခက်ခဲအမျိုးမျိုးအကြောင်းလည်းပါ ၀င်ပြီးခဲ့ပါပြီ။ အဲဒါတွေကျော်ဖြတ်ပြီးတဲ့နောက် ထိုင်းထဲကိုရောက်လာပြီဆိုပါဆိုတော့။ လူခံဆွေမျိုးသားချင်းတွေရှိတဲ့ သူတွေအတွက် တော်တော်လေးအဆင်ပြေပါတယ်။ နေဖို့စားဖို့ကအစ အလုပ်အကိုင်တွေအတွက်ပါ ဘာမှစိတ်ပူစရာ မလိုပါဘူး။ ကိုယ့်လူခံတွေကပဲ စီစဉ်ပေးသွားပါတယ်။

သို့သော်အများစုက အလုပ်ရဖို့အတွက် အလုပ်သွင်းပေးတဲ့ ပွဲစားတွေကိုပဲမှီခိုရတာပါပဲ။ ဒီမှာ(အထူးသဖြင့် မဟာချိုင် စမွတ်စာခွန်)ကအင်မတန်ခေတ်စားတဲ့ စကားတစ်လုံးရှိပါတယ်။ “စမတ်ခ” ဆိုတဲ့စကားပါ။ အလုပ်သွင်းပေး ခ ပေါ့ဗျာ။ ၅၀၀ - ၁၃၀၀၀ ဘတ်အထိ ဈေးနှုန်းအမျိုးမျိုးရှိပါတယ်။ အဲဒါက အလုပ်သွင်းပေးခသတ်သတ်နော်၊ လမ်းစားရိတ်နဲ့မဆိုင်ဘူး။ ပျှမ်းမျှပေါက်ဈေးတွေကတော့ ၃၀၀၀-၅၀၀၀ ဘတ်လောက်ရှိပါတယ်။ အလုပ်ကောင်းရင် ကောင်းသလောက် ပွဲစားခတွေပေးရတတ်ပါတယ်။ အဲဒီပွဲစားခတွေကိုတော့ မြန်မာနိုင်ငံသားပွဲစားတွေနဲ့ အလုပ်ရုံထဲ က မန်နေဂျာ-စူပါဗိုက်စာ လိုလူတွေပူးပေါင်းပြီး ၀ါးစေဝေစားလုပ်ကြပါတယ်။ ဒါကလူခံရှိတဲ့သူတွေပါ။

လူခံမရှိပဲ ပွဲစားကအပြောကောင်းလို့၊ ဟိုမှာလည်းဆင်းရဲကျပ်တည်းလွန်းလို့ လာရတဲ့သူတွေကတော့ အများအားဖြင့် တဆင့်ခံရောင်းစားခံရပါတယ်။ ယောက်ျားလေးတွေဆို ငါးဖမ်းလှေထဲရောင်းတာခံရပါတယ်။ ငါးဖမ်း လှေဆိုလို့ ထိုင်းရေထဲမှာဆွဲတဲ့၊ တစ်လတခါ ကမ်းဝင်တတ်တဲ့လှေလိုမျိုးကို ပြောတာမဟုတ်ဘူး။ အင်ဒိုနီးရှားရေထဲ မှာသွားဆွဲတဲ့ သုံးနှစ်မှတခါ ထိုင်းပြန်ရောက်တဲ့ အင်ဒိုလှေကိုပြောတာပါ။ အဲဒီလှေတွေဟာ တော်ရုံနဲ့ကမ်းမကပ်ပါဘူး။ ပင်လယ်ထဲမှာပဲ ငါးတွေဆက်တိုက်ဖမ်းရပါတယ်။ ဖမ်းမိတဲ့ငါးတွေကိုသယ်ဖို့နဲ့ ဆီရိက္ခာပို့ဖို့အတွက် သီးသန့်ကဲ့လှေလို့ ခေါ်တဲ့လှေကရှိတော့ ကမ်းမမြင်လမ်းမမြင်နဲ့ ပင်လယ်ထောင်ကျ ပိုက်ဆံလည်းမရဆိုတော့ ဒယ်အိုးပူလို့ခုန်ချမှ မီးပုံနဲ့ တိုးဆိုတဲ့ စကားပုံလိုအဖြစ်မျိုးတွေပေါ့။

မိန်းကလေးတွေကတော့ ဟိုအရင်၉၀-၉၇ ခုနှစ်ပိုင်းတွေတုန်းက ပြည့်တန်ဆာရုံတွေမှာ ရောင်းစားတာတွေခံရ တတ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ လူတွေလည်းကြားဖူးနားဝတွေများလာလို့ အဲဒီနေရာတွေသိပ်မရောက်တော့ ပါဘူး။ ဒါပေမယ့် ရောင်းစားခံဘ၀ကတော့မလွတ်သေးဘူး။ ဘယ်သူတွေက၀ယ်လဲဆိုတော့ အလုပ်သမားအလွန်လို နေတဲ့အလုပ်ရှင်နဲ့ လူပွဲစားရဲ့ဆွေမျိုးအဆက်အနွယ်တွေက ၀ယ်ပါတယ်။ လူပွဲစားတွေအနေနဲ့ လမ်းစားရိတ်ကုန်ကျ ထားတာတွေကို အမြန်ဆုံးငွေပြန်ဖေါ်ချင်ကြပါတယ်။ ဒီတော့ခေါ်လာတဲ့သူတွေကို အလုပ်ရှင်တွေ ငွေလက်ငင်းပေး နိုင်တဲ့သူတွေဆီမှာပြန်ရောင်းချပါတော့တယ်။

အဲဒီလိုလူရောင်းစားတာတွေဟာ ၉၀-၂၀၀၂လောက်အထိ တော်တော်များများရှိနေခဲ့ပြီး ခုနောက်ပိုင်းမှာ လျော့ကျသွားပါတယ်။ လျော့ကျသွားတယ်ဆိုလို့ မရှိတော့ဘူးမဟုတ်ပါဘူး၊လွန်ခဲ့တဲ့ မတ်လ၂၀ရက်နေ့ကကို မဟာချိုင်က ပုစွန်ရုံတစ်ရုံမှာ အန်ဂျီအိုရဲ့တိုင်ကြားချက်နဲ့ ရဲဝင်ဖမ်းတော့ အဲဒီလိုရောင်းစားခံရတဲ့သူတွေ တွေ့ခဲ့ရပါ သေးတယ်။ ခေတ်ပြိုင်ထဲမှာလည်း သတင်းပါတာတွေ့ခဲ့ရတယ်။ အလုပ်ရှင်တွေက၀ယ်ထားရင် အ၀ယ်ခံရသူတွေကို ထွက်ပြေးမှာစိုးလို့ အလုပ်ဝင်းထဲကနေ အပြင်ကိုမပေးထွက်ပါဘူး။ ခြံဝင်းကိုလည်း သံဆူးကြိုးတွေနဲ့ကာ၊ ကင်မရာ တွေတပ် ပုံစံမျိုးစုံနဲ့ လှောင်ထားပါတယ်။ အခန်းကျဉ်းလေးတွေထဲမှာ ကျပ်ပိတ်သိပ်ပြီးနေရပါတယ်။

နေမကောင်းဖြစ်ရင်လည်းနားခွင်၊ ဆေးကုသခွင့်မရတဲ့အပြင် အလုပ်ပျင်းတယ်လို့စွပ်စွဲပြီး အဆူခံ၊အရိုက်ခံ ရ တတ်ပါတယ်။ ဒါကြောင့် အဲဒီလူတွေဟာ ကျန်းမာရေးတွေချို့ယွင်းပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ အထူးသဖြင့် တီဘီအဆုတ်ရောဂါတွေ ဖြစ်ကြ၊ကူးစက်ခံရနဲ့ ဖြစ်တတ်ပါတယ်။ အထက်ဖေါ်ပြပါအလုပ်ရုံထဲက အလုပ် သမားပေါင်း ၃၀၀ကျော်ထဲမှာ တီဘီဖြစ်နေသူ ၇၀ ယောက်ရှိနေတယ်လို့ သိရပါတယ်။ သူတို့တွေဖမ်းခံထိပြီးနောက် ဆေးကုသခွင့်ကို ဘယ်လောက်အတိုင်းအတာထိ ရကြမလဲမသိပါ။ အကယ်၍မြန်မာပြည်ပြန်ပို့ခဲ့ရင် အဲဒီတီဘီရောဂါ ကို ကုသနိုင်မယ့်လူတန်းစားမဟုတ်တာကြောင့် နီးစပ်သူတွေကို ရောဂါတွေထပ်ပျံ့ဦးမှာပဲလို တွေးမိပါသေးတယ်။

နောက်ထပ်အရောင်းစားခံအုပ်စုကတော့ ကိုယ့်နိုင်ငံသားအချင်းချင်းပါပဲ။ သူတို့ကဘာပိုထူးလဲဆိုတော့ နေစား ရိတ်၊ စားစားရိတ်တွေကိုပါ လခစားအမြတ်ယူခံရပါတယ်။ ၀ယ်ထားတဲ့သူက အ၀ယ်ခံထားရတဲ့သူတွေကို အလုပ်သွင်း ထားပေးပြီး နေထိုင်၊စား တာတွေကိုလည်း သူတို့ကပဲစီစဉ်ပေးပါတယ်။ သူတို့ကအခန်းတခန်းငှါးပြီး အဲဒီအခန်းမှာ အ၀ယ်ခံရသူတွေပေးနေ(ကျပ်ပိတ်သိပ်)၊ တနေ့ထမင်းနှစ်နပ်ကျွေး၊ အဲဒီအတွက်တစ်လကို ၁၅၀၀- ၁၈၀၀ လောက် လွတ်လွတ်ပေးရပါတယ်။ လစာထွက်ရင် ထမင်းဖိုးနဲ့ လမ်းစားရိတ်အကြွေးအတွက် အကုန်သိမ်းပါတယ်၊ ကိုယ်သုံးဖို့ အတွက်တော့ ၃၀၀-၄၀၀ လောက်ပဲပြန်ပေးတတ်ကြပါတယ်။ အဲဒီလိုတဆင့်ပြီးတဆင့်ရောင်းစားခံရသူတွေကတော့ လမ်းစားရိတ်အကြွေးကို ဆတိုးဆတိုးနဲ့ ဘတ်၂၅၀၀၀ ဆပ်ပေးရပါတယ်။

စာဖတ်သူများစဉ်းစားသာကြည့်ကြပါတော့ဗျာ။ တစ်လမှ ၅၀၀၀-၆၀၀၀ ဘတ်လောက်ပဲရတဲ့သူတွေက အဲဒီလို အမြတ်ကြီးစားတွေအတွက် ဘယ်လောက်ထိ ဘ၀တွေပေးဆပ်ခဲ့ရပါသလဲ၊ မျှော်လင့်ချက်တွေ တပုံတပင်နဲ့လာခဲ့ကြ ပေမယ့် လောကငရဲတွေနဲ့ပဲ ကြုံဆုံခဲ့ရတဲ့ဘ၀တွေအတွက် ဘယ်သူ့မှာအဓိကတာဝန်ရှိပါသလဲ။ စီးပွါးရေးပိတ်ဆို့မှု တွေကြောင့်လို့တော့ လာမပြောကြပါနဲ့။ ဒီမှာရှိနေတဲ့လူတွေ အတော်များများဟာ ကိုယ်ပိုင်လယ်၊ယာ၊ခြံ တွေရှိကြပါ တယ်။ ကိုယ့်မြေကိုယ့်ရေမှာ အေးချမ်းစွာနဲ့လုပ်စားချင်ကြပေမယ့် ရပ်တည်လို့မရနိုင်ခဲ့ကြပါဘူး။ ရေး-ထားဝယ်ရထား လမ်းကို ဘယ်သူတွေရဲ့လုပ်အားတွေနဲ့ဖေါက်ခဲ့ရပါသလဲ။ အင်မတန်ရင်နာစရာကောင်းလှပါတယ်။ အဲဒါကိုမှ သူတောင်းစား၊ဓါးမြကောင်တွေကို ကာဆီးကာဆီးလုပ်နေတဲ့သူတွေလည်းရှိနေကြသေးတယ်။

စာဖတ်သူတွေဘယ်လိုခံစားရသလဲတော့မသိပါ။ ကျွန်တော်ကတော့ ရေးရင်းနဲ့ကို ရင်ဆို့လာပါတယ်။ ရှေ့ဆက်ပြီး ဒီမြန်မာနိုင်ငံကအလုပ်သမားတွေအပေါ် ထားရှိတဲ့ထိုင်းနိုင်ငံရဲ့သဘောထားနဲ့ ဆက်ဆံပုံတွေကို ဆက်ပြီးရေးသွားပါမယ်။

ဆက်ရန်……..

ဆက်ဖတ်ရန်ကျန်သေးသည်...

မုန်းတီးခြင်း၏သားကောင် ၃

ကျွန်တော့်ရဲ့ဘလော့ကို လာရောက်ဖတ်ရှုခံစားပေးတဲ့ မိတ်ဆွေတွေ တိုးပွါးလာတဲ့အတွက် ၀မ်းသာကြည်နူး မိပါတယ်။ တဆက်တည်းမှာပဲ တကူးတက အချိန်ကုန်ခံလာလည်ပေးခြင်းကို လေးစားတန်ဖိုးထားတဲ့အနေနဲ့ ပို့စ်တွေ အဆက်မပြတ်ရေးရတော့မှာဖြစ်တဲ့အတွက် နည်းနည်းတော့စိတ်လေးမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ဟာ အခြားဘလော့ဂါများလို စာရေးကျွမ်းကျင်တဲ့သူ မဟုတ်လို့ပါပဲ။ ကြိုးစားပြီးတော့ရေးလိုက်ပါပြီ။ တွေ့တဲ့အားနည်း ချက်ကို အားမနာတမ်း ထောက်ပြဝေဖန်ပေးပါခင်ဗျာ။ စီဘောက်ထဲမှာ အားပေးစကားထားခဲ့ပေးတဲ့ ဧည့်သည်တော် များကိုလည်း အထူးကျေးဇူးတင်ပါတယ်။

မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲဝင်လာမှုတွေကို ရေးပြီးခဲ့ပါပြီ။ အခုဆက်ရေးမှာက ၀င်လာတဲ့လမ်းကြောင်း တွေနဲ့ ၀င်လာပုံပါ။ ထိုင်းမှာလာပြီးအလုပ်လုပ်ဖို့အတွက် ဦးစွာအဆက်အသွယ်ရှာရပါတယ်။ အဆက်အသွယ်နှစ်မျိုးရှိ ပြီး ပထမတစ်မျိုးကတော့ ထိုင်းမှာရောက်နေပြီးအခြေကျနေတဲ့ ဆွေမျိုးမိတ်ဆွေနဲ့ နောက်တမျိုးကတော့ အကြွေးနဲ့ ခေါ်သွားမယ့် ပွဲစားပါ။ ဘာပဲဖြစ်ဖြစ် ပွဲစားနဲ့ပဲသွားရတာပါပဲ၊ လက်ငင်းကဈေးနည်းနည်းသက်သာပါတယ်။ ၉၀-၉၆ နှစ် တွေတုန်းက ပွဲစားတွေဟာ လက်ငင်းပေးတာတောင်လက်မခံတတ်ကြပါဘူး၊ အကြွေးနဲ့ပဲခေါ်ပါတယ်။ သူတို့အမြတ်ပို ရအောင်လို့ပါ။ အဲဒီအချိန်တုန်းက ပွဲစားတွေဟာ မြို့တွေရွာတွေမှာ တဆင့်ခံပွဲစားထားပြီး လူစုခေါ်ပါတယ်။ မစားရ၀ခ မန်းမက်လုံးတွေနဲ့ ထိုင်းနိုင်ငံဆိုတာ ပဒေသာပင်တွေပေါက်နေသလိုမျိုး လှည့်ဖျားခဲ့တာပါ။

ပွဲစားကအယုံသွင်းလို့ပဲဖြစ်ဖြစ်၊ အခြေကျနေတဲ့ဆွေမျိုးတွေကခေါ်လို့ပဲဖြစ်ဖြစ် ထိုင်းကိုလာတဲ့အခါ အိမ်ကစ ထွက်တာနဲ့ ဒုက္ခဆင်းရဲတွေ့ရပါပြီ။ သိတော်မူကြတဲ့အတိုင်း ရွှေမြန်မာနိုင်ငံတော်ကြီးက ယူနီဖေါင်းဝတ်သူတောင်းစား လိုလို အေးဓါးပြလိုလိုကောင်တွေ ညစ်ပတ်ငွေညှစ်ခြင်းနဲ့ တွေ့ရပါပြီ။ ဗမာစကားကောင်းကောင်းမတတ်တဲ့ တိုင်းရင်း သားတွေဆို ပိုပြီးဒင်းတို့ဒဏ်ခံရပါတယ်။ ကော့သောင်းလမ်းဆို လှေလမ်းကလာရတဲ့အတွက် ကော့သောင်းရောက်တဲ့ အခါ လှိုင်းမူးတဲ့ဒဏ်အပြင်၊ ဆိုင်ကယ်သမားတွေ၊ ရဲ၊ မီးသတ်တွေရဲ့ ငွေညှစ်ခြင်းကို တော်တော်ခံရပါတယ်။ လှေထဲ မှာလည်း လာရတဲ့သုံးလေးရက်အတွင်း မစားနိုင်၊မသောက်နိုင် လှိုင်းမူးပြီးအော့အန် မိုးရွာရွာနေပူပူငုတ်တုတ်ထိုင်(လူ နှစ်ရာလောက်သာဆန့်တဲ့လှေကို လူငါးရာ၊ခြောက်ရာလောက်တင်ထားလို့ ကျောချဖို့တောင်နေရာမရှိ) ပြီးလာရ၊ ကမ်း ရောက်တော့လည်း ဓါးပြတွေနဲ့တွေ့ ရင်နာစရာကောင်းလှပါတယ်။ မျှော်လင့်ချက်အတွက်ကြောင့်သာ သည်းခံပြီးလာ ခဲ့ရခြင်းဖြစ်ပါတယ်။

မွန်၊ ကရင်၊ တနင်္သာရီ ဒေသကနေ ထိုင်းထဲကိုဝင်တဲ့ အဓိကလမ်း သုံးလမ်းရှိပါတယ်။ ကော့သောင်း-ရနောင်း လမ်း၊ မြ၀တီ-မဲဆောက်လမ်း နဲ့ ဘုရားသုံးဆူလမ်းတို့ဖြစ်ပါတယ်။ ရှမ်းပြည်နယ်ကနေတဆင့် ၀င်တဲ့လမ်းကိုတော့ ကျွန်တော်သေချာစွာမသိပါခင်ဗျာ။ ထိုင်းနယ်စပ်ကိုရောက်တာနဲ့ မြန်မာပွဲစားက ထိုင်းပွဲစားကိုအပ်လိုက်ပါတယ်။ ထိုင်း ပွဲစားကပဲ သွားလာဖို့အတွက်စီစဉ်ရပါတယ်။ အဲဒီလူတွေကလည်း အများအားဖြင့် ထိုင်းရဲ(သို့) ရဲနဲ့ချိတ်ဆက်ထားသူ တွေပါ။ ဘုရားသုံးဆူနဲ့ မဲဆောက်လမ်းတွေမှာဆိုရင် ရဲဂိတ်တွေကို ကွေ့ပတ်ကျော်ဖို့အတွက် တောတွေဖြတ်၊ တောင် တွေတက်နဲ့ သွားရပါတယ်။ အဲဒီမှာနယ်ခံလူတွေက လမ်းပြလုပ်ပေးပါတယ်၊ နွားမှောင်ခိုခေတ်က နွားအုပ်တွေကို တောတောင်ဖြတ်မောင်းသလိုပါပဲ။

တချို့ဆိုအဲဒီတောတွေထဲမှာ ၁၀-၁၅ ရက်ကနေ ၁လ အထိကြာနေတတ်ပါတယ်။ စားစရာဆိုလို့ ကံကောင်း ရင် ခေါက်ဆွဲခြောက်အထုပ်ကို ဒီအတိုင်းချိုးဖဲ့ပြီးစားရပါတယ်။ ဘာမှမရှိရင် တောထဲမှာတွေ့ရာစားပါပဲ။ အဲဒီလိုတော ထဲမှာဖြတ်နေတဲ့အချိန်မှာ နယ်စောင့်တပ်တွေနဲ့တိုးရင်တော့ အပစ်ခံရတတ်ပါတယ်။ လူမသိသူမသိသေသွားသူတွေ မနည်းလှပါဘူး။ ဒါမှမဟုတ် ငှက်ဖျားမိတတ်ပါတယ်၊ အချို့နှလုံးရောဂါလို ရောဂါအခံရှိတဲ့သူတွေ အမောဆို့ပြီး အသက်ဆုံးခဲ့ရပါတယ်။ တောတောင်တွေဖြတ်တာ အများအားဖြင့် ညဘက်တွေမှာဖြတ်ရတာနော်။ နေ့ဘက်ဆိုရင် လှည့်ကင်းတွေနဲ့ တွေ့တတ်လို့ပါ။ ဟိုကောင်တွေကလည်း ပစ်ပြီးမှဘယ်သူလဲလို့မေးတတ်တဲ့ကောင်တွေလေ။ အဲဒီအ ဆင့်ကိုကျော်ပြီးရင် ကားလမ်းပေါ်ရောက် ကားစီးလို့ရပါပြီ။ ဇိမ်ရှိရှိစီးရမယ်လို့မထင်နဲ့၊ ဟိုင်းလပ်ကားတစ်စီးဆို လူ၁၀ ယောက်ကနေ အယောက်၂၀-၃၀ အထိတင်တတ်ကြတယ်။

ပစ္စည်းပါရင် လူနည်းပြီး၊ ပစ္စည်းမပါရင် လူများတတ်တယ်။ ပစ္စည်းဆိုတာ ဥပမာ- လူတွေကို သံလှောင်အိမ်ထဲ မှာထည့် အပြင်ကအုန်းသီး(သို့) ဟင်းသီးဟင်းရွက်တွေပိတ် အဲလိုမျိုးဗျ။ တချို့ကလဲ သစ်သားဗီဒိုတွေကို ထပ်ပြီးတင်၊ ဗီဒိုတစ်လုံး နှစ်ယောက်နှုန်းနဲ့ အိပ်ပြီးလိုက်ရတယ်။ ဗီဒိုထဲမှာ အသက်ရှူကျပ်ပြီး သေသွားတဲ့လူလည်းရှိပါတယ်။ အများအားဖြင့် မဲဆောက်လမ်းက အဲဒီလိုအခက်အခဲတွေ အများဆုံးကြုံရတယ်။ ဘုရားသုံးဆူလမ်းလည်း တော တောင်ဖြတ်ရတယ်။ ရနောင်းလမ်းဘက်ကတော့ အဲဒီလောက်မဆိုးတတ်ပါဘူး။ ဒါကြောင့်ထိုင်းကိုရောက်ပြီးရင် တော် ရုံနဲ့ မပြန်ချင်ကြတော့ဘူး။ အပြန်လွယ်ပြီးအလာခက်လွန်းလို့ပါ။ တချို့မိန်းကလေးတွေလည်း လမ်းထဲမှာ ပွဲစား(ထိုင်း၊ မြန်မာ) ကခြေတော်တင်တာ ခံရတတ်ပါတယ်။ ရှက်ပြီးရေငုံနှုတ်ပိတ်နေကြတာပဲများပါတယ်။ ကဲ..ဒီလိုအခက်အခဲ တွေကျော်လွန်ပြီး ထိုင်းထဲကိုရောက်ခဲ့ရပါပြီ။ ဘာတွေဆက်ကြုံဦးမှာလဲဆိုတာ နောက်အပိုင်းမှာဆက်ရေးသွားပါမယ်။ ဖတ်ရတာလဲ အတော်လေးရင်မောစရာကောင်းနေမှာပါ၊ နောက်နေ့အတွက်ချန်ထားလိုက်ပါဦးခင်ဗျာ…

ဆက်ရန်……..

ဆက်ဖတ်ရန်ကျန်သေးသည်...

မုန်းတီးခြင်း၏သားကောင် ၂

ဗမာများနဲ့ တိုင်းရင်းသား လူမျိုးစုတို့ရဲ့အကြောင်းကို ဆက်ပြီးရေးချင်ပါသေးတယ်။ သို့သော် “ပေါ့စေလို၍ ကြောင်ဆေးထိုးမှ ဆေးအတွက်လေးရတယ်” ဆိုရိုးစကားလိုလည်း ဖြစ်သွားမှာကို စိုးရိမ်မိပါတယ်။ တချို့ကိစ္စတွေမှာ ကိုယ်ကမှန်တယ်လို့ထင်နေပေမယ့် သူ့ဖက်ကကြည့်ရင်မှားတယ်လို့ ယူဆလာနိုင်စရာ တွေဖြစ်တတ်လို့ပါ။ နောက်ပြီး ကျွန်တော်အနေနဲ့ လက်တွေ့ဘ၀မှာလည်း တိုင်းရင်းသားလူမျိုးစု တစ်မျိုးနှစ် မျိုးနဲ့သာ ရင်းနှီးမှု၊ လေ့လာထားမှု တွေရှိတဲ့အတွက် ခြုံငုံပြီးရေးရမှာကို ၀န်လေးပါတယ်။ ဒါကြောင့် စာဖတ်သူတွေထဲမှာ တိုင်းရင်းသားတွေပါခဲ့ရင်၊ အမြင်တွေကိုဖလှယ်ဆွေးနွေးချင်ရင် စီဘောက်/ကွန်မန့်ထဲ မှာရေးခဲ့ပေးပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။

အခုလက်ရှိ ထိုင်းလို တန်ဒေါင့် အင်္ဂလိပ်လို မိုင်ဂရန့်လို့ခေါ်နေကြတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားတွေအကြောင်းနဲ့ အဲဒီအလုပ်သမားတွေရဲ့အပေါ် ထိုင်းတွေထားရှိတဲ့ သဘောထားတွေကို လက်လှမ်းမီသလောက် တင်ပြသွားပါမယ်။ ကျွန်တော်လေ့လာမိသလောက်ကတော့ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့လာခဲ့တာ နှစ်ပေါင်းလေးဆယ်ကျော်လောက် ရှိခဲ့ပါပြီ။ အစောပိုင်းကာလတွေမှာ ထိုင်း-ကမ်ပူးချားနယ်စပ်တွေမှာရှိတဲ့ ပတ္တမြားတွင်းတွေမှာ၊ အထူးသဖြင့် ခမာနီ နယ်မြေထဲမှာ တွင်းတူးသမားအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့ကြပါတယ်။

ကန်ချနဘူရီလို့ခေါ်တဲ့ ခရိုင်ထဲမှာလည်း ခဲမိုင်းလုပ်သားအဖြစ်နဲ့ လုပ်ခဲ့ကြပါတယ်။ အလုပ်သမားအများစု ဟာ နိုင်ငံရေး၊ တော်လှန်ရေးနဲ့ ပတ်သက်မှုရှိသူတွေဖြစ်ကြပါတယ်။ ပြည်ချစ်တပ်၊ ကွန်မြူနစ်တပ်၊ မွန်၊ ကရင်တိုင်းရင်းသားတပ်၊ နေ၀င်းတပ် အစရှိတဲ့ တပ်တွေထဲက အကြောင်းအမျိုးမျိုးကြောင့် ထွက်လာသူ တွေဖြစ်ကြပါတယ်။ သာမန်အရပ်သားကတော့ အလွန်နည်းပါတယ်။ ဒုစရိုက်မှုတွေကြောင့် ရှောင်တိမ်းလာ သူတွေလည်းရှိခဲ့ကြပါတယ်။ အဲဒီအချိန်က ထိုင်းနဲ့မြန်မာစီးပွါးရေးအခြေချင်း ကွာဟမှုသိပ်မရှိသေးပါ။ ငွေလဲလှယ်နှုန်းမှာ မြန်မာငွေကပိုမြင့်နေပါသေးတယ်။ ဒါကြောင့် သာမန်အရပ်သားတွေ သိပ်မလာတာလို့ ကျွန်တော်ယူဆပါတယ်။

အဲဒီအချိန်က မြန်မာနိုင်ငံသားတွေဟာ ခမာနီစစ်ပွဲကြား မိုင်း၊ဗုံး၊အမြှောက်၊ ထောင်ချောက်၊အဆိပ်တွေကြား မှာ သက်စွန့်ဆံဖျား ရုန်းကန်ခဲ့ရပြီး အသက်ဆုံးရှုံးခဲ့ရသူတွေ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသူတွေ အများကြီးပါ။ အဲဒီကြားမှာမှ ကံကောင်းလို့ကျောက်အောင်ခဲ့ရင် ဈေးကောင်းကောင်းနဲ့ အန္တရာယ်မရှိပဲ ရောင်းနိုင်ဖို့လိုပါ သေးတယ်။ ငွေရလာရင်လည်း ထိန်းသိမ်းနိုင်ဖို့၊ အိမ်ပြန်ပို့မယ်ဆိုရင်လည်း လို့ပေးတဲ့လူကြုံစိတ်ချရဖို့ အဆင့်တွေအများကြီး ကျော်ဖြတ်ရပါသေးတယ်။ သူတို့တွေ ဘယ်လိုစိတ်ဓါတ်အင်အားတွေနဲ့ ရုန်းကန်လှုပ် ရှားခဲ့ပါသလဲဆိုတာ အင်မတန်မှစိတ်ဝင်စားစရာကောင်းလှပါတယ်။

အဲဒီနောက် ဆယ်စုနှစ်ကျော်လာတဲ့အခါ သာမန်အရပ်သားတွေဝင်ရောက်လာမှု တဖြေးဖြေးတိုးလာခဲ့ပါ တယ်။ ထိုင်းကလဲ စီးပွါးရေးဖွံ့ဖြိုးစပြုလာပြီး ဆောက်လုပ်ရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ အလုပ်သမားလိုအပ် ချက်တွေ မြင့်တက်လာပါတယ်။ 8888 အရေးအခင်းပြီးတဲ့နောက် 90 ခုနှစ်ကနေစလို့ မြန်မာနိုင်ငံသားတွေ ရဲ့ဝင်ရောက်လာမှုတွေဟာ တဟုန်းထိုးမြင့်တက်လာခဲ့ပြီး 95-96 ဗစ်စစ်မြန်မာရီးယားလို့ န.၀.တ တို့ကြွေး ကြော်နေချိန်မှာ ထိုင်းမှာအလုပ်လုပ်ဖို့အတွက် မြန်မာနိုင်ငံသားတွေက လူပွဲစားကို နှစ်ကျပ်ခွဲနှုန်းနဲ့ပေးပါ့မယ် လို့ တောင်းပန်နေရတဲ့ခေတ်ပါ။ နှစ်ကျပ်ခွဲဆိုတာ ရွှေကိုပြောတာနော်၊ တစ်ချို့ဆို သုံးကျပ်အထိပေးရတယ်။ ပွဲစားတွေကခေါ်လာ ဒီမှာရရာအလုပ်သွင်း၊ လုပ်အားခကို ရွှေဈေးနဲ့ချိန်ပြီး ဆပ်ပေးရတယ်။

အကယ်၍ အလုပ်ကလည်းအဆင်ပြေတယ်၊ ရဲပုလိပ်၊ ဓါးပြရန်ကလည်း ကင်းဝေးတယ်ဆိုရင် ရွှေတွဲလွဲ ငွေတွဲလဲဖြစ်ပါတယ်။ လူပွဲစားတွေအတွက်လည်း ပြယုဂ်ကောင်းရပြီး လုပ်စားဖို့လမ်းပွင့်သွားပါတယ်။ အဲဒီအချိန်ကစလို့ ပွဲစားတွေ ခေတ်ထလာတာ အခုအချိန်ထိတိုင်အောင်ပါပဲ။ ကောင်းတဲ့ပွဲစား၊ ယုတ်တဲ့ပွဲစား ပွဲစားစုံလင်၊ လောကတခွင်လို့ စာချိုးရမတတ်ပါ။ ယုံမှတ်လို့ ပုံအပ်ခဲ့သူတွေ၊ ယောက်ျားလေးကိုလှေမှာ ရောင်း မိန်းကလေးတွေဆို ဖါရုံမှာရောင်း ဘ၀ပေါင်းများစွာလည်းဆုံးရှုံခဲ့ရပါတယ်။ အိမ်ကစထွက်လာ ကတည်းက ဒုက္ခတွေနဲ့ရင်းနှီးခဲ့ရပြီး ဘ၀ကိုအလောင်းအစားလုပ်ခဲ့ရသူတွေပါ၊ အရင်းစစ်တော့ အမြစ်မြေ ပေါ့လေ။

ဆက်ရန်……

ဆက်ဖတ်ရန်ကျန်သေးသည်...

ငါးကြင်းခေါင်းကို ကိုင်ကြည့်ခြင်း

lယခုအခါ၌ ကျွန်ုပ်တို့နိုင်ငံရေးအသိုင်းအ၀ိုင်းများတွင် ကန့်ကွက်ခြင်းနှင့် ကန့်ကွက်မဲပေးခြင်းဟူ၍ အယူအဆနှစ်မျိုး ပေါ်ထွက်လျက်ရှိပေသည်။ ထိုသို့အမြင်နှစ်မျိုးဖြစ်ရာတွင် အကြောင်းပြချက်အမျိုးမျိုး ရှိနေကြပါသည်။ ကျွန်ုပ်သည်လည်း ဤနေရာမှနေ၍ ကျွန်ုပ်၏အတွေးအမြင်ကို တင်ပြချင်ပါသည်။ သို့ ရာတွင် ကျွန်ုပ်သည် ပညာရှင်၊ ဗဟုသုတပြည့်စုံသူ မဟုတ်ပေ။ ထို့ကြောင့်လည်း “ငွေတမတ်နှင့်ငါးကြင်း ခေါင်းတက်ကိုင်သည် ” ဟူသော စကားဥပမာကိုပင် ခေါင်းစဉ်ယူလိုက်ပါမည်။ တခုပြောလိုသည်မှာ ကျွန်ုပ်သည် ပေါ်ပင်လိုက်၍ ဤစာကိုရေးသည်ဟု မထင်စေလိုပါ။ စစ်အာဏာရှင်များကို ကျွန်ုပ်က မည်သို့သဘောထားသည်ဟု ပြောလိုရင်းသာ အဓိကဖြစ်ပါသည်။
စစ်အာဏာရှင်တို့၏ သက်တမ်းတလျောက်တွင် အမျိုးသားညီလာခံ၊ အခြေခံဥပဒေ ဟူသော စကားလုံးနှစ်လုံးကို တွင်တွင်သုံး၍ မြန်မာပြည်သူများနှင့်တကွ ကမ္ဘာ့လူထုကြီးကိုပါ လှည့်စားပြီး အာဏာသက်တမ်းကို ဆွဲဆန့်ထားခဲ့ကြပါသည်။ ယခုလက်ရှိတွင်လည်း ထိုနည်းအတိုင်းပင်ဖြစ်ပါသည်။ ၎င်းတို့၏ဦးတည်ချက်မှာ အာဏာစည်းစိမ်ဥစ္စာကို မဆုံးရှုံးရေးပင်ဖြစ်သည်။ ချီးကျူးစရာကောင်းသည်မှာ ၎င်းတို့၏ဦးတည်ချက်ကို မည်သို့သောအကြောင်းကြောင့်မဆို မယိမ်းယိုင်စေခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့ တွင် ထိုအရည်အချင်းမျိုး အားနည်းလျက်ရှိသည်ဟု ရိုးသားစွာယူဆပါသည်။
ဒေါက်တာလွဏ်းဆွေက မူကြိုကလေးများနှင့် ရောင်စုံဘော်လုံးကို ဥပမာပြု၍ သတိပေးထားပါ သည်။ ကျွန်ုပ်တို့တွင် ဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စု စသောစနစ်မျိုးလိုချင်သည်။ လွယ်ကူစွာပြော ရလျှင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေလိုသည်။ သို့သော် ကျွန်ုပ်တို့၏ဦးတည်ချက်သည် စစ်အာဏာရှင် တို့၏ လှုပ်ရှားမှုကိုလိုက်၍ ပီပြင်လာလိုက်၊ မှုန်ဝါးနေလိုက် ဖြစ်နေသည်ဟု ထင်ပါသည်။ ကျွန်ုပ်တို့ ပြတ် ပြတ်သားသား ပြုလုပ်သင့်ကြပြီဟု ယူဆပါသည်။ စစ်အာဏာရှင်များက တွေ့ဆုံဆွေးနွေးရေး၊ နိုင်ငံတ ကာဖိအားပေးမှု၊ စသည်တို့ကို လုံးဝဂရုမစိုက်ကြောင်း၊ နောက်ဆုံး အာဏာနှင့်ပတ်သက်လာလျှင် ရတနာသုံးပါးကိုပင် စော်ကားပြစ်မှားဖို့ရန် ၀န်မလေးကြောင်း ထင်ထင်ရှားရှားပြခဲ့ပြီဖြစ်ပါသည်။
ကျွန်ုပ်တို့အနေဖြင့် ယခုလိုအချိန်အခါတွင် ကျွန်ုပ်တို့၏ဦးတည်ချက် ဖြစ်မြောက်စေရေးအတွက် ရဲရင့်ပြတ်သားစွာ ပြုမူသင့်ကြပါပြီ။ ၎င်းတို့ခင်းပေးနေသောလမ်းကို လှည့်စားမှန်းသိလျက်နှင့် မျှော်တော် ယောင်ပြုလုပ်နေရန် မသင့်တော်တော့ပေ။ ဗိုလ်ချုပ်အောင်ဆန်း၏ အနီးကပ်ဆုံးရန်သူကိုရှာပြီးတိုက်ကြ ဟူသောရဲရဲတောက်မိန့်ခွန်းသည် ယနေ့ထက်တိုင် ခေတ်မီဆဲ အသုံးဝင်ဆဲပင်ဖြစ်ပါသည်ဟုပြော လိုပါသည်။ ယခုအခါ၎င်းတို့အကွက်ဖေါ်သည့်အတိုင်း တစ်သံတည်းထွက်နေရာက နှစ်သံဖြစ်သွားပါပြီ။ ကျွန်ုပ်အနေဖြင့် ပြတ်ပြတ်သားသားဆန့်ကျင်တိုက်ခိုက်ရန်ကိုသာ လက်ခံယုံကြည်မိပါသည်။ တိုက်ပွဲပုံ စံကိုသာ မိမိတို့တတ်နိုင်သလို ရွေးချယ်ရပါမည်။ သို့သော်အပျော့ဆွဲလမ်းစဉ်ကို မပြုလုပ်သင့်ကြောင်း အကြံပေးတင်ပြအပ်ပါသည်။

မှတ်ချက်။ ။ ကျွန်ုပ်သည် စစ်အာဏာရှင်ဟုသာ သုံးနှုန်းသွားပါမည်။ စစ်အစိုးရဟုမခေါ်ပါ။ ၎င်းတို့ကို အစိုးရအဖြစ် လုံးဝအသိအမှတ်မပြုသောကြောင့် ဖြစ်ပါသည်။

ဆက်ဖတ်ရန်ကျန်သေးသည်...

မုန်းတီးခြင်း၏သားကောင် (သို့မဟုတ်) ဗမာ

ကျွန်ုပ်တို့ မြန်မာနိုင်ငံတော်ကြီးသည် ရှေးယခင်နှစ်ပေါင်းများစွာ ကာလကတည်းကပင် တည်ရှိခဲ့ပြီး စာပေ၊ ယဉ်ကျေးမှု၊ ဘာသာတရားတို့ ထွန်းကားခဲ့ပြီး အဆင့်တန်းမြင့်သော နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပါသည်။ သို့သော် အင်္ဂလိပ်ကျွန်၊ ဂျပန်ကျွန် နှင့် စစ်ကျွန်ဘ၀အောက် သို့ နှစ်ပေါင်းများစွာ ကျရောက်ခဲ့ပြီးနောက် ယနေ့မြန်မာ နိုင်ငံတော်ကြီးသည် အလွန် ၀မ်းနည်းဖွယ်ကောင်းလောက်အောင် စိတ်ဓါတ်၊ ပညာ၊ စည်းကမ်း စသည့် လူသားတို့၏ အသိပညာပိုင်းဆိုင်ရာတို့တွင် ကမ္ဘာ့အလယ်၌ မျက်နှာငယ်ဖွယ် အောက်ကျနောက်ကျ ဖြစ်ခဲ့ရ ပါသည်။

အထူးသဖြင့် စစ်ကျွန်ဘ၀ဖြစ်ခဲ့သော 1962 ခုနှစ်မှ ယနေ့မျက်မှောက်ကာလထိ အချိန်များတွင် မြန်မာနိုင်ငံ သားဖြစ်ရခြင်းသည် ကမ္ဘာ့အလယ် အလွန်မျက်နှာငယ်ရသော၊ နိမ့်ကျသည့်လူမျိုးများအဖြစ်သို့ ရောက်ရှိသွား ခဲ့ရပါသည်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံသား အချင်းချင်းထဲမှာပင် ဗမာလူမျိုးများကို အခြားသောတိုင်းရင်း သားလူမျိုးများက ၀ိုင်းမုန်းနေသောအဖြစ်ကိုလည်း ကြုံတွေ့နေရပြီဖြစ်ပါသည်။ ထိုကဲ့သို့ဖြစ်နေရခြင်းသည် ဗမာများအတွက်လည်း အကျိုးမရှိ၊ တိုင်းရင်းသားများအတွက်လည်း အကျိုးမရှိပဲ လက်ရှိ စစ်အာဏာရှင်များ အတွက်သာ အကျိုးများစွာ ဖြစ်ထွန်းလျက်ရှိပါသည်။

ဦးစွာတိုင်းရင်းသားများ ဗမာကိုမုန်းရသော အကြောင်းအရင်းကိုလေ့လာကြည့်ပါက ၎င်းတို့၏ငယ်စဉ်ဘ၀တွင် ဘုန်းတော်ကြီးများအပါအ၀င် မိဘဆရာသမားများက ဗမာများသည် အလွန်ရက်စက်ကြောင်းနှင့် မိမိတို့၏ နိုင်ငံကို မတရားသိမ်းထားကြောင်း၊ တချိန်က မိမိတို့သည် ကိုယ့်မင်းကိုယ့်ချင်းနှင့် နေလာခဲ့ရကြောင်း စသည် မှစ၍ သင်ကြားခံခဲ့ရပါသည်။ ထို့အပြင် လက်တွေ့အနေဖြင့်လည်း ဗမာစစ်တပ်၏ ရက်စက်ယုတ်မာမှုများကို လည်း ကြုံတွေ့နေရသဖြင့် (ဥပမာ - လုပ်အားပေး၊ပေါ်တာ၊ရွာမီးရှို့) ဗမာမုန်းသည့်စိတ်ဓါတ်များ ကိန်းအောင်း နေခဲ့ခြင်း ဖြစ်ပါသည်။

အထူးသဖြင့် ပဒေသရာဇ်ခေတ်က ကိုယ်ပိုင်ပြည်ရှိခဲ့ကြသည့် ရခိုင်၊ မွန်၊ ရှမ်း စသည့်လူမျိုးများသည် ဗမာမုန်း တီးရေးစိတ်ဓါတ်များ လွန်စွာပြင်းထန်သည်ဟု ဆိုရမည်ဖြစ်သည်။ ကျွန်ုပ် မြန်မာနိုင်ငံတွင်နေထိုင်ခဲ့စဉ် ကာလ က တိုင်းရင်းသားများဗမာလူမျိုးကို မုန်းတီးနေသည်ဟု မသိခဲ့ပါ။ ကျွန်ုပ်ကဲ့သို့ပင် ဗမာလူမျိုးများသည်လည်း တိုင်းရင်းသားများက ၎င်းတို့ကို မုန်းတီးနေကြသည်ဟု မသိခဲ့ကြပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့အား မည်သည့် ဆရာမိဘများက ဗမာဆိုသည်မှာ အခြားသောလူမျိုးများထက် မြင့်မြတ်ကြောင်း၊ ခွဲခြားဆက်ဆံ သင့်ကြောင်း အစရှိသည်ဖြင့် သင်ကြားခြင်းမပြုခဲ့ပေ။

သို့သော် ကျွန်ုပ်ထိုင်းနိုင်ငံတွင် အလုပ်သမားဘ၀အဖြစ် လာရောက်အလုပ်လုပ်သောအခါ ဗမာမုန်းတီးရေးဝါဒ ကို နဖူးတွေ့ ဒူးတွေ့ ကြုံခဲ့ရပါသည်။ အစတွင်လွန်စွာ အံ့သြခြင်းဖြစ်ခဲ့ရသည်။ ထို့နောက်လွန်စွာစိတ်ဆိုးပြီး ထို သူများကိုလည်း ပြန်လည်မုန်းတီးမိပါသည်။ ယခုနောက်ပိုင်းတွင် စာပေများပြန်လည်လေ့လာခြင်း၊ လက်တွေ့ ပေါင်းဖေါ်ဆက်ဆံခြင်း စသည့်အတွေ့အကြုံများကြောင့် တိုင်းရင်းသားများကို ကျွန်ုပ်စာနာ နားလည်မှုထား လာနိုင်ပါသည်။ မြန်မာနိုင်ငံ၌ နေထိုင်ခဲ့စဉ်ကာလက ကျွန်ုပ်၏သူငယ်ချင်းများစွာတို့သည် တိုင်းရင်းသားများ သာဖြစ်ခဲ့ကြသည်။ ယခုအချိန်တွင်လည်း ကျွန်ုပ်တွင် တိုင်းရင်းသား အသိမိတ်ဆွေများ များစွာပင်ရှိနေပါသည်။

ပြန်လည်ဆန်းစစ်ကြည့်လျှင် တိုင်းရင်းသားများထဲမှ ဗမာနှင့်ရင်းနှီးစွာပေါင်းသင်းဆက်ဆံသူသည် ဗမာလူမျိုး ကို အကြောင်းမဲ့မုန်းသည့်စိတ် မရှိတော့ခြင်းကိုတွေ့ရပါသည်။ ဗမာလူမျိုးများသည်လည်း ၎င်းတို့ကဲ့သို့ စစ် တပ်၏ကျေးကျွန်ဘ၀၊ အနှိမ်ခံဘ၀သာဖြစ်သည်၊ ရန်သူအစစ်မှာ စစ်အာဏာရှင်များသာဖြစ်သည်ဟု ခွဲခြားသိ မြင်လာကြပါသည်။ သမာသမတ်ကျစွာ တွေးကြည့်လျှင် (ကြိုတင်ပြောလိုသည်မှာ ကျွန်ုပ်တွင် ဗမာသွေး တမတ်သား သာပါဝင်သည်၊ တိုင်းရင်းသားသွေးအများစု ဖြစ်သည်။) ဗမာလူမျိုးဆိုသည်မှာ အေးအေးဆေး ဆေးနှင့် ပျော်ပျော်နေတတ်သည့် စရိုက်ရှိသောလူမျိုးများသာဖြစ်သည်။ ယေဘူယျအားဖြင့် မည်သူ့ကိုမှ ခွဲခြား ဆက်ဆံခြင်း၊ ရေရှည်နာကြည်းမုန်းတီးခြင်း မရှိတတ်ပေ။ မေ့လွယ်ပျောက်လွယ်တတ်သည့် ကောက်ရိုးမီး သဖွယ် စိတ်ဓါတ်များရှိတတ်ကြသည်။

ထို့အပြင် အရည်အချင်းရှိပါက ခေါင်းဆောင်တင်ရန်၊ ထောက်ခံအားပေးရန်၊ အသိအမှတ်ပြုရန် ၀န်လေးခြင်း မရှိတတ်ပါ။ ဥပမာအားဖြင့် - အင်းဝခေတ်တွင် သိုဟန်ဘွား(ရှမ်းလူမျိုး)ကို ဘုရင်အဖြစ်တင်ထားခြင်း၊ ထိုဘုရင်က တိုင်းသူပြည်သားများကို နှိပ်စက်ပြီး၊ သာသနာပါကိုစော်ကားသဖြင့် မင်းကြီးရန်နောင်က လုပ်ကြံ သတ်ဖြတ်ပြီးလျှင် နောက်ထပ်ရှမ်းစော်ဘွားကို ဘုရင်အဖြစ်တင်ပေးခြင်း၊ လွတ်လပ်ရေးရသောခေတ်တွင် သမတအဖြစ် စ၀်ရွှေသိုက်၊ မန်းဝင်းမောင်၊ စသည့်တိုင်းရင်းသားတို့ကို ခန့်အပ်ခြင်း၊ စစ်တပ်တွင်လည်း ပထမ ဦးဆုံး စစ်ဦးစီးချုပ်မှာ ဗိုလ်ချုပ်စမစ်ဒွန်းဖြစ်ခြင်း၊ စသည့် ဥပမာများစွာရှိပါသည်။

လူမှုရေးနယ်ပယ်၊ အနုပညာနယ်ပယ်တွင်လည်း ထင်ရှားသော တိုင်းရင်းသားလူမျိုးများ များစွာရှိပါသည်။ မကြာသေးသည့် ရက်ပိုင်းအတွင်းက ကွယ်လွန်သွားရှာသည့် စိုင်းထီးဆိုင်သည် ဗမာလူမျိုးများနှင့်တကွ အခြားသော တိုင်းရင်းသားများပါ နှစ်သက်ကြသော အနုပညာရှင်တစ်ဦးဖြစ်သည်။ ထို့အတူ ထူးအိမ်သင်သည် လည်းမွန်သွေးပါသောသူဖြစ်သည်။ ဗမာပြည်သူများက ၎င်းတို့သည် တိုင်းရင်းသားများဖြစ်သောကြောင့် ပစ်ပယ် ပိတ်ဆို့ခြင်းမရှိပါ။ နိုင်ငံ့ဂုဏ်ဆောင်များအဖြစ် လေးစားတန်ဖိုးထားခဲ့ကြပါသည်။ ကျွန်ုပ်၏ ဗဟုသုတအားနည်း ခြင်းကြောင့် မဖေါ်ပြနိုင်သော အခြားလူပုဂ္ဂိုလ်၊ အကြောင်းအရာများလည်း များစွာရှိနေပါသေးသည်။

ကျွန်ုပ်အနေဖြင့် (တိုင်းရင်းသားများကို) ပြောလိုသည်မှာ ယခုမျက်မှောက်ကာလသည် ကျွန်ုပ်တို့၏အနာဂတ် အတွက် လွန်စွာအရေးကြီးသော အချိန်ပင်ဖြစ်ပါသည်။ ယခုအချိန်တွင် သမိုင်းမှာမကြုံဖူးလောက်အောင် စစ်အာဏာရှင်ကို ပြည်သူများ၏မုန်းတီးမှုသည် အမြင့်ဆုံးဖြစ်နေပါသည်။ ထိုအခြေအနေတို့ကို အသုံးချ၍ စစ် အာဏာရှင်ပြိုကွဲရေးအတွက် ငြင်းခုန်မှုများဘေးချ၊ စုစည်းညီညွတ်မှုဖြင့် တော်လှန်ကြပါစို့လို့ တိုက်တွန်းလိုက် ပါသည်။

ဆက်ရန် ………

ဆက်ဖတ်ရန်ကျန်သေးသည်...

မှုန်ဝါးနေသော အပိုင်းအစများ

ယနေ့ ဖြစ်ပျက်နေတဲ့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြည်သူတစ်ယောက်အနေနဲ့  ကျွန်တော့်ရဲ့ အမြင် နဲ့ ခံစားချက်လေးတွေကို တင်ပြခြင်ပါတယ်။ တစ်နည်းအားဖြင့် အခြေအနေအမျိုးမျိုးကို တွေ့ မြင်ပြီး ရင်ထဲမှာ မွန်းကျပ်လာလို့ ပွင့်အန် ထွက်လာတယ်လို့လည်း ပြောနိုင်ပါတယ်။ လွန်ခဲ့တဲ့လက မွန်ဘာသာနဲ့  စနောင်းတိုင်း အမည်ရ သတင်းစာတစ်စောင်ကိုဖတ်မိပါတယ်။ အစောင် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် လွတ်လပ်သောမွန် သတင်းအေဂျင်စီ က ထုတ်ဝေတာဖြစ်ပြီး မြန်မာဘာသာကို အလယ်စာမျက်နှာ ၄ မျက်နှာမှာ ထည့်သွင်းထားပါ တယ်။

မွန်ဘုန်းတော်ကြီး တစ်ပါးလို့ ယူဆရတဲ့ ဆောင်းပါးရှင် နိုင်မတ်ဒိပ် ရေးသားထားတဲ့ ဆောင်းပါးမှာ မြန်မာ ဘုရင်တစ်ပါးဖြစ်တဲ့ ဦးအောင်ဇေယျဟာ ဟစ်တလာထက် ရက်စက်သူဖြစ်တယ်၊ မွန်လူမျိုးတွေကို မျိုးပြုတ်စေရန် သတ်ဖြတ်မှုတွေပြုလုပ်ခဲ့တယ်။ မွန်ဘုန်းတော်ကြီးအပါး ၃၀၀၀ ကို ဆင်အုပ်ထဲပစ်ထည့် နင်းသတ်စေခဲ့လို့ တစ်ပါးမကျန် ပျံတော်မူခဲ့ရပြီး သံဃာတော်တွေရဲ့ သင်္ကန်းတွေကိုလည်း မြန်မာစစ်သားတွေက ခြေသုတ်၊ အစရှိ တဲ့ အသုံးဆောင်ပြုလုပ်ခြင်း၊ မွန်လူမျိုး ယောက်ျား၊မိန်းမတွေကို ကျွန်အဖြစ်စေခိုင်းရန် ငွေတစ်ဆယ်၊ နှစ်ဆယ်နဲ့  ရောင်းချခြင်း စသည်တို့ ကိုပြုလုပ်ခဲ့တယ်လို့  ရေးသားထားပါတယ်။

အခုလက်ရှိမှာ စစ်အာဏာရှင်ကို ဖြုတ်ချနိုင်ဖို့ အတွက် အားလုံးကိုယ်စီကိုယ်စီ လုပ်ဆောင်နေရတဲ့ ၊ လုပ်ဆောင်ရမယ့်အချိန်မှာ သူကဘာဖြစ်လို့ ဒီလိုရေးရတာလဲဆိုတာ ကျွန်တော့်အနေနဲ့ စဉ်းစားစရာဖြစ် လာပါတယ်။ အဲဒီစာရေးတဲ့သူဟာ တောကြိုအုံကြားက အကြားအမြင် နည်းတဲ့သူဆိုရင် ထားပါတော့။ အခုသူ့ စာ မှာရေးသားချက်အရ သူဟာ အမေရိကန်နိုင်ငံ ဖိုဒ့်ဝိန်းမှာ နေထိုင်နေကြောင်း နားလည်ရပါတယ်။

နိုင်ငံခြားမှာနေတယ်၊ သတင်းနည်းပညာတွေ လွတ်လပ်စွာ သုံးခွင့်လည်းရတယ်၊ ဗုဒ္ဓဘာသာနဲ့ပတ် သက်ရင်လည်း ကာလာမသုတ္တန် ကို ကြေညက်အောင် သင်ယူခဲ့ဖူးသူဖြစ်ပါလျက်နဲ့  စည်းလုံးညီညွတ်မှု အထူး လိုနေချိန်မှာ စည်းလုံးမှုပြိုကွဲစေမယ့် စာတွေ ရေးသားလာတော့ သူဟာ အစွန်းရောက်မျက်ကန်းမျိုးချစ် ဒါမှမဟုတ်ရင်လည်း န.အ.ဖရဲ့ဘက်တော်သားပဲ ဖြစ်ရမယ်လို့ ပြောချင်စိတ်တွေ ပေါ်လာပါတော့တယ်။ ဘယ် လိုပဲပြောပြော ဒီစာအရေးအသားဟာ စည်းလုံးညီညွတ်မှုကို ပြိုကွဲစေလိုတဲ့ န.အ.ဖ အတွက် တိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီးဖြစ်ဖြစ် အကျိုးရှိစေပါတယ်။

မြန်မာ့နိုင်ငံရေးကို ပြည်လည်သုံးသပ် ကြည့်မယ်ဆိုရင် ဘယ်သူတွေဘာပြောပြော စစ်အာဏာရှင်တွေ နဲ့ ပြည်ပရောက် အတိုက်အခံတွေ၊ လက်နက်ကိုင်တော်လှန်ရေး လူမျိုးစုတွေဟာ ညီမျှခြင်း အချိုးကျတူညီနေ ပါတယ်။ ဘာညီမျှခြင်းလဲဆိုတော့ ခေါင်းဆောင်ပိုင်းတွေ ချမ်းသာနေကြခြင်း၊ ငယ်သားတွေ ဆင်းရဲနေကြခြင်း၊ ခေါင်းဆောင်ပိုင်း သားသမီးတွေ နိုင်ငံခြားမှာ ပညာသင်နိုင်ကြခြင်း၊ မသိနားမလည်တဲ့ ရိုးရိုးပြည်သူတွေ အသေခံ နေရခြင်း၊ ၀ါဒမှိုင်းတိုက်ခြင်း၊ သွေးခွဲခြင်း အစရှိတဲ့ အချက်တွေပဲဖြစ်ပါတယ်။ နှစ်ဖက်လုံး ငြင်းမရတဲ့ အချက်တွေ ပဲဖြစ်ပါတယ်။

ဒီလိုပြောလို့ ကျွန်တော့်ကို အလွန်တရာ ကျက်သရေတုံးသော၊ အယုတ်တကာတို့ စုဝေးရာဖြစ်သော၊ ချွန်တွန်း၊ ကပ်ဖါး ဇော်မျိုး၊ စွေစောင်း၊ တုတ်ကြီး တို့ ဂိုဏ်းသားလို့ ထင်စရာဖြစ်မယ်။ ကျွန်တော်ဟာ အဲဒီ အမျိုးယုတ်တွေနဲ့ လုံးဝပတ်သက်ခြင်း မရှိပါဘူး။ ကျွန်တော်ပြောချင်တာက စစ်အာဏာရှင်တွေနဲ့ အတိုက်အခံ တော်လှန်ရေးအဖွဲ့တွေဟာ ယုံကြည်ချက်၊ ရည်ရွယ်ချက်၊ ဦးတည်ချက်၊ သဘောတရား ခံယူချက်တွေ အဖြူအမဲ ကွဲပြား ဆန့်ကျင်နေပြီးသားပါ။ သို့သော် ညီမျှခြင်းက တူနေတယ်ဆိုရင် မှားယွင်းမှုတွေရှိနေပြီ၊ သတိပြုကြပါလို့ ပြောချင်တာပါ။

ပြည်ပရောက်နေပေမယ့်လည်း လူမျိုးဘာသာမခွဲ မွန်မြတ်တဲ့စိတ်နဲ့ အကျိုးပြုတွေလုပ်နေတဲ့ ဒေါက်တာ စင်သီယာမောင်တို့ လို မြင့်မြတ်သူတွေ အများကြီး ရှိနေပါသေးတယ်။ ကျွန်တော်က ပြစ်တင်ရှုတ်ချလိုစိတ်နဲ့ ပြောနေခြင်းမဟုတ်ပါ၊ စဉ်ဆက်မပြတ် လှုပ်ရှားစေချင်လို့ ပြောလိုခြင်းဖြစ်ပါတယ်။ လက်ရှိပြည်ပမှာရှိနေတဲ့ အတိုက်အခံ တော်လှန်ရေးသမား အများစုဟာ စည်းလုံးညီညွတ်မှု နည်းနေကြတယ်လို့ ပြောသံတွေ ကြားနေရပါတယ်။

ဟိုအရင်က လှုပ်ရှားခဲ့တဲ့ အကြောင်းအရာ တွေကိုပဲ စားမြုံ့ ပြန်နေကြပြီး နောက်ထပ်ကြိုးစားမှုတွေ အား နည်းနေတဲ့အပြင် အခု ရွှေဝါရောင်တော်လှန်ရေး အပြီးမှာ တော်လှန်ရေးကို စိတ်ပါဝင်စားလာကြတဲ့ လူငယ်လေးတွေကိုလည်း မတူမတန်သလို နှိမ်ချဆက်ဆံကြတယ်လို့လည်း ကြားမိပါတယ်။ အဲဒီလိုပဲ တကယ်ဖြစ်နေတယ် ဆိုရင် န.အ.ဖ တို့က ပြုံးပြုံးလေး ကြည့်နေပါဦးမယ်။ ကျွန်တော် စဉ်းစားမိတာကတော့ ပြည်ပရောက်နေတဲ့ လွတ်လပ်စွာ သွားလာခွင့်လည်း ရှိနေတဲ့ နိုင်ငံရေး အတိုက်အခံသမားတွေဟာ အနည်းဆုံး ထိုင်းနိုင်ငံ ထဲလောက်လာပြီး စည်းရုံးလှုပ်ရှားမှုတွေ ပြုလုပ်သင့်တယ်လို့ ထင်ပါတယ်။ ထိုင်းနိုင်ငံထဲမှာ မြန်မာအလုပ်သမားတွေ သိန်းချီရှိနေ တာဖြစ်လို့ ထောင်ဂဏန်းလောက် စည်းရုံးမိရုံနဲ့တော်လှန်ရေးအတွက် များစွာ အထောက်အကူ ဖြစ်နိုင်မယ်လို့  ထင်မိပါတယ်။

အဝေးကနေ ကြေငြာချက်တွေထုတ်၊ ကန့်ကွက်မှုတွေ ပြနေရုံမျှနဲ့ တော့ 2008 မှာ စစ်အာဏာရှင်ပြုတ် ရမယ်လို့ ကြွေးကြော်နေတာဟာ ရယ်စရာပဲ ဖြစ်နေတော့မှာပါ။ 88 မျိုးဆက်ဆရာကြီးတစ်ဦးက ဘလော့ပေါ်က နေ မြေအောက်လှုပ်ရှားမှုတွေ အရေးကောင်းလို့  နယ်စပ်မှာ စစ်ဆေးမှု တင်းကျပ်လာကြောင်း ပြောသံလည်း ကြားလိုက်ရပါသေးတယ်။ တစ်ကယ်လုပ်သင့်တာတွေ ဘလော့ပေါ်မှာ ဖွင့်ပြနေခြင်းကလည်း အကူအညီမရပဲ အနှောင့်အယှက်ဖြစ်ရကြောင်း ဆရာကြီးတို့ သတိပြုစေချင်ပါတယ်။

အခုအချိန်မှာ လေကြောင်းတိုက်ပွဲတွေပဲ များနေပြီး အမှန်တကယ် ထိရောက်တဲ့ လှုပ်ရှားမှုတွေ အရမ်းနည်းနေတော့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်က အားမလိုအားမရ ဖြစ်လာပုံရပါတယ်။ သူ့ ပြောပုံက “အထဲမှာရှိတဲ့ လူတွေကပဲ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ဖို့ တကယ်လုပ်ကြမယ်၊ ဘာကြောင့်လဲဆိုရင် အထဲမှာက ထမင်းငတ်နေပြီလေကွာ။ အပြင်ကကောင်တွေက ထမင်းဝနေကြတယ်ကွ” တဲ့။ ၀ါးလုံးရှည်နဲ့ရမ်းတဲ့ စကားဖြစ်ပြီး တော်လှန်ရေးလုပ်နေသူတွေ စော်ကားသလို ဖြစ်နေရင်တော့ ခွင့်လွှတ်ပါခင်ဗျာ။ အမှန်က ဝေလေ လေလုပ်နေတဲ့ သူများကို ဆိုလိုခြင်းဖြစ်ပါတယ်။

ဒါပေမယ့် စစ်အာဏာရှင်တွေကတော့ ဝေလေလေ လုံးဝမလုပ်ပါဘူး။ သူတို့လိုချင်တာ၊ ဖြစ်ချင်တာ ကို ဘယ်သူတွေ ဘာပြောပြော ရအောင်လုပ်တတ်ပါတယ်။ အခုဆိုရင် ပြည်သူ့ ဆန္ဒခံယူပွဲတို့  ရွေးကောက်ပွဲတို့ ဆို တာတွေ ကြေငြာလာပါပြီ။ ဒီဘက်မှာတော့ ဘာမှ ဟုတ်တိပတ်တိ မရှိကြသေးပါဘူး။ ဒါကြောင့် အမြန်ဆုံးစည်းလုံး ညီညွတ်စွာနဲ့ လွတ်လပ်ရေးတိုက်ပွဲကို ဘက်ပေါင်းစုံကနေ တိုးမြှင့်တိုက်ခိုက်ကြဖို့ အထူးပဲလိုအပ်နေပါပြီ။

တိုင်းရင်းသား လူမျိုးများအနေနဲ့လည်း စိတ်တွင်းက ခံစားချက် ဘာတွေပဲရှိရှိ ဘုံရန်သူကို စုပေါင်းပြီး ချေမှုန်းဖို့ ဦးစွာလုပ်သင့်ပါတယ်။ စစ်အာဏာရှင်ကို မဖြုတ်နိုင်သေးသရွေ့  အားလုံးသောလူမျိုးများဟာ နိမ့်ကျ သေးသိမ်တဲ့ ဘ၀က လွတ်မြောက်မှာ မဟုတ်ပါဘူး။ မိမိတို့ လူမျိုးထဲမှာလည်း စည်းလုံးမှုတွေ ထွန်းကားဖို့လိုပါ တယ်။ အထူးသဖြင့် ထိုင်းနိုင်ငံထဲမှာ ထိုင်းနိုင်ငံသားဖြစ်နေတဲ့ မွန်လူမျိုးတွေအများကြီးပါပဲ။ သို့ သော် မြန်မာနိုင် ငံကနေ ထိုင်းနိုင်ငံထဲကို အနှိမ်ခံပြီး လာအလုပ်လုပ်နေရတဲ့ မွန်လူမျိုးတွေအတွက် အကူအညီပေးမယ့် မွန်အဖွဲ့
အစည်း မဟာချိုင်မှာ မရှိသေးဘူးလို့ မဟာချိုင်မှာ ဆယ်နှစ်ကျော်လောက် နေခဲ့တဲ့ သူငယ်ချင်း တစ်ယောက်က ပြောပါတယ်။ (တကယ်ပဲမရှိတာလား၊ သူကိုယ်တိုင်က လက်လှမ်းမမှီတာလားတော့ မသိပါ)

ခေါင်းပုံဖြတ်တဲ့ လူကြိုပို့ ပွဲစားတွေကတော့ မိုးဦးကျမှိုလို အမြောက်အများ ဖြစ်နေပါတယ်တဲ့။ ဒီဖေဖေါ်ဝါရီလထဲမှာ မွန်အမျိုးသားနေ့ကိုကျင်းပပါဦးမယ်၊ ဒီပွဲရဲ့ရှေ့ဆုံးတန်း နေရာတွေမှာတော့ အချင်းချင်း ခေါင်းပုံဖြတ်တဲ့ ပွဲစားတွေ၊ တစ်ရာကို ၂၀-၃၀ တိုးနဲ့  ချေးစားနေတဲ့ ဂုဏ်သရေရှိ လူကြီးမင်းများက နေရာယူ ပြီး ရိုးရိုးပြည်သူတွေကို စိတ်အားတက်ဖွယ် မိန့်ခွန်းတော်ကြီးတွေ ခြွေကြဦးမှာ မြင်ယောင်မိပါသေးတယ်။

အဲဒီလို အခြေအနေတွေကို မပြင်ဆင်နိုင်ရင်တော့ ရှေ့ရေးတွေဟာ အလွန်ပင် ရင်လေးစရာကောင်းနေ ပါကြောင်း ပြောကြားလိုပါတယ်။ ဆရာကြီးလေသံမျိုး၊ ဆုံးမသံလိုမျိုး ဖြစ်သွားခဲ့ရင် ခွင့်လွှတ်ပါခင်ဗျာ။ ရိုးရိုးပြည် သူတစ်ယောက်ရဲ့ ထင်မြင်ခံစားချက် ရိုးရိုးလေးကို ရိုးသားစွာ တင်ပြခြင်းပဲဖြစ်ပါတယ်။ အားလုံးသော လူမျိုး အပေါင်း စည်းလုံးညီညွတ်စွာဖြင့် စစ်အာဏာရှင်စနစ်ကို အမြန်ဆုံး တော်လှန် တိုက်ခိုက်နိုင်ကြပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။

ဆက်ဖတ်ရန်ကျန်သေးသည်...

မိတ်ဆက်ခြင်း

မောင်ကျည်ပွေ့ အမည်ရ ဘလော့ကို အလည်လာသူ မိတ်ဆွေအပေါင်းကို မင်္ဂလာပါ လို့  ဦးစွာ ပဏာမ နှုတ်ခွန်း ဆက်ပါတယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဘလော့မှာ အဓိက တင်ပြသွားမယ့် အကြောင်းအရာတွေက အခြား အခြား သော ဘလော့ညီအစ်ကို မောင်နှမတွေလိုပဲ ကိုယ့်ရဲ့ခံစားချက်တွေ၊ ထင်မြင်ချက်တွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို မိမိမြင်တွေ့ သလို ရေးသားတင်ပြသွားပါမယ်။ “ဟ မင်းက နိုင်ငံရေးနဲ့  ပတ်သက်ပြီး ဘယ်လောက် နားလည်လို့ လဲ” လို့  မေးလာနိုင်စရာ ရှိပါတယ်။ ဟုတ်ကဲ့ ကျွန်တော်က ရိုးရိုးပြည်သူ တစ်ဦးပါ၊ စက်တင်ဘာ တော်လှန်ရေးကာလမှာ ငုပ်လျိုးနေတဲ့ မျိုးချစ်စိတ် (မြန်မာနိုင်ငံသားတိုင်းမှာရှိတဲ့ မျိုးချစ် စိတ်)တွေနိုးကြားလာတဲ့ ရိုးရိုးသာမန် ပြည်သူတစ်ဦးပါပဲ၊ ဘယ်အဖွဲ့အစည်းမှာမှ ပါဝင်ပတ်သက်မှု မရှိခဲ့ဖူးပါဘူး။ သို့သော် နိုင်ငံသားတိုင်းဟာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး မိမိ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ဖေါ်ထုတ်ခွင့်ရှိ တယ်လို့ ယူဆပြီး ဒီဘလော့ကို ရေးသားရခြင်းသာ ဖြစ်ပါတယ်။

မိတ်ဆွေတို့လည်း ဒီလိုပဲ ခံစားနေကြရမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ စက်တင်ဘာ အရေးအခင်း မတိုင်မီက ဘလော့ဆိုတာကို ကျွန်တော်မသိခဲ့၊ နားမလည်ခဲ့ပါဘူး။ အရေးအခင်း ဖြစ်ပွါးနေချိန်၊ သတင်းတွေကို သိလိုစိတ်နဲ့  ရှာဖွေဖတ်ရှုယင်း ကိုနစ်နေမန်းဘလော့က အစ ပြုပြီး ဘလော့စွဲတဲ့ရောဂါ ရလာခဲ့ပါတယ်။ အဲဒီက တဆင့် စီဘောက်တွေမှာ အော်လို့ရကောင်းမှန်းကို သူငယ်ချင်းတွေရဲ့ကောင်းမှုနဲ့ သိလာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ အချိန်ရရင် ရသလို ဘလော့တကာ လျှောက်လည်ရင်း ဘလောဂါတွေရဲ့ ထင်မြင်ချက်တွေ၊ သတင်းတွေကို လေ့ လာခဲ့တယ်။ အထူးသဖြင့် နိုင်ငံရေးသတင်းတွေ၊ အတွေးအမြင်တွေပါ။

အဲဒီတော့ အစပိုင်းမှာ ဖတ်ရတာ ဟုတ်သလိုလို ရှိပေမယ့် ဖတ်ရင်းဖတ်ရင်းနဲ့  ဘ၀င်မကျစရာတွေ တွေ့  လာရတော့ စိတ်ထဲမှာ မွန်းကျပ်လာပြီး ပြောချင်စိတ်တွေ ဖြစ်လာပါတော့တယ်။ သို့သော် ကိုယ်တိုင် ဘလော့ရေးဖို့ အတွက်ကျတော့ ကွန်ပျူတာဆိုတာ တီဗွီနဲ့ လက်နှိပ်စက် ပေါင်းထားတာလို့ နားလည်ထားခဲ့မိသူ တောသား ကျွန်တော့်အတွက် အလှမ်းဝေးနေပါတယ်။ စာအရေးအသားလည်း ဟုတ်တိပတ်တိ မရေးတတ်တော့ ခါချဉ်ကောင် မာန်ကြီးသလို မျိုးပါပဲ။ ကံကောင်းချင်တော့ နည်းပညာနဲ့ ပတ်သက်ပြီး ၀ိုင်းကူပေးမယ့် မိတ်ဆွေသူငယ်ချင်းတွေ ကြောင့် မျှော်လင့်ချက်လေး အကောင်အထည် ပေါ်လာပါတယ်။ ဒီအတွက် ၀ိုင်းဝန်းကူညီကြသော သူငယ်ချင်းများ ကို အထူးပဲကျေးဇူးတင်မိပါတယ်။

ကျွန်တော့ဘလော့ ဖြစ်လာပုံကတော့ အထက်ဖေါ်ပြပါ အတိုင်းပါပဲ။ ဒါကြောင့် အသက်ကြီးမှ ပညာသင်တဲ့ ပုဂံခေတ်က ဆရာတော်ကြီး ဦးကျည်ပွေ့ရဲ့ ပုံရိပ်ကိုယူပြီး မောင်ကျည်ပွေ့လို့ ဘလော့ခေါင်းစဉ် တပ်လိုက်ပါတယ်။ ဆရာတော်ကြီးကတော့ ထူးထူးချွန်ချွန်နဲ့ မင်းဆရာတော် အဖြစ်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေး သံတမန်အဖြစ် တရုတ် ဘုရင်ကို တရားပြလို့ မြန်မာနိုင်ငံသူနိုင်ငံသားတွေကို စစ်ပွဲဒဏ်ကနေ ကယ်တင်ခဲ့ပါတယ်။ ကျွန်တော်ကတော့ စိတ်အချဉ်ပေါက်လာတဲ့ ခပ်ကြောင်ကြောင် အတွေးတွေ ရောက်တတ်ရောက်ရာ ရေးသူသာဖြစ်ပါကြောင်း နဲ့  အချိန် ကုန်ခံပြီး လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ။ ကွန်မန့် မှာ ဝေဖန်အကြံပြုပေးဖို့ ကိုလည်း မေတ္တာရပ်ခံချင်ပါတယ်။ မင်္ဂလာပါခင်ဗျား…။

ဆက်ဖတ်ရန်ကျန်သေးသည်...

 

©2009 မောင်ကျည်ပွေ့ | Template Blue by TNB